Monday, October 21, 2013

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှသ့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
(ဥက်မယ်မယ်)
(နက္ခတ္တ-၂၀၀၆-၃)

credit to မင်္ဂလာသတင်းစဉ်

Sunday, October 20, 2013

ဗုံးဖောက်ခွဲ သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများ ရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

"သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။

"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

Eleven Media Group

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ


“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။

ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။

မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေ မှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရာယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကို အေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့် ရပ်လိုက်ရင် ဆုံးရှုံးမှုတွေအတွက် ရုံးချုပ်ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးနေရာက စဉ်းစားရင် သူက စက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာ ကြောက်ပါတယ်။

ပြီးတော့ စက်ရုံမှူးနေရာက စက်ရုံလည်ပတ်နေရင် သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကိုအရင်းခံပြီး အန္တရာယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့ အစာတွေကို သံပိုက်နဲ့ ထိုးချရမှာ ဖြစ်ပါတယ်။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။

ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်ထပ်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး၊ ပန်းထွက်လာတဲ့ အလွန်တရာပူလွန်းလှတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) ကြောင့် ကလေးလုပ်သားဖြစ်တဲ့

ပြင်ပအလုပ်သမား ၁၄ နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါ ပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်။ ဒါက ပထမအကြိမ်မှာပါ အန္တရာယ်အလွန်ရှိမှန်း သိခဲရပြီးပါပြီ။

လုံးဝအန္တရာယ်ဖြစ်နိုင်မှန်းသိတယ်၊ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး၊ စက်ကို မရပ်ဘူး။ ပြီးတော့ အကာအကွယ်ပစ္စည်း မပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။ အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်းသုံးလေးယောက် ပြင်းထန်စွာ အပူထပ်လောင်ပါတယ်၊

ဒါက ဒုတိယအကြိမ် အဖြစ်အပျက်ပါ အန္တရာယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အနေအထားဆိုတာ လုံးဝသေချာနေပါပြီ၊ သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီး လုပ်ခိုင်းပါတယ်။

အဲဒီလိုနဲ့ လုပ်လာလိုက်တာ အောက်တိုဘာ ၁၇ ရက်နေ့ရောက်တော့ ပိတ်နေတဲ့အပေါက်ဟာ ပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုး ပွင့်ထွက်လာတဲ့အတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ပေါ့

မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ် (ကျောက်ဖား) တယောက်ကတော့ ခါးဝက်လောက်ရှိတဲ့ ပြင်းထန်းလွန်းတဲ့ အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြောင့် မချိမဆန့် ခံစားရနေပါပြီး။

တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့ အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ် ကိုတက်တွယ်ထားပြီ ခိုနေရပါတယ် အောက်မှာ က ကျောက်အမှုန့်အပူတွေက ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ၊ ကျနော့ သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ရဲ့အဖြစ်ကို မကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။

သို့ပေမယ့် သုံလှမ်းလောက်သာ လှမ်းနိုင်ပြီး အပူဒဏ်ကိုမခံနိုင်တော့ တဲ့အတွက် လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။

သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ်ကို ကမ်းပေးလိုက်ပါတယ်။

ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့ ၀ါလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့ တချက်ကိုင်လိုက်နိုင်ပါတယ်၊
ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်၊

သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။ သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် သေဆုံးရတာပါ။ ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးနဲ့ ရင်သွေးတဦး ကျန်ခဲ့ပါတယ် ဒါက တတိယအကြိမ် အဖြစ်အပျက်ပါ။

အခု မြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။

ကျနော့ သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီး ကျနော်တို့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ အကာအကွယ်မဲ့ နေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ဥပဒေရဲ့အကာအကွယ်ပေါ့။

“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျတော်တို့ အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲ ကျနော်တို့ မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးကြပါခင်ဗျား။
အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင် ကူညီနိုင်သူများသိရှိအောင် ကူညီပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

ဖိနှိပ်ခံ တန် ၄၀၀၀ မိသားစု

(တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေး)

Posted From Nayt Thit
Thit Htoo Lwin blog's

မည်သူတွေအတွက် ပါမစ်လုပ်ပေးမည့်အစီအစဉ်ဖြစ်သလဲ ? (Update of 6P)


ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများကို တိကျ သေချာတဲ့ အချက်အလက်များဖြင့် သတင်းဌာနများ ၊ ကြော်ငြာချက်များ ၊ ကို အားလုံးစုစည်းကာ သတင်းတစ်ပုဒ် အဖြစ် အစဉ်တစိုက် တင်ဆက်ပေးခဲ့ပါသည် ။

