Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, April 3, 2014

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား

မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ဦးက ယင်းစံပယ်ပန်းများကို ရုတ်တရက် စွတ်တောင်းယူလိုက်ပါသည်။ ထိုအပြစ်မဲ့ပန်းလေးများကို သူက ကွန်ပျူတာကီးဘုတ်ဖြင့် နာနာကြည်းကြည်းထုရိုက်သည်။ လူတိုင်းအံ့ဩသွားစဉ် ကြေမွသွားသော စံပယ်ပန်းများထဲ တံတွေးဖြင့် ထွေးချလိုက်ပြန်သည်။ မွှေးပျံ့သန့်ရှင်းစဉ်က ယုယုယယပန်ဆင်ခဲ့သောပန်းများကို မူလပိုင်ရှင်ထံ ပြန်ပေးသော်လည်း မည်သူကမျှမသတီတော့ပါ။

ယင်းပြကွက်မှာ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့ဟူသော ဆောင်ပုဒ်ဖြင့် အမုန်းတရားကြီးထွားအောင် လှုံ့ဆော်မှုများကို ဆန့်ကျင်မည့် ပန်းစကားအဖွဲ့၏ ပါဖောမန့်ပြကွက်ဖြစ်သည်။

‘‘တချို့ Hate speech တွေက မုန်းတဲ့အဆင့်နဲ့ပဲ ပြဿနာမဖြစ်ပေမယ့် မုန်းတာတင်မကဘဲ သတ်မယ်ဖြတ်မယ်ဆိုတာထိပါ တွေ့လာတယ်။ လူတစ်ယောက်ကို မုန်းတာမုန်းပါ၊ သတ်ဖြတ်မယ်ဆိုတာကတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာပါပြီ’’ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သူ MIDO အဖွဲ့မှ ဘလော့ဂ်ဂါ နေဘုန်းလတ်ကပြောသည်။

‘‘နိုင်ငံခြားသားတွေ လူပါးဝလို့ ပြဿနာတက်ရင် သတ်ပစ်လိုက်။ လူသတ်မှုက ထောင်ခုနစ်နှစ်ပဲကျမယ်’’

‘‘ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ပစ်သတ်နိုင်မယ့် လုံထိန်းတွေကို ဆုတော်ငွေပေးသင့်တယ်’’ စသည့် လူသတ်ဖို့၊ လူသတ်မှုကိုလုပ်ဖို့ တိုက်တွန်းအားပေးသည့် စာသားများကို တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတိုင်းပြည်ဟု အသိအမှတ်ပြုထားသော ယဉ်ကျေးသည့်မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က ရေးသားတိုက်တွန်းထားခြင်းဖြစ်ပါသည်။

လူတစ်ယောက်ကို ရက်ရက်စက်စက် ပါးစပ်နှင့်သတ်ဖြတ်ဖို့၊ တာဝန်မဲ့စွာ ပြောဆိုခြိမ်းခြောက် အရှက်ခွဲဖို့အတွက် မြန်မာနိုင်ငံတွင် ကွန်ပျူတာတစ်လုံး၊ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုနှင့် အင်တာနက်လိုင်းသာရှိရန်သာ လိုအပ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်သည့် ပြောဆိုလှုပ်ရှားမှုများက မင်းမဲ့စရိုက်ဆန်ဆန်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။

မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှလည်း ယင်းသို့ တာဝန်မဲ့စွာပြောဆိုမှုများအတွက် အရေးယူမှုမရှိသေးပါ။ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံအချို့တွင် အမုန်းတရားလှုံ့ဆော်ပြောဆိုမှုများအတွက် ဥပဒေများပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခွင့်ကောင်းယူလျက် တာဝန်ခံမှု၊ တာဝန်ယူမှုမဲ့စွာ ပရိုဖိုင်းပုံအစစ်အမှန်များမသုံးဘဲ လှုံ့ဆော်မှုများရှိနေပါသည်။

အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ဖြန့်ဝေနေသည်ဟု ယုံကြည်ရပြီး ၎င်းတို့ကို တန်ပြန်ဆန့်ကျင်ရန် မည်သူကမှ မလုပ်ကြသေးသည့်အတွက် ပန်းစကားလှုပ်ရှားမှုကိုစတင်ဖို့ စိတ်ကူးရခဲ့သည်ဟု နေဘုန်းလတ်ကဆိုသည်။

ပန်းစကားလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီ ၄ ရက်တွင် စတင်မည်ဖြစ်သည်။ ပါးစပ်တွင် ပန်းတစ်မျိုးကို ကိုင်ထားသည့် သင်္ကေတရုပ်ပုံကို အသုံးပြုမည်ဖြစ်ပြီး စတစ်ကာများ၊ ပိုစတာများကို အွန်လိုင်းတွင်ရော ပြင်ပတွင်ပါ ဖြန့်ဝေသွားမည်ဖြစ်သည်။ မည်သည့်အရပ်ဘက်အဖွဲ့အစည်းမဆို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ပြီး တစ်ဦးချင်းအနေဖြင့်လည်း ပါးစပ်တွင် ပန်းကိုက်ထားသည့်ဓာတ်ပုံများ ရိုက်ကူးပြီး ပန်းစကားဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ပေးခြင်း၊ မိမိတို့၏ပရိုဖိုင်းပုံများတွင် အသုံးပြုခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ပါးစပ်မှာ ပန်းလေးတွေကိုက်ထားတဲ့ သင်္ကေတကို အာဆီယံလူထုဖိုရမ်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို နိုင်ငံခြားသားတွေ အများကြီးလာတော့ ကျွန်တော်တို့လှုပ်ရှားမှုကနေ ပြန်ရလိုက်တဲ့ မက်ဆေ့ခ်ျက မွတ်စလင်တွေကို ဗုဒ္ဓဘာသာအားလုံးက မုန်းတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအမည်ခံပြီး လှုပ်ရှားတဲ့လူတစ်စုက မုန်းတာလို့သိသွားတာ၊ ကျွန်တော်တို့အတွက် အမြတ်ပဲ’’ဟု စံပယ်ပန်းပါဖောမန့်ကို ပြုလုပ်ပြသခဲ့သူ ကိုသက်ကပြောသည်။

သင်္ကြန်ကာလဖြစ်သဖြင့် ဧပြီ ၄ ရက် စတင်မည့် လှုပ်ရှားမှုတွင် ပိတောက်ပန်းကို သုံးသွားမည်ဖြစ်ပြီး အချိန်အခါရာသီအလိုက် သင်္ကေတပန်းတစ်မျိုးမျိုးကို သုံးသွားမည်ဖြစ်သည်။

အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် အာရပ်နွေဦးဟု ကမ္ဘာကျော်ခဲ့သော အာရပ်နိုင်ငံများ၏ တော်လှန်ရေးတွင် လူမှုကွန်ရက်များက အရေးပါခဲ့သည်။ အာဏာရှင်ကို ဖြုတ်ချရေးအတွက် လူမှုကွန်ရက်တွင် လူထုအင်အားကို စုစည်းနိုင်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်အတော်ကြာ ဖြတ်တောက်ထားရသည်အထိ လူမှုကွန်ရက်အင်အားကို အာဏာရှင်တို့က အသိအမှတ်ပြုခဲ့ရသည်။

သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ ရှပ်နီရှပ်ဝါနိုင်ငံရေး အရှုပ်အထွေးမှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့်ပင် ပိုမိုပြင်းထန်လာခဲ့ပြီး ပဋိပက္ခကို ပိုမိုကြီးထွားလာစေသည်။ Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်ဟု ပြောစမှတ်ပြုရသည်အထိ ကမ္ဘာတွင် ဆိုရှယ်မီဒီယာ အင်အားကြီးလာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဆိုရှယ်မီဒီယာကို မတွန်းလှန်နိုင်ပါ။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် နိုင်ငံရေးတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချလှုပ်ရှားမည့် အရိပ်အယောင်များကို ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် မီးမွှေးနေသူများ ရှိလာနေပါသည်။

‘‘ရခိုင်ကော်မရှင်အဖြစ်နဲ့ ရခိုင်မှာ ခြောက်လလောက် သွားနေခဲ့ရတယ်။ အဲဒီမှာ လွယ်လင့်တကူပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်စုလုံးကို ချက်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရမယ့် အပေါက်ဖြစ်အောင် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောတာလည်း ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ဒီတော့ တိုင်းပြည်အတွက် လောလောဆယ်မှာ မချစ်ရင်နေပါ။ မမုန်းရင်တော်ပြီဆိုတဲ့ စိတ်ကလေးရှိဖို့ လိုပါတယ်။ အကျိုးရှိတဲ့စကားတွေကိုပဲ ပြောစေလိုပါတယ်’’ဟု ပန်းစကားလှုပ်ရှားမှုတွင် ပါဝင်မည့် ဇာဂနာကပြောသည်။

ယမန်နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းပြုလုပ်သည့် အမုန်းတရားကို ကြီးထွားစေသော ရေးသားမှုများနှင့် ဆိုရှယ်မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ၌ လူထုအခြေပြုလှုပ်ရှားမှုများ၊ တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက်များ လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောသည်။

‘‘ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုက ကြိုဆိုရမှာပါ။ အင်တာနက်လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲနဲ့ အမုန်းတရားကို ရှေးရှုတဲ့ ရေးသားချက်များကို တားဆီးနိုင်ဖို့၊ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကြားမှာ အင်တာနက်ပေါ်က တွေ့သမျှမယုံအောင် ပညာပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့ IMS နဲ့ပေါင်းပြီး ဆွေးနွေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် hate Speech များကို စောင့်ကြည့်ဖြုတ်ပစ်ရန် မြန်မာစာတတ်ကျွမ်းနားလည်သူ အရာရှိတစ်ဦးကို ဖေ့စ်ဘွတ်ခ်က ခန့်အပ်ထားလိုက်ရသည်။ အစိုးရက ပြဿာနာမီးမွှေးနေသည့် အကောင့်များကို တားဆီးရန် တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက် ပြုလုပ်လိုသော်လည်း မြန်မာပြည်က အွန်လိုင်းသုံးစွဲသူများက အင်တာနက်လွတ်လပ်ခွင့်ကို ပြန်ကန့်သတ်မည့် အစိုးရလုပ်ရပ်ဟုဆိုကာ လက်မခံခဲ့ပေ။

သို့သော် ဘာမျှမရှိတာထက်စာလျှင်တော့ ပန်းစကားလိုအဖွဲ့မျိုး ပေါ်ပေါက်လာခြင်းကို ကြိုဆိုသူများရှိပါသည်။ ပန်းစကားလှုပ်ရှားမှုတွင် MIDO၊ ပေါင်းကူးအဖွဲ့ စသည်တို့ပါဝင်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ တတ်နိုင်သမျှ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

‘‘အွန်လိုင်းမှာ ပရိုဖိုင်းပုံအမှန်တင်ပြီး တာဝန်ယူမှုရှိတဲ့စကားတွေပဲ ရေးသားသင့်တယ်။ ပရိုဖိုင်းအမှန်မသုံးဘဲ မသမာတဲ့ရည်ရွယ်ချက်နဲ့ ဘာသာရေးမှမဟုတ်ဘူး။ တခြားပဋိပက္ခတွေကိုဖြစ်အောင် အသုံးချနေတာတွေရှိနေတယ်။ အခု ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုတွေဟာ တကယ်ကောင်းတယ်။ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီ Hate Speech တွေကို ထိန်းသိမ်းဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်တဲ့ ဥပဒေတစ်ရပ်လည်း ပြဋ္ဌာန်းသင့်ပါတယ်’’ဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့မှ ကိုစည်သူမောင်ကပြောသည်။

7Day News Journal

Friday, March 28, 2014

ရခိုင်မျိုးချစ်များ မျက်လုံးဖွင့်ကြပါ



အင်တာနက်ပေါ်တွင် ပြန့်နေသော စစ်တွေရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးဂိုဒေါင် တလုံး ဖျက်စီးခံထားရသော ဓာတ်ပုံ

ရခိုင်ပြည်နယ်၌ ပြဿနာများ တခုပြီးတခု ဖြစ်လာနေခြင်းသည် ရခိုင်ပြည်သူများအတွက် အထူး သတိထား နေထိုင်ရမည့် အခြေအနေ ဖြစ်ပါသည်။

အခုရက်ပိုင်းအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း အမေရိကန် အမျိုးသမီးတဦးက ၎င်းတို့၏ ရုံးတွင်လွှင့်ထူ ထားသည့် သသနာ့ အလံအား ဖြုတ်ချမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခသည် ကျယ်ပြန့်သွားသည့်အပြင် အပြစ်မရှိသော ကလေးငယ် တဦး၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည်။

ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတရပ် သို့မဟုတ် စွမ်းအားရှင်၊ သို့မဟုတ် လူမိုက်ဂိုဏ်း ကဲ့သို့ အုပ်စုတစုကို မွေးမြူ၍ လှုပ်ရှားခိုင်းစေမှုများ ရှိနေသလားဟုလည်း သံသယဖြစ်မိပါသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂါလီ(မွတ်စလင်)အရေးအခင်း ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသတွင်း၌ ပြဿနာများ လုံးဝ ငြိမ်းအေးမှု မရှိဘဲ တခုမဟုတ်တခု ဖြစ်ပွားနေသည်မှာ သမားရိုးကျ မဟုတ်ဟု ယူဆပါသည်။

အမျိုးသားရေးနှင့် ဘာသာရေးကို မျက်စိစုံမှိတ် ဦးစားပေးလွန်းသည့် ရခိုင်မျိုးချစ် တချို့ကြောင့်ပင် နိုင်ငံရေး အမြတ်ထုတ်လို သူများ၊ ပုဂ္ဂိုလ်ရေး ကျော်ကြားလိုသူများက ရခိုင်ဒေသအား အသုံးချစရာ နေရာတခုအဖြစ်ရှုမြင်လာပြီး ဘာသာရေးကို ခုတုံး လုပ်၍ နိုင်ငံရေး လှုပ်ရှားမှု အသွင်ဆောင်သည့် လှုပ်ရှားမှုတချို့ လုပ်ဆောင်လာကြသည်ကို သတိထားမိသည်။ သို့သော် ထိုအချက်အား သတိဖြင့် စောင့်ကြည့်သည့် ရခိုင်အမျိုးသားရေး ခေါင်းဆောင် တချို့သာရှိပြီး အများစုကမူ အလေး ထားမှု မရှိကြပေ။

ရခိုင်ဒေသ၏ လက်ရှိ အခြေအနေ အရပ်ရပ်သည် ထိလွယ်ရှလွယ်သည့် အနေအထား ဖြစ်နေ၍ မျိုးချစ်များ အနေဖြင့် မျက်စိ ဖွင့်၊ နားဖွင့်၍ အထူး သတိထား လုပ်ဆောင်ရမည့် အချိန်လည်း ဖြစ်သည်ဟု ဆိုချင်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ ရခိုင်ဒေသ၌ ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိပါသည်။

ရခိုင်လူမျိုးများသည် အမျိုးသားရေးနှင့် ဘာသာရေးကို အလေးထားသည့် လူမျိုးအဖြစ် အများက လက်ခံထားပြီး ဖြစ်သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ရခိုင်လူမျိုးများ မျိုးမစောင့်၍ ဖြစ်ပွားနေခြင်း မဟုတ် ဆိုသည်ကို အားလုံး က သိရှိပြီးဖြစ်သော်လည်း မျိုးစောင့်တရားများကိုသာ ဟောကြားနေကြသည်မှာလည်း စဉ်းစားစရာပင်။ ဆရာတော်၊ သံဃာတော် တချို့က ပြီးခဲ့သည့်နှစ် အတွင်းကလည်း မျိုးစောင့်တရားများ ဟောခဲ့ ကြပါသည်။ မန္တလေးမှ ဦးဝီရသူသည်လည်း ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြို့ အများအပြားသို့ လှည့်၍ မျိုးစောင့်တရား ဟောကြားခဲ့ သေးသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများ၌ ဟောမည့် တရားသည် ငြိမ်းချမ်းရေး တရားဟုသာ အမည် ပေးသင့်ပါသည်။ ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေကြရသည့် အခြေအနေတွင် ရခိုင်ပြည်သူများသည် မိမိတို့ စိတ်ဒဏ်ရာများ ပြေပျောက်စေရန် မည်သည့် တရားကို ဟောသည်ဖြစ်စေ နာယူရန် အဆင်သင့်ဖြစ်နေကြသည်။ အများစုမှာ ဘာသာရေးကို နိုင်ငံရေးနှင့်ရော၍ စဉ်းစားခြင်း မရှိ၊ စိတ်ဝင်စားမှု မရှိကြပါ။ သို့သော် ရခိုင်လူမျိုး အများစုသည် အမျိုးသားရေး၊ ဘာသာရေးနှင့်ပတ်သက်လျှင် သွေးဆူလွယ်ခြင်း၊ မျိုးချစ်စိတ်ဓာတ် လွန်ကဲခြင်း တို့ကြောင့်ပင်လျှင် လှုံ့ဆော်ရလွယ်ကူသည်ဟု ဆိုရမည်ဖြစ်သည်။

အစိုးရ အာဏာပိုင် အဆက်ဆက်သည် နိုင်ငံရေးကို ဘာသာရေးနှင့်ရော၍ အသုံးချခဲ့သည့် သာဓကများ ရှိခဲ့သည်။ သို့ဖြစ်၍ ရခိုင်ဒေသတွင်း မျိုးစောင့် တရားများ ဟောခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များ၏ နောက်ကွယ်တွင်လည်း နိုင်ငံရေး ပယောဂ ကင်းမကင်းနှင့် မည်သူများ ရှိနိုင်မည်နည်းဟု မေးခွန်း ထုတ်သူများလည်း ရှိနေသည်။ မျိုးစောင့် တရားဟောခြင်းသည် အနောက်တံခါးကို ကာကွယ်ရန်ဟု မြင်သူများလည်း ရှိသည်။ အနောက်တံခါး အမှန် တကယ် ကျိုးပျက်ခဲ့သည်မှာ ဆယ်စုနှစ်များပင် ကျော်လွန်နေပြီ ဖြစ်သည်။

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်ကလည်း အနောက်တံခါးကို စိတ်ကြိုက်ဖွင့်၍ လာဘ်ပေး လာဘ်ယူမှုများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရ လက်ထက်၌ မည်သည့် မျိုးချစ် ပုဂ္ဂိုလ်ကမျှ ဝေဖန်မှု၊ ကန့်ကွက်မှု မလုပ်ရဲခဲ့ကြပေ။

စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရေး အတွက် နိုင်ငံသား မဟုတ်သည့် ရခိုင်ပြည်တွင်းက ဘင်္ဂါလီ ၅ သိန်းကျော်ကို အဖြူရောင် ကတ်များ ထုတ်ပေး၍ ပါတီ ထောင်ခြင်း၊ မဲပေးခြင်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးခဲ့ကြသည်။

လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီသည် ရခိုင်ဒေသ၌ အနိုင်ရရှိရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့မျှော်မှန်း သည့် အတိုင်း ဖြစ်မလာခဲ့ပေ။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကသာ ကိုယ်စားလှယ်နေရာအများစု အနိုင်ရခဲ့ သည်။ ထို့ကြောင့်ပင် ရခိုင် ပြည်နယ်၏ ကြံ့ခိုင်ရေးပါတီ တာဝန်ခံ တချို့သည် ရခိုင်ပါတီ အပေါ် မလိုမုန်းထားမှုများ ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်သူများသည်လည်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ လျှပ်စစ်မီး ရရှိရေး၊ စစ်တပ်သိမ်း လယ်မြေများ ပြန်လည်ရရှိရေး၊ ဒေသထွက် သယံဇာတများကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရရေး စသည့် အရေးများ အပြင် ပညာရေး၊ စီးပွားရေး တို့ကို လည်း မလုပ်ဆောင်နိုင်ကြတော့ပေ။

