Thursday, December 12, 2013

ဆီးဂိမ်းမှာ မြန်မာရွှေတံဆိပ်ဆု အခုတစ်ရာမှန်းထား



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစား ပြိုင်ပွဲမှာ မြန်မာအားကစားသမားအဖွဲ့တွေအနေနဲ့ ရွှေတံဆိပ်ဆု အခု တစ်ရာ ဆွတ်ခူးရရှိဖို့ မျှော်မှန်းထားပါတယ်။

၁၉၆၀ ခုနှစ်ကစပြီး ဆီးဂိမ်းအားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်အနိမ့်ဆုံးနေရာမှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ အခုတကြိမ်မှာတော့ ရွှေတံဆိပ် အခုတစ်ရာရဖို့ ရည်ရွယ်ထားတယ်လို့ အားကစားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးအုန်းမြင့်ဦး က ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးဂိမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာက ရွှေတံဆိပ် ၂၁ ခု၊ ငွေ ၁၃ ခု၊ ကြေး ၁၂ ခုနဲ့ ထိပ်ဆုံးမှာရောက်ရှိနေပြီး ဗီယက်နမ်နိုင်ငံကတော့ ဒုတိယနေရာနဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ တတိယနေရာမှာရှိနေပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအနေနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ အတွက် မြန်မာပြည်သူ အတော်များများက အားရ၀မ်းသာရှိခဲ့ကြပေမယ့် တဖက်မှာတော့ ဖွင့်ပွဲ အခမ်းအနား ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ရယူခဲ့တဲ့အပေါ် အစိုးရအနေနဲ့ ဝေဖန်မှုတွေခံနေရပါတယ်။

လူပေါင်း သုံးသောင်းလောက် ဆံ့တဲ့ နေပြည်တော် ၀ဏ္ဏသိန္ဓိ အားကစားရုံမှာ ပြုလုပ်တဲ့ ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနား အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ ၃၃ သန်းနီးပါး ရှိတဲ့ စက်မှုပိုင်းဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးခဲ့ပါတယ်။

ဆီးဂိမ်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်တာကို ၀မ်းသာအားပေးကြတဲ့သူတွေရှိနေပေမယ့် အားနည်းချက်တချို့ကိုလည်း ထောက်ပြထားသူတွေလည်းရှိပါတယ်။

အဲဒါအပြင် အလယ်အလတ် တန်းစားရှိတဲ့ ဟိုတယ်တွေနည်းပါးပြီး သွားလာဖို့အတွက် တက္ကဆီတွေကလည်း နည်းပါးတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆီးဂိမ်းကို သွားရောက် ကြည့်ရှု့တဲ့ နိုင်ငံခြားသား ဧည့်သည်တွေက ပြောပါတယ်။

ပြီးတော့ ရန်ကုန်နဲ့ နေပြည်တော် တက္ကဆီအငှါးကလည်း ဒေါ်လာ ၂၀၀ လောက်ရှိပြီး ဗီဇာကြေးကလည်း ဈေးကြီးတယ်လို့ ဆိုပါတယ်။

Credit To :radioaustralia

သင့်ကား သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရှိသင့်သော ဆေးပစ္စည်း ရှစ်မျိုး


နေ့စဉ် သွားလာလှုပ်ရှားရင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်ပါတယ်။ အဲဒီအခါမှာ ရှေးဦးသူနာပြုစုတဲ့ အနေနဲ့ အမြန်ဆုံး ကုသမှုပေးနိုင်ဖို့ သင့်ကားထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲမှာ မရှိမဖြစ် ဆောင်သင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ဇာဂနာ

ဇာဂနာဟာ ရှေးဦးသူနာပြုစုရာမှာ အရေးပါတဲ့ အသုံးအဆောင် တစ်မျိုးပါ။ အထူးသဖြင့် သင်ဟာ ပြင်ပလှုပ်ရှားမှုတွေ လုပ်ဆောင်နေရင် ဒါမှမဟုတ် တောင်တက်သူဖြစ်ရင် ဇာဂနာကို ဆောင်ထား သင့်ပါတယ်။ ပဲ့ထွက်နေတဲ့ အစတစ်ခုခု ငြိရင် ဒါမှမဟုတ် မွှားကောင် ကပ်ငြိနေရင် ဖယ်ရှားဖို့ အန္တရာယ် အကင်းဆုံးနည်းက သန့်ရှင်းတဲ့ ဇာဂနာ တစ်ချောင်းနဲ့ ဖယ်ထုတ်ဖို့ ဖြစ်ပါတယ်။ ဇာဂနာကို မသုံးခင်နဲ့ သုံးပြီးချိန်မှာ ကောင်းကောင်း ပိုးသတ်ဖို့ လိုပါတယ်။