ယခု ပါမစ် ပြုလုပ်ပေးမည့် အစီအစဉ်ကို ၂၁.၁၀.၂၀၁၃ စတင်ပြီဆိုသော အခါ မေးထားသော မေးခွန်းများစွာ မှာ အောက်ပါအတိုင်းဖြစ်သည် ။ အောက်ပါ အဓိက မေးခွန်း ၄ မျိုး ကို ကျွန်တော်တို့ထံ ယနေ့ စာ အစောင် ၁၀၀ ကျော်ဖြင့် မေးထားသည်ကို တွေ့ရသည် ။ ကျွန်တော်တို့ တွင်ရှိသော အထောက်အထား ၊ သတင်းဌာနများ၏ ကြော်ငြာချက်များ ၊ လဝက ဝန်ထမ်းများ၏ အဖြေများကို စုစည်းကာ ယခု သတင်းကို တင်ဆက်ပေးပါသည် ။

မေးခွန်းများမှာ ................

၁. အရင် 6P မှာ ပါမစ်မလျှောက်ထားတဲ့ အိုဗာစတေး သမားတွေအတွက် အကြုံးဝင်ပါသလား ။

၂.ပါမစ် ရရှိပြီး သူဌေး နှင့်အဆင်မပြေ၍ အိုဗာစတေး ဖြစ်သူတွေ ပြန်လျှောက်လို့ရနိုင်သလား ။

၃. 6P မှာ သူဌေးမပါပဲ အေးဂျင်းဖြင့် ပါမစ်တင်ထားသူများ မရသောသူများ အတွက် အကြုံးဝင်ပါသလား ။

၎. မည်သည့်နေရာတွင် လုပ်ပေးပါသလဲ ၊ မည်သည့်အချိန် မည်သည့်ရက်အတွင်း လုပ်ပေးမှာဖြစ်ပါသလဲ ။


ထိုမေးခွန်းများကို ကျွန်တော်တို့ လိုက်လံစုံစမ်း ပြီးသလောက် ၊ အထောက်အထား အပြည့်အစုံဖြင့် မလေးရှားရောက် မြန်မာများ သိအောင် ကျွန်တော်တို့ ယခုကဲ့သို့ ရှင်းလင်းပေးပါသည် ။

အဖြေများ .....

၁. ယခု ပြုလုပ်သည့် စီမံချက် သည် မလေးရှား နိုင်ငံတွင် ယခင်ပြုလုပ်ခဲ့သော 6P စီမံချက်၏ နောက်ဆက်တွဲသာဖြစ်သည် ။ထို 6P တွင်မပါဝင်ထားသောအခြား မည်သည့်သူကိုမျှ ယခု စီမံချက် ကာလတွင်မဆောင်ရွက်ပေးပါ ။ နောက်နောင်ဆောင်ရွက်ပေး မည်ဆိုပါက တင်ဆက်ပေးမည် ။ ယခု 6P တွင် လက်ဗွေမနှိပ်ထားသော မည်သူမှ ပါမစ်မပေးပါ ။

ယခု စီမံချက်သည် 6P တွင်ပါဝင်သော Amnesty ၏ နောက်ဆက်တွဲသာဖြစ်သည် ။

မလေးရှား အာဏာပိုင်များ၏ ကြော်ငြာချက်မှာ အောက်ပါအတိုင်းဖြစ်သည် ။
Ref : Babama post , New Straight Time .

PUTRAJAYA: EMPLOYERS with illegal workers can legalise them through an amnesty programme by the Home Ministry, starting on Monday.

"This programme will coincide with the Integrated 6P Operations' registration exercise. There will be no new immigrant registration during the programme."


For more information, they can visit www.moha.gov.my or contact the ministry's foreign workers' department at 03-8885 2940/2968.



၂. ပါမစ်ရှိပြီး သူဌေး နှင့် အဆင်မပြေ၍ အိုဗာစတေးဖြစ်လာပါက ပါမစ်ပြန်လျှောက်၍ မရပါ ။ သူဌေး မှ ဥပဒေ ချိုးဖောက်ပြီး ပါမစ် သက်တမ်းမတိုးပေးသော အဖြစ်များ ၊ ပါမစ် ပြုလုပ်ပေးပြီး လစာ မှန်မှန်မပေးပဲ အနိုင်ကျင့်မှု့များ ၊ အလုပ်ချိန်ကို မလေးရှားဥပဒေ အရ အလုပ်လုပ်ရက် ၂၆ ရက်အတွက် အလုပ်ချိန် ၂၀၈ နာရီအတွက် အခြေခံလစာသည် မလေးရှား ရင်းဂစ် ၉၀၀ ဖြစ်သည်ကို အပြည့်အဝမပေး သည့်အဖြစ်အပျက်များရှိပါက မြန်မာသံရုံးရှိ အလုပ်သမားရေးရာ ကော်မရှင် တွင် သွားရောက်တိုင်ကြားပါ ။ ယခု အစီအစဉ်တွင် ပါမစ်ပြန်လည်လျှောက်ထားနိုင်မည်မဟုတ်ပါ ။