ရခိုင်ပြည်နယ်အား စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် ကာလများ၌ လယ်သိမ်း၊ ယာသိမ်းပြီး ခြိမ်းခြောက် အုပ်ချုပ်မှု၊ အလုပ်လက်မဲ့ ပြဿနာများ စသည့် အဘက်ဘက်မှ ချွတ်ယွင်းလာမှုကြောင့် ရခိုင်လူမျိုးများသည် မိမိတို့ ဒေသအားစွန့်ခွာ၍ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေးတို့အတွက် ရေကြည်ရာ မြက်နုရာ ဒေသ အသီးသီးသို့ ထွက်ခွာသွားကြသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာပြည် အနှံ့အပြားနှင့်ပြည်ပ နိုင်ငံအသီးသီးသို့ ထွက်ခွာသွားကြ၍ ရခိုင်ဒေသ၌ ယခုအခါ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးတချို့သာ ကျန်ပါတော့သည်။ တချို့သော ကျေးရွာများ၌ အမျိုးသားများ မရှိတော့၍ အသုဘ အလောင်းကို အမျိုးသမီးများ ကိုယ်တိုင် ထမ်းပိုး၍ သင်္ချိုင်း သို့ ပို့ဆောင် သင်္ဂြိုဟ် နေကြသည့် ဓာတ်ပုံများကိုလည်း ၀မ်းနည်းဖွယ်ရာ မြင်တွေ့လာရသည်။ ရခိုင် ပညာတတ်အများစုသည်လည်း မိမိတို့ ပညာနှင့်လိုက်လျောညီထွေဖြစ်မည့် အလုပ်အကိုင် ရရှိရေး၊ ပညာ ဆက်လက် သင်ကြားရေးတို့ အတွက် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်သည့် လူဦးရေ ၃ သန်းကျော်ရှိသည်ဟု အစိုးရ၏ ၂၀၁၁ စာရင်းများက ဖော်ပြ ထားသည်။ ပြည်တွင်း၊ ပြည်ပ နိုင်ငံ အသီးသီးရှိ ရခိုင်လူမျိုး လူဦးရေ စုစုပေါင်းသည် ၅ သန်းကျော် ရှိသည်ဟု ခန့်မှန်းထားကြသည်။

အစိုးရက ရခိုင်ဒေသထွက် သစ်၊ ၀ါး၊ ပင်လယ်ထွက်ကုန်၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အပြင် ဒေသထွက် သယံဇာတ ပစ္စည်းများကို နိုင်ငံတကာသို့သာ ရောင်းစားလျက်ရှိသည်။ သို့သော် ရခိုင်ပြည်နယ်တွင် စက်ရုံ အလုပ်ရုံ တခုမှ မရှိပေ။ ၀န်ထမ်း ဦးရေ အနည်းငယ်နှင့် ပုံမှန် မလည်ပတ်နိုင်သည့် ကျောက်တော် သကြားစက်အဟောင်း တခုတည်းသာ ရှိနေသည်မှာလည်း ထူးဆန်းဖွယ်ရာ ဖြစ်နေသည်။ ကျောက်ဖြူစီမံကိန်းကဲ့သို့ စီမံကိန်းတချို့ အကောင် အထည် ဖော်နေသည့်တိုင် ဒေသခံ ပြည်သူများ အနေဖြင့် အောက်ခြေသိမ်း အလုပ်ကြမ်းသမား အဆင့်ကိုပင် ရရှိရန် မလွယ် ကူပေ။

ဒေသ အသီးသီးသို့ ရောက်နေသည့် ရခိုင်ပညာတတ်များ၊ လူငယ်များ၊ ရခိုင်လူမျိုးများသည် မိမိတို့ ဒေသကို ပြန်လိုကြသည့်တိုင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်တော်ပြန်ရန် အခက်အခဲများရှိနေပြီး အခွင့်အလမ်းများ ဖြစ်ပေါ်လာပါက အဝေးရောက် ရခိုင်လူမျိုး အများစုမှာ အိမ်ပြန်ရန် အဆင်သင့်ရှိနေသည်။

ရခိုင်ဒေသ၌ လူဦးရေ ၃ သန်းကျော်အနက် ဘင်္ဂါလီ ဦးရေသည် တသန်းဝန်းကျင်အထိ ရှိသည်ဟု အစိုးရက ဆိုသည်။ အစိုး ရ အာဏာပိုင်များက ဘင်္ဂါလီများကို ရခိုင်ဒေသမှလွဲ၍ တခြားမည့်သည့် ဒေသသို့မျှ သွားရောက်ခွင့်မပြုဘဲ ပိတ်လှောင် ထား သည်။ ဘင်္ဂါလီများအား တနေရာတည်း၌ စုပြုံ လှောင်ပိတ်ထားခြင်းကပင် ပဋိပက္ခ ဖြစ်ပွားရန် မွေးထားသည်နှင့် တူနေသည်။ ရခိုင် လူမျိုးများကလည်း ထိုသို့ ယုံကြည်ထားကြသည်။ အလားတူ ပဋိပက္ခများ ဖြစ်ပွားကာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စသည့်အရာရာ ကွဲပြားသော လူမျိုး ၂ ခု ကို အတူ ယှဉ်တွဲ နေထိုင်ရန်လည်း ယခုအခြေအနေတွင် မလွယ်ကူသေးပါ။

အချုပ်အားဖြင့်ဆိုရလျှင် ရခိုင်ပြည်တွင်း၌ ပြဿနာ အရပ်ရပ်သည် ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ်၍ စိတ်ခံစားမှုအတိုင်း မလုပ်ဆောင်မိစေရန် အရေးကြီးပါသည်။ ထို့အတူ အမြင်မတူ ကွဲပြားနေကြသည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီများ၊ အဖွဲ့အစည်းများသည် မတူညီသည်များကို ဘေးဖယ်၍ လုပ်ဆောင်ကြရန် အရေးကြီးသည့်အချိန်အခါဟုလည်း ဆိုရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ လက်ရှိ ပဋိပက္ခများသည် အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေဖြစ်နေ၍ ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားများ ကိုင်စွဲ၍ စည်းလုံးမှု၊ ညီညွတ်မှု အားနည်းနေမည် ဆိုပါက ဆင်းရဲတွင်းနက်နေသော ရခိုင်ပြည်သည် နာလန်ပြန်ထူနိုင်မည် မဟုတ်တော့ချေ။

ဧရာဝတီ

Sunday, December 22, 2013

အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်


          ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။

          တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

          သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည်မတူးဆွပါနဲ့တော့။

(၂)     သူမရဲ့ အလေးချိန်

          အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

          အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

          အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။

Ref:mensxp

Saturday, December 21, 2013

ပျော်ချင်ပေမယ့် ပျက်စေတော့မှာလား Facebook ပေါ်က ကာမစာမျက်နှာများရယ်



    ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကိုတင်ဖို့ လက်နည်းနည်းတွန့်နေမိတယ် အဲဒါ နဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားနေတုန်း ငါနဲ့အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကိုရှာတွေ့မိတယ် ဒီပုံကို ဖြုတ်ပေးပါ ဆိုရင် ဓာတ်ပုံပိုင်ရှင်ဆိုသူက အထောက်အထား နဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော် . . .

““ကျွန်မ တစ်ခုလောက် မေးပါရစေဦး။ ရှင်တို့ ယောက်ျားတွေမှာ တကယ် နှာခေါင်းပဲ ရှိတာလား။ နည်းနည်း လေးများ ဦးနှောက်နဲ့ စဉ်းစားမယ်ဆို ဒီအကောင့်ခ်က အလိမ်ကြီးမှန်း အသိသာကြီးပါ။ ဘာတဲ့ သူတို့ကျ ခေါင်းမဟုတ်ဘူးတဲ့ (ကန်တော့ပါရဲ့)။ ကျွန်မတို့ကျ ဇယားတဲ့”” အခုလို ပြောလိုက်သူ ကတော့ မြန်မာလူငယ်များအကြား ရေပန်းစားအသုံးများနေတဲ့ လူမှုကွန်ရက် Facebook ပေါ်မှာ မိမိရဲ့ ဓာတ်ပုံကို အလွဲသုံးစား လုပ်ခံထားရသူတစ်ယောက်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူမရဲ့ ဓာတ်ပုံကို YGN မှ ဇယားလေးများဆိုတဲ့ နာမည်နဲ့ ကာမဈေးခေါ်တဲ့ Page တစ်ခုမှာ ဓာတ်ပုံ ခိုးယူထားတဲ့ အတွက် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ သူမက ဆက်လက်ပြီး ““ဘာမှန်းမသိဘဲ comment ၀င်ရေးနေတဲ့ လူတွေကိုလည်း အံ့သြတယ်။ ရှင်တို့ ပစ်မှားနေတာ။ အိမ်ထောင်သည်သာဆို ကာမေသုမိစ္ဆာစာရကံ ပဲလေ။ တကယ်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်မှ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့လည်း မိန်းမတစ်ယောက်ကို ဖျက်ဆီးရာ ရောက်တာပါပဲ။ ကျွန်မလဲ ရှက်တယ်။ ကျွန်မနားမှရှိတဲ့လူတိုင်း ကျွန်မ မိန်းမကောင်းလား၊ မိန်းမပျက်လား သိတယ်။ ကျွန်မ မဟုတ်တာ မလုပ်တဲ့ အတွက် ကျွန်မ အကောင့်နာမည်ကို မပြောင်းခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို မနှောင့်ယှက်ကြပါနဲ့။ မြန်မာ ယောက်ျားကောင်းတွေ အနေနဲ့ ဒီအကောင့်ခ်ကို Report လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”” လို့ ဆက်ပြီး ရေးထားပြန်ပါတယ်။ …

ဒီတော့ ဒီလို အမှုကိစ္စတွေက ဘယ်လောက်တောင် များနေပြီလဲ။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook သုံးသူ အမျိုးသမီးပေါင်း လေးသိန်းကျော်ရှိပြီး အမျိုးသားဦးရေက ခြောက်သိန်းကျော်ရှိတယ် လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းများက ပြုစုထားတဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် မြန်မာသံတော်ဆင့် သတင်းဌာနရဲ့ လက်လှမ်းမီ သလောက် လေ့လာဆန်းစစ်ချက်တွေ အရဆိုရင် Facebook မှာ ““ကာမ”” လို့ ရိုက်ရှာလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ နာမည်တွေ ၅ ခုထက် မနည်းကျလာမှာ ဖြစ်သလို အင်္ဂလိပ်လို Myanmar Sexy လို့ ရိုက် ရှာလိုက် မယ်ဆိုရင် Group နဲ့ Page  တွေ ၁၀ ခုထက်မနည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီ Group တွေ၊ Page တွေမှာ Facebook တစ်ခွင်က မြန်မာအမျိုးသမီးငယ်များရဲ့ ဓာတ်ပုံတွေ၊ အထူးသဖြင့်  sexy ဖြစ်အောင် ရိုက်ထားတဲ့ ပုံတွေကို ခွင့်ပြုချက်မရဘဲ နာမည်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့ ဖော်ပြထား ပါတယ်။ ထို့နည်းတူ အဲဒီလို ဖော်ပြခံရတဲ့ သူတွေရဲ့ ဓာတ်ပုံရဲ့ အောက်မှာဆိုရင်လည်း မောင်နှမသားချင်း မသင့်တော်အောင် ရေးသားမှုတွေလည်း ရှိနေပါတယ်။

မာယာရှင်မမလို့ Facebook Page တည်ထောင်ထားသူ တစ်ဦးကတော့ သူရဲ့ Page ပေါ်မှာတင် အခုလိုမျိုး ရေးသားဖော်ပြထားပါတယ်။

““ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကို တင်ဖို့ လက်နဲနဲတွန့်နေမိတယ်။ အဲဒါနဲ့ ဘယ်လို လုပ်ရပါလို့ စဉ်းစားနေတုန်း ငါနဲ့ အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကို ရှာတွေ့မိတယ်။ ဒီပုံကို ဖြုတ်ပေး ပါဆိုရင် ဓာတ်ပုံပိုင်ရှင် ဆိုသူက အထောက်အထားနဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော်။ (အမှန်တကယ် ဒီစာမျက်နှာက +၁၈ ဆန်ဆန် ဖြစ်သွားတာမို့ မကြာခင် ပြန်ဖြုတ်လိုက်ပါမယ်)”” လို့ ရေးသားထားတာဖြစ်ပါတယ်။

ဒီလိုမျိုး Group တွေ၊ Page တွေကို တခုတ်တရ ကြည့်နေတတ်တဲ့ ပုရိသနွယ်ဝင် အမျိုးသားတွေကလည်း ဒုနဲ့ ဒေးပါ။ လူငယ်တွေ အခေါ် ““အာရှီ”” လို့ခေါ်တဲ့ ကာမအသားပေး Group တွေ၊ page တွေကို ကြည့်ကြသလို၊ တခါတရံ ကာမအသားပေး နိုင်ငံခြား အပြာကားတွေကိုလည်း ၀င်ရောက်အားပေးတတ်တယ်လို့ ဆိုပြန်ပါတယ်။

““အဲဒါကြည့်တာ သာယာတာပေါ့။ အဲဒါ ကြည့်နေတဲ့အချိန် Emotion  က တခြားဟာနဲ့မှ မတူတာ။ အိမ်မှာ ဆိုရင် လူကြီးတွေနဲ့က အဆင်မပြေဘူးလေ။ ဒါကြောင့် အင်တာနက်ဆိုင်တွေကိုပဲ အားကိုးရတယ်။ ပုံလေး တွေကို ကာမဒါနဆိုတဲ့ Page က တင်ပေးတယ်။ အဲဒါတွေကို like တော့ သွားမလုပ်ရဲဘူး။ ကြည့်တော့ ကြည့်တယ်။ ကိုယ် Like လုပ်လိုက်တဲ့ဟာ ဖော့စ်ဘုတ်မှာ ပေါ်သွားလို့ရှိရင် like မလုပ်ဘူး။ သူတို့ တင်ပေးတဲ့ ပုံမှန်သမျှ ကိုယ့်ရဲ့ New Feed  မှာ ပေါ်လာလို့ရှိရင် ကြည့်ဖြစ်တယ်။ ကြည့်ရတာတော့ ကောင်းတယ်။ ဒါပေမဲ့ လူမိသွားရင် ရှက်ဖို့ ကောင်းတယ်။ တချို့ သူငယ်ချင်းတွေဆိုရင် ပုံတွေ ဘာတွေကို ဒေါင်းလုပ်ခ်ဆွဲပြီး သိမ်းထားတာ။ ကျွန်တော့်တို့ အခေါ်အဝေါ်ဆိုရင် အဲဒါကို ““အာရှီ””လို့ ခေါ်တယ်။ တစ်ယောက်က ကြည့်နေပြီ ဆိုရင် ဟာ…ဟိုကောင် ““အာရှီ””တွေ ကြည့်နေပြီ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောကြတာ။ သူငယ်ချင်း အများစုက ဒေါင်းလုပ်ခ်ဆွဲပြီး ဖုန်းထဲကို ထည့်ကြတာ”” ဟု ရန်ကုန်တိုင်း၊ လမ်းမတော်မြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အင်္ဂလိပ်စာအဓိကဖြင့် ပညာသင်ယူနေသူ ကိုမော်ကြီးက မြန်မာသံတော်ဆင့်ကို ပြောလာပါတယ်။

တချို့သော တချို့သော သာမန်မိန်းကလေးတွေကတော့ မိမိအနေနဲ့ ဘယ်နေရာကို ရောက်နေတယ်၊ ဘာတွေ လုပ်နေ တယ်ဆိုသဖြင့်  မိမိရဲ့ မိတ်ဆွေတွေကို သိစေလိုဇောနဲ့ ပုံတွေ တင်တာ ရှိပေမယ့် Sexy Post ရယ်လို့ ရည်ရွယ်ပြီး ရိုက်တာ မဟုတ်ကြောင်း၊ ယနေ့ ခေတ်အလိုက် အ၀တ်အစားများကိုက အဲဒီလိုပုံစံတွေ ဖြစ်နေတာ ကြောင့်လို့ ဆိုကြပြန်ပါတယ်။

““ပုံကတော့ ဘားတို့ ဘာတို့ သွားရင် သူငယ်ချင်းတွေနဲ့ ဆုံပြီးတော့ ရိုက်လိုက်တယ်။ ရိုက်ပြီးတော့ ဖော့စ်ဘုတ် မှာ တင်လိုက်တယ်။ မလိုက်ရတဲ့သူတွေကို ကြွားတဲ့အနေနဲ့ ငါတို့ သွားတယ်၊ ဘာညာနဲ့ တင်တာ။ နောက်ပြီး အ၀တ်အစားကတော့ sexy ပုံစံဖြစ်အောင် ၀တ်ပြီး ရိုက်တာတော့ မရှိဘူး။ ဒီလိုမျိုးဖြစ်အောင်လည်း ရိုက်ပြီး တင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုခေတ် အ၀တ်အစားတွေနဲ့ ကျမတို့ နေ့စဉ်ဝတ်လေ့ဝတ်ထရှိတဲ့ အ၀တ်တွေ ကိုက ဘောင်းဘီအတို၊ စကပ်အတိုလေးတွေက နေ့စဉ်ဝတ်နေကျလေ။ အဲဒါကို သူများတွေက sexy post ဆိုပြီး ပြောနေကြတာ”” ဟု အသက် ၁၉ အရွယ် တာမွေသူ မသူဇာ (အမည်လွှဲ) က ပြောပါတယ်။

ထို့အတူ ပုံတွေတင်ပေမယ့် လူမြင်ကောင်းတဲ့ပုံတွေပဲ တင်ပြီး ကိုယ့်ဓာတ်ပုံတွေကို တင်လိုက်တိုင်း like တွေ ဘယ်လောက် ရပြီလဲ၊ ဘယ်သူတွေကတော့ ဘယ်လို comment တွေ ပေးသလဲဆိုတာကို စောင့်ကြည့်ချင်တာ ကြောင့်လို့ ဆိုသူတွေ ဆိုလာပြန်ပါတယ်။

““ပုံတစ်ပုံတင်ပြီးသွားလို့ရှိရင် အဲဒီပုံကို like ဘယ်လောက်ရပြီလဲ၊ comment ဘယ်လောက် တက်နေပြီလဲ၊ like ပေးတဲ့သူတွေက ဘယ်သူလဲ၊ ဘယ်လိုပြောရမလဲ  like တွေ အများကြီးရရင်တော့ ပျော်တာပေါ့။ like တွေက ဘယ်လောက်များ လဲဆိုတာ ဖော့စ်ဘုတ်ကို ခဏခဏ ၀င်ဝင်ကြည့်ဖြစ်တာပေါ့။ ပုံကို သေချာရိုက်ပြီး အဲဒီပုံတွေထဲကမှ အများအမြင်မှာ သင့်တော်တဲ့ပုံကို ရွေးပြီး တင်ရတာပေါ့”” ဟု အသက် ၁၉ နှစ်အရွယ် လပွတ္တာသူ ဆွေဆွေ (အမည်လွှဲ)က သူမရဲ့ စိတ်ခံစားမှုကို အခုလို ထုတ်ပြောခဲ့ပါ တယ်။

အမျိုးသမီးထုတွေ အနေနဲ့ မိမိရဲ့ ဓာတ်ပုံတွေကို အလွှဲသုံးစားလုပ်ခံရတာဟာ သာမန်  လူမှုအသိုင်း အ၀ိုင်းနယ်ပယ်က အမျိုးသမီးတွေတင် မကပါဘူး။ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ Miss International Myanmar ပြိုင်ပွဲတွင် ဆုရရှိခဲ့ပြီး၊ Miss International နိုင်ငံတကာ ပြိုင်ပွဲတွင်Miss Internet ဆုရရှိခဲ့သူ အလှမယ် နန်းခင်ဇေယျာရဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Facebook  မှာ အင်္ဂလိပ် လို “Nan Khin Zayar” ဆိုတဲ့ အမည်နဲ့သာ သူမရဲ့ အကောင့်ခ်ဖြစ်ပြီး ကျန်တဲ့ အင်္ဂလိပ်လိုကော၊ မြန်မာ လိုကော နန်းခင်ဇေယျာ နာမည်တွေဟာ အမည်မသိ သူတွေ ဖန်တီးထားတဲ့ page တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

““ညီမအနေနဲ့ အဲဒါမျိုးတော့ မကြိုက်ဘူးပေါ့နော်။ ဖော့စ်ဘုတ်မှာ နန်းခင်ဇေယျာလို့ ရိုက်ထည့်လိုက်ရင် အကောင့်ခ်က ငါးခု၊ ခြောက်ခုလောက် ရှိတယ်။ အမှန်တကယ်သုံးတာက တစ်ခုတည်း။ ကျန်တဲ့ဟာက တခြား လူတွေ ထောင်တာ။ အဲဒါက မကောင်းဘူး ပေါ့နော်။ ကာယကံရှင်ဆီမှာ ခွင့်ပြုချက် ယူသင့်တယ်လို့ ထင်ပါ တယ်။ ဓာတ်ပုံတွေကိုလည်း ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်ယူပြီးမှ တင်သင့်တယ်လို့ ထင်ပါတယ်။ ဓာတ်ပုံ တင်တာနဲ့ ပတ်သက်ပြီးတော့ ညီမအနေနဲ့ ဘယ်လိုမှ မသုံးသပ်ချင်ဘူး။ သူ့ရဲ့ ကာရိုက်တာနဲ့ပဲ ဆိုင်ပါတယ်”” ဟု မနန်းခင်ဇေယျာက မြန်မာသံတော်ဆင့်ကို ပြောပါတယ်။

Facebook မှာ မြန်မာလို နန်းခင်ဇေယျာနာမည်အပြင် နန်းခင်ဇေယျာချစ်သူများအဖွဲ့၊ နန်းခင်ဇေယျာချစ်သူများ စသည်ဖြင့်လည်း Group တွေ၊ Album တွေလည်း ရှိနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကာယကံရှင် မနန်းခင် ဇေယျာ ပြောသလို ချစ်လို့ပဲ၊ ခင်လို့ပဲ တင်တင် ခွင့်ပြုချက်ကတော့ ရယူသင့်ပါတယ်။

မြန်မာပြည်မှာ အင်တာနက် Online ကနေ ရေးသားမှုကြောင့် တရားစွဲဆိုမယ်ဆိုတဲ့ အသံတွေ ပေါ်ပေါက်ခဲ့ဖူး ပါတယ်။ ဒေါက်တာ ဆိတ်ဖွားဆိုသူက ၂၀၁၃ နှစ် ဇန်န၀ါရီလ ၁၄ ရက်က Online  မှာ Above the Law ဆိုပြီး ဆောင်းပါး ရေးသားခဲ့မှုကြောင့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ကမာရွတ် မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆို တင်သွင်းမှုကို လွှတ်တော်က လက်ခံပြီး ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အဲဒီအချိန်က ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဆိုလိုချင်တာ ကတော့ Online မှာ ရေးသားမိတာ တစ်ခုအတွက် လွှတ်တော်ထဲထိ ရောက်အောင် ဂယက်ရိုက် ခဲ့တယ်ဆိုတာကို ညွှန်းဆိုလိုရင်းပါ။

ဒါပေမဲ့လည်း ယနေ့အချိန်ထိတော့   Facebook ပေါ်က မလိုလားအပ်တဲ့ပြဿနာတွေကို ဖန်တီး သလိုဖြစ်နေတဲ့ Page တွေ၊ Group တွေက များသထက် များလာမယ့် အရိပ်အယောင်တွေ ရှိနေသလို၊ ကင်မရာ ချိန်လိုက်တာနဲ့ လက်ကလေး နှစ်ချောင်းထောင်ဖို့ ပြင်နေတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေ ဟာလည်း အလွဲသုံးစား လုပ်ခံရမှုတွေကတော့ ဆက်ရှိနေမှာပါပဲ။ ဒီတော့ ရန်ကုန် နာရေးကူညီမှုအသင်းက ရွှေဇီးကွက်လို့ လူသိများတဲ့ အန်တီ ဒေါ်မြင့်မြင့်ခင်ဖေကတော့ ဓာတ်ပုံတင်သူကိုကော၊ အလွဲသုံးစားလုပ်သူ တွေကိုကော အခုလို ပြောလိုက်ပါတယ်။

““Facebook ဆိုတာ ကိုယ့် Personal ကို လုံးဝ သုံးစွဲခွင့် ပေးထားတဲ့ကိစ္စ။ ကိုယ်ကလည်း အပျော်ပေါ့ တင်လိုက်တာပေါ့။ အဲဒီအပေါ်မှာ အမြတ်ထုတ် တာတော့ လုံးဝ မဖြစ်သင့်ဘူး။ မိန်းကလေးတွေနဲ့က အများကို ချပြလို့ ရမယ့်ဓာတ်ပုံပဲ တင်သင့်တယ်။ မိန်းမကောင်းလေးတွေဆိုရင် မြူဆွယ်တဲ့ ပုံမျိုးတွေ မလုပ်သင့်ဘူး။ ဟိုလိုမျိုး နေရာတွေမှာ လုပ်တဲ့ မြူဆွယ်တဲ့ပုံမျိုးတွေ မတင်သင့်ဘူး။ သူတို့ တင်တကာ ပြဿနာ မရှိဘူး။ မိန်းမကောင်းလေးတွေက ဒါမျိုး မလုပ်သင့်ဘူး””

မြန်မာသံတော်ဆင့်

Thursday, December 19, 2013

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေပြီး လာမည့် သီတင်းပတ်များအတွင်း အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၉ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နေအိမ်တွင် သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် ပြည်တွင်း မီဒီယာအချို့တို့ တွေ့ဆုံစဉ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အမေရိကန် သံအမတ်က ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။

''ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အမေရိကန်အနေနဲ့ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ် ရှိပါတယ်။ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက်လည်း အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။

အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာအစိုးရ ခေါင်းဆောင်များကို ဒီဇင်ဘာ ၁၆ ရက်က တောင်းဆိုထားသည်။

လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီးမှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၀င်ရွေးနိုင်မည် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူမှုကို တစ်နိုင်ငံလုံးတွင် ပြုလုပ်နေပြီး အရပ်ဘက် အဖွဲ့အစည်းများကလည်း အလားတူ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများကို ပြုလုပ်နေသည်။ ထိုသို့ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများတွင် ပြည်သူလူထု ရာခိုင်နှုန်း ၉၀ ကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံ ဆန္ဒပြုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ကြောင်း ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် အစွန်းရောက်ခြင်းကို ရှောင်ရှားရန် နိုဝင်ဘာ ၁ ရက် လစဉ် ရေဒီယို မိန့်ခွန်း၌ သတိပေး ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တွင် ၁၄ နှစ်ကြာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံထားသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံအတွက် ကောင်းဖို့ဆိုရင် သြဇာရှိတဲ့လူတွေ၊ လူတွေအများကြီး လေးစားတဲ့သူတွေ တွေ့ဆုံညှိနှိုင်းတဲ့ ကိစ္စက ကောင်းတယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စတင် မကပါဘူး။ ဘယ်ကိစ္စမဆို အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်ပင်ပြီး လုပ်တာတော့ အကောင်းဆုံးပါပဲ'' ဟု ပြောကြားထားသည်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဌာန၊ အသင်းအဖွဲ့ ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက် တောင်းခံထားသည်။

ထိုသို့တောင်းခံ ထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင် ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။ ရရှိမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)တွင် အကြံပြုချက် ၅၉၀၊ အခန်း (၂)တွင် အကြံပြုချက် ၃၆ ချက်၊ အခန်း (၃)တွင် အကြံပြုချက် ၂၆၁ ချက်၊ အခန်း (၄)တွင် အကြံပြုချက် ၃၀၉ ချက်၊ အခန်း (၅)တွင် အကြံပြုချက် ၄၃၈ ချက်၊ အခန်း (၆)တွင် အကြံပြုချက် ၁၇၉ ချက်၊ အခန်း (၇)တွင် အကြံပြုချက် ၂၈ ချက်၊ အခန်း (၈)တွင် အကြံပြုချက် ၁၂၀၊ အခန်း (၉)တွင် အကြံပြုချက် ၄၉ ချက်၊ အခန်း (၁၀)တွင် အကြံပြု ချက် ၂၀၊ အခန်း (၁၁)တွင် အကြံပြုချက် ၈၃ ချက်၊ အခန်း (၁၂)တွင် အကြံပြုချက် ၂၁၈ ချက်၊ အခန်း (၁၃)တွင် အကြံပြုချက် ၁၁ ချက်၊ အခန်း (၁၄)တွင် အကြံပြုချက် ၂၂ ချက်၊ အခန်း (၁၅)တွင် အကြံပြုချက် ၁၂ ချက်၊ ဇယား (၁)တွင် အကြံပြုချက် ၅၉ ချက်၊ ဇယား (၂)တွင် အကြံပြုချက် ၄၅ ချက်၊ ဇယား (၃)တွင် အကြံပြုချက် ၁၀၊ ဇယား (၄)တွင် အကြံပြုချက် ၁ ချက်၊ ဇယား (၅)တွင် အကြံပြုချက် ၂၁ ချက် တို့ဖြစ်သည်။

အဆိုပါ အကြံပြုစာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်း ကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

(ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ တက်ရောက် လာကြသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လက်ထောင် ဆန္ဒပြုနေကြစဉ်
)

EMG

Sunday, December 15, 2013

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်


သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။

ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။

တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။

“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။

ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။

အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။

ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။

အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။

နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။

ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။

နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။

တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။

သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)

စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။

“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။

နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။

ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။

The Voice

Friday, December 13, 2013

တက္ကသိုလ် ကျောင်းသားထုကို စီးပွားဖြစ် လုပ်ကိုင်လာသည့် နေ့ပါတီပွဲများ


    Sexy Dance ပြိုင်ပွဲတွင် တက်ရောက်လာသည့် မည်သည့် မိန်းကလေးမဆို ယှဉ်ပြိုင်နိုင်ပြီး မိန်းမလျာများပင် ပါဝင်ယှဉ်ပြိုင်ကြသည် . . . ဆုကြေးအဖြစ် တစ်သိန်း သတ်မှတ်ထားပြီး တချို့မိန်းကလေးများသည် Sexy ပိုကျစေရန် ရည်ရွယ်၍လား မသိပေ . . .အင်္ကျီများပင် ချွတ်၍ကကြသည် …


ရန်ကုန်မြို့တွင် နေ့ကလပ်များ ပိတ်သိမ်းပြီးနောက် တက္ကသိုလ်ေ ကျာင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား ကာ နေ့ပါတီပွဲများ အား စီးပွားရေးအသွင် ဖန်တီးထားခြင်းသည် လူငယ်များ၏ လွတ်လပ်မှု စိတ်အခြေခံကို အစွန်းရောက်နိုင်သည်ဟု လူမှုနယ် ပယ် အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင် တချို့က ဝေဖန်လျက် ရှိသည်။

ဖွင့်ထားသည့် တစ်ချပ်တည်းသော တံခါးဝင်ပေါက်ဝတွင် လုံခြုံရေးနှစ်ယောက်ရှိသည်။ လက်မှတ် ၀ယ်သူများနှင့် အရက်ပုလင်း ဖောက်သူများကို အလှည့်ကျ လက်တစ်ဖက်စီတွင် သင်္ကေတ တံဆိပ်တုံး ရိုက်ပေးပြီး လက်နက်ပစ္စည်းပါ မပါ စစ်ဆေးလျက် ရှိသည်။ စစ်ဆေးမှုကို ကျော်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် အလင်းရောင်မှ ညအမှောင်နီးပါး ဆလိုက် မီးရောင်စုံသို့ ရောက်ရှိခဲ့သည်။ …

လက်မှတ် အရောင်းကောင်တာနှင့် တစ်ဆက်တည်း အရက်ပုလင်းမျိုးစုံ၊ ဘီယာမျိုးစုံခင်း ကျင်းပြသထားသည့် အရက်အရောင်းဆိုင် ကောင်တာကို မြင်တွေ့ရသည်။ ကောင်တာနှင့် ကပ်လျက်တွင် DJ ထားရှိပြီး အဆိုပါ အရက်ကောင်တာနှင့် DJ ကောင်တာတို့၏ မျက်နှာချင်းဆိုင် ခန်းမကျယ်ကြီးတွင် မှေးမှိန်လှသည့် မီးရောင်စုံ များကြား အရောင်အသွေးစုံ လူငယ်များက ခုန်နေကြသည်။

ခန်းမ၏ ဘေးနှစ်ဖက် နံရံများတွင် ခင်းကျင်းထားသည့် VIP စားပွဲဝိုင်းများတွင်လည်း လူအပြည့် ဖြစ်နေသည်မှာ ပေ ၄၀ x ပေ ၆၀ ရှိ ခန်းမတွင် လူဦးရေ ၇၀ ထက်မနည်း ရှိနေသည့်အတွက် အံ့သြစရာ မကောင်းလှပေ။

လူငယ်များကို ကြည့်ရသည်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလျက်ရှိသည်။ တချို့က ခန်းမလယ်တွင် လူပေါင်းစုံစု၍ ကခုန်ကြသည်။ တချို့က ကိုယ့်အုပ်စု၊ ကိုယ့်အဖွဲ့ဖြင့်သာ ၀ိုင်းဖွဲ့ကကြသည်။ ယောက်ျားလေး အများစုသည် အသက် ၁၈ နှစ်မှ ၂၃ ကြား လူငယ်များဖြစ်ပြီး ခေတ်ပေါ် အ၀တ်အစား ဒီဇိုင်းမျိုးစုံကို ၀တ်ဆင် ထားကြသည်။ ဂိတ်ဝတွင် မှတ်ပုံတင် စစ်ဆေးခြင်း မရှိသည့်အတွက် အသက် ၁၈ နှစ် မပြည့်သူများကိုလည်း တွေ့ရသည်။

မိန်းကလေး အများစုသည် အသက် ၂၂ အောက် လူငယ်များဖြစ်ပြီး အပေါ်မလုံ၊ အောက်မလုံ ခေတ်ပေါ် အ၀တ်အစားများ၊ ၀တ်ဆင်၍ ယောက်ျားလေးများနှင့် ရင်ပေါင်တန်းကာ အရက်ဘီယာများကို မှာယူ သောက်စားလျက် ရှိသည်။ တချို့မြင်ကွင်းများသည် လူငယ်များနှင့် မလိုက်ဖက်အောင်ပင် တွဲ၍မြင်နေရသည်။

ခေတ်မီလွန်းသည့် လူငယ်များကို အပြစ်တင်ရမလား။ တိုးတက်လွန်းသည့် ခေတ်စနစ်များ ပြောင်းလဲပုံကို အပြစ်တင်ရမလား၊ အနောက်ယဉ်ကျေးမှု ထိုးဖောက်လာသည်ကို အသိအမှတ်ပြုရမလား ဝေခွဲမရတော့ပေ။

တက္ကသိုလ်ပေါင်းစုံမှ လာရောက်ကြသည့် လူငယ်များသည် အ၀တ်အစားများ လဲလှယ်ဝတ်ဆင် ထားဟန် တူသည်။ တချို့ အချိန်လွန်နေ၍လား မသိပေ။ နေ့ကလပ်တွင်းရှိ အိမ်သာ၌ပင် ကျောင်းဝတ်စုံများ ပြန်လည် ၀တ်ဆင်၍ ထွက်ခွာသွားကြသည်။ ထူးခြားသည်မှာ လာရောက်သည့် လူငယ်အများစုသည် နည်းပညာ တက္ကသိုလ်များမှပင် ဖြစ်သည်။

အစိုးရ၏ စီမံချက်ဖြင့် ၂၀၁၃ ခုနှစ်အတွင်း နေ့ကလပ်များ ပိတ်သိမ်းခဲ့ရာ Sky way, Generation X, ဆန်ဖရန်စစ်စကို၊ ပုလဲကွန်ဒိုမှ ယူကလစ်ဘား၊ ရွှေတောင်ကြားမှ BMW, ရန်ကုန်အင်တာနေရှင်နယ်မှ ဖလန်မင်ဂိုးဘား အစရှိသည့်  နေ့ကလပ်များ ပိတ်သိမ်းခဲ့ပြီး တချို့ နေ့ကလပ်များမှ ညကလပ်အဖြစ် ပြန်လည် ဖွင့်လှစ်လျက် ရှိသည်။

တချို့နေ့ကလပ် ဖွင့်လှစ်ခဲ့သည့် နေရာများနှင့် ဟိုတယ် အခန်းတချို့တွင် စီးပွားရေးလုပ်ငန်း တစ်ခုကဲ့သို့ နေ့ပါတီများကို ဖန်တီးခဲ့ကြသည်။ ပွဲစီစဉ်သူများသည် အသက် ၂၃ နှစ်အောက် ကျောင်းသားများသာ ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းသားများမှတစ်ဆင့် လက်မှတ်ရောင်းချမှု ပြုလုပ်၍ နေ့ပါတီများကို စီးပွားရေးအဖြစ်  လုပ်ကိုင်လာကြသည်။ နေ့ကလပ်နှင့် နေ့ပါတီ၏ ကွာခြားချက်သည် နေ့ပါတီသည် လက်မှတ်ကြိုတင် ရောင်းစနစ်ဖြစ်ပြီး ကောင်တာ၌လည်း ကျန်ရှိပါက ထပ်မံ ၀ယ်ယူနိုင်သည်။ ကျောင်းသားများသည် ကိုယ်စား ရောင်းချနိုင်ပြီး လက်မှတ် အရေအတွက်အလိုက် ကော်မရှင်ခရသည်။

နေ့ပါတီ စီစဉ်သူများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် တချို့ ပွဲစီစဉ်သူများသည် ပါတီတွင်း  Sexy Dance ပြိုင်ပွဲများကို ဆုပေးစနစ်များဖြင့် ထည့်သွင်းလေ့ ရှိသည်။

အဆိုပါ Sexy Dance ပြိုင်ပွဲတွင် တက်ရောက်လာသည့် မည်သည့် မိန်းကလေးမဆို ယှဉ်ပြိုင်နိုင်ပြီး မိန်းမလျာများပင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆုကြေးအဖြစ် တစ်သိန်း သတ်မှတ်ထားပြီး တချို့ မိန်းကလေး များသည် sexy ပိုကျစေရန် ရည်ရွယ်၍လား မသိပေ။ အင်္ကျီများပင် ချွတ်၍ ကကြသည်။

နေရာ အနေအထားအလိုက် အခန်းတွင်း ပြင်ဆင်မှုမှလွဲ၍ ကျန်အချက်များ အားလုံးသည် နေ့ကလပ် နည်းအတိုင်း ဖြစ်သည်။ နေ့ပါတီသည် အချိန်ကန့်သတ်ချက်ဖြင့်သာ ကျင်းပခြင်း ဖြစ်သည်။ ယခု ၂၀၁၃ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလ အတွင်းမှစ၍ နေ့ပါတီ ပြုလုပ်မှုများကို ဟိုတယ်များက ငှားရမ်းမှု ရပ်ဆိုင်းလိုက်ပြီး နေ့ပါတီပွဲများ ကျင်းပမှု မရှိသလောက် ရှားသွားသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထား ပြုလုပ်သည့်အတွက် နိုင်ငံတော် အစိုးရက လိုက်လံဖမ်းဆီးလျက် ရှိသော်လည်း နားလည်မှုဖြင့် လုပ်ကိုင်နေသူများ ရှိနေဆဲပင် ဖြစ်သည်။

အနောက်တိုင်း ယဉ်ကျေးမှုကို ပုံဖော်ထားသည့် ညကလပ်များသည် ယခင်စစ်အစိုးရ လက်ထက်မှ စတင်ကာ ပိုမို အသက်ဝင်လာခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှု၊ လူသတ်မှုများ၊ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ၎င်းညကလပ်များမှ အချို့ကို ပိတ်သိမ်းခဲ့သည်။

ယခင် ညကလပ်များ ၁၀ ခု အရေအတွက်အောက်မှ ယခုလက်ချိုး မရနိုင်အောင် မြို့နယ်အလိုက်နီးပါး ဖွင့်လှစ်လျက် ရှိသည်။ ထိုမှ ညဘက် မသွားနိုင်သူ လူငယ်တချို့က နေ့ပါတီအဖြစ် ဖန်တီးကာ ခန်းမ ငှားရမ်းမှုများ ပြုလုပ်ခဲ့သည်မှစ၍ နေ့ကလပ်များ ပေါ်တင်စွာ ဖွင့်လှစ်ခဲ့ကြသည်။ Sky way, Generation X, ဆန်ဖရန်စစ်စကို စသည့်နေ့က လပ်များသည် ထင်ရှားသည့် နေ့ကလပ်များဖြစ်ပြီး ၎င်းနေ့ကလပ်များကို ပိတ်သိမ်းပြီး နောက်နေ့ပါတီပွဲများကို ဟိုတယ်ခန်းများ ငှား၍ ပြုလုပ်သည့်အပြင် နားလည်မှုဖြင့် အိမ်ခန်းငှား၍ ပြုလုပ်ခြင်းများလည်း ရှိသည်။။

ထိုကဲ့သို့ နေ့ပါတီ အသွင်ပြောင်းကာ ဆက်လက် ပြုလုပ်နေခြင်းသည် ကျောင်းနေအရွယ် လူငယ်များ၏ အနာဂတ်ကို မှေးမှိန်လာနိုင်သည်။ လူငယ်အများစုသည် ပျော်ချင်ပါးချင်သည့် စိတ်အခြေခံဖြင့် လွတ်လပ်မှုကို မြတ်နိုးကြသည်။ လွတ်လပ်မှု အစွန်းမရောက်စေရန် မိဘဆရာများက ၀ိုင်းဝန်းထိန်းသိမ်း ကြသော်လည်း ကျောင်းဖွင့်ချိန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထား ဖွင့်လှစ်ခြင်းသည် နောက်ကွယ်မှ မိသားစုများ၏ ဘ၀ကို ထည့်သွင်း စဉ်းစားရပေမည်။

လူငယ်များသည် လွတ်လပ်မှုကို အစွမ်းကုန် လိုချင်မှုရှိသော်လည်း ထိန်းချုပ်တတ်ရန် ပဲ့ကိုင်ရမည်။ ထိုသို့ပဲ့ကိုင်မှု မရှိသူများကို နေ့ပါတီပွဲများက စွဲမက်စရာတစ်ခု ဖြစ်လာစေရန် ပတ်ဝန်းကျင်က တွန်းပို့ တတ်သည်။ ပါတီပွဲ၏ နောက်ကွယ် ပွဲတက်သူ လူငယ်များ၏ ကျောင်းမုန့်ဖိုးများ၊ မုန့်ဖိုးပေးသူမိဘများ၊ အုပ်ထိန်းသူများ၊ လူငယ်များ၏ စူးစမ်း လိုစိတ်များသည် ပွဲစီစဉ်သူ စီးပွားရေးသမားများ၏ အကျိုးအတွက်သာ အသုံးပြုရပေလိမ့်မည်။ မည်သူမျှ အကျိုးမရှိသည့် လုပ်ရပ်ဖြစ်သော်လည်း လူငယ်များ၏ စိတ်ထွက်ပေါက်တစ်ခု ဖြစ်နေခြင်းသည် အနာဂတ်အတွက် ရင်လေးစရာပင် ဖြစ်နေသည်။

အဆိုပါ နေ့ကလပ်များသည် ညကလပ် မသွားနိုင်သည့် ကျောင်းသား လူငယ်ထုကို ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သဖြင့် အစိုးရမှ စီမံချက်ချကာ ဖမ်းဆီးပိတ်သိမ်းခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း ပုလဲကွန်ဒိုရှိ ဖွင့်လှစ်ထားသော နေ့ကလပ်များ ဖမ်းဆီးခဲ့ရာ နာမည်ကြီး Sky Way နှင့် နေ့ကလပ်သုံးခု ပိတ်သိမ်းခဲ့ရသည်။ ယင်းကဲ့သို့ ဖမ်းဆီးမှုကြောင့် တာမွေပလာဇာ အောက်ထပ်ရှိ ဆန်ဖရန်စစ်စကို နေ့ကလပ်ကို ပိတ်ကာ ညကလပ်အဖြစ် ပြန်လည် ဖွင့်လှစ်ထားသည်။ ယင်းကလပ်သည် ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် အဆောက်အအုံ ခန်းမတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

နေ့ကလပ်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တစ်မြို့လုံးရှိ နေ့ကလပ်များ ပျောက်ကွယ်သွားပြီး အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ ပျော်ပါးသည့် ညကလပ်များတွင်ပါ ကျောင်းနေအရွယ် လူငယ်များ နည်းပါးသွားခဲ့သည်။

ထို့နောက် ကျောင်းသား လူငယ်များ၏ ပျော်ပါးချင်စိတ်ကို အသုံးချကာ နေ့ပါတီများအသွင် ဖန်တီး၍ ပွဲစီစဉ်သူများက လက်မှတ်များဖြင့် နီးစပ်ရာလူမှ အဆင့်ဆင့် ရောင်းချကာ ပြုလုပ်ခဲ့ကြသည်။ နေ့ပါတီ ပွဲများသည် ကျောင်းသားများသာ ဦးဆောင်၍ စီစဉ်ကြပြီး ကျောင်းသားများနှင့် နီးစပ်ရာလူငယ်များသာ တက်ရောက်ကြခြင်း ဖြစ်သည်။

နေ့ပါတီ ပြုလုပ်မှုများသည် ယခင်က သက်ဆိုင်ရာ မြို့နယ်အလိုက် ခွင့်ပြုမိန့် ရယူပြီးမှသာလျှင် ပြုလုပ်ကြခြင်း ဖြစ်ပြီး ယခုမွေးနေ့ ပါတီစသည်ဖြင့် အမည်ခံကာ ခန်းမများ ငှားရမ်း ပြုလုပ်ကြသည်။

ကျော်ထူးစံ (ဒဂုံတက္ကသိုလ် ကျောင်းသား)

ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးသွားကြတာပေါ့။ အရင်ပုလဲ ကွန်ဒိုက ယူကလစ်းဘား နေ့ကလပ်ကို သွားဖူးတယ်။ မှတ်ပုံတင် မစစ်ဘူး။ လက်နက်ပါမပါ လက်မှတ်ဝယ် မ၀ယ်စစ်တယ်။ ပြီးတော့ သူတို့ သင်္ကေတ တံဆိပ်တုံးရိုက်တယ်။ ၀င်ကြေးက ၄၀၀၀၊ ၆၀၀၀ ပေးရတယ်။ အရက်ပုလင်းဖောက် ၀င်ရင် ၇၀၀၀၀ ကနေ ၈၀၀၀၀ ထိ ရှိတယ်။ ဒါပေမဲ့ အဲဒါလူ ၅ ယောက်ပဲရတယ်။ တစ်ခုနဲ့တစ်ခုက မတူကြဘူး။ အခု နေ့ကလပ်တွေ မရှိတော့ ခန်းမရှာပြီး ပါတီလုပ်ကြတယ်။ ပါတီလုပ်တာ များတဲ့နေရာတွေက ရန်ကုန် အင်တာနေရှင်နယ်က ဖလန်မင်းဂိုးဘား၊ ဟိုတယ်ရန်ကုန်၊ ဟိုတယ်ရွှေဂုံတိုင်၊ ရွှေတောင်ကြားက BMW တို့မှာ လုပ်ကြတာများတယ်။ ကျွန်တော်တို့က စိတ်အပန်းဖြေကြတာပါ။ အရမ်းစိတ်ညစ် နေတဲ့အချိန် အရမ်း စိတ်ပေါ့ပါးတယ်။ အများစုက ကကြတာပါပဲ။ အရက်ထိုင်သောက်နေတာ မရှိပါဘူး။ အခု ပါတီပွဲစီစဉ်တဲ့ သူတွေက သူတို့နီးစပ်သူက တစ်ဆင့် လက်မှတ် ရောင်းကြတာပါ။ နေ့ကလပ်လိုမျိုးတော့ မရှိတော့ပါဘူး။

ကိုသော်သော် (ပွဲစီစဉ်သူ)

Day Club  တွေက အမျိုးမျိုးရှိတယ်။ အပြတ်ငှားတာများတယ်။ နာရီနဲ့တော့ မငှားကြဘူး။ ဥပမာ ၁၂ နာရီကနေ ၆နာရီအထိ ၁၀ သိန်း ပေးရတယ်။ ခန်းမငှားခချည်းပဲ ၁၁သိန်းပေးရတယ်။ တချို့ကလပ်တွေက ဒီဂျေသမားတွေ ပါပါတယ်။ မတူဘူးပေါ့။ ဈေးနှုန်းလည်း မတူဘူး။ အမျိုးမျိုးရှိတယ်။ တက္ကသိုလ် ကျောင်းသား တွေ၊ စတိတ်ကျောင်းသား တွေရယ်လို့ မဟုတ်ဘူး။ ၁၈နှစ်အောက်တွေ ၊ စတိတ် ကျောင်းသားတွေ လုံးဝပေး မ၀င်ဘူး ဆိုတာတော့ ပါတီတိုင်းမှာ လက်စွဲဆောင်ပုဒ် ရှိပါတယ်။ အရင်တုန်းက ပါတီလုပ်တုန်းက ပါမစ်မလိုဘဲ နားလည်မှုနဲ့ လုပ်တာတွေရှိတယ်။ ၁၈နှစ်အောက် လာရင် လုံးဝပေးမ၀င်ဘူး။ သေသေချာချာတော့  မှတ်ပုံတင်ထုတ် ဆိုပြီး လိုက်စစ်ဆေးလို့တော့ မရဘူး။ ပုံစံက ခပ်ငယ်ငယ်ဆိုရင် ပေးမ၀င်ဘူး။ လူငယ်တွေ မသောက်မစားဘဲ holiday မှာ အပန်းဖြေသလိုမျိုး ပျော်ပျော်ပါးပါး ကဲကြတာပါ။ Day Club တွေက Night Club တွေနဲ့ မတူဘူး။ လူငယ်တွေ လာတာများတယ်။ Night Club ကတော့ ကျောင်းပြီးတဲ့သူတွေ အလုပ်လုပ် နေတဲ့သူတွေ၊ အလွှာပေါင်းစုံလာတာ။ Day Club က လုံးဝသီးသန့် အရက်သမားလည်း မလာဘူး။ ဆေးသမားလည်း မလာဘူး။ အဲလိုမျိုး ကွာခြားတာပေါ့။ အကုန်လုံး ခုန်ပေါက်ကကြပြီး ပျော်ပါး ရန်ဖြစ်တာတွေ မရှိပါဘူး။

ကိုဇင် (ပွဲစီစဉ်သူ)

အရင်လုပ်တုန်းက ပါမစ် လျှောက်ရတယ်။ ကိုယ့်လုပ်မယ့် မြို့နယ်မှာ ပါမစ်လုပ်ရတယ်။ ဥပမာ ရန်ကင်းမှာ လုပ်မယ်ဆိုရင် ရန်ကင်းမြို့နယ်ရုံးမှာ ပါမစ်ယူရတယ်။ အနည်းဆုံး ဆွဲခြင်း တစ်ခြင်းတော့ ပေးရတယ်။ အခန်းငှားခက အနည်းဆုံး ၈သိန်း၊ ၁၀သိန်း၊ ရပ်ကွက်ရုံး၊ ရဲစခန်းအဆင့်ဆင့် သွားရတယ်။ အထက်တန်း ကျောင်းသား အရွယ်မပါဘူး။ တက္ကသိုလ် ကျောင်းသားနဲ့ တခြား လူတွေ လာတယ်။ ပန်းဖလက်ဝေတယ်။ သူငယ်ချင်းတွေက လက်မှတ်ရောင်းပေးတယ်။ ၁၈ နှစ်အောက် မသောက်ရဆိုရင် ၁၈ နှစ်အောက် တွေလာတယ်။ မူးတယ် သောင်းကျန်းတယ်။ လူအများနဲ့ဆိုတော့ တားလို့မရဘူး။ အခုနောက်ပိုင်းတော့ Day Club တွေ လုပ်လို့ မရတော့ဘူး။

ကိုမိုးစက်အောင် (တက္ကသိုလ် ကျောင်းသား)

Day Club တွေကို ကျွန်တော်တို့က သူငယ်ချင်းတွေကမှ ညထွက်လို့မရတဲ့ သူငယ်ချင်းတွေ ရှိတဲ့ အခါကျတော့ သူငယ်ချင်းတွေကို နေ့ခင်းမှာ အကုန်လုံးစုပြီး ချိန်းပြီးတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် သောင်းကျန်းလို့ရတဲ့ နေရာတစ်ခုပေါ့။ အဲလိုနေရာတစ်ခု သတ်မှတ်ပြီးသွားတာ ရှိသလို တစ်ခါတလေကျရင်တော့ ကောင်မလေးရှာချင်လို့ သွားတာရှိတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေ ခေါ်လို့ သွားတာရှိတယ်။ အဓိကကတော့ သွားက တာပေါ့။ ကဲချင်တာပေါ့။

ကိုမင်းမင်း (တက္ကသိုလ်ကျောင်းသား)

သူငယ်ချင်းတွေရှိလို့၊ သူငယ်ချင်းတွေ ခေါ်လိုတက်တာပါ။ ကောင်မလေးတွေ ရမလားဆိုပြီး တက်တာပါ။ အဓိကကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကချင်လို့ သွားတာပါ။ကျွန်တော်တို့ကတော့ မသောက် မစားဘဲ အေးအေးဆေးဆေး ကချင်လို့တက်တာပါ။ ရန်ဖြစ်တာတော့ မရှိပါဘူး။ စိတ်မွန်းကျပ်မှုတွေ ရှိတဲ့ အခါကျတော့ လူငယ်တွေ ဆိုတော့ ဒေးကလပ် သွားပြီး ကောင်းကောင်း ကဲလိုက်တာပေါ့။

ဝတ်ရည်နွေးနွေး
Myanmartandawsint Newspaper

ဆီးဂိမ်းက နေပြည်တော်အနီး ရွာများအတွက် အကျိုးမဖြစ်


ရန်ကုန် – နေပြည်တော် လမ်းမကြီးဘေး ရွာများမှ ကျောင်းသွား တက်ကြမည့် ကျောင်းသူကျောင်းသား တစု (ဓာတ်ပုံ – ဧရာဝတီ)

နေပြည်တော် စီမံကိန်းအတွက် အစိုးရက ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ သုံးစွဲနေသော်လည်း ဒေသခံများအနေဖြင့် အကျိုးကျေးဇူး တိုက်ရိုက်မရခြင်းမှာ ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ပို၍ သိသာလာကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

“ဆီးဂိမ်းကြီးမှာ ဒေသခံတွေ ပါဝင်ခွင့်မရဘူး။ အားကစားကွင်းကြီးဘေးက ရွာတွေက လူတွေတောင် ကြည့်ခွင့် မရရှာဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်ကို နေပြည်တော်တဝိုက်က ရွာခံများကလည်း သဘောတူသည်။

“ကိုယ်က အားကစားဆို သိပ်ဝါသနာ ပါတာ။ အခုဆီးဂိမ်းလည်း ကြည့်ချင်တယ်။ ဒါပေမဲ့ လက်မှတ်မရတော့ တီဗွီမှာပဲ ကြည့်လိုက်ရတယ်” ဟု ငယ်စဉ်က မန္တလေးတိုင်းတွင် ပြေးခုန်ပစ် ကြေးတံဆိပ်ဆု ရခဲ့ဖူးသူ မီးဂုံးကျေးရွာမှ ဒေါ်ထွေးရီက ပြောသည်။

“ဆီးဂိမ်းကြီးလုပ်လို့ ကျနော်တို့မှာတော့ အကျိုးကျေးဇူးခံစားရတယ်လို့တော့ မရှိဘူး။ စားဝတ်နေရေးအတွက် ပြေးလွှားနေရတဲ့ လူတန်းစားတွေအတွက်ကျတော့ အဲဒီဘက်ကို စိတ်မ၀င်စားနိုင်ဘူး။ ဘောလုံးဝါသနာပါတဲ့  ကလေးတချို့လောက်ပဲ သွားကြတယ်။ ကျနော်တို့ရွာနဲ့ ဆီးဂိမ်းကွင်းနဲ့က ကပ်နေတာတောင် သွားလာရေးကလည်း မလွယ်ဘူး။ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတောင် လက်မှတ်က ၆ စောင်ပဲရတယ်”ဟု ရွှေနံ့သာ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

“ဆီးဂိမ်းကြည့်လို့ရတဲ့ လက်မှတ်က ကုန်သွားပြီလိုလို။ ထပ်ရောင်းသလိုလို။ မှတ်ပုံတင်ပါလည်း ကိုယ်တိုင်တန်းစီမှ ရမယ်ဆိုတာမျိုးကြောင့် သွားမကြည့်ဖြစ်တော့ဘူး။ အိမ်က သားက လူတယောက် ပိုက်ဆံ ၂၅၀၀ နဲ့ မှတ်ပုံတင်နဲ့ ပါရင် ရတယ်ဆိုပြီး သွားတန်းစီတာ မိုးချုပ်မှ ပြန်လာပြီး တယောက်ပဲရလာတယ်”ဟု နေပြည်တော် ဒေသခံတဦးက ပြောသည်။

ကျပ်သန်း ဘီလျံ ပေါင်းများစွာ ကုန်ကျခံတည်ဆောက်ထားသော ဦးသိန်းစိန် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်မီး အချိန်ပြည့်နီးပါးရရှိခြင်းနှင့် အခြေခံအဆောက်အဦများစွာ တည်ရှိနေခြင်းတို့ဖြင့် ဖွံ့ဖြိုးနေသော်လည်း ယင်းဖွံ့ဖြိုးမှုကို ဒေသခံလူထုမှာ မခံစားရသေးဘဲ နေပြည်တော် စီမံကိန်းအတွက် မြေများသိမ်းယူခံရခြင်း၊ ကျေးရွာများ ဖယ်ရှားပေးခဲ့ရခြင်းတို့သာ တွေ့ကြုံခဲ့ရသည်ဟု နေပြည်တော်အနီး ရွာများသို့ ဧရာဝတီသတင်းထောက်က သွားရောက်လေ့လာရာတွင် သိလာရသည်။

“၂၀၀၇ ခုနှစ် ကနေစပြီး နေပြည်တော်စီမံကိန်းဆိုပြီးတော့ ကျနော်တို့ မြေတွေကို မြေခွန် ပြေစာရှိရင် တစ်ဧက ၃ သိန်းနှုန်း၊ ပြေစာမရှိရင် ၁ သိန်းနှုန်းနဲ့ လျော်ကြေးပေးပါတယ်။ အရင်နေခဲ့တဲ့ ကိုင်းကလေးအုပ်စု၊ ဗူးကွဲရွာကနေ အခုနေရာကို ရွှေ့ပေးလိုက်ရတယ် ” ဟု ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ရပ်ကွက်မှ ဦးအောင်မြင့်က ပြောသည်။

ညဘက်တွင် မီးများ ထိန်ထိန်လင်းလျက်ရှိသော နေပြည်တော်နှင့် ၆ မိုင်အကွာ ဥတ္တရသီရိမြို့နယ် မီးဂုံးအုပ်စု၊ မီးဂုံးရွာမှာလည်း ယနေ့အချိန်အထိ လျှပ်စစ်မီး မရရှိသေးဘဲ ကျန်းမာရေးတွင်လည်း အစိုးရ ဆေးရုံဆေးခန်းထက် ပြင်ပဆေးခန်းများကိုသာ အားထားနေရကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်တို့ ဒေသက မြို့ဆင်ခြေဖုန်းလည်း မဟုတ်ဘူး။ နေပြည်တော် တောဖြစ်နေတယ်။ လျှပ်စစ်မီးလည်း မရဘူး။ ဒီမှာရှိတဲ့ ဆေးခန်းက ဆေးဝါးမစုံသေးဘူး။ ကျနော်တို့ဆီကို စာရေးဆရာတွေ လာတယ်။ ဆရာမ ခင်ခင်ထူးနဲ့ နေ၀င်းမြင့်တို့လေ။ သူတို့က မီးတအားလင်းမှာပဲ ဆိုပြီးရောက်လာတာ။ ဒီမှာ မီးချောင်းလေးတစ်ချောင်းနဲ့ ဟောသွားရတယ် ” ဟု မီးဂုံးအုပ်စု၊ မီးဂုံးရွာမှ ဦးကျော်ဆွေက ပြောသည်။

