Wednesday, October 2, 2013

ရုရှားသမိုင်း ပြဋ္ဌာန်းစာအုပ်တွင် သမ္မတပူတင်အကြောင်း ထည့်သွင်းရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းထွက်

ဇွန်လအတွင်းက မော်စကိုရှိ နိုင်ငံပိုင် ရုရှားတူဒေးရုပ်သံ စတူဒီယိုသစ်ဖွင့်ပွဲ တက်ရောက်ခဲ့သော သမ္မတပူတင် (Photo:AFP)

ရုရှားသမိုင်း ပြဋ္ဌာန်းစာအုပ်တွင် သမ္မတ ဗလာဒီမာပူတင် အကြောင်းကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့သည်ဟု စက်တင်ဘာ ၂၃ ရက်တွင် သတင်းစာ တစ်စောင်က ဖော်ပြခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အာဏာစတင် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရကာ သမ္မတအဖြစ် တတိယအကြိမ် သက်တမ်းကို ထမ်းဆောင်နေသည့် ပူတင်အကြောင်းအား လက်ရှိသမိုင်းစာအုပ်တွင် သီးခြားအခန်း တစ်ခန်းအဖြစ် ထည့်သွင်းရန် နေ့စဉ်ထုတ် သတင်းစာ Izvestia က ဖော်ပြခဲ့သည်။
ဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး သံသယဖြစ်မှုများ၊ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် သမိုင်းပြဋ္ဌာန်း စာအုပ်တွင် နောက်ဆုံးသမ္မတ ရွေးကောက်ပွဲများ အကြောင်းကိုပါ ထည့်သွင်းခဲ့သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အား ယင်းသတင်းစာက ဖော်ပြခဲ့သည်။
သမိုင်းပြဋ္ဌာန်း စာအုပ်တွင် ရုရှားနိုင်ငံ၏ နောက်ဆုံးဖြစ်ရပ်များကို ကျောင်းသားများအား သင်ကြားနိုင်ရေးအတွက် စံချိန်မီ ပြင်ဆင်ရန် ပူတင်က ရုရှားသိပ္ပံ အကယ်ဒမီမှ သမိုင်းပညာရှင်များအား ယခုနှစ်ဆန်းပိုင်းတွင် ညွှန်ကြားခဲ့သည်။ အမှားအမှန် အငြင်းပွားနေရ မှုများနှင့် အဓိပ္ပာယ် ဒွိဟဖြစ်စေမှုများ မပါဝင်သော သမိုင်းပြဋ္ဌာန်း စာအုပ်ကို ရေးဆွဲရန် ပူတင်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကြောင့် ပြဋ္ဌာန်းစာအုပ် ရေးသားရာတွင် တာဝန်ရှိသူများအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ပြီး မည်သည့်အကြောင်းအရာများ ထည့်သွင်းမည်ကို လာမည့်သီတင်းပတ်တွင် တင်ပြရမည်ဖြစ်ကြောင်း Izvestia က ဖော်ပြခဲ့သည်။ သို့သော် ပူတင်အုပ်စိုးမှု ကာလအတွင်း မည်သည့်ဖြစ်စဉ်များကို ထည့်သွင်းမည် သို့မဟုတ် သြဇာကြီး ဘီလျံနာဟောင်း မီခေးခိုဒေါကော့စကီးအား ထောင်ချခြင်း၊ ချေချင်ညာ ဒေသတွင် ပူတင်က စစ်ပွဲဆင်နွှဲခြင်း စသည့်အငြင်းပွားဖွယ် ဖြစ်စဉ်များကို မည်သည့်အတိုင်းအတာအထိ ထည့်သွင်းမည်ကို အသေးစိတ် မသိရသေးပေ။
ပူတင်ကိုယ်တိုင်ကမူ သမိုင်းပြဋ္ဌာန်း စာအုပ်တွင် ၎င်း၏အကြောင်းကို ထည့်သွင်းမည့် အစီအစဉ်အား ကန့်ကွက်ဖွယ် ရှိသည်ဟု ရုရှားအစိုးရ၏ အာဘော်များသာ ဖော်ပြလေ့ရှိသော ယင်းသတင်းစာက ဖော်ပြခဲ့သည်။ ပူတင်၏ ပြန်ကြားရေးမှူး အတွင်းရေးမှူး ဒီမီထရီပက်စ်ကော့က ယင်းအစီအစဉ်တွင် သမ္မတ ပါဝင်ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။ ပညာရှင်များနှင့် ဆရာ၊ ဆရာများ၏ အခန်းကဏ္ဍတွင် ဗလာဒီမာ ဗလာဒီမီရိုဗစ်က ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း၊ သမိုင်းပြဋ္ဌာန်း စာအုပ်တွင် လက်ရှိသမ္မတအကြောင်း ထည့်သွင်းရန် လိုအပ်ခြင်း ရှိ၊ မရှိ ပညာရှင်များကိုသာ ဆုံးဖြတ်ခွင့် ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဏာရှင်ဟောင်း စတာလင်လက်ထက် အကြောင်းကို လက်စွဲစာစောင်အဖြစ် ပြဋ္ဌာန်းရန် ပူတင်က ၂၀၀၇ ခုနှစ်တွင် သမိုင်းဆရာများအား ထောက်ခံခဲ့ကြောင်း သတင်းထွက်ခဲ့သေးသည်။

Ref:AFP

No comments:

Post a Comment