(၂) ဟိုက်ဒရိုကော်တီဇုန်းခရင်မ်

ပိုးမွှား အကိုက်ခံရပြီး ယားယံနေတဲ့ အနာတွေအတွက် တစ်ရာခိုင်နှုန်း ဟိုက်ဒရိုကော်တီဇုန်းခရင်မ် (1% hydrocortisone cream) ကို ဆောင်ထားသင့်ပါတယ်။ ဒီလိမ်းဆေးဟာ ယားယံတာနဲ့ ရောင်ရမ်းတာကို အမြန် သက်သာစေပါတယ်။

(၃) လက်ဆေးဆပ်ပြာရည်နှင့် လက်အိတ်

သင် ဒါမှမဟုတ် သင့်မိတ်ဆွေ တစ်ဦးဦးက သွားရင်း၊ လာရင်း ထိခိုက်ဒဏ်ရာ ရသွားရင် ညစ်ပတ်နေတဲ့ လက်ကြီးနဲ့အနာကို မကိုင်သင့်ပါဘူး။ အယ်လ်ကိုဟော အခြေခံ လက်ဆေး ဆပ်ပြာရည်က ရေနဲ့ ဆပ်ပြာအဆင်သင့် မရနိုင်တဲ့ နေရာမျိုးမှာ အလွယ်တကူ လက်ဆေးလို့ရပါတယ်။ လက်ကို ရေမလိုတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးကာ လက်အိတ်ဝတ်ပြီးမှ အနာကို ကိုင်တွယ်ပါ။

(၄) အကိုက်အခဲပျောက်ဆေး

ကိုက်ခဲနာကျင်မှုတွေ ခံစားရတဲ့ အချိန်မှာ အဆင်သင့် သောက်သုံးနိုင်ဖို့ မိမိဘာသာ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေကို ဆောင်ထားသင့်ပါတယ်။ အက်စ်ပရင်ဆိုရင် အသက် ၁၈ နှစ်အောက် အရွယ်တွေကို မိမိသဘောနဲ့ မပေးသင့်ပါဘူး။

(၅) ပတ်တီးနှင့် တိပ်

ပြတ်ရှရာနဲ့ ခြစ်ရာတွေအတွက် သွေးထွက်တာ တိတ်သွားစေဖို့ ဖိအားပေးနိုင်အောင် ပတ်တီးစ လိုအပ်ပါတယ်။ အနာကို လုံခြုံအောင် ဖုံးထားနိုင်ဖို့ ပတ်တီးသဖွယ် ကပ်နေအောင် တိပ်နဲ့ ကပ်ပေးရပါမယ်။

(၆) အနာသန့်စင်ဆေးရည်

ပတ်တီးမစည်းခင် အနာ ဒါမှမဟုတ် ပြတ်ရှရာကို သန့်စင်ပေးသင့်ပါတယ်။ သန့်ရှင်းတဲ့ရေ မရနိုင်တဲ့ နေရာတွေမှာ ပိုးသေစေတဲ့ အရည် ဒါမှမဟုတ် စပရေးဖျန်းဆေးတွေနဲ့ ထိခိုက်ဒဏ်ရာတွေကို သန့်ရှင်း စင်ကြယ်သင့်ပါတယ်။ မျက်ဝန်းတစ်ဝိုက် ဒဏ်ရာရရင်တော့ ရေနဲ့ စင်ကြယ်အောင် အရင်ဆေးကြောပေးဖို့ လိုပါတယ်။ ပြီးမှ ပတ်တီးစည်းပေးပါ။

(၇) ပဋိဇီဝ ပိုးသတ်ဆေးခရင်မ်

ပဋိဇီဝ ပိုးသတ်ဆေးခရင်မ် ဒါမှမဟုတ် လိမ်းဆေးတွေကို နည်းအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ အနာအသေးအမွှားတွေကို ပိုးဝင်ကူးစက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပြီး အနာအကျက် မြန်စေပါတယ်။

(၈) ဓာတ်မတည့်မှု ပျောက်ဆေး

ဟစ်စတာမင်း တားဆေးတွေနဲ့ ဓာတ်မတည့်မှုတွေကို သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဓာတ်မတည့်မှု ပြင်းပြင်းထန်ထန် ဖြစ်တတ်သူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဓာတ်မတည့်မှု ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။

Tip!