နေပြည်တော် အပန်းဖြေဥယျဉ် စီမံကိန်းတည်ဆောက်မည်ဆိုသောကြောင့် ၂၀၀၇ ခုနှစ်တွင် ဗူးကွဲကျေးရွာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ယခု ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေရာသို့ ပြောင်းရွှေ့လာခဲ့ရကြောင်း၊ ရွာပြောင်းရွေ့ခံရမှုနှင့် လယ်ယာမြေများအတွက် လျော်ကြေးရခဲ့သော်လည်း စီးပွားရေးမလုပ်ကိုင်တတ်သောကြောင့် ဒုက္ခရောက်သွားကြသူများရှိကြောင်း သိရသည်။

“ရွာရွှေ့ပေးလိုက်ရတော့ စီးပွားရေး ကျသွားတယ်။ ကျနော်တို့ တောသူတောင်သားဆိုတာက လယ်ပဲ စိုက်စားတတ်တာ။ အပြင်စီးပွားရေးက မလုပ်တတ်ဘူး။ အဲဒီမှာ အိမ်ပေါင်ဘာပေါင်နဲ့ ဒုက္ခရောက်ကြသူတွေ ရှိတယ်။ ကုန်သည်ပွဲစားတွေကတော့ အဆင်ပြေတယ်။ လျော်ကြေးမရတဲ့သူတွေကတော့ သူများအိမ်ဝိုင်းမှာ သွားစုပေါင်းနေတာမျိုးတွေလည်း ရှိတယ် ”ဟု ဒေသခံတဦးက ပြောသည်။

ရွှေနံသာရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်စိန်ကလည်း “ လျှပ်စစ်မီးကတော့ ရတယ်။ ဒါပေမဲ့ မီတာထိန်းသိမ်းခ ကောက်တာရယ်။ မီတာခတွေ အရမ်းကျနေတာတွေ သွားတောင်းဆိုထားတယ်။ ပြန်စိစစ်ပေးမယ်လို့ ပြောတယ်။ ၀ဏ္ဏသိဒ္ဓိအ၀ိုင်းရဲ့ ဒီဘက်မှာ ၁၈၇၇(က)ကွင်းဆိုတာရှိတယ်။ ကျနော်တို့လယ်သမားတွေ ဧက ၁၈၀ လောက်အတွက် မြေယာမှတ်ပုံတင်ခွင့် ရထားတယ်။ အဲဒါလည်း လယ်/ဆည် ၀န်ကြီး ဒီဒေသကို ရောက်လာတော့ လယ်သမားတွေ တောင်းဆိုလို့ ရတာ။ ဒါတောင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မပေးချင်တဲ့ သဘောတွေ ရှိသေးတယ် ”ဟု ဆိုသေးသည်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူကလည်း “နေပြည်တော်ကြီးလို မီးပေးဖို့ ရန်ကုန်ကလူတွေ ဆန္ဒပြနေတဲ့ ဒီနေရာမှာ နေပြည်တော်တ၀ိုက်ကလွဲရင် ကျန်တဲ့ နေရာ ၉၀ ရာခိုင်နှုန်းက မီးမလင်းပါဘူး။ ကျနော့်မဲဆန္ဒနယ်က ရပ်ကွက်နှစ်ခု ၊ ကျေးရွာပေါင်း ၄၉ ရွာမှာ ရပ်ကွက်နှစ်ခုပဲ မီးလင်းပါတယ်။ ဒါပေမဲ့ အဲဒီရွာတွေမှာ မဟာဓါတ်အားလိုင်းကြီးတွေက ရှေ့နောက်ဖြတ်သွားနေတာပါ”ဟု ဦးမင်းသူက ဆိုသည်။

ပျဉ်းမနား တောင်ညိုဒေသခံ ဦးစိုးတင့်ကလည်း “ တောင်ညိုဒေသမှာ မီးတော့ မရှိသေးဘူး။ မီးကတော့ နေပြည်တော်ကြီးက ထိန်။ ရွာတွေက မှိန်ပေါ့ဗျာ။ သေချာတာကတော့ နေပြည်တော်နေရာပဲကွက်ပြီး ဖွံ့ဖြိုးနေတာ။ ရွာတွေမှာက ဒုံရင်းက ဒုံရင်းပဲ။ တခု ရှိတာက နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းအတွက် အုတ်လုပ်ငန်းတို့ ၊ ကျောက်လုပ်ငန်း ၊ သဲလုပ်ငန်းတို့လို လုပ်ငန်းလေးတွေ လုပ်လို့ရလာတယ်”ဟု ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကြောင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး ၂၀၀၄ – ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ – ၂၀၁၀ နှိုင်းယှဉ်ချက်အရ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုမှာ ၃၆ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်းသည် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်ကိုင်ရရှိလာမူများနှင့် တိုက်ရိုက် ဆက်စပ်လျှက် ရှိသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ ဆင်းရဲမွဲတေမှု စစ်တမ်းတွင် ဖော်ပြထားသည်။

နေပြည်တော် ပျဉ်းမနား ဒေသတွင် အလုပ်သမားတဦး တရက်ဝင်ငွေမှာ အမျိုးသား ၃၀၀၀ ကျပ်နှင့် အမျိုးသမီး ၂၀၀၀ ကျပ်ခန့်ရှိပြီး အများစုမှာ အုတ်လုပ်ငန်း၊ မြေတူး နှင့် ကျပန်းအလုပ်များ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရသည်။

“ နေပြည်တော်ကြီး တည်နေသရွှေ့ကတော့ အုတ်ကတော့ အမြဲတန်းလိုနေမှာပဲ။ အခုကျနော်တို့ဒေသမှာ ရှိတဲ့ အုတ်လုပ်ငန်းတွေ အကုန်လုံးက နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွေဆီကို သွားနေတာပဲလေ။ ဒီဒေသမှာတော့ ဒီအလုပ်ပဲလုပ်ရမှာပဲ”ဟု ဒေသခံတဦးက ဆိုသည်။

“၂၀၁၂ ခုနှစ် မတ်လတုန်းက ကျနော့်အုတ်ကားနဲ့ နေပြည်တော်က ဗုဒ္ဓဂါယာ ဘုရားတည်တော့ အုတ်သွားပို့တာ။ သစ်တွေပါလာတယ်ဆိုပြီး စည်/ပင်တွေ ၀ိုင်းလာတယ်။ မပါကြောင်း သက်သေပြတော့ စည်/ပင်က အုတ်ကို မိုးကာ မလုံလို့ဆိုပြီး ၂ သိန်း ဒဏ်ရိုက်တယ်။ နောက်တခါ နေပြည်တော် ကွန်ကရက်လမ်းပေါ်မှာ ကားဘီးပေါက်နေတုန်း စည်/ပင်တွေ ရောက်လာပြီး လမ်းမပေါ်မှာ အုတ်ကားမောင်းလို့ဆိုပြီး  ၅ သိန်း ဒဏ်ရိုက်တယ်။ ၅ ရက်တည်းနဲ့ နှစ်ခါ ဒဏ်ရိုက်ခံရတော့ ၇ သိန်း ပြောင်သွားတယ်။ နောက်တခါဆိုရင် ကားသိမ်းမယ်လို့ ပြောတယ်”ဟု နေပြည်တော်တွင် အုတ်လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဆွေက ဆိုသည်။

ဦးကျော်ဆွေကဆက်ပြီး “၂၀၁၂ နောက်ပိုင်း နေပြည်တော်မှာ အတိုက်အခံပါတီတွေ ပေါ်လာတော့ ကျနော့်ကား ဒဏ်ရိုက်မခံရတော့ဘူး။ သူတို့ လမ်းမှန်ပဲလျှောက်လို့ ရတော့မယ်ဆိုတာ သိသွားပုံရတယ်”ဟု ဆိုသည်။

နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၇၈ ဘီလီယံအထိ သုံးရန်  စီစဉ်ထားသောကြောင့် အသုံးစရိတ် တောင်းခံသည့် နေပြည်တော်ကောင်စီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင်းက လွှတ်တော်တွင် ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့သည်။

ဧရာဝတီ

Sunday, December 8, 2013

သွတ်သွင်းခံရသူများ (၁) -


ညနေခင်းတစ်ခုရဲ့ မီးပွိုင့်တစ်ခုနားက ဖြတ်သွားတဲ့အချိန် . . မီးပွိုင့်မှာ လူတစ်အုပ်ကိုတွေ့လိုက်တယ်။ အုပ်စုလိုက် တောင်းနေကြတဲ့ သူဖုန်းစားအုပ်စု တစ်စုပေါ့။ သန်သန်မာမာ အမျိုးသမီးကြီး (၃) ယောက်လောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုပါတော့။ ကလေးတွေကလည်း ၂ နှစ် ၊၃ နှစ်အရွယ်က အစ ၁၂၊ ၁၃ နှစ်အရွယ်တွေတောင် ပါတယ်။

ကလေးတွေကို မြင်တော့ သူတို့ဘဝလေးတွေကို သနားမိတယ်။ တကယ်တော့ သူတို့တွေဟာ တောင်းစားခြင်းဆိုတဲ့ အကျင့်ဆိုးကြီးကို အတင်းအဓမ္မ ရိုက်သွင်းခြင်းခံလိုက်ရတာ။ အမှန်ဆို တစ်ခြားကလေးတွေလို ကျောင်းတက်၊ စာကျက်နေရမယ့် အရွယ်လေးတွေ။ သူတို့လေးတွေ ကြီးပြင်းလာရင် ဘာလုပ်ကိုင်စားသောက်ကြမယ်ထင်လဲ။ ကျွန်တော်ကတော့ ငယ်ငယ်ထဲက တောင်းရမ်းခြင်း အကျင့် သွတ်သွင်းခံရတဲ့ ကလေးတွေဟာ သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကြောင့် အလုပ်လုပ်ရမယ်ဆိုတဲ့ အသိရှိလာမှာ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ မကောင်းတဲ့ အကျင့်တွေက အကျင့်ကောင်းလေးတွေကို ဝါးမြိုလိုက်မယ်။ ပြီးတော့ နေ့စဉ်လုပ်နေရတဲ့ အလုပ်အပေါ် လူ့သဘာဝအလျောက် ခင်တွယ်ပြီး ဒီလို မပင်မပန်းနဲ့ ပိုက်ဆံရတဲ့ အလုပ်အပေါ်ပဲ စွဲမြဲသွားလိမ့်မယ်လို့ မြင်တယ်။ ကြီးလာရင်လည်း ဒီလိုပဲ တောင်းပြီးပဲ နေထိုင်ကြအုန်းမယ်လို့ပဲမြင်တယ်။

 ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က နေခဲ့ဖူးတဲ့ ရပ်ကွက်ထဲမှာ သူတောင်းစား အမျိုးသမီး (၂)ယောက်ကို သိခဲ့ဖူးတယ်။ တစ်ယောက်က အသက်(၃၀) ဝန်းကျင်လောက်ပဲ ရှိအုန်းမယ်။ သူက သန်သန်မာမာပဲ။ သူတောင်းစားဆိုပြီး အထင်မသေးလိုက်နဲ့။ သူ့ရဲ့ တစ်နေ့တာ ဝင်ငွေက အောက်ထစ် (၅၀၀၀)ကနေ တစ်သောင်းကြားရှိတယ်။ လွန်ခဲတဲ့ (၆) နှစ်လောက်က ဝင်ငွေနော်။ ဘာလို့ သူ့ဝင်ငွေကို ကျွန်တော်သိသလဲဆိုတော့ သူက ညဖက်ဆို ကျွန်တော်တို့ ဆိုင်မှာ တစ်နေ့တာ တောင်းလို့ ရသမျှ အကြွေတွေလာလာ လဲနေကြလေ။

ဒီလို သန်သန်မာမာကြီးနဲ့ ဘယ်လိုတောင်းသလဲ။ လူတွေက ဘာလို့ပေးလဲဆိုတာကို ကျွန်တော် စဉ်းစားလို့ကို မရဘူး။ မေးဖို့ကလဲ စိတ်ထဲ မသန့်တာနဲ့ မမေးဖြစ်တော့ဘူး။ ဒါပေမယ့် သိတော့ အရမ်းသိချင်နေခဲ့တာ။ ဒီလိုနဲ့ တစ်ရက် ညဖက်မှာ မြို့ထဲက သူငယ်ချင်းတွေနဲ့ မြို့ထဲတစ်နေရာမှာ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ အဲဒီအချိန်မှာ လက်ဖက်ရည်ဝိုင်းတွေကို ပိုက်ဆံလိုက်တောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။ သနားပါတယ်။ သူ့ခမျာ အောက်ပိုင်းသေနေလေတော့ ဖိနပ်ကို လက်နှစ်ဖက်မှာစွပ်၊ လက်နှစ်ဖက်ကိုအားပြုပြီး တရွတ်တိုက်ဆွဲပြီး လိုက်တောင်းရတယ်။ ဝိုင်းတိုင်းကလည်း ပေးကြတယ်။ လက်ဖက်ရည်ဆိုင်က ပလက်ဖောင်းပေါ်မှာဆိုတော့ အမှောင်ရိပ်နည်းနည်းကျတယ်။ နည်းနည်းလည်း လှမ်းတော့ လိုက်တောင်းနေတဲ့ အမျိုးသမီးရဲ့ မျက်နှာကို ကောင်းကောင်း မမြင်ရဘူး။ ကျွန်တော့်တို့ ဝိုင်းကိုလည်း ရောက်ရော ကျွန်တော့် သူငယ်ချင်းက ပိုက်ဆံပေးဖို့ အိပ်ကပ်ထဲနှိုက်နေချိန်မှ ကျွန်တော် သူ့ရဲ့ မျက်နှာကို ဘေးတိုက် မြင်လိုက်တာ။

ဟိုက်ရှားဘား . . ဆိုင်မှာ အကြွေလာလာ လဲပေးနေတဲ့ ကျေးဇူးရှင်ပဲကိုး။ သူကတော့ ကျွန်တော့်ကို မမြင်ဘူး။ ဘယ်မြင်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း အိပ်ကပ်ထဲက ခုန်ထွက်လာမယ့် ခြင်္သေ့က ဘာခြင်္သေ့ဖြစ်မလဲဆိုတာကိုပဲ စိတ်ဝင်စားနေတာ။ အဲဒါမှ ကျွန်တော် သဘောပေါက်တော့တယ်။ သြော် .. သူတို့တွေက မရှိလို့ တောင်းစားတာမှ မဟုတ်ပဲ။ အလွယ်တကူ ပိုက်ဆံရနိုင်တဲ့ အဲဒီအကျင့်ဆိုးကြီးကို လွင့်မပစ်နိုင်လောက်အောင်ကို သူတို့ကိုယ်တိုင် မက်မောသွားပြီလေ။ အဲဒီလိုနဲ့ သူတို့ကို သနားစရာကောင်းတဲ့ သူတွေလို့ မမြင်တော့ပဲ လူလိမ်တွေလို့ မြင်မိသွားတယ်။ အဲဒီအချိန်ကတည်းက ကလေးတွေနဲ့ လူလတ်ပိုင်းသန်သန်မာမာတွေတောင်းရင် မပေးဖြစ်တော့ဘူး။

ဘာလို့လဲ ဆိုတော့ မကောင်းတဲ့ အကျင့်ကြီး သွတ်သွင်းခံရတဲ့ သူတို့တွေကို အဲဒီအကျင့် အပေါ် တက်မက်စိတ်ဖြစ်လာအောင် ကျွန်တော် ထပ်ပြီး မရိုက်သွင်းပေးချင်တော့လို့ပဲ။ အသက်ကြီးပိုင်းတွေနဲ့ တကယ့်ကို ဒုက္ခိတလို့ ထင်ရတဲ့သူတွေကိုပဲ ပေးတော့တယ်။ သူတို့တွေကပါ အဲဒီမကောင်းတဲ့ အကျင့်ကြီးကို တက်မက်နေကြတဲ့ လူတွေ၊ တကယ်ဒုက္ခိတမဟုတ်ပဲ လူလိမ်တွေဖြစ်နေမယ်ဆိုရင်ကောလို့ ဆိုလာရင်တော့ . . . သူတို့က အကျင့်ဆိုးကို မက်မောနေရင်တောင် ဘာမှ မလုပ်စားနိုင်တော့တဲ့ သူတွေလို့ထင်လို့ ပေးသင့်တယ်လို့တော့ ကျွန်တော်မြင်တယ်လေ။ လူလိမ်တွေဆိုရင်တော့ သူတို့စိတ်တွေ ဘယ်လောက်ညစ်ပတ်ညစ်ပတ် ကျွန်တော်မိုးတိမ်ရဲ့ စေတနာကတော့ သန့်ပါတယ်လို့ပဲ . . . ။

 (မိုးတိမ်ကဗျာ)

Saturday, December 7, 2013

ဘာလဲဟဲ့ စွမ်းအားရှင်


မိုးဇေညိမ်း

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေမှာ နအဖခေတ်က နာမည်ကြီးဗီလိန်တွေ ဖြစ်တဲ့ စွမ်းအားရှင်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ စွမ်းအားရှင်တွေကို ပြည်သူတွေ မုန်းတီးရွံရှာ ကြပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်ဆိုတာ၊ ဘယ်သူတွေလဲ၊ ဘယ်လိုဖွဲ့စည်းလုပ်ကိုင်သလဲ ဆိုတာကိုတော့၊ စစ်အစိုးရ လက်အောက်က တခြားသော လူထုဖိနှိပ်ရေးလျှို့ဝှက်ယန္တရားတွေလို၊ အဖြစ်ပျက်တွေလိုပဲ အဆန်းတကျယ် ကိစ္စတခုလိုဖြစ်နေပြီး တိတိကျကျ ပေးနိုင်ကြတာ မတွေ့ရပါဘူး။ တချို့ကျတော့လည်း နီးစပ်ရာအလိုက် ဘယ်သူကတော့ စွမ်းအားရှင်ဆိုတဲ့ထဲမှာ ပါတယ်လို့ သိကြတာတွေတော့ ရှိပါတယ်။ ဒါ့ကြောင့်မို့ အာဏာရှင်တွေရဲ့ နောက်ဆုံးပေါ် အသုံးအကျဆုံး လူထုဖိနှိပ်မှုအဖွဲ့အစည်းတစ်ခုအကြောင်းကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ဘက်တော်သားတွေ ရေရေရာရာ သိရှိထားဖို့ လိုအပ်ပါတယ်။ စွမ်းအားရှင်တွေကို ရဲ၊ စစ်တပ်၊ အခြားလုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်တာဝန်ထမ်းဆောင်ဖို့ ဘယ်လို စီမံခဲ့တယ်ဆိုတာ မူရင်းစီမံချက် အထောက်အထားတွေ၊ ဓာတ်ပုံတွေ၊ နှစ်ရှည်လများ စွန့်စားစုဆောင်းခဲ့တဲ့ အချက်လက်တွေနဲ့ အဖြစ်နိုင်ဆုံး ပြည့်စုံ အောင် တင်ပြလိုက်ပါတယ်။


စွမ်းအားရှင်တို့ ဘယ်လိုပေါ်လာလဲ

၂၀၀၇ ခုနှစ်၊ သံဃာ့အရေးအခင်းကာလနောက်ပိုင်းမှာ ပြည်သူတွေအကြားမှာ မသတီစရာ အကြောင်းအရာ တစ်ခု ပြန့်နှံ့လာခဲ့ပါတယ်။ အဲ့ဒါကတော့ “စွမ်းအားရှင်” ဆိုတဲ့ စကားလုံးပါပဲ။ သံဃာ့အရေးအခင်းကာလမှာ သံဃာတော်နဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့ကြတဲ့ စစ်တပ်တွေ၊ ရဲတွေနဲ့ တစ်တန်းတည်းထားပြီး စွမ်းအားရှင် ဆိုတဲ့လူတွေကိုလည်း မုန်းတီးခဲ့ကြပါတယ်။ စွမ်းအားရှင်ဆိုတဲ့သူတွေဟာ ပြည်သူထဲက ပြည်သူတွေပါပဲ။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားထဲက ခွေးသွားစိတ်လေး တစ်ခုမို့ “အသားထဲက လောက်ထွက်တဲ့ သူတွေ” လို့ ပြည်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။ တကယ်ကတော့ နိုင်ငံတကာရဲ့ အာဏာရှင် တွေသမိုင်းမှာ အိုင်ဒီယာအသစ် တခုတော့မဟုတ်လှပါဖူး။ ဟစ်တလာရဲ့ ရှပ်ညိုတပ်တွေလို အာဏာရှင်တွေရဲ့ ဒေါက်တိုင် လက်ကိုင်အဖွဲ့ စည်းတခု အဖြစ်နဲ့ စွမ်းအားရှင်တွေကို စုဖွဲ့ ထားခဲ့တာပါ။ လက်တွေ့ မှာစွမ်းအားရှင်တွေကို စပြီးအောင်မြင်စွာအသုံးပြုနိုင်ခဲ့တာ ကတော့ နာမည်ကျော်ဒီပဲရင်းအရေးခင်းမှာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့က ဒီပဲယင်းမြို့၊ ရွာသစ်ရွာ အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ရာမှာ အစိုးရနဲ့ကြံ့ဖွံ့ တို့ရဲ့ လက်ကိုင်တုတ်လူမိုက်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာတော့ NLD ကို မလိုလားသော လူစုလူဝေးလို့သာ သုံးနှုန်းခဲ့ပါတယ်။ အတိုက်အခံတွေကို နှိပ်ကွပ်တဲ့အခါ နအဖအတွက် ဒီလို လူမိုက်တွေဟာ အင်မတန် အသုံးတည့်ကြောင်း ဒီပဲယင်းအကြမ်းဖက်မှုမှာ သိရှိသွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီပဲယင်း အရေးအခင်းဟာ စွမ်းအားရှင်တွေရဲ့ ပွဲဦးထွက်ပါပဲ။


စွမ်းအားရှင်များအား ရွှေဝါရောင် တော်လှန်ရေး မတိုင်မီကတည်းပင် ဤသို့ လေ့ကျင့်ပေးထားခဲ့သည်



ဒီ့နောက်ပိုင်းမှာတော့ အစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့အတွက် စွမ်းအားရှင်တွေကို စုဖွဲ့ စည်းရုံး ခဲ့ပါတယ်။ စွမ်းအားရှင်တွေကို စည်းရုံးတဲ့နေရာမှာ အဓိကသတ်မှတ်ထားတဲ့ အရည်အချင်းကတော့ လက်ရဲဇက်ရဲ၊ လုပ်ရဲကိုင်ရဲ ရှိဖို့နဲ့ အစိုးရဒေါက်တိုင်တွေဖြစ်တဲ့ ရဲ၊ ကြံ့ဖွံ့တို့က ခိုင်းတာကို တသဝေမတိမ်း နာခံတတ်တဲ့သူတွေဖြစ်ဖို့ပဲ အဓိကထား ရွေးချယ်ခဲ့ပါတယ်။ စွမ်းအားရှင်တွေရဲ့ အောက်ခြေအဆင့်တွေကတော့ ရဲ၊ရ၀တ စတဲ့ဒေသအုပ်ချုပ်ရေး တွေကို ဥပဒေအရမကင်းနိုင်တဲ့ ငြိစွန်းတဲ့ကိစ္စတွေမှာပက်သက်နေလို့ မလွန်ဆန်နိုင်တဲ့၊ ချဲ၊ နှစ်လုံးထီ၊ လောင်းကစား လုပ်ငန်းတွေ၊ အသေးစားဒုစရိုက်မှုလေးတွေနဲ့ ပတ်သတ်နေတာမို့ ရဲတွေခိုင်းသမျှ လုပ်နေရသူတွေ၊ ရပ်ကွက် လူမိုက်တွေနဲ့ နိုင်ငံရေးအကြောင်း နားမလည်တဲ့ အလုပ်အကိုင်မဲ့၊ အခြေအနေမဲ့လူတွေ စသဖြင့် ပါဝင်ခဲ့ပါတယ်။ ဒီလူတွေကို ကွပ်ကဲတဲ့ အထက်အဆင့်နေရာတွေမှာတော့ နအဖအစိုးရနဲ့မကင်းရာ မကင်းကြောင်း လုပ်ငန်းရှင်တွေ၊ ချဲဒိုင်၊ နှစ်လုံးဒိုင်တွေ၊ ကြံဖွံ့ပါတီကလူတွေ၊ မီးသတ်နဲ့ ရယကတို့ ပါဝင်ပါတယ်။




စွမ်းအားရှင်ဆိုတာ ဘာလဲ

စွမ်းအားရှင် ဆိုတဲ့ စကားလုံးကို အစိုးရက တရားဝင်ဖော်ထုတ် စတင် အသုံးပြုခဲ့တာကတော့ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နအဖသတင်းစာရှင်းလင်းပွဲ (၇/၂၀၀၆) မှာ ဖြစ်ပါတယ်။ အဲဒီ့ သတင်း စာ ရှင်းလင်းပွဲမှာ စွမ်းအားရှင်ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်ပြီး “မီးသတ်၊ ကြက်ခြေနီ၊ ရယကစသဖြင့် အဲဒီ ပုဂ္ဂိုလ်တွေဟာ လစာရိက္ခာ တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ သီးခြားစေတနာအလျှောက် ကူညီပေးတဲ့ စွမ်းအားများဖြစ်တဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်များကို စွမ်းအားရှင်လို့ နိုင်ငံတော်က စာလုံးရွေးချယ် သတ်မှတ်ပြီးတော့ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်” (၃-၁၁-၂၀၀၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၃) လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောခဲ့ပါတယ်။

တကယ်တော့ ဗိုလ်မှူးချုပ်ခင်ရီဟာ စွမ်းအားရှင်ဆိုတာ ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းကို လိမ်ညာ ပြောဆိုပြီး တည့်တည့်မပြောပဲ၊ တဖက်လှည့်နဲ့ စွမ်းအားရှင်အဖွဲ့ စည်းကို တရားဝင် အောင် ၊အမိန့် ကြေညာစာမထုတ်ပဲ ဥပဒေ ဘောင် စသွင်းသွားခဲ့တာသာ ဖြစ်ပါတယ်။ နအဖရဲ့ ခိုင်းဖတ် လက်ကိုင်တုတ်လူမိုက်တွေ အဖြစ်ကို မရေမရာအဖြေနဲ့ ဖုံးကွယ်သွားခဲ့တာပါ။ အဲဒီ့လက်ကိုင်တုတ်တွေဟာ ရယက တွေ၊ မီးသတ်တွေ မဟုတ်ကြပါဘူး။ စွမ်းအားရှင်တွေဟာ ရယက၊ အရန်မီးသတ်တို့ထက် ကြံ့ဖွံ့အဖွဲ့ကလူတွေနဲ့ ပိုပြီး နီးစပ်၊ ရောယှက်မှုရှိပါတယ်။ ရဲတပ်ဖွဲ့က ရေးဆွဲခဲ့တဲ့ လုံခြုံရေးစီမံချက်တွေကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ “မိတ်ဖက်အဖွဲ့အစည်းများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) မြို့နယ်/ရပ်ကွက် အေးချမ်းဖြိုးကောင်စီဝင်များ (၂) မီးသတ်များ (၃) အရန်ရဲများ (၄) စွမ်းအားရှင်များ (၅) ကြက်ခြေနီများ (၆) ပြည်ခိုင်ဖြိုး ပါတီဝင် များ ဆိုပြီး သီးသန့်အင်အားအနေနဲ့ ထည့်သွင်း ဖော်ပြတာကို တွေ့နိုင်ပါတယ်။ နအဖအစိုးရဟာ တကယ်တော့ စွမ်းအားရှင် တွေကို စနစ်တကျ စုဖွဲ့ပြီး ဆန္ဒပြမူတွေကိုဖြိုခွဲဖို့နဲ့၊ လူထုကို ကြောက်လန့်အောင်၊ မလှန်ရဲအောင် ဖိနှိပ်ရေး အင်အားစုတစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ အကြံစည်ရှိရှိ ကျကျနန စီစဉ်ခဲ့တာပါ။

အရှင်းဆုံးနဲ့ အတိုချုပ်ပြောရရင်တော့ စွမ်းအားရှင်ဆိုတာဟာ ပြည်သူထဲကပဲဖြစ်ပေမဲ့၊အရပ်သားတွေ ဖြစ်ပေ မဲ့ အာဏာရှင်တွေရဲ့ လိုအပ်ချက်အတိုင်း ပြည်သူတွေပေါ်ဖိနှိပ်ဖို့ အတွက် စနစ်တကျဖွဲ့ထားတဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်းဖြစ်လို့ အာဏာရှင်ရဲ့လက်မရွံ့တပ်လို့ ခေါ်နိုင်ပါတယ်။


စွမ်းအားရှင်တို့ ဘယ်လိုစွမ်းလဲ

၂၀၀၃ ခုနှစ်၊ ဒီပဲယင်းအရေးအခင်းနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလတွေမှာ လက်ရဲဇက်ရဲလုပ်နိုင်တဲ့ စွမ်းအားရှင်တွေရဲ့အစွမ်းကို နအဖအစိုးရက အတော်ကြီး သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။ ဒါကြောင့်မို့ စွမ်းအားရှင် တွေကို စနစ်တကျစုဖွဲ့ စည်းရုံးမှုတွေ လုပ်ဖို့ မြို့ နယ်၊ ရပ်ကွက်အဆင့်အုပ်ချုပ်ရေးတွေကို အထက်ကညွန်ကြားချက်တွေ အကြိမ်ကြိမ် ထုတ်ပြီး လက်မရွံ့ စွမ်းအားရှင်တပ်တွေပေါ်ပေါက်လာဖို့  အတော်ကိုအာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။ NLD ပါတီနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေကို စွမ်းအားရှင်တွေအင်အားနဲ့ ၀င်ရောက် ဖျက်ဆီးဖြိုခွင်းဖို့ အဓိက ရည်ရွယ်ချက်ထားခဲ့တာပါ။ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီကာလ ဆန္ဒပြပွဲတွေမှာလည်း စွမ်းအားရှင်တွေကို အသုံးချပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ ပါတယ်။ အထူးသဖြင့် စွမ်းအားရှင်တွေကို မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ သီးခြား အဆင်သင့် အင်အားအဖြစ်ရှိဖို့ကို အထူးအာရုံစိုက်လာခဲ့တာက ရွှေဝါရောင်မတိုင်ခင် ကိုထင်ကျော်နဲ့အဖွဲ့ ရန်ကုန်မြို့လည်ခေါင်မှာလုပ်ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ပထမဆုံးဆန္ဒပြပွဲကြောင့်ပါ။ အဲဒီ့ ဆန္ဒပြပွဲဟာ မမျှော်လင့်ပဲ အချိန်တိုအတွင်း၊ တော်တော်ကြီးသွားပြန့်သွားတာကို၊ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေဖက်က အချိန်မှီ တုန့်ပြန်ဖမ်းဆီးတာလုပ်ဖို့ အဆင်သင့်မဖြစ်ခဲ့ပဲ အငိုက်မိ သွားခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အဲဒီ့အဖြစ်ပျက်အပြီးမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲနဲ့လုံခြုံရေးအဖွဲ့တွေ၊ တာဝန်ရှိတဲ့အရာရှိတွေ တော်တော်များများ ခုံရုံးဖွဲ့ အစစ်ခံရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ အာဏာပိုင်တွေအတွက်တော့ တော်တော်ကို သင်ခန်းစာရသွားခဲ့တဲ့ ဖြစ်စဉ်ပါ။





စွမ်းအားရှင်တွေကို အသုံးချပြီး ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် အချို့ကို ပြောရမယ်ဆိုရင်တော့ -

(၁) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့မှာ ဆူးလေးဘုရားအနီး ဧမာနွေလဘုရားကျောင်းရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ NLD မှ ဒေါ်စန်းစန်းမြင့် နဲ့ အပေါင်းအပါ (၁၇) ဦးကို စွမ်းအားရှင်တွေကို အသုံးပြုပြီး ဖမ်းဆီးခဲ့ပါတယ်။

(၂) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ နော်အုန်းလှနဲ့ အဖွဲ့ကို အင်စိန်လမ်းမကြီးပေါ်က ပါရမီလမ်းဆုံမှာ ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။

(၃) ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က သိမ်ကြီးဈေးအနီး၊ ပန်းဘဲတန်း သိမ်တော်ကြီးရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြနေတဲ့ ကိုထင်ကျော်ကို အရပ်ဝတ်ဝန်ထမ်းတွေနဲ့ စွမ်းအားရှင်တွေက ၀ိုင်းဝန်းဖမ်းဆီးပါတယ်။ လူစည်ကားရာနေရာဖြစ်တာမို့ ရပ်ကြည့်နေသူတွေ၊ ကန့်ကွက်သူတွေနဲ့ ကိုထင်ကျော်ကို ဖမ်းဆီးတဲ့သူတွေအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

(၄) ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့က လှည်းတန်းဈေးရှေ့မှာ ဆန္ဒပြနေတဲ့ မစုစုနွေးနဲ့ NLD လူငယ်တွေကို စွမ်းအားရှင်တွေ၊ အရပ်ဝတ်ရဲတွေက အတင်းလုံးထွေးတွန်းထိုးဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေကို နိုင်ငံတကာသတင်းဌာနတွေက တောင်ထုတ်လွှင့်ဖော်ပြခံခဲ့ရပြီး လူသိများတဲ့အဖြစ်ပျက် တစ်ခုဖြစ်ခဲ့ပါတယ်။


NLD ပါတီမှ ထက်ထက်ဦးဝေ ဦးဆောင်သည့် ဆန္ဒပြအဖွဲ့အား စွမ်းအားရှင်များမှ ဖမ်းဆီးနေစဉ်



၂၀၀၇ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာနဲ့အမျှ စွမ်းအားရှင်တွေကိုလည်း လိုအပ်တဲ့အချိန်မှာ အသင့်အသုံးချနိုင်အောင် အရေးပေါ်အနေထားနဲ့ တပ်လှန့်စုဖွဲ့ထားသလို ဆန္ဒပြလူစုလူဝေးကို ဖမ်းဆီးနည်းတွေ၊ အကြမ်းဖက်တိုက်ခိုက်နည်းတွေ သင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။ စွမ်းအားရှင်တွေအတွက် နေ့တွက်ခနဲ့ စားသောက်စရိတ်တွေ စီစဉ်ပေးခဲ့ပါတယ်။ (အစပိုင်းမှာကတော့ ဒေသအာဏာပိုင်တွေမှာ စွမ်းအားရှင် တွေစုဖွဲ့ဖို့ အမိန့်သာရခဲ့၊ အကောင်ထည်ဖေါ်ခဲ့ရပြီး သီးခြားဘတ်ဂျက် သတ်မှတ်ချက်မရှိလို့၊ ရပ်ကွက်ချဲဒိုင်၊ဘောလုံးဒိုင်နဲ့ နှစ်လုံးထီသမားတွေ၊ မာဆတ်တွေက စွမ်းအားရှင်တွေစားရိတ်ကိုစုခံခဲ့ရတာပါ။)

အဲသလို စုဖွဲ့လေ့ကျင့်ပေးထားတဲ့ စွမ်းအားရှင်တွေကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းမှာ ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ စွမ်းအားရှင်တချို့ကို အေးချမ်းစွာဆန္ဒပြနေကြတဲ့လူအုပ်ထဲ ရောသွင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေအပေါ် ဆဲဆိုတာတွေ၊ ခဲနဲ့ပေါက်တာတွေ၊ရန်စတာ တွေကို အလံရှုး အနေနဲ့ လုပ်ခိုင်းခဲ့ ပါတယ်။ ဒါမှသာ ဆန္ဒပြနေတဲ့လူစုလူဝေးတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်လာလို့ ပြန်လည်နှိမ်နှင်းရပါတယ်လို့ နအဖအနေနဲ့ အကြောင်းပြချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအစီစဉ်တွေဟာ စွမ်းအားရှင်တွေခေတ်မှပေါ်လာတဲ့ အကြံဥာဏ်သစ် မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးအခင်းမှာထဲက သွားလေသူ ထောက်လှမ်း ရေးတပ်တွေ လုပ်နေကြ တန်ပြန်လုပ်ငန်းတွေပါ။ စရဖကလဲ နောင်တော် ထောက်လှမ်းရေး တွေဆီက သည်အမွေကိုတော့ တသွေမတိမ်းဆက်ခံပါတယ်။ စွမ်းအားရှင်လို လက်မရွံ့တပ်ကို ခိုင်းချင်ရာခိုင်းနိုင်လို့ ပိုစွမ်းတယ်တောင်ဆိုလို့ ရနိုင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ စွမ်းအားရှင်အများစုကို ၀ါးရင်းတုတ်တွေ၊ လေးခွတွေ၊ လက်ကိုင်ဒုတ်တွေ တပ်ဆင်ပေးပြီး စစ်တပ်၊ လုံထိန်းတို့နဲ့ တွဲဖက်တာဝန်ပေးခဲ့ပါတယ်။သူတို့ရဲ့ ရည်မှန်းချက်က အတိုင်းတာတခုထိ အောင်မြင်တယ်လဲပြောရပါမယ်။ အောက်မှာရှိတဲ့ အာဏာပိုင်တွေရဲ့ လုံခြုံရေးစီမံချက်ကို ကြည့်ရင်တော့ ဆန္ဒပြမူတခုကို ဖြိုခွဲတဲ့အစီအမံကို ယေဘုယျသဘောပေါက်နိုင်ပါတယ်။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားအရေးအခင်းတုန်းကလည်း ဒီအစီအမံထဲက ပုံစံတွေအတိုင်း ဖြိုခွင်းခံခဲ့ရတယ် လို့ ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။


ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ “ရန်ကုန်မြို့လုံခြုံရေးစီမံချက်” ပါ ဆန္ဒပြမှုများကို ဖြိုခွင်းရန် စီစဉ်ထားမှု

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ “ရန်ကုန်မြို့လုံခြုံရေးစီမံချက်” ပါ ဆန္ဒပြမှုများကို ဖြိုခွင်းရန် စီစဉ်ထားမှု

စွမ်းအားရှင်တွေဟာ ခံယူချက်၊ ယုံကြည်ချက်မရှိတဲ့သူတွေမဟုတ်ပဲ စီးပွားရေး ကျပ်တည်းနေချိန်မှာ နေ့စားခလေးရလို့ ၀င်လုပ်သူတွေ၊ ရဲတို့၊ ကြံ့ဖွံ့တို့ကို မကင်းနိုင်လို့ ၊ ကြောက်လို့၊ မလွန်ဆန်နိုင်လို့ ၊ရပ်ကွက်ထဲလုပ်ပိုင်ခွင့်လေးရလို့  ၀င်လုပ်သူတွေချည်းပဲဖြစ်တာ တကြောင်း၊ သေသေချာချာ စနစ်တကျလေ့ကျင့်ထားခဲ့တာမဟုတ်တာ ကြောင့်ကော ဆန္ဒပြလူစုလူဝေးနဲ့ကြုံတွေ့အခါ သွေးပျက်ပြီး ခိုင်းတာမလုပ်ပဲ ရှောင်ထွက်သွားတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဖြစ်စဉ်မှာ ဆန္ဒပြအင်အားထုကို ကြည့်ပြီး စွမ်းအားရှင်တွေ ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားကြတာဖြစ်ခဲ့ပါတယ်။ အဲဒီ့နေ့ နံနက်ပိုင်းက ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်မှာ သံဃာတော်တွေနဲ့ ပြည်သူတွေ စုဝေးနေတာ သိရတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ကိုယ်တိုင် ရောက်လာပြီး အခြေအနေကို လာကွပ်ကဲပါတယ်။ ကြေးသွန်းဘုရားအနီးမှာ ခမရ(၇) နဲ့ ရဲတပ်ရင်း (၈) က ဒုတပ်ရင်းမှူးဦးစီးတဲ့ တပ်ခွဲနှစ်ခွဲကို အသင့်နေရာယူထားခိုင်းပါတယ်။ ရွှေတိဂုံဘုရား၊ အလယ်ပစ္စယံပေါ်မှာလည်း စစ်ဒေသ(၃) စစ်ဒေသမှူးနဲ့ စွမ်းအားရှင် (၈၀) ကျော်က နေရာယူထားပြီးဖြစ်ပါတယ်။ နောက်တော့ ရဲတပ်ရင်း (၈)က ဒုတပ်ရင်းမှူးဦးစီးတဲ့ တပ်ခွဲတစ်ခွဲကို စစ်ဒေသ(၃) စစ်ဒေသမှူးအဖွဲ့နဲ့သွားရောက် ပူးပေါင်းစေခဲ့ပါတယ်။ မူလ အကြံအစည်ကတော့ အရှေ့ဘက်မုခ်မှာ စုဝေးနေတဲ့ သံဃာတွေနဲ့ပြည်သူတွေကို ကြေးသွန်း ဘုရားအနီးမှာရှိတဲ့ ခမရ(၇)၊ ရဲတပ်ရင်း (၈)က တပ်ခွဲတစ်ခွဲနဲ့ အလယ်ပစ္စယံက ရဲတပ်ရင်း (၈) တပ်ခွဲ တစ်ခွဲ၊ စွမ်းအားရှင် (၈၀) တို့နဲ့ နှစ်ဖက်ညှပ်ပြီး ချေမှုန်းဖို့ပါ။

