Pages

Monday, October 7, 2013

ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံရမှုဖြစ်ပွား

အင်းစိန်မြို့နယ် ဒညင်းကုန်းဈေးတွင် ကလေးငယ်တစ်ဦး ခိုးယူခံမှုတစ်ခု အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့သည်။

၎င်းအမှုတွင် တ/၁၅ ရပ်ကွက်၊ ရွှေပြည်သာနေသူ ပျံကျဈေးသည် မသင်းသင်းထွေးသည် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ဇင် (၃၆)နှစ်နှင့်အတူ ဒညင်းကုန်းဘူတာ အမှတ်(၄) ရထားသံလမ်းဘေး ဈေးဆိုင်တန်းတွင် ဒညင်းသီးရောင်းချနေစဉ် သားငယ်ဖြစ်သူမှာ ခိုးယူခံရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ခိုးယူခံရသူမှာ အသက်တစ်နှစ်နှင့်တစ်လသာရှိသေးပြီး ဆိုင်ရှေ့ကစားနေစဉ် မိန်းမတစ်ဦးက ယူချီပြေးသွားကြောင်း ဆိုင်ချင်းကပ်လျက် ကုန်ခြောက်ရောင်းသူ မမြင့်မြင့်အေးမှ ပြောပြသဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ကလေးခိုးယူသွားသူကို ဒညင်းကုန်းဈေး (ဃ)ရုံ၊ ဆေးဆိုင်တစ်ခုရှေ့တွင် ကလေးငယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကလေးငယ်အား ခိုးယူသွားသူမှာ မသန်းဌေး(၄၀)နှစ်၊ ကျပန်း၊အင်ကုန်းရွာ၊ ဥက္ကံမြို့၊ တိုက်ကြီးမြို့နယ်နေသူဟု ရဲတပ်ဖွဲ့က
အတည်ပြုထားသည်။

၎င်းကို အရေးယူပေးရန် မသင်းသင်းထွေးက တရားလိုပြုလုပ်
တိုင်တန်းခဲ့သည်။ ယင်းတိုင်တန်းမှုကို အင်းစိန် ရဲစခန်းက (ပ) ၁၀၆၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိထားသူအား စစ်ဆေးလျက်ရှိကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၆၃ဖြင့် တရားစွဲတင်သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment