Pages

Monday, October 14, 2013

အလုံမြို့ နယ် Western Park II စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံး တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှာ အောက်တိုဘာလ(၁၄)ရက်နေ့  ဒီကနေ့ မနက် ၁၀ ခန့် က  ချိန်ကိုက်ဗုံး တစ်လုံးတွေ့ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ Western Park II စားသောက်ဆိုင်မှာ စားပွဲထိုး ၀န်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေး ဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏ အောက်တွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းအား အကြောင်းကြားခဲ့ပါတယ်။

ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏ အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုသို့ အကြောင်းကြား ချက်အရ အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်း ဆောင်ရွက်နိုင်ရေး အတွက် အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါ အထုပ်အား ရှင်းလင်းပြီး အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါတယ်။

ထို့ အပြင် လုပ်သားပြည်သူများ အနေဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကာလ နီးလာ၍့ ဗျောက်အိုးများ ဖေါက်ခြင်း၊ မီးရှုးမီးပန်း ပစ်ခြင်းများ ပြုလုပ်လျက်ရှိ နေပါသည်။

လတ်တလော ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း လက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများတွေ့ရှိသည့် ဖြစ်စဉ်များလည်း ရှိပြီး ပေါက်ကွဲမှုများ ထင်ယောင်ထင်မှား ဖြစ်နိုင်သဖြင့် လုံခြုံရေးကို ရှေ့ရှုကာ ဗျောက်အိုး ဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေ စိုးမိုးရေး အတွက် မိဘပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်ချက်လည်း ထုတ်ပြန်ထားပါတယ်။ ။

by Thit Htoo Lwin

No comments:

Post a Comment