၃. 6P တွင် သူဌေးဖြင့်မဟုတ်ပဲ အေးဂျင်းများဖြင့်ပါမစ်လျှောက်ထားပြီ ပါမစ်ဖိုးအပြည့်ပေး၍ ပါမစ်မရရှိခဲ့သူများ ယခု အစီအစဉ်တွင် အကျူံးဝင်ပါသည် ။
မိမိတို့ ဆောင်ရွက်ထားသော အေးဂျင်းအား ပေးထားသည့် ငွေ ပြေစာများ ၊ စာရွက်စာတမ်းများဖြင့် အတူ ယခု ပြုလုပ်မည့် ပြည်ထဲရေး ဝန်ကြီးဌာန One-Stop Center တွင် မိမိလက်ရှိအလုပ်လုပ်နေသော သူဌေး အား ခေါ်ဆောင်ကာ သွားရောက် ဆောင်ရွက်နိုင်သည် ။

သူဌေးမရှိပါက လုံးဝမရနိုင်ပါ ။ ယခင်သူဌေးမရှိပေမည့် ယခု သူဌေးရှိရန်လိုသည် ။ သွားရောက်ဆောင်ရွက်နိုင်သည် ။

၎. မည်သည့် နေရာ မည်သည့် ဌာနတွင် ဆိုသည့်မေးခွန်းအတွက် မူ

- မလေးရှားနိုင်ငံ ပြည်ထံရေး ဌာန အဆောက်အဦး ၊ အဆောင် D9 ( Complex D ) 4 လွာ ၊ ပူထရာဂျာရာ တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်းဆောင်ရွက်ရမည်ဖြစ်သည် ။ လဝက အဆောက်ဦး မဟုတ်ပါ ။

- အခြားမည်သည့်နေရာတွင်မှ မရနိုင်ပါ ။

The one-stop centre (OSC)
The Home Ministry at Level 4,
Block D9, Complex D,
Federal Government administrative centre
Putra Jaya.

The centre will open from 8am to 5pm daily.

Ref : Banama , New Straight Time , The Star

မလေးရှားရောက် မြန်မာများ Facebook

သူရိယအလင်း ဂျာနယ်နှင့် ပတ်သက်ပြီး ဂျာနယ်အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များ ငြင်းဆို


အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီ အချိန်ခန့်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်အား ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် လက်ရှိစီးပွားကူသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သော လူ (၁၅)ဦးခန့်က ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ ထိန်းချုပ်သည့် ဆာဗာတို့အား ယူဆောင်သွားခဲ့သည်ဟုဆိုသော ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။

ဦးမိုးဟိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်အား အောက်တိုဘာ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေနဲ့ ထုတ်ဝေသူရဲ့ ဆုံးဖြတ်ချက်ကတော့ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ အဖွဲ့ကတဆင့် အမှုဆောင် အရာရှိချုပ်ကို ရေးတာသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီရေးဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ဖူးပါတယ်။ အယ်ဒီတာ အဖွဲ့ရဲ့ ပြောကြားချက်အရ ရေးတာ သားတာတွေဟာ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာအဖွဲ့ထံ ဖြတ်သန်းခြင်း မရှိပဲနဲ့ သူ့သဘောနဲ့သူ အကြိမ်ကြိမ် ရေးနေတယ်။ အဲဒီလို ရေးသားနေတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ သဘောဆန္ဒ မပါတဲ့အတွက် ရှယ်ယာရှင်နဲ့ ထုတ်ဝေသူတွေက ဒီသူရိယအလင်း ဂျာနယ်ကို ဆက်မထုတ်တော့ဘဲနဲ့ ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်မွေးနေ့ ညကတော့ မနက်ဖြန်မှာ ဂျာနယ်ဖြန့်မှာကို သိထားတယ်။ ကျွန်တော့် စိတ်ဆန္ဒအရတော့ ဒီဂျာနယ်ကို မဖြန့်ဖြူးချင်တဲ့ အခါကျတော့ ဂျာနယ်ရပ်ဆိုင်းဖို့ရော ဒီဂျာနယ်ကို မဖြန့်ချင်တဲ့ ကိစ္စရော ပါနေတဲ့အတွက် ဂျာနယ်တိုက်ကို သွားလိုက်ပါတယ်။ ကျွန်တော်တို့ သိထားတာက CEO က ဂျာနယ်တိုက်မှာ အိပ်တယ်စားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့အခါကျတော့ CEO ကို မတွေ့ဘူး။ ထုတ်ဝေသူတစ်ယောက် အနေနဲ့ သွားတယ် CEO ကိုလည်း စောင့်တယ်။ မွေးနေ့ပွဲအပြီး သွားတာဆိုတော့ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်း လေးငါးယောက်ရဲ့ ကားတွေလည်း ပါတယ်။ သူ့ကိုမတွေ့တဲ့ အခါကျတော့ နောက်နေ့ဖြန့်ဖို့ ကျန်နေတဲ့ ဂျာနယ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ကွန်ပျူတာတွေကလည်း ဂျာနယ်ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်ချက် ချပြီးပြီ။ အဲဒီအတွက် ဒီကွန်ပျူတာတွေနဲ့ သူ့သဘောနဲ့သူ ဆက်လုပ်နေမှာစိုးလို့ ဒါကိုသိမ်းဆည်း လိုက်တာပါပဲ" ဟု ပြောကြားသည်။