သင့်အနေနဲ့ ကားထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲ ရှေးဦးသူနာပြုစုနိုင်မယ့် ဆေးဝါး အသုံးအဆောင်တွေကို ထည့်သွင်းမယ်ဆိုရင် ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ ရေစိုခံတဲ့ အိတ်ထဲမှာ ထည့်ထားရပါမယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)Ref: Good Health Source:

Tuesday, December 10, 2013

`သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှု ဖြစ်ပွား´´


ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း Myanmar News Now မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင် ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်းရွာ ပန်းရစ်တောင် ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ ပြန်လာစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။

အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့ လမ်းမအရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာအရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက  သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆိုသည်။

၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍ နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည် လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန်ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟု ဆိုကြောင်း သီလရှင်မှ ပြောပြပါသည်။

ထိုအချိန်တွင် ဆိုင်ကယ်တစ်စီး ရောက်လာ၍ သီလရှင်မှ `ကယ်ကြပါဦး´ ဟုအော်ရာ ၎င်းလူမှ သီလရှင်၏ ဘယ်ဘက်နားထင်အား လက်ဝါးဖြင့်ရိုက်ပြီး လမ်းဘေးခြုံထဲသို့ ဆွဲခေါ်သွားကြောင်း၊ ကျန်တစ်ဦးမှ နောက်ကနေ၍ သီလရှင်အား တွန်းပေးကြောင်း၊ ခြုံထဲအရောက်တွင် သီလရှင်အား ပါးစပ်ပိတ်ပြီး တွန်းလှဲပြီး အပေါ်မှခွထိုင်၍ ခလုတ်ဓါးဖြင့် လည်ပင်းအားထောက်ပြီး`မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်သတ်ပစ်မယ်´ပြောကြောင်း၊ သီလရှင်မှာကြောက်၍ ငြိမ်နေစဉ် ထိုသူက သီလရှင်အား သားမယားအဖြစ်စော်ကားကြောင်း၊ ထိုသို့စော်ကားနေစဉ် အရပ်ပုပု သွားခေါခေါလူမှ သီလရှင်၏ ၀မ်းဗိုက်သို့ ခလုတ်ဓားဖြင့်ထောက်ထားကြောင်း၊ သီလရှင်အား အလိုမတူဘဲ သားမယားအဖြစ်စော်ကားပြီး ထိုင်နေစဉ် ရွာသားများ အသံကြား၍ `ထိုင်နေ ငုတ်တုတ်ထိုင်နေ´ ၎င်းလူနှစ်ယောက်ကပြောကြောင်း၊ သီလရှင်မှ ကြောက်၍ ထိုင်နေစဉ် ထိုလူနှစ်ယောက်မှာ လာရာလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးထွက်ပြေးသွားရာ သီလရှင်မှ ကယ်တော်မှုကြပါအော်၍ ရွာသားများ ရောက်ရှိ လာကြောင်း သီလရှင်မှ မကွေးမြို့ မ ရဲ စခန်း တွင် ထွက်ဆို ခဲ့ကြောင်း သိရပါသည်။

ထို့နောက် ၎င်းနေ့ ည(၁၁)နာရီခန့် အချိန်တွင် ဖြစ်စဉ်နှင့် ပတ်သက်၍ သီလရှင်မ…..(၃၇)နှစ်က မကွေးမြို့မရဲစခန်းတွင်(ပ)၂၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၀၆/၁၁၄ အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်

by Thit Htoo Lwin

မသေမှာစိုးလို့ ဆေးထိုးအပ်ဖြင့် နှလုံးထဲ အက်ဆစ်ထိုးသတ်ခဲ့တဲ့ ကြောက်မက်ဖွယ် ၃ လောင်းပြိုင် လူသတ်မှု ကျူးလွန်သူတွေ မိပြီ



မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ ၆၉ လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ Panasonic ဂိုဒေါင်တွင် အောက်တိုဘာ ၁ ရက်ညက ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုတွင် ကျူးလွန်သူ အသက် (၁၉)နှစ်အရွယ် လူငယ်နှစ်ဦးအား ရှစ်ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၀န်းကျင်တွင် ကျူးလွန်သူ ယင်းကုမ္ပဏီ၏ ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော် အသက် (၁၉)နှစ်နှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ သောင်းစုဇင် အသက် (၂၀)နှစ် ၀န်းကျင်တို့က ကျူးလွန်သည်ဟု ၀န်ခံပြောကြားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ကျူးလွန်သည့် သက်သေခံပစ္စည်းများ ထားရှိရာ နေရာများကိုလည်း ပြသခဲ့သည်။

အခင်းမဖြစ်ပွားမီ ငါးရက်ခန့် အလိုကတည်းက ယာဉ်မောင်း အောင်ကျော်ဟိန်း(ခ)အောင်ကျော်သည် ကုမ္ပဏီ၏ အပေါ်ထပ် မီးခံသေတ္တာထားရှိရာသို့ အကြောင်းမဲ့ ၀င်ထွက်မှု များပြားခြင်း၊အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက်က ကုမ္ပဏီပိုင်ငွေကျပ် သိန်း ၂၀၀ ခန့်အား ဘဏ်သို့ပေးအပ်ရန် မော်တော် ယာဉ်ဖြင့် သွားရောက်ရာတွင်လည်း သွားလာနေကျ မဟုတ်သည့် လမ်းမှမောင်းနှင်ခြင်း၊ အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့သို့ အကြောင်းမဲ့ သွားရောက်ကာ နေမကောင်းဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်းစသည့် မသင်္ကာဖွယ်ရာ အချက်အလက်များ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်၍ စုံစမ်းရာ အခင်းဖြစ်ဂိုဒေါင်ခြံဝင်း၏ မြောက်ဘက် တစ်ကွက်ကျော်ရှိ Omega Alpha ကုမ္ပဏီတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ အခင်းဖြစ် ပွားရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခန့်က လူနှစ်ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့် ပုံသဏ္ဌာန်မှာ ကျူးလွန်သူနှစ်ဦးဖြစ်သော အောင်ကျော်ဟိန်းနှင့် သောင်းစုဇင်တို့၏ ပုံသဏ္ဌာန်နှင့် ဆင်တူ ကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ အခင်းဖြစ်ပွားရာ နေရာရှိ ခြေဗွေရာများကို စစ်ဆေးခြင်းအားဖြင့်လည်း ဖိနပ်ရာမှာ သောင်းစုဇင်၏ ဖိနပ်ရာဟု ယူဆရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ယင်းကဲ့သို့ ၀န်ခံထွက် ဆိုခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီခွဲတွင် ကျူးလွန်သူနှစ်ဦးမှ ယင်းဂိုဒေါင်သို့ လာရောက်ခဲ့ပြီး ကုမ္ပဏီ၏ ယာဉ်မောင်း အောင်ကျော်ဟိန်းမှ လုံခြုံရေး ဦးတင်လှိုင်နှင့် စကားပြောခဲ့ပြီး သောင်းစုဇင်မှ ဦးတင်လှိုင်အား ဆံပင်ဆွဲ၍ အင်္ဂတေကြမ်းပြင်နှင့် ဆောင့်ခဲ့ပြီး အုတ်ခဲကျိုးဖြင့် ထုခဲ့သည်။ ထို့နောက် ကားကြားထဲတွင် အိပ်နေသည့် ဦးဟန်သောင်းအား သောင်းစုဇင်က အုတ်ခဲကျိုးဖြင့် ထပ်မံထု ရိုက်ခဲ့ပြီး အောင်ကျော်ဟိန်းမှ ဦးဟန်သောင်း၏ ပါးစပ်အတွင်းသို့ ကားသုတ်သည့် ပုဆိုးစုတ်ဖြင့် ထိုးသွင်းခဲ့ သည်။ ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေကြစဉ်အတွင်း ဒေါ်ခင်ခင်ဝင်းမှာ အိပ်နေရာမှ ထလာသဖြင့် အောင်ကျော်ဟိန်းက ဆံပင်ဆွဲကာ တိုင်ဖြင့်ရိုက်ဆောင့်ခဲ့သည်။ ထို့ပြင် ရိုက်ခံရသူသုံးဦးမှာ လှုပ်ရှားမှု မရှိတော့သော်လည်း မသေမည်စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦးမှာ အသင့်ပါလာသော ဆိုင်ကယ် တူးဘောက် အတွင်းမှ ဆေးထိုးအပ်များတွင် ကားတစ်စီးမှ အက်စစ်များကို ထုတ်ယူ၍ ၎င်းတို့သုံးဦး၏ နှလုံးရှိရာ ၀ဲဘက်ရင်အုံအတွင်းသို့ ထိုးသွင်းခဲ့ပြီး ကုမ္ပဏီအပေါ်ထပ် မီးခံသေတ္တာထားရှိရာ အခန်းအတွင်းသို့ ၀င်ရောက် ဖောက်ထွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၀န်ခံ ထွက်ဆိုခဲ့သည်။

ထို့ပြင် အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် ဆေးထိုးအပ်၊ သွေးစွန်းနေသော လက်အိတ်အဖြူ သုံးခု၊ ခရီးဆောင်အိတ် တစ်လုံး၊ ခွရှင်၊ ၀က်အူလှည့်နှင့် အခြားပစ္စည်းများကို လွှင့်ပစ်ခဲ့ရာ နေရာများကိုလည်း လိုက်လံ ပြသခဲ့သည်။ ''ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကျူးလွန်သူ အောင်ကျော်ဟိန်းက အိမ်လခ ပေးရတော့ မှာရယ်၊ သူ့အမျိုးသမီး အဝေးသင်တက္ကသိုလ် တက်ဖို့ရယ်၊ ဆေးဆိုင်ဖွင့်ဖို့ အရင်းနီး မရှိတာကြောင့် ကြံမိကြံရာ ခုလိုပူးပေါင်း လုပ်ဆောင်တယ်လို့ ထွက်ဆိုထားပါတယ်။ အခင်းဖြစ်ပွားစဉ် နေရာမှာတွေ့ရတဲ့ သဲလွန်စရယ် ကျူးလွန်သွားတဲ့ အနေအထားတွေဟာ ကျွမ်းကျင်မှုမရှိဘဲ လုပ်ထားတာတွေ၊ ဓာတ်သိဖြစ် နိုင်တဲ့ ကွင်းဆက်တွေကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်'' ဟု တိုင်းမှုခင်း အကူဌာနစု တာဝန်ခံ ရဲအုပ်ရဲမြင့်က ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

By Eleven

Sunday, December 8, 2013

သွတ်သွင်းခံရသူများ (၁) -


ညနေခင်းတစ်ခုရဲ့ မီးပွိုင့်တစ်ခုနားက ဖြတ်သွားတဲ့အချိန် . . မီးပွိုင့်မှာ လူတစ်အုပ်ကိုတွေ့လိုက်တယ်။ အုပ်စုလိုက် တောင်းနေကြတဲ့ သူဖုန်းစားအုပ်စု တစ်စုပေါ့။ သန်သန်မာမာ အမျိုးသမီးကြီး (၃) ယောက်လောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုပါတော့။ ကလေးတွေကလည်း ၂ နှစ် ၊၃ နှစ်အရွယ်က အစ ၁၂၊ ၁၃ နှစ်အရွယ်တွေတောင် ပါတယ်။

