Wednesday, April 16, 2014

ထိုင်းဘုန်းကြီးသတ်မှု မြန်မာ ၂ ဦးဖမ်းဆီးခံရ

                                အဖမ်းခံရတဲ့ မြန်မာနှစ်ဦး ။ ဓါတ်ပုံ - ဘန်ကောက်ပို့ စ်

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့လိုအပ်နေတဲ့အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese

Thursday, April 10, 2014

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ စေ့စပ်ချိန်တွင် မယားကြီးက ကြေညာချက် ထုတ်


ယနေ့ ရေပန်းစားနေသည့် ရုပ်ရှင်သရုပ်ဆောင် ပန်ပန်(ဆုပန်ထွာ)နှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲ မင်္ဂလာကောင်းသတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဦးဥက္ကာကျော်၏ တရားဝင် ဇနီးဖြစ်သူ ဒေါ်မဉ္ဖူအောင်က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက်အရ ဒေါ်မဉ္ဖူအောင်နှင့် ဦးဥက္ကာကျော်တို့သည် နှစ်ဘက်သော မိဘများ၏ ခွင့်ပြုချက်အရ (၁၈-၂-၂၀၀၂) ရက်နေ့တွင် တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး (၁၂-၂-၂၀၀၄) ရက်နေ့တွင် သားဖြစ်သူ မောင်မြတ်သီဟကျော်ကို မွေးဖွားခဲ့ကြောင်း သိရှိရသည်။

ဒေါ်မဉ္ဖူအောင်သည် သားဖြစ်သူ မောင်မြတ်သီဟကျော်၏ ပညာရေးနှင့် ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော်လည်း ဒေါ်မဉ္ဖူအောင်နှင့် သား မောင်မြတ်သီဟကျော်တို့မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြောင်း သိရှိရသည်။

အများသိစေရန် ကြေညာထားသည့်အချက်မှာ ဒေါ်မဉ္ဖူအောင်သည် ဦးဥက္ကာကျော်နှင့် တရားဝင်လင်မယားအဖြစ် တည်မြဲလျက် ရှိကြောင်းနှင့် ဦးဥက္ကာကျော်သည်လည်း မောင်မြတ်သီဟကျော်၏ ဖခင်အဖြစ် ရပ်တည်လျက် ရှိကြောင်း၊ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်ရန် မရှိပါကြောင်း ဟူ၍ ဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာနှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲသတင်းနှင့် မှတ်တမ်းဓါတ်ပုံများ ပြန့်နှံ့ခဲ့ပြီးနောက် ကွန်ဂရက်ကျူးလေးရှင်း ပြုလုပ်သူများ၊ ဆုမွန်ကောင်းတောင်းသူများ တဖွဲဖွဲ ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် ဒေါ်မဉ္ဖူအောင်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ရာ ဆုပန်ထွာမှာ မယားပြိုင်သဘောမျိုး ဖြစ်လာနိုင်ပြီး ထိမ်းမြားလက်ထပ်ခြင်း မပြုမီမှာပင် အငြင်းပွားဖွယ်ရာ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကာယကံရှင် ဆုပန်ထွာ၏ လူမှုကွန်ရက်စာမျက်နှာမှာhttps://www.facebook.com/supan.htwar?fref=ts ဖြစ်ပြီး ဦးဥက္ကာကျော်၏ လူမှုကွန်ရက်စာမျက်နှာမှာ
https://www.facebook.com/Oakzzz?hc_location=timeline ဖြစ်ကြောင်း သိရှိရသည်။

Thursday, April 3, 2014

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား

မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ဦးက ယင်းစံပယ်ပန်းများကို ရုတ်တရက် စွတ်တောင်းယူလိုက်ပါသည်။ ထိုအပြစ်မဲ့ပန်းလေးများကို သူက ကွန်ပျူတာကီးဘုတ်ဖြင့် နာနာကြည်းကြည်းထုရိုက်သည်။ လူတိုင်းအံ့ဩသွားစဉ် ကြေမွသွားသော စံပယ်ပန်းများထဲ တံတွေးဖြင့် ထွေးချလိုက်ပြန်သည်။ မွှေးပျံ့သန့်ရှင်းစဉ်က ယုယုယယပန်ဆင်ခဲ့သောပန်းများကို မူလပိုင်ရှင်ထံ ပြန်ပေးသော်လည်း မည်သူကမျှမသတီတော့ပါ။