ဒါပေမဲ့ သံဃာနဲ့ပြည်သူအင်အားဟာ လေးထောင်နီးပါးထိ ရှိလာတာမို့ ကြားတောရနဲ့ ဗဟန်း (၃) လမ်းကြားကို ပိတ်ဆို့ထားတဲ့ ခမရ (၇) က နောက်ဆုတ်ပေးလိုက်ရပါတယ်။ အချိန်ထပ်ဆွဲနေရင် ပြည်သူအင်အားများပြားလာမှာ စိုးရိမ်တဲ့အတွက် စောင်းတန်းပေါ်မှာရှိတဲ့ သံဃာတွေကို ဖမ်းဆီးဖို့ အလယ်ပစ္စယံပေါ်က စွမ်းအားရှင်တွေဆီ ရဲချုပ်ကိုယ်တိုင် အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်တွေက ပြည်သူလူထုအင်အားကို ကြည့်ပြီး ထိတ်လန့်ကုန်တာမို့ မဖမ်းဆီးရဲပဲ လူအုပ်ကြားထဲကို ရောနှောတိုးဝင်ပြီး ထွက်ပြေးကုန်ပါတယ်။ စွမ်းအားရှင်တွေ အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တာမို့ စစ်ဒေသမှူးနဲ့ရဲချုပ်တို့ရဲ့ ဆဲဆိုသံတွေလည်း စက်ပေါ်မှာ ဆူညံနေပါတယ်။ နောက်တော့ ဒေါ်စုအိမ်နားမှာ ချထားတဲ့ အကြမ်းဖက်တပ်ခွဲ၊ ခြောက်ထပ်ကြီးဘုရားနားမှာချထားတဲ့ ရဲတပ်ရင်း (၁) နဲ့ ရဲတပ်ရင်း (၃) တို့ကို စစ်ကူခေါ်ပြီး နှိမ်နှင်းခဲ့ရပါတယ်။

အဲသလို စွမ်းအားရှင်တွေ ထွက်ပြေးတဲ့ဖြစ်စဉ်အချို့ရှိခဲ့ပေမဲ့ စစ်တပ်အားကိုးနဲ့ ရွှေဝါရောင် အရေးအခင်းကာလထဲမှာ လက်စွမ်းပြနိုင်ခဲ့ တာတွေလည်း အများအပြားရှိခဲ့တယ်။ အရေးအခင်းကာလအတွင်းမှာ စွမ်းအားရှင်တွေကို ရဲတပ်ရင်း တွေနဲ့ တွဲဖက်ပြီး တာဝန်ထမ်းဆောင်ခိုင်းခဲ့သလို စစ်တပ်ကွပ်ကဲမှုအောက်မှာလည်း လုပ်ကိုင်စေခဲ့ပါတယ်။ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးလှဖြိုးရဲ့ ကွပ်ကဲမှုအောက်မှာ စွမ်းအားရှင် (၂၀၀) ဦး၊ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးအေးလွင်ရဲ့ ကွပ်ကဲမှုအောက်မှာ စွမ်းအားရှင် (၂၀၀) ဦး တို့ကို ပြည်သူတွေကို နှိမ်နှင်းရာမှာ တွဲဖက်အသုံးပြုခဲ့ပါတယ်။


၂၀၀၇ စက်တင်ဘာ အရေးအခင်းနှင့်ပတ်သတ်၍ ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူးရုံး၏ သုံးသပ်တင်ပြချက်မှ

ဒါ့ကြောင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းကာလမှာ စွမ်းအားရှင်တွေကို နိုင်ငံတော်ရဲ့လုံခြုံရေးအရန် အင်အားစု အဖြစ် သတ်မှတ်ခဲ့ပြီး လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုစီမံချက်တွေမှာ ထည့်သွင်းရေးဆွဲခဲ့တာကို တွေ့ရပါတယ်။ သာမန် အချိန် ရဲစခန်း လှည့်ကင်းတွေမှာတောင် ရဲ (၂) ဦးနဲ့ စွမ်းအားရှင် (၅) ဦး၊ ၀ပ်ကင်းတွေမှာ ရဲ (၂) ဦးနဲ့ စွမ်းအားရှင် (၃) ဦး၊ ရပ်ကင်းတွေမှာ ရဲ (၁) ဦးနဲ့ စွမ်းအားရှင် (၃) ဦးတို့ကို တွဲဖက် တာဝန်ယူဖို့ ညွှန်ကြားခဲ့ပါတယ်။ အရေးပေါ် အခြေ အနေ တွေမှာတော့ အောက်ပါအတိုင်းစုဖွဲ့ဖို့ စီမံရေးဆွဲခဲ့ပါတယ်။

(၁) ရယကရုံးများ – နယ်ထိန်းရဲရဲ့ကြီးကြပ်မှုအောက်မှာ ရဲ (၃) ဦး၊ စွမ်းအားရှင် (၅၀) ဦး၊

(၂) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ – မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲ (၁၀) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊

(၃) ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ – ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲ (၁၀) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊

(၄) မြို့နယ်ကြံ့ဖွံ့ရုံးများ – ရဲ (၃) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊

(၅) ခရိုင်ကြံ့ဖွံ့ရုံးများ – ရဲ (၅) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊

(၆) တိုင်း/ပြည်နယ်ကြံ့ဖွံ့ရုံးများ – ရဲ (၁၀) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး။



စွမ်းအားရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန်စီမံထားရှိသည့် နေပြည်တော်အခြေစိုက် အမှတ်(၂) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း၏ နယ်မြေစိုးမိုးရေးစီမံချက်

စွမ်းအားရှင်တို့ ဘယ်လဲ

အပေါ်က ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအစီမံကို ကြည့်ရုံနဲ့ နအဖရဲ့ စွမ်းအားရှင်တွေကို ဘယ်လောက် အားကိုး အားထား ရှိတယ်ဆို တာသိနိုင်ပါတယ်။ များပြားခိုင်လုံလှတဲ့အထောက်ထားတွေအရ စွမ်းအားရှင်တွေကို လစာပေးခန့်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေထက်တောင်ပိုပြီး အားပြု ၊ အသုံးပြုထားတယ်ဆိုတာ သိသာလှပါတယ်။ (မလိုအပ်ပဲ အချက် အလက်တွေ ဖေါင်းပွလွန်းမှာ စိုးရိမ်လို့ လိုရင်းပုံပေါ်နိုင်တဲ့ မူရင်းအထောက်ထားတချို့ကိုသာ ဖေါ်ပြသုံးစွဲပါတယ်။ ဖေါ်ပြထားတဲ့ အထောက်ထားတချို့ကို ကြည့်ရင်လဲ တပ်တိုင်း၊ နယ်မြေတိုင်း၊ လုံခြုံရေးအဖွဲ့အစည်းတိုင်းမှာ စွမ်းအားရှင်ကို ဒုတိယအရန်အင်အားစုအဖြစ်မဖြစ်မနေ တည်ဆောက်ထားရပြီး၊ စွမ်းအားရှင်တွေကို စီမံကျွေးမွေး နေရတဲ့ အဲဒီ့ဝန်ထုပ်ဝန်ပိုးကိုလဲ ဒေသအုပ်ချုပ်ရေးတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေက အချိန်ပြည့် ထမ်းထားရတာ တွေ့ရမှာပါ။ အရံအင်အား ၊ မိတ်ဖက် အင်အားလို့သာ နာမည်တပ်ထားပေမယ့် တကယ့်လုပ်ငန်းဆောင်တာတွေမှာ တိုင်းပြည်က အချိန်ပြည့်လစာပေးခန့်ထားတဲ့ဝန်ထမ်းအရေအတွက်ထက် လက်မရွံ့စွမ်းအားရှင်တွေက အင်အား ပိုများနေတာ တွေ့နေရပါတယ်။ အာဏာရှင်ရဲ့လက်ကိုင်တုတ် လူမိုက်စွမ်းအားရှင် တွေကို နိုင်ငံတော်ရဲ့ လုံခြုံရေး အင်အားစုကြီးလို အရေးပေး သတ်မှတ်ထားတဲ့အတွက် စစ်တပ်၊ ရဲတို့ရဲ့ လုံခြုံရေးအစီအမံတွေ အားလုံးနီးပါးမှာ စွမ်းအားရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမဲ့ အစီအစဉ်တွေပါနေတာတွေ့ရပါတယ်။

စွမ်းအားရှင်တွေအကြောင်းပြောရင် စွမ်းအားရှင်တွေကို ဘယ်လိုရွေးတယ်ဆိုတာထည့်ပြောမှ ပြည့်စုံမှာပါ။ စွမ်းအားရှင်ဖြစ်ဖို့က လွယ်တာမဟုတ်ပါဘူး။ ဖြစ်သလိုရွေးလိုက်တာမဟုတ်ပါဘူး။ နအဖက အာဏာနဲ့ ပတ်သက်ရင်အကဲ ဆတ်ပါတယ်။ သိပ်အသေးစိတ်ဆန်ပါတယ်။ အလွယ် မလုပ်ပါဘူး။ ရဲမှာနယ်ထိန်းလောက်ကစလို့ ကြံဖွံ့၊ ရယကတွေ အဆုံးမြို့နယ်ထွေအုပ်ထိ ခိုးဆိုး စာရင်း၊ ကျော်ကြားစာရင်း၊ ထောင်ထွက်၊ ရာဇ၀င်လူဆိုး စတဲ့စာရင်းပေါင်းသောင်း ခြောက်ထောင်လုပ်ပြီးအမြဲလို တင်နေရတာပါ။ ရဲက လူဆိုးစာရင်းလုပ်တာ သူ့အလုပ်သူလုပ် တာပြောရပေမယ့် ဆန်းတာတွေရှိပါတယ်။ ချဲ ထီဒိုင်၊ နှစ်လုံး၊ ဘောလုံး၊ မာဆတ်၊ လူဆိုး စာရင်းပေါက် ထောင်ထွက် အားလုံးရေးရင်ရှည် လွန်းလို့ အတိုပြောရရင် ဥပဒေနဲ့ မကင်းနိုင်တဲ့ စီးပွားရေးလုပ်မိသူ အားလုံးကို စာရင်းလုပ်ထားပြီး ကြိုးရှည်ရှည်နဲ့  လှန်ထားတာပါ။ (စာရင်းပါင်း များစွာထဲမှာ ရပ်ကွက်အလိုက် NLD စာရင်း၊ တစညစာရင်း၊ နိုင်ငံရေးလိုလားသူ၊ နိုင်ငံခြား သွား အလုပ်လုပ်သူ စတဲ့မြောက်များစွာသောစာရင်းတွေအကြောင်းနဲ့  ဒီမိုကရေစီ အင်အားစုတွေကို စနစ်တကျ အားနည်းသွားအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို အထောက် အထားတွေနဲ့  နောင်မှာ သီးခြားတင်ပြပါမယ်။) အဲသည်ထဲကမှ သေချာယုံကြည်ရလောက်တဲ့ ခိုင်းတာလုပ်မယ့်၊ နုတ်လုံနိုင် လောက်အောင်၊ ကိုင်ထားနိုင်မဲ့သူကို စွမ်းအားရှင်စာရင်းထဲ ဇကာတင် ထည့်တာပါ။ စွမ်းအားရှင်နာမည် စာရင်းတွေထဲက ရပ်ကွက်ခေါင်းဆာင်တွေ စာရင်းတွေကို လေ့လာကြည့်တော့ အတော်များများက ရပ်ကွက်ထဲမှာ တကယ့် ရာဇ၀င်လူဆိုး လက်ရဲဇာတ်ရဲတွေပါ။ ဒါမှမဟုတ်ရင် ငွေကြေးရှိ အတန်သင့် သြဇာညောင်းသူတွေ ဖြစ်နေတာတွေ့ရမှာပါ။ အဓိပ္ပါယ်ကို တည့်တည့် ပြောရရင် လက်မရွံ့အလုပ်ကို ရွတ်ရွတ်ချွံချွံ စွမ်းစွမ်းတမံ လုပ်တဲ့သူတွေကို ရပ်ကွက်ထဲမှာ တရားဝင် ဥပဒေချိုးဖေါက်ခွင့်၊ တခြားလူကို ဗိုလ်ကျခွင့် ဆုလဒ်ကို စွမ်းအားရှင်တာဝန်ထမ်းဆောင်ခ နေ့တွက် စားရိတ်အပြင် အပိုဆုအနေနဲ့ ရဦးမယ်ဆိုတဲ့သဘောပါပဲ။ အဓိကကတော့ နအဖဟာ သူ့အာဏာကိုသာမထိခိုက်နဲ့၊ အာဏာ တည်မြဲရေးအတွက် အထောက်ကူပြုမယ်ဆိုရင် ရာဇ၀တ်သား၊ ဥပဒေထိပါးနေသူတွေကိုလဲ လုပ်ပိုင်ခွင့် ပေးထားမယ်ဆိုတဲ့ သဘောအတိကျပါ။

စွမ်းအားရှင်နဲ့ ရဲတပ်ရင်းတို့ အဓိကရုဏ်း နှိမ်နှင်းရေးအတွက် ပူးပေါင်းလေ့ကျင့်မှု

 လက်ရှိအနေထားမှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ အစိုးရသစ်တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲမူတချို့ လုပ်လာပါ တယ်။ နိုင်ငံရေးလောကအနေနဲ့ကလဲ ပြုပြင်ပြောင်းလဲမှုတချို့ကို လက်ခံ အသိမှတ်ပြု၊ နိုင်ငံတကာကလဲ ကြိုဆိုမှု တွေလုပ်၊ အစိုးရသစ်အနေနဲ့ကလည်း အစိုးရဟောင်းနဲ့လမ်းခွဲထွက်ခဲ့တယ်လို့ တသွင်သွင်ပြောလာပါတယ်။ မြင်သာတဲ့ ပြုပြင်ပြောင်းလဲမူတချို့ လုပ်ခဲ့ တာမှန်ခဲ့လို့ အသိမှတ်ပြုမူနဲ့ အောင်မြင်မူလဲထိုက်သင့်သလောက် ရခဲ့တယ် ဆိုနိုင်ပါတယ်။ သာမန်လူထုဆီကိုရောက်တဲ့ သက်ရောက်မူရှိတဲ့ အပြောင်းလဲတော့သိသိသာသာမရှိသေးဖူးလို့တော့ မနည်းလှတဲ့ အင်အားစုကဝေဖန်နေကြတုန်းပါ။ လူထုအနေနဲ့လဲ တကယ်ခံစားနေရတဲ့ဘ၀က ဘာမှမပြောင်းလဲ သေးသလို၊ ဒုက္ခကလဲ ပိုပြီးလျော့ပါးမသွားသေးတာအထင်ရှားပါ။ အပေါ်ယံပြောင်းလဲမှုတစုံတရာမြင်ရပေမယ့် ၂၀၁၃ ထိ ရရှိနေတဲ့ သက်သေ အထောက် အထားတွေအရတော့ သာမန်လူထုမမြင်နိုင်တဲ့ လုံခြုံရးအဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တို့ရဲ့ ဖိနှိပ်မှုယန္တရားကတော့ ဘာမျှမပြောင်းလဲသေးပါ။ စွမ်းအားရှင်တို့က စွမ်းအားရှိဆဲပါ။

နိဂုံးချုပ်အနေနဲ့သည်ကိစ္စကို ပြောရရင်တော့ အရင်အစိုးရက မွေးထုတ်ထားတဲ့သရဲကို အစိုးရသစ်က ဆက်ပြီး အစာကျွေးထားတုန်း၊ ကြီးအောင်မွေးထားတုန်းပါ။ အခုထိတော့ သိသာတဲ့ ဖိနှိပ်မှုအဖွဲ့အစည်းအဖြစ် အစိုးရသစ်လက်ထက်မှာ စွမ်းအားရှင်ကို ပေါ်ပေါ် ထင်ထင်ထုတ်သုံးလာတာမျိုး မလုပ်သေးပေမယ့် ဒီမိုကရေစီ အင်အားစုနဲ့ အများပြည်သူ ကတော့ သတိရှိနေဖို့နဲ့ စောင့်ကြည့်နေဖို့ လိုတယ်လို့ ယူဆပါတယ်။ တလောက ဖြစ်ခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုတွေမှာ စွမ်းအားရှင်တို့ရဲ့ အရိပ်အယောင်ကို တွေ့ရပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ လက်မရွံ့တွေကိုထုတ်သုံးလာမလဲဆိုတာကတော့ ဘယ်လောက် ပြောင်းလဲလာသလဲ ဆိုတာကို တိုင်းတာဖို့ ပေတံတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ သေချာတာ ကတော့ စွမ်းအားရှင်ဆိုတာ အစိုးရဟောင်းဆီက အမွေရထားတဲ့ ၀ှက်ဖဲတွေထဲက တစ်ချပ်ပါ။ လူထုလှုပ်ရှားမူတွေ၊ အခွင့်ရေးတောင်းဆိုမှုတွေ ဘယ်လောက်ထိ ရေချိန်တက်လာရင် ထုတ်သုံးမှာလဲ။ ဒါကစိတ်ဝင်စားစရာကိစ္စပါ။ ဒါမှမဟုတ် ဥပဒေကော၊ အာဏာပိုင်တွေကပါ တကယ့်ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးတွေကို သည်းခံနိုင်၊ လက်ခံနိုင်ချေရှိတဲ့အစိုးရတခုအဖြစ်နဲ့ ဥပဒေနဲ့အညီ သွားပြီး စွမ်းအားရှင်တွေကို ခေတ်ဟောင်းမှာထားခဲ့မလား။ ဒါဆိုရင် တော့ အားလုံးကကြိုဆိုနိုင်တဲ့ သာဓုခေါ်နိုင်တဲ့အပြောင်းလဲအစစ်တခု ဖြစ်လာမှာပါ။

နောက်တခုက စွမ်းအားရှင်တွေဖက်…စွမ်းအားရှင်တွေအတွက်ပါ။ ဘယ်လိုကြောင့်ပဲ စွမ်းအားရှင်ဖြစ်လာရ ဖြစ်လာရ။ စားနေရတဲ့စားရိတ်ဟာ လူထုထမ်းထားတဲ့အခွန်ငွေဖြစ်ပါတယ်။ လူထုကအခွန်နဲ့၊လူထုပိုင်တာနဲ့ ကြွေးတာကိုစားပြီး လူထုမျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ဖို့ သင့်သလား၊ စဥ်းစားဖို့လိုပါလိမ့်မယ်။ စွမ်းအားရှိတိုင်း၊ အာဏာ တမူးသားလောက်နဲ့ ထင်တိုင်းရမ်း လက်ပါးစေလုပ်ခဲ့ရင်တော့ ရာဇ၀င်မှာ ဇာတ်သိမ်းကောင်းလှမည်မဟုတ်ပါ။ ရှည်လျားသောသမိုင်းမှာ ဆိတ်ကွယ်ရာမရှိပါ။ ဒါကတော့ တဦးချင်းရွေးရမှာဖြစ်ပါလိမ့်မယ်။ ရှိထားတဲ့  စွမ်းအားရှင် စာရင်းများထဲမှ သင့်တော်သောစာရင်းတချို့ကို အခုဆောင်းပါးမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လူဆိုးစာရင်း ထုတ်ပြန်ခြင်း၊ နစ်နာအောင်ရည်ရွယ်ခြင်းမဟုတ်ပါ။ လူကောင်းဖြစ်အောင် ပြုပြင်သင့်သောသူများစာရင်းကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို စတင်ကျင့်ကြံရန် ဘယ်သောအခါမှ အချိန်မနှောင်း ဟု ယုံကြည်ပါတယ်။ တရားကိုတရားကပြန်လည်စောင့်ရှောက်ပါလိမ့်မယ်။

 ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အလိုက် စွမ်းအားရှင်ခေါင်းဆောင်များစာရင်း

(၁) ဗဟန်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ကျော်ရှင်း၊ အသက် – ၅၈ နှစ်၊ အဖအမည် – ဦးစိုးသောင်

အလုပ်အကိုင် – ကုန်သည်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်

နေရပ်လိပ်စာ – အမှတ် (၂၃၀)၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဖုန်း – C/O – ၅၄၃၈၄၈

(ခ) ဒု-ခေါင်းဆောင်

အမည် – ဇော်တင်၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးကျစ်

အလုပ်အကိုင် – ကုန်သည်

နေရပ်လိပ်စာ – အမှတ် (၂၁၂)၊ တိုက်(ဘီ)၊ အခန်း (၁၃)၊ ရွှေဂုံတိုင်လမ်း၊ ဖုန်း – C/O ၅၄၁၉၄၃

(၂) လမ်းမတော်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ဆွေအောင်၊ အသက် – ၂၅ နှစ်၊ အဖအမည် – ဦးမောင်လှ

အလုပ်အကိုင် – ဈေးသည်

နေရပ်လိပ်စာ – အမှတ် (၄၄)၊ (၇) လမ်း၊ လမ်းမတော်၊ ဖုန်း – C/O ၂၂၃၅၃၉

(ခ) ဒု-ခေါင်းဆောင်

အမည် – ဇော်မင်း၊ အသက် – ၃၆ နှစ်၊ အဖအမည် – ဦးသိန်းကြီး

အလုပ်အကိုင် – ဈေးသည်

နေရပ်လိပ်စာ – အမှတ် (၃၆)၊ (၈) လမ်း၊ လမ်းမတော်၊ ဖုန်း – C/O ၂၂၂၄၄၁



စွမ်းအားရှင်များ အစည်းအဝေး တက်ရောက်မှု မှတ်တမ်း




(၃) အလုံမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – သန်းနိုင်၊ အသက် – ၅၅ နှစ်၊ အဖအမည် – ဦးထွန်းစိန်

အလုပ်အကိုင် – လုံခြုံရေးမှူး၊ သစ်လုပ်ရောင်းဌာနစု (၂)၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ မြန်မာ့သစ်လုပ်ငန်း

နေရပ်လိပ်စာ – ၅/၃၊ သစ်လုံးရောင်း (၂)၊ သစ်တောရပ်ကွက်၊ အလုံ၊ ဖုန်း – C/O ၂၂၀၆၆၅

(ခ) ဒု-ခေါင်းဆောင်

အမည် – အောင်မြင့်၊ အသက် – ၅၁ နှစ်၊ အဖအမည် – ဦးဘအေး

အလုပ်အကိုင် – ရေလုပ်ငန်း

နေရပ်လိပ်စာ – အမှတ် (၅)၊ နွယ်သာကီလမ်း၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံ၊ ဖုန်း – ၀၉၅၁၇၄၃၆၉

(၄) ကြည့်မြင်တိုင်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – မြင့်အောင်၊ အသက် – ၃၈ နှစ်၊ အဖအမည် – ဦးရွှေလေး

အလုပ်အကိုင် – အိမ်တွင်းလျှပ်စစ်ပြင်

နေရပ်လိပ်စာ – အမှတ် (၂၈)၊ (၄/က)၊ အုန်းပင်လမ်း၊ ဈေး/အနောက်ရပ်ကွက်၊ ဖုန်း – C/O ၅၀၁၃၀၉

(ခ) ဒု-ခေါင်းဆောင်

အမည် – ချစ်ချစ်၊ အသက် – ၃၈ နှစ်၊ အဖအမည် – တင်ညွန့်

အလုပ်အကိုင် – ထမင်းရောင်း

နေရပ်လိပ်စာ – အမှတ် (၂၃)၊ စကားဝါပင်လမ်း၊ မကျည်းမြောက်ရပ်ကွက်

(၅) ဆိပ်ကမ်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – လှဝင်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးမောင်မောင်

အလုပ်အကိုင် – ဇာမဏီစားသောက်ဆိုင်၊ ၀ါးတန်း

နေရပ်လိပ်စာ – ၀ါးတန်းလမ်း၊ ဖုန်း – ၂၂၀၂၁၆

(ခ) ဒု-ခေါင်းဆောင်

အမည် – ဌေးကြွယ်၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးကျော်ဌေး

အလုပ်အကိုင် – ၀န်ထမ်း

နေရပ်လိပ်စာ – မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်၊ ဖုန်း -၂၂၅၁၅၅

(၆) ကျောက်တံတားမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – မင်းထွဋ်၊ အသက် – ၄၅ နှစ်၊ အဖအမည် – ဦးသိန်းထွန်း

အလုပ်အကိုင် – ရေသန့်ပို့

နေရပ်လိပ်စာ – အမှတ် (၁၆၄)၊ (၃၈) လမ်း၊ (၈) ရပ်ကွက်၊ ကျောက်တံတား၊ ဖုန်း – C/O ၃၉၁၄၄၈

(ခ) ဒု-ခေါင်းဆောင်

အမည် – နိုင်တင့်ခိုင်၊ အသက် – ၄၁ နှစ်၊ အဖအမည် – ဦးငွေညွန့်

အလုပ်အကိုင် – မီးသတ်၊ နယ်စပါးပေး၊ ပစ္စည်းရောင်း

နေရပ်လိပ်စာ – အမှတ်(၈၃)၊ အခန်း (၁၂)၊ ပန်းဆိုးတန်းလမ်း၊ (၄) ရပ်ကွက်၊ ကျောက်တံတား၊ ဖုန်း – C/O ၃၇၇၈၇၉

(၇) ပန်းဘဲတန်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – အောင်မင်းသိန်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးအောင်သိန်း

အလုပ်အကိုင် – ကုန်သည်

နေရပ်လိပ်စာ – အမှတ် (၁၂၅)၊ (၂၇) လမ်း၊ (၄) ရပ်ကွက်၊ ပန်းဘဲတန်း၊ ဖုန်း – ၃၈၈၃၄၀

(ခ) ဒု-ခေါင်းဆောင်

အမည် – ခင်လတ်၊ အသက် – ၄၄ နှစ်၊ အဖအမည် – ဦးသိန်းဖေ

အလုပ်အကိုင် – လျှပ်စစ်ပစ္စည်းဆိုင်၊ ၂၈ လမ်း

နေရပ်လိပ်စာ – အမှတ်(၁၁၃)၊ (၂၈) လမ်း၊ (၄) ရပ်ကွက်၊ ပန်းဘဲတန်း၊ ဖုန်း -၃၈၄၄၈၆

(၈) လှိုင်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ဇော်ဇော်၊ အသက် – ၃၉ နှစ်၊ အဖအမည် – ဦးမြင့်သိန်း

အလုပ်အကိုင် – အ၀တ်အထည်များ ရပ်ကွက်တွင်းရောင်း

နေရပ်လိပ်စာ – အမှတ် (၅၆)၊ ကင်ပွန်းချဉ်လမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်၊ ဖုန်း – ၅၁၁၈၆၈

(ခ) ဒု-ခေါင်းဆောင်

အမည် – မျိုးမင်းလတ်၊ အသက် – ၂၆ နှစ်၊ အဖအမည် – ဦးမြစိုး

အလုပ်အကိုင် – ဒုတိယနှစ်၊ ဒဿနိကဗေဒကျောင်းသား

နေရပ်လိပ်စာ – အမှတ် (၁၀၃)၊ (၄) လမ်း၊ (၂) ရပ်ကွက်၊ လှိုင်၊ ဖုန်း – ၅၁၃၀၉၁

(၉) မရမ်းကုန်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – စိုးအောင်၊ အသက် – ၂၁ နှစ်၊ အဖအမည် – ဦးတင်မောင်လတ်

အလုပ်အကိုင် – တတိယနှစ်၊ ဥပဒေကျောင်းသား၊ ဒဂုံတက္ကသိုလ်

နေရပ်လိပ်စာ – အမှတ်(၃)၊ ဦးအောင်ဘွင့်လမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်း၊ ဖုန်း – ၆၆၇၅၆၃

(ခ) ဒု-ခေါင်းဆောင်

အမည် – မြင့်သိန်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးထွန်းကြည်

အလုပ်အကိုင် – ကုန်ခြောက်ဆိုင်

နေရပ်လိပ်စာ – အမှတ်(၁၁)၊ ဦးလွန်းမောင်လမ်း၊ (၇) ရပ်ကွက်၊ မရမ်းကုန်း၊ ဖုန်း – ၆၆၀၄၇၉

(၁၀) စမ်းချောင်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – သောင်းသီ၊ အသက် – ၃၈ နှစ်၊ အဖအမည် – ဦးအောင်တင်

အလုပ်အကိုင် – လေးညှို့ရှင် လက်ဖက်ရည်ဆိုင်၊ စမ်းချောင်း

နေရပ်လိပ်စာ – အမှတ်(၁၇၂) ၊ဗဟိုလမ်း၊ ကျွန်း/လယ်ရပ်ကွက်၊ စမ်းချောင်း

(ခ) ဒု-ခေါင်းဆောင်

အမည် – တင်မျိုးအောင်၊ အသက် – ၃၀ နှစ်၊ အဖအမည် – ဦးတင်ရှိန်

အလုပ်အကိုင် – ကုန်ခြောက်ရောင်း

နေရပ်လိပ်စာ – အမှတ်(၂၈)၊ မီးရထားဝင်း၊ လင်းလွန်းတောင်ရပ်ကွက်


စွမ်းအားရှင်ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်မှု မှတ်တမ်း



(၁၁) လသာမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ကျော်ခိုင်ဝင်း၊ အသက် – ၃၄ နှစ်၊ အဖအမည် – ဦးစိန်ဝင်း

အလုပ်အကိုင် – ကွန်ပျူတာဒီဇိုင်းနာ

နေရပ်လိပ်စာ – အမှတ်(၁၃)၊(ပထမထပ်)၊ (၁၉) လမ်း၊ (၃) ရပ်ကွက်၊ လသာ၊ ဖုန်း – ၃၈၂၃၄၃

(ခ) ဒု-ခေါင်းဆောင်

အမည် – ဟန်ဝင်း၊ အသက် – ၅၁ နှစ်၊ အဖအမည် – ဦးမားကီး

အလုပ်အကိုင် – အိမ်၊ခြံ၊မြေအကျိုးဆောင်

နေရပ်လိပ်စာ – အမှတ်(၁၃၇)၊ (၂၂) လမ်း၊ (၆) ရပ်ကွက်၊ လသာ၊ ဖုန်း – ၂၄၂၇၇၅၊ လိုင်းခွဲ – ၂၃၇၇

(၁၂) ကမာရွတ်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – မော်မော်ဦး၊ အသက် – ၃၁ နှစ်၊ အဖအမည် – ညွန့်မောင်

အလုပ်အကိုင် – ကားအဲယားကွန်းပစ္စည်းဆိုင်

နေရပ်လိပ်စာ – အမှတ်(၁၉/၂၃)၊ (၇) ရပ်ကွက်၊ ကမာရွတ်၊ ဖုန်း – ၀၉၅၁၉၉၂၃၉

(ခ) ဒု-ခေါင်းဆောင်

အမည် – ခင်မောင်ဦး၊ အသက် – ၄၃ နှစ်၊ အဖအမည် – ဦးမောင်မူ

အလုပ်အကိုင် – ကားဝယ်/ရောင်း

နေရပ်လိပ်စာ – အမှတ်(၉၉/၄၃)၊ သံလွင်လမ်း၊ (၁၀) ရပ်ကွက်၊ ဖုန်း – ၅၃၇၉၃၅

(၁၃) ဒဂုံမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – လှမိုး၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးသန်းထွန်း

အလုပ်အကိုင် – ပန်းပုလုပ်ငန်း

နေရပ်လိပ်စာ – အမှတ်(၆၇)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံ၊ ဖုန်း – ၃၈၃၅၁၁၊ လိုင်းခွဲ – ၁၃၄

(ခ) ဒု-ခေါင်းဆောင်

အမည် – နေမျိုးအောင်၊ အသက် – ၃၀ နှစ်၊ အဖအမည် – ၊

အလုပ်အကိုင် – မုန့်ဟင်းခါးရောင်း

နေရပ်လိပ်စာ – ဦးဝိစာရအိမ်ယာ

(၁၄) တာမွေမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – သိန်းဟန်

နေရပ်လိပ်စာ – အမှတ်(၇၉)၊ ဒဂုံသီရိလမ်း၊ ကျောက်ထပ်ရပ်ကွက်၊ တာမွေ

(ခ) ဒု-ခေါင်းဆောင်

အမည် – စိန်လှ

နေရပ်လိပ်စာ – အမှတ်(၂၄)၊ (၁၄၉) လမ်း၊ ပျားရည်ကုန်းရပ်ကွက်၊တာမွေ

(၁၅) တောင်ဥက္ကလာပမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – လှထွန်း

နေရပ်လိပ်စာ – အမှတ်(၈၂၉)၊ မင်္ဂလာလမ်း၊ (၁၂) ရပ်ကွက်

(၁၆) ဒဂုံ(ဆိပ်ကမ်း)မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – မြ၀င်း

နေရပ်လိပ်စာ – တိုက်(၃၄)၊ အခန်း(၁၀၂)၊ C-1 ၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်

(ခ) ဒု-ခေါင်းဆောင်

အမည် – အောင်မြင့်ဦး

နေရပ်လိပ်စာ – တိုက်(၁၆)၊ အခန်း(၂၀၁)၊ နှင်းဆီလမ်း၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်

(ဂ) ဒု-ခေါင်းဆောင်

အမည် – အောင်သန်းဦး

နေရပ်လိပ်စာ – တိုက်(၉)၊ အခန်း(၀၀၂)၊ စပယ်လမ်း၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်

(၁၇) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – စောဦး

နေရပ်လိပ်စာ – အမှတ်(၈၅၇)၊ ရွှေယင်းမာလမ်း၊ အမှတ်(၂၄)ရပ်ကွက်၊ ဒဂုံ(တ)

(ခ) ဒု-ခေါင်းဆောင်

အမည် – စန်းမိုး

နေရပ်လိပ်စာ – အမှတ်(၆၀၈)၊ အောင်မင်္ဂလာလမ်း၊ (၁၈) ရပ်ကွက်၊ ဒဂုံ(တ)

(၁၈) ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – အောင်ကိုကို

နေရပ်လိပ်စာ – ၂၉/၁၇၁၊ အောင်တံခွန်(၅)လမ်း၊ ဒဂုံ(မ)

(ခ) ဒု-ခေါင်းဆောင်

အမည် – ကျော်ကျော်ဦး

နေရပ်လိပ်စာ – ၂၉/၁၂၇၊ နွယ်သာကီလမ်း၊ ဒဂုံ(မ)

(၁၉) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ကျော်ဌေးဝင်း

နေရပ်လိပ်စာ – အမှတ်(၄၃၁/က)၊ ဖျာပုံလမ်း၊ (၇) ရပ်ကွက်၊ ဒဂုံ(ရ)

(ခ) ဒု-ခေါင်းဆောင်

အမည် – အေးစိုး

နေရပ်လိပ်စာ – အမှတ်(၁၄၂/ခ)၊ ရာမည(၃)လမ်း၊ (၁၃၃) ရပ်ကွက်၊ ဒဂုံ(ရ)

(၂၀) ဒေါပုံမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ဆန်းဌေး

နေရပ်လိပ်စာ – စတီးကုန်ရုံလမ်း၊ ဒေါပုံ

(ခ) ဒု-ခေါင်းဆောင်

အမည် – ညီညီထွေး

နေရပ်လိပ်စာ – အမှတ်(၁၀)၊ ကျောင်းတော်ရာလမ်း၊ ၀ါဆိုရပ်ကွက်၊ ဒေါပုံ

(၂၁) ပုဇွန်တောင်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – သိန်းထွန်း

နေရပ်လိပ်စာ – အမှတ်(၄၁)၊ လိပ်ကန်လမ်း၊ (၇) ရပ်ကွက်၊ ပုဇွန်တောင်

(ခ) ဒု-ခေါင်းဆောင်

အမည် – ဇော်ဝင်း

နေရပ်လိပ်စာ – အမှတ်(၄၀)၊ ရေကျော်လမ်း၊ (၉) ရပ်ကွက်၊ ပုဇွန်တောင်

(၂၂) ဗိုလ်တထောင်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – မြင့်အောင်

နေရပ်လိပ်စာ – အမှတ်(၁၄)၊ (၄၃)လမ်း၊ (၆) ရပ်ကွက်၊ ဗိုလ်တထောင်

(ခ) ဒု-ခေါင်းဆောင်

အမည် – ကိုကိုနိုင်

နေရပ်လိပ်စာ – အမှတ်(၃၀)၊ (၅၂)လမ်း၊ (၅) ရပ်ကွက်၊ ဗိုလ်တထောင်

(၂၃) မင်္ဂလာတောင်ညွန့်မြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ခင်မောင်ကြည်

နေရပ်လိပ်စာ – တိုက်(၁)၊ အခန်း(၂၀၂)၊ ကျီတော်အိမ်ယာ၊ တောင်ညွန့်

(ခ) ဒု-ခေါင်းဆောင်

အမည် – ဇော်လင်း

နေရပ်လိပ်စာ – ၁၅/ခ၊ (၁၁၁) လမ်း

(၂၄) မြောက်ဥက္ကလာပမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – နေ၀င်း

နေရပ်လိပ်စာ – အမှတ်(၄၅၂)၊ သန္တာလမ်း၊ (စ) ရပ်ကွက်၊ မ/ဥက္ကလာပ

(ခ) ဒု-ခေါင်းဆောင်

အမည် – တင်ထွေး

နေရပ်လိပ်စာ – တိုက်အမှတ်(၂၂/၁)၊ အာကာလမ်း၊ (ဃ) ရပ်ကွက်

(၂၅) ရန်ကင်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – နေစိုးဦး

နေရပ်လိပ်စာ – အမှတ်(၃၄၃/၅)၊ (၅) ရပ်ကွက်၊ ရန်ကင်း

(ခ) ဒု-ခေါင်းဆောင်

အမည် – စောစိန်ဖိုး

နေရပ်လိပ်စာ – အမှတ်(၂၂၁/၂၁)၊ ရန်ရှင်းလမ်း၊ (၁)ရပ်ကွက်၊ ရန်ကင်း

(၂၆) သာကေတမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – ဖေ၀င်းသောင်း

နေရပ်လိပ်စာ – အမှတ်(၁၆၇၄/ခ)၊ ပဒုမ္မာလမ်း၊ ၁၀/တောင်ရပ်ကွက်၊ သာကေတ

(ခ) ဒု-ခေါင်းဆောင်

အမည် – ကျော်သူရ

နေရပ်လိပ်စာ – အမှတ်(၁၇၆၅)၊ ရွှေမေတ္တာအပြင်လမ်း၊ အနော်မာ(၁)ရပ်ကွက်၊ သာကေတ

(၂၇) သင်္ကန်းကျွန်းမြို့နယ်

(က) ပ-ခေါင်းဆောင်

အမည် – စိုးမြင့်ဦး

နေရပ်လိပ်စာ – အမှတ်(၁၂)၊ သံသုမာလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ကန်းကျွန်း

(ခ) ဒု-ခေါင်းဆောင်

အမည် – နေ၀ဏ္ဏအောင်

နေရပ်လိပ်စာ – အမှတ်(၄၅)၊ ဂမုန်းလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်း

The Irrawaddy