Pages

Wednesday, October 2, 2013

ရေစကြို ရှစ်အိမ်တန်းမှ ဒေသခံ ၇၀၀ကျော် ရေကြီးမြေပြိုမှုဒဏ်ခံစားနေရ အစားထိုးမြေလိုအပ်နေ


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ကို ဖြတ်သန်းစီးဆင်းသော ချင်းတွင်းမြစ်လက်တက် မြစ်ကြောင်း ပြောင်းလဲ၍ မြစ်ရေကြီးမှုကြောင့်
ညောင်တောအုပ်စု ရှစ်အိမ်တန်းရွာ၏ မြစ်ကမ်းပြိုကျမှုနှုန်းမြင့်တက်လာကာ အိမ်ခြေ ၁၃၀ကျော် ပြောင်းရွှေ့ခဲ့ရပြီး ဒေသခံ ၇၀၀ကျော် ပြောင်းရွှေ့နေထိုင်ရသည်ဟု ညောင်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးက ဆိုသည်။
ညောင်တောအုပ်စုအတွင်း ပါဝင်သည့် ရှစ်အိမ်တန်းရွာသည် ကမ်းပြိုမှုဒဏ်ကို ၂၀၁၂ခုနှစ် ဇွန်လမှ စတင်ကာခံစားနေရပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလအထိ ရှစ်အိမ်တန်းရွာမှ အိမ်ခြေ ၁၃၀ကျော်အထိ ပြောင်းရွှေ့ခဲ့ရပြီး ယာမြေဧက ၂၀၀ကျော် ထိ ဆုံးရှုံးခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

“အခုတော့ မူလတန်းကျောင်းနဲ့ ဓမ္မာရုံပြောင်းဖို့ လုပ်နေကြတယ်၊ ရွာသားတွေ အားလုံး နီးစပ်ရာမှာ အိမ်လခပေးပြီး နေထိုင် နေရတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးက ဆိုသည်။
အဆိုပါ မြေပြိုမှုကြောင့် ယာမြေများ ဆုံးရှုံးကာ စိုက်ပျိုးရန် ခက်ခဲသည့်အတွက် ဒေသခံများအတွက် ၀င်ငွေမရှိကြောင်း၊ ပခုက္ကူခရိုင် မြစ်ကြောင်းပျိုးမှ လှိုင်းကာတန်းများ လာရောက် ရိုက်ခဲ့သော်လည်း ပေ ၁၀၀ကျော် ထပ်မံပြိုကျခဲ့ကြောင်း၊ အစားထိုးမြေနေရာ အဓိကလိုအပ်နေကြောင်း ဒေသခံများကဆိုသည်။
“မြေနေရာတွေရဖို့အတွက် NLDကို ဆက်သွယ်ထားတယ်။ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများကလည်း အကူအညီမပေးဘူး၊ ဆန္ဒထုတ်ဖော်ဖို့ တင်ပြထားတာလည်း အချက်အလက် မပြည့်စုံဘူးဆိုပြီး ပယ်ချလိုက်တယ်” ဟု ရှစ်အိမ်တန်းကျောင်းမှ ဆရာတော်ဦးခေမိန္ဒက မိန့်ကြားသည်။

မြစ်ရေကြီးမှုကြောင့် နေအိမ်များ ရေမြုပ်ခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ကြောင်း၊ ရွာပြောင်းရွေ့ရန် မြေနေရာသစ် မရရှိသည့်အတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း၊ အထက်သို့ တင်ပြထားသော်လည်း သက်ဆိုင်ရာမှ တုံ့ပြန်မှုမရှိဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
“ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရှိဘူး၊ ဒီရွာမှာ ဆရာဝန်လည်းမရှိဘူး၊ ကျန်းမာရေးမှူးလည်း မရှိဘူး၊ လောလော ဆယ်တော့ ရပ်ကျေးသူနာပြုကို ဖုန်းဆက်ပြီး လှမ်းခေါ်ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု တွေလည်း အများကြီး လိုအပ် နေတယ်” ဟု ဆရာတော်ဦးခေမိန္ဒက မိန့်သည်။

ရှစ်အိမ်တန်းရွာမှ ဒေသခံရွာသားများသည် တိမ်ကောနေသည့် ချောင်းပျက်များအတွင်း ငှားရမ်းနေထိုင်ရပြီး၊ မြေငှားရမ်းခအဖြစ် ၂၅ ပေ ခန့်ရှိသည့် မြေတစ်ကွက်ကို တစ်နှစ်လျှင် ကျပ် ၂သောင်းမှ ၅သောင်းအတွင်း ပေးဆောင်ရကြောင်း၊ အိမ်ပြောင်း ရွှေ့စရိတ်မှာ ကျပ် တစ်သိန်းမှ ၂သိန်းခွဲဝန်းကျင် ကုန်ကျကြောင်း၊ ရွာသားများ၏ လူမှုရေး၊ စီးပွားရေးများ များစွာထိခိုက်နေခြင်း ကြောင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ၀င်ရောက်ကူညီစေလိုသည်ဟု ရှစ်အိမ်တန်းရွာ ရပ်ကျေးကော်မတီမှ ကိုနီတွတ်က ပြောသည်။
၂၀၁၂ခုနှစ် ဇွန်လမှ စတင်ကာ မြစ်ကမ်းပြိုခဲ့ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလအထိ အိမ်ခြေ ၁၃၀ကျော် ပြောင်းရွှေ့ခဲ့ရသည့်နယ် အိမ်ခြေ ၂၇လုံးမှာ မြေပြိုမှုကြောင့်ပျက်စီးခဲ့ကြောင်း၊ ဒေသခံ ၇၀၀ကျော်မှာ နီးစပ်ရာ ရွာများ၌ မှီခိုနေရပြီး ယာမြေဧက ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် ယခုအချိန်အထိ မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။

ခင်နှင်းကြည်သာ(မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

Post a Comment