ယင်းပြကွက်မှာ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့ဟူသော ဆောင်ပုဒ်ဖြင့် အမုန်းတရားကြီးထွားအောင် လှုံ့ဆော်မှုများကို ဆန့်ကျင်မည့် ပန်းစကားအဖွဲ့၏ ပါဖောမန့်ပြကွက်ဖြစ်သည်။

‘‘တချို့ Hate speech တွေက မုန်းတဲ့အဆင့်နဲ့ပဲ ပြဿနာမဖြစ်ပေမယ့် မုန်းတာတင်မကဘဲ သတ်မယ်ဖြတ်မယ်ဆိုတာထိပါ တွေ့လာတယ်။ လူတစ်ယောက်ကို မုန်းတာမုန်းပါ၊ သတ်ဖြတ်မယ်ဆိုတာကတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာပါပြီ’’ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သူ MIDO အဖွဲ့မှ ဘလော့ဂ်ဂါ နေဘုန်းလတ်ကပြောသည်။

‘‘နိုင်ငံခြားသားတွေ လူပါးဝလို့ ပြဿနာတက်ရင် သတ်ပစ်လိုက်။ လူသတ်မှုက ထောင်ခုနစ်နှစ်ပဲကျမယ်’’

‘‘ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ပစ်သတ်နိုင်မယ့် လုံထိန်းတွေကို ဆုတော်ငွေပေးသင့်တယ်’’ စသည့် လူသတ်ဖို့၊ လူသတ်မှုကိုလုပ်ဖို့ တိုက်တွန်းအားပေးသည့် စာသားများကို တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတိုင်းပြည်ဟု အသိအမှတ်ပြုထားသော ယဉ်ကျေးသည့်မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က ရေးသားတိုက်တွန်းထားခြင်းဖြစ်ပါသည်။

လူတစ်ယောက်ကို ရက်ရက်စက်စက် ပါးစပ်နှင့်သတ်ဖြတ်ဖို့၊ တာဝန်မဲ့စွာ ပြောဆိုခြိမ်းခြောက် အရှက်ခွဲဖို့အတွက် မြန်မာနိုင်ငံတွင် ကွန်ပျူတာတစ်လုံး၊ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုနှင့် အင်တာနက်လိုင်းသာရှိရန်သာ လိုအပ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်သည့် ပြောဆိုလှုပ်ရှားမှုများက မင်းမဲ့စရိုက်ဆန်ဆန်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။

မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှလည်း ယင်းသို့ တာဝန်မဲ့စွာပြောဆိုမှုများအတွက် အရေးယူမှုမရှိသေးပါ။ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံအချို့တွင် အမုန်းတရားလှုံ့ဆော်ပြောဆိုမှုများအတွက် ဥပဒေများပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခွင့်ကောင်းယူလျက် တာဝန်ခံမှု၊ တာဝန်ယူမှုမဲ့စွာ ပရိုဖိုင်းပုံအစစ်အမှန်များမသုံးဘဲ လှုံ့ဆော်မှုများရှိနေပါသည်။

အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ဖြန့်ဝေနေသည်ဟု ယုံကြည်ရပြီး ၎င်းတို့ကို တန်ပြန်ဆန့်ကျင်ရန် မည်သူကမှ မလုပ်ကြသေးသည့်အတွက် ပန်းစကားလှုပ်ရှားမှုကိုစတင်ဖို့ စိတ်ကူးရခဲ့သည်ဟု နေဘုန်းလတ်ကဆိုသည်။

ပန်းစကားလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီ ၄ ရက်တွင် စတင်မည်ဖြစ်သည်။ ပါးစပ်တွင် ပန်းတစ်မျိုးကို ကိုင်ထားသည့် သင်္ကေတရုပ်ပုံကို အသုံးပြုမည်ဖြစ်ပြီး စတစ်ကာများ၊ ပိုစတာများကို အွန်လိုင်းတွင်ရော ပြင်ပတွင်ပါ ဖြန့်ဝေသွားမည်ဖြစ်သည်။ မည်သည့်အရပ်ဘက်အဖွဲ့အစည်းမဆို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ပြီး တစ်ဦးချင်းအနေဖြင့်လည်း ပါးစပ်တွင် ပန်းကိုက်ထားသည့်ဓာတ်ပုံများ ရိုက်ကူးပြီး ပန်းစကားဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ပေးခြင်း၊ မိမိတို့၏ပရိုဖိုင်းပုံများတွင် အသုံးပြုခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ပါးစပ်မှာ ပန်းလေးတွေကိုက်ထားတဲ့ သင်္ကေတကို အာဆီယံလူထုဖိုရမ်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို နိုင်ငံခြားသားတွေ အများကြီးလာတော့ ကျွန်တော်တို့လှုပ်ရှားမှုကနေ ပြန်ရလိုက်တဲ့ မက်ဆေ့ခ်ျက မွတ်စလင်တွေကို ဗုဒ္ဓဘာသာအားလုံးက မုန်းတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအမည်ခံပြီး လှုပ်ရှားတဲ့လူတစ်စုက မုန်းတာလို့သိသွားတာ၊ ကျွန်တော်တို့အတွက် အမြတ်ပဲ’’ဟု စံပယ်ပန်းပါဖောမန့်ကို ပြုလုပ်ပြသခဲ့သူ ကိုသက်ကပြောသည်။

သင်္ကြန်ကာလဖြစ်သဖြင့် ဧပြီ ၄ ရက် စတင်မည့် လှုပ်ရှားမှုတွင် ပိတောက်ပန်းကို သုံးသွားမည်ဖြစ်ပြီး အချိန်အခါရာသီအလိုက် သင်္ကေတပန်းတစ်မျိုးမျိုးကို သုံးသွားမည်ဖြစ်သည်။

အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် အာရပ်နွေဦးဟု ကမ္ဘာကျော်ခဲ့သော အာရပ်နိုင်ငံများ၏ တော်လှန်ရေးတွင် လူမှုကွန်ရက်များက အရေးပါခဲ့သည်။ အာဏာရှင်ကို ဖြုတ်ချရေးအတွက် လူမှုကွန်ရက်တွင် လူထုအင်အားကို စုစည်းနိုင်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်အတော်ကြာ ဖြတ်တောက်ထားရသည်အထိ လူမှုကွန်ရက်အင်အားကို အာဏာရှင်တို့က အသိအမှတ်ပြုခဲ့ရသည်။

သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ ရှပ်နီရှပ်ဝါနိုင်ငံရေး အရှုပ်အထွေးမှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့်ပင် ပိုမိုပြင်းထန်လာခဲ့ပြီး ပဋိပက္ခကို ပိုမိုကြီးထွားလာစေသည်။ Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်ဟု ပြောစမှတ်ပြုရသည်အထိ ကမ္ဘာတွင် ဆိုရှယ်မီဒီယာ အင်အားကြီးလာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဆိုရှယ်မီဒီယာကို မတွန်းလှန်နိုင်ပါ။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် နိုင်ငံရေးတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချလှုပ်ရှားမည့် အရိပ်အယောင်များကို ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် မီးမွှေးနေသူများ ရှိလာနေပါသည်။

‘‘ရခိုင်ကော်မရှင်အဖြစ်နဲ့ ရခိုင်မှာ ခြောက်လလောက် သွားနေခဲ့ရတယ်။ အဲဒီမှာ လွယ်လင့်တကူပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်စုလုံးကို ချက်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရမယ့် အပေါက်ဖြစ်အောင် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောတာလည်း ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ဒီတော့ တိုင်းပြည်အတွက် လောလောဆယ်မှာ မချစ်ရင်နေပါ။ မမုန်းရင်တော်ပြီဆိုတဲ့ စိတ်ကလေးရှိဖို့ လိုပါတယ်။ အကျိုးရှိတဲ့စကားတွေကိုပဲ ပြောစေလိုပါတယ်’’ဟု ပန်းစကားလှုပ်ရှားမှုတွင် ပါဝင်မည့် ဇာဂနာကပြောသည်။

ယမန်နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းပြုလုပ်သည့် အမုန်းတရားကို ကြီးထွားစေသော ရေးသားမှုများနှင့် ဆိုရှယ်မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ၌ လူထုအခြေပြုလှုပ်ရှားမှုများ၊ တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက်များ လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောသည်။