ယခုကဲသို့ ညပိုင်းအချိန်တွင် ဂျာနယ်တိုက်သို့ ၀င်ရောက်ပြီး ဂျာနယ်များနှင့် ကွန်ပျူတာများအား လာရောက်ယူဆောင်ရာတွင် ကိုမိုးဟိန်း ပြောကြားသကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ်သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးယုနိုင်က ပြောကြားသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး" ဟု ဦးယုနိုင်က ဆိုပါသည်။

သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း ပြောကြားထားသည့် ရှယ်ယာ ၉၀ ရာခိုင်နှုန်းမှာ ၎င်းပိုင်ဆိုင်ထားပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ရှယ်ယာရှင်များ ပိုင်ဆိုင်သည်ဆိုသည့် ပြောကြားချက်နှင့် ပတ်သက်ပြီးလည်း "ဂျာနယ်ရဲ့ သဘောသဘာဝ အရတော့ ကျွန်တော်တို့က ရှယ်ယာရှင်တွေပါ။ နှစ်ဦးလောက် ရှယ်ယာပါပါတယ်။ ရှယ်ယာရှင်တွေကတော့ ဦးမျိုးမင်းထွန်း ပါပါတယ်။ ကျွန်တော် ပါပါတယ်။ ကိုသူရိန်တို့ မပါပါဘူး။ ရာခိုင်နှုန်း အားဖြင့်တော့ လောလောဆယ် မပြောနိုင်သေးပေမယ့် ၉၀ ရာနှုန်း သူပိုင်တယ် ဆိုတာကတော့ မဟုတ်ပါဘူး" ဟုလည်း ပြောကြားသည်။

သူရိယအလင်း အယ်ဒီတာ အဖွဲ့ထံသို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် အရေးအသားများ မရေးသားကြရန်နှင့် စာနယ်ဇင်း ကျင့်ဝတ်အတိုင်းသာ ရေးသားကြရန် ထုတ်ဝေသူတစ်ဦး အနေဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ပြီ အယ်ဒီတာ အဖွဲ့ကလည်း ၎င်းတို့အား အသိပေးခြင်း မရှိဘဲ ထည့်သွင်းဖော်ပြ နေသည်ဟု တင်ပြလာသည့်အတွက် ယခုကဲ့သို့ ဂျာနယ်အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးယုနိုင်က ပြောကြားပါသည်။

သူရိယအလင်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ဂျာနယ်လက်ကျန်များနှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်နှင့်အတူ ဖိုးလပြည့်လည်း ပါဝင်ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ကာ ကွန်ပျူတာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဦးမိုးဟိန်း၏ ပြောကြားချက်တွင် ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်တို့မှာ ဂျာနယ်တိုက်အတွင်းသို့ မ၀င်ရောက်ခဲ့ဘဲ အပြင်တွင်သာ ကျန်နေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန်ကမူ ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကသာ ကွန်ပျူတာများကို ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် The Flower News ဂျာနယ်က ဖော်ပြသည်။ ထို့အတူ ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကလည်း ၎င်းအနေဖြင့် သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၏ မွေးနေ့ပွဲသို့သာ သွားရောက်ခဲ့ပြီး ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ခြင်း မရှိဟု အဆိုပါ သတင်းဂျာနယ်က ဖော်ပြထားသည်။

EMG