‘‘ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုက ကြိုဆိုရမှာပါ။ အင်တာနက်လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲနဲ့ အမုန်းတရားကို ရှေးရှုတဲ့ ရေးသားချက်များကို တားဆီးနိုင်ဖို့၊ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကြားမှာ အင်တာနက်ပေါ်က တွေ့သမျှမယုံအောင် ပညာပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့ IMS နဲ့ပေါင်းပြီး ဆွေးနွေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် hate Speech များကို စောင့်ကြည့်ဖြုတ်ပစ်ရန် မြန်မာစာတတ်ကျွမ်းနားလည်သူ အရာရှိတစ်ဦးကို ဖေ့စ်ဘွတ်ခ်က ခန့်အပ်ထားလိုက်ရသည်။ အစိုးရက ပြဿာနာမီးမွှေးနေသည့် အကောင့်များကို တားဆီးရန် တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက် ပြုလုပ်လိုသော်လည်း မြန်မာပြည်က အွန်လိုင်းသုံးစွဲသူများက အင်တာနက်လွတ်လပ်ခွင့်ကို ပြန်ကန့်သတ်မည့် အစိုးရလုပ်ရပ်ဟုဆိုကာ လက်မခံခဲ့ပေ။

သို့သော် ဘာမျှမရှိတာထက်စာလျှင်တော့ ပန်းစကားလိုအဖွဲ့မျိုး ပေါ်ပေါက်လာခြင်းကို ကြိုဆိုသူများရှိပါသည်။ ပန်းစကားလှုပ်ရှားမှုတွင် MIDO၊ ပေါင်းကူးအဖွဲ့ စသည်တို့ပါဝင်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ တတ်နိုင်သမျှ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

‘‘အွန်လိုင်းမှာ ပရိုဖိုင်းပုံအမှန်တင်ပြီး တာဝန်ယူမှုရှိတဲ့စကားတွေပဲ ရေးသားသင့်တယ်။ ပရိုဖိုင်းအမှန်မသုံးဘဲ မသမာတဲ့ရည်ရွယ်ချက်နဲ့ ဘာသာရေးမှမဟုတ်ဘူး။ တခြားပဋိပက္ခတွေကိုဖြစ်အောင် အသုံးချနေတာတွေရှိနေတယ်။ အခု ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုတွေဟာ တကယ်ကောင်းတယ်။ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီ Hate Speech တွေကို ထိန်းသိမ်းဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်တဲ့ ဥပဒေတစ်ရပ်လည်း ပြဋ္ဌာန်းသင့်ပါတယ်’’ဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့မှ ကိုစည်သူမောင်ကပြောသည်။

7Day News Journal

Monday, March 31, 2014

အိမ်အကူကို ဆီပူအိုးထဲ နှစ်ပြီး နှိပ်စက်သည့် သရုပ်ဆောင် ဇနီးမောင်နှံ တရားစွဲခံရ



ပုသိမ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မထက်ထက်အား တွေ့ရစဉ် (ဓာတ်ပုံ – အမှန်တရားမြတ်နိုးသူ-ပုသိမ်)

အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။

လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က ၀က်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

“သမီး ၀က်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊ အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။ ပလာယာနဲ့လည်း ညှပ်တယ်။ ကပ်ကြေးနဲ့လည်း ထိုးတယ်” ဟု ၎င်းက ပြောသည်။

အိမ်အကူ မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ၀ဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မထက်ထက်က ဆိုသည်။

ယင်းသို့ နှိပ်စက်မှုများအား အရေးယူပေးပါရန် မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချိုက တရားလို ပြုလုပ်ကာ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမှုအား လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာ အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ဧရာဝတီကို ပြောသည်။

“ကလေးက တအား နှိပ်စက် ခံထားရတယ်။ လက်တွေမှာ ဆီပူ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ လက်ဖ၀ါးတွေ အက်ကွဲ နေတယ်။ မျက်နှာတွေမှာလည်း လက်သီးနဲ့ ထိုးထားလို့ ဖူးယောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။ ညာဘက် မျက်လုံးမှာ ဆိုရင် လက်သီးနဲ့ ထိုးတဲ့ ဒဏ်ကြောင့် မျက်စိ သူငယ်အိမ်ထဲမှာ သွေးချည်တောင် ဥနေတယ်။ အခုလိုမျိုး နှိပ်စက်ခံရလို့ သူ့အမေက မကျေနပ်လို့ အိမ်ရှင် လင်မယားကို အမှုဖွင့် လိုက်တာ” ဟု ၎င်းက ပြောသည်။

သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမ လမင်း ဆေးခန်းမှာ ရေနွေး ပူလောင်လို့ ဆေးကုချင်လို့ပါ ဆိုပြီး လာတယ်။ ကလေးမလေး ရတဲ့ ဒဏ်ရာတွေက အပူလောင်တဲ့ ပုံစံ မဟုတ်ဘဲ Police Case (ရဲမှုခင်းကိစ္စ) ဖြစ်နေတယ် ဆိုတာ ဆရာဝန်တွေက သိနေတော့ လက်မခံဘဲ ဆေးရုံကြီးကို ညွှန်လိုက်တယ်။ ဦးကိုကိုနိုင်က လူနာရှင် လုပ်ပြီး ပုသိမ် ဆေးရုံကြီးမှာ တင်ပြီး ကုတယ်။ ဒဏ်ရာ ရထားတဲ့ ကိစ္စတွေ အတွက် ဦးကိုကိုနိုင် ကရော၊ ဆေးရုံ ကရော ရဲကို အကြောင်းကြားတာ မရှိသလို သက်ဆိုင်ရာ မိဘထံကိုလည်း လုံးဝ အကြောင်းကြားခြင်း မရှိဘူး” ဟု နော်စိန်ချစ်က ပြောသည်။

မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင် နေထိုင်သည့် ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဧရာဝတီ

Sunday, March 30, 2014

Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား


             ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)

ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေးကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။

“ဒီဓာတ်ပုံကို တင်ခဲ့တယ် ဆိုတာကလည်း ဒီကောင်မလေးနဲ့က ကိုယ့်ကို အင်တာဗျူးတွေလုပ်ရင်း ရင်းနှီးနေခဲ့တာပါ။ သူကျူးလွန်ခဲ့တဲ့ အမှုနဲ့ သူခံစားနေရတဲ့ ဒုက္ခက မမျှတဘူး။ ပြင်းထန်လွန်းတယ် ထင်လို့ ပြေလည်ရာ ပြေလည်ကြောင်း ကူညီပေးနိုင်တဲ့သူတွေ သိစေဖို့ ဒီဓာတ်ပုံကို တင်ပေးတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

Facebook ပေါ်တွင် ရေးခဲ့သည့် စာများနှင့် ပတ်သက်၍ Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းနှင့် နှစ်ဦးသား တွေ့ဆုံကာ ကုမ္ပဏီပိုင်ရှင်ဘက်က ဖြေရှင်းချက် တောင်းခဲ့ကြောင်း၊ မိမိ (တေးသံရှင် Cobra) ကလည်း အမှုဖွင့်ခံရသူ မဆုဆုအောင်မှာ အပြစ်ရှိသည် မှန်သော်လည်း ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့်အတွက် ညှိနှိုင်းလျှော့ပေါ့စွာ ဆောင်ရွက်ရန် Laser World ကုမ္ပဏီပိုင်ရှင်ကို အကူအညီ တောင်းခံခဲ့ကြောင်း တေးသံရှင် Cobra က ရှင်းပြသည်။

Laser World ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ်၏ ပုံကို Facebook လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြခဲ့မှုနှင့် ပတ်သက်၍ တေးသံရှင် Cobra ကို ဖုန်းခေါ်ဆို၍ အဆိုပါကိစ္စရပ် အဖြစ်မှန် အခြေအနေကို မေးမြန်းခဲ့ရာ တစ်ဖက်ပြောပြချက်ကိုသာ သိရှိပြီး အလုံးစုံကို မသိဟု ဖြေကြားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် Facebook ပေါ်တွင် ရေးသားခဲ့မှုများကို သင့်တော်သလို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တေးသံရှင် Cobra ဘက်မှ နှောင့်နှေးနေသည့်အတွက် တရားဥပဒေအရ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မိန်းကလေး တစ်ဦးအနေနှင့် အချုပ်ခန်းထဲတွင် တစ်ရက်နေရခြင်းမှာ မသင့်လျော်သည့်အတွက် ကူညီပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ မှန်ကန်မှုများသာ ဖြစ်ပြီး Facebook ပေါ်တွင် ရေးသားထားမှုများမှာ လုပ်ကြံဖန်တီးမှု မပါသောကြောင့် ပြောင်းလဲ ရေးသားရန် မလိုကြောင်း တေးသံရှင် Cobra က ပြောကြားသည်။

Laser World ကုမ္ပဏီမှ ဝန်ထမ်းဟောင်း မဆုဆုအောင်မှာ သိမ်မွေ့စွာ ငြိတွယ်ခြင်း အမည်ဖြင့် ယင်းကုမ္ပဏီက ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူကို ပြန်မပေးမှုကြောင့် အမှုဖွင့်ခံထားရပြီး ရဲစခန်းတွင် အချုပ်ကျခဲ့ကြောင်း၊ အချုပ်ထဲတွင် ရှိနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးရုံပေါ်မှ လက်ထိတ်တန်းလန်းနှင့် သံကြိုး ချည်နှောင်ထားခံရသော မဆုဆုအောင်၏ ပုံကို တေးသံရှင် Cobra က မတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာ၌ တင်ခဲ့ရာမှ စတင်ကာ Laser World ကုမ္ပဏီနှင့် တေးသံရှင် Cobra တို့ကြား နှစ်ဖက်အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“သူ (မဆုဆုအောင်) ယူသွားတဲ့ ဇာတ်ညွှန်းက မိတ္တူဆိုပေမယ့် အနုပညာပစ္စည်း တစ်ခုက စာမေးပွဲ မေးခွန်းနဲ့ အတူတူပဲ။ ပေါက်ကြားသွားရင် ပြန်ပြင်ဆင်လို့ မရတော့ဘူး။ ဒီဇာတ်ညွှန်းက တစ်ယောက်ယောက် လက်ထဲမှာ ရောက်သွားပြီး ခိုးယူကူးချတာမျိုး လုပ်ရင် ရိုက်မယ့် ဇာတ်လမ်းအတွက် အများကြီး ထိခိုက်နစ်နာနိုင်ပါတယ်” ဟု Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ဆိုသည်။

ဆေးရုံတက်နေသော ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ် မဆုဆုအောင်ကို ရဲများက လက်ထိတ်ခတ်ကာ သံကြိုးနှင့် ချည်ထားခြင်းမှာ တရားဥပဒေအရသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ၎င်း၏ ပယောဂ လုံးဝ မပါဝင်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင်က ရှင်းပြသည်။

မဆုဆုအောင်မှာ Laser World မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် မဆုဆုအောင် အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း၊ ဇာတ်လမ်းတွဲ ရိုက်ကူးရန် ဇာတ်ညွှန်းရှာချိန်၌ ဇာတ်ညွှန်း မိတ္တူတစ်စုံ ပျောက်ဆုံးနေပြီး ဝန်ထမ်းဟောင်း ယူဆောင်သည်ဟု သိရှိချိန်တွင် ၎င်းကို ဆက်သွယ်၍ ဇာတ်ညွှန်း ပြန်ပေးရန် တောင်းခဲ့သော်လည်း ပျောက်နေသည်ဟု ပြောသဖြင့် အချိန်ကာလ တစ်ခု စောင့်ဆိုင်းပေးခဲ့ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းနောက် တစ်ပတ်အကြာတွင် ဇာတ်ညွှန်းမိတ္တူ ပြန်လည် တောင်းခံသည့် အခါ မချေမငံ ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဇာတ်ညွှန်းမှာ ခြစား ပျက်စီးသွားပြီဟု ပြောကြားခဲ့ကြောင်း၊ ၎င်းအလုပ်ဝင်စဉ်က ထောက်ခံပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲစခန်းတို့ကို ဆက်သွယ်၍ မတ်လဆန်းတွင် တရားဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဇာတ်ညွှန်းမိတ္တူကို အိမ်ယူခွင့် ပေးထားခြင်း မဟုတ်ဘဲ ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် ကြိုတင် လေ့ကျင့်နိုင်စေရန် မန်နေဂျာမှ တစ်ဆင့် ရုံးတွင် အသုံးပြုရန်သာ ခေတ္တ ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုံးပိုင်ပစ္စည်း တစ်ခုကို အသိမပေးဘဲ ယူဆောင်ခွင့် မရှိကြောင်း ဦးအောင်ကြူဟိန်းက ပြောဆိုသည်။

လက်ထိတ် သံကြိုးတန်းလန်းနှင့် ဆေးကုသမှု ခံယူနေသူ အမျိုးသမီးသည် မတ်လ ၂၆ ရက်နေ့က ဆေးရုံမှ အချုပ်ခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့ နံနက်က ကျောက်တံတားမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့ အထိ ချုပ်ရက်ရမန် သတ်မှတ်ပေးထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရှိရသည်။

Credit: The Voice Weekly