ကလေးတွေကို မြင်တော့ သူတို့ဘဝလေးတွေကို သနားမိတယ်။ တကယ်တော့ သူတို့တွေဟာ တောင်းစားခြင်းဆိုတဲ့ အကျင့်ဆိုးကြီးကို အတင်းအဓမ္မ ရိုက်သွင်းခြင်းခံလိုက်ရတာ။ အမှန်ဆို တစ်ခြားကလေးတွေလို ကျောင်းတက်၊ စာကျက်နေရမယ့် အရွယ်လေးတွေ။ သူတို့လေးတွေ ကြီးပြင်းလာရင် ဘာလုပ်ကိုင်စားသောက်ကြမယ်ထင်လဲ။ ကျွန်တော်ကတော့ ငယ်ငယ်ထဲက တောင်းရမ်းခြင်း အကျင့် သွတ်သွင်းခံရတဲ့ ကလေးတွေဟာ သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကြောင့် အလုပ်လုပ်ရမယ်ဆိုတဲ့ အသိရှိလာမှာ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ မကောင်းတဲ့ အကျင့်တွေက အကျင့်ကောင်းလေးတွေကို ဝါးမြိုလိုက်မယ်။ ပြီးတော့ နေ့စဉ်လုပ်နေရတဲ့ အလုပ်အပေါ် လူ့သဘာဝအလျောက် ခင်တွယ်ပြီး ဒီလို မပင်မပန်းနဲ့ ပိုက်ဆံရတဲ့ အလုပ်အပေါ်ပဲ စွဲမြဲသွားလိမ့်မယ်လို့ မြင်တယ်။ ကြီးလာရင်လည်း ဒီလိုပဲ တောင်းပြီးပဲ နေထိုင်ကြအုန်းမယ်လို့ပဲမြင်တယ်။

 ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က နေခဲ့ဖူးတဲ့ ရပ်ကွက်ထဲမှာ သူတောင်းစား အမျိုးသမီး (၂)ယောက်ကို သိခဲ့ဖူးတယ်။ တစ်ယောက်က အသက်(၃၀) ဝန်းကျင်လောက်ပဲ ရှိအုန်းမယ်။ သူက သန်သန်မာမာပဲ။ သူတောင်းစားဆိုပြီး အထင်မသေးလိုက်နဲ့။ သူ့ရဲ့ တစ်နေ့တာ ဝင်ငွေက အောက်ထစ် (၅၀၀၀)ကနေ တစ်သောင်းကြားရှိတယ်။ လွန်ခဲတဲ့ (၆) နှစ်လောက်က ဝင်ငွေနော်။ ဘာလို့ သူ့ဝင်ငွေကို ကျွန်တော်သိသလဲဆိုတော့ သူက ညဖက်ဆို ကျွန်တော်တို့ ဆိုင်မှာ တစ်နေ့တာ တောင်းလို့ ရသမျှ အကြွေတွေလာလာ လဲနေကြလေ။

ဒီလို သန်သန်မာမာကြီးနဲ့ ဘယ်လိုတောင်းသလဲ။ လူတွေက ဘာလို့ပေးလဲဆိုတာကို ကျွန်တော် စဉ်းစားလို့ကို မရဘူး။ မေးဖို့ကလဲ စိတ်ထဲ မသန့်တာနဲ့ မမေးဖြစ်တော့ဘူး။ ဒါပေမယ့် သိတော့ အရမ်းသိချင်နေခဲ့တာ။ ဒီလိုနဲ့ တစ်ရက် ညဖက်မှာ မြို့ထဲက သူငယ်ချင်းတွေနဲ့ မြို့ထဲတစ်နေရာမှာ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ အဲဒီအချိန်မှာ လက်ဖက်ရည်ဝိုင်းတွေကို ပိုက်ဆံလိုက်တောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။ သနားပါတယ်။ သူ့ခမျာ အောက်ပိုင်းသေနေလေတော့ ဖိနပ်ကို လက်နှစ်ဖက်မှာစွပ်၊ လက်နှစ်ဖက်ကိုအားပြုပြီး တရွတ်တိုက်ဆွဲပြီး လိုက်တောင်းရတယ်။ ဝိုင်းတိုင်းကလည်း ပေးကြတယ်။ လက်ဖက်ရည်ဆိုင်က ပလက်ဖောင်းပေါ်မှာဆိုတော့ အမှောင်ရိပ်နည်းနည်းကျတယ်။ နည်းနည်းလည်း လှမ်းတော့ လိုက်တောင်းနေတဲ့ အမျိုးသမီးရဲ့ မျက်နှာကို ကောင်းကောင်း မမြင်ရဘူး။ ကျွန်တော့်တို့ ဝိုင်းကိုလည်း ရောက်ရော ကျွန်တော့် သူငယ်ချင်းက ပိုက်ဆံပေးဖို့ အိပ်ကပ်ထဲနှိုက်နေချိန်မှ ကျွန်တော် သူ့ရဲ့ မျက်နှာကို ဘေးတိုက် မြင်လိုက်တာ။

ဟိုက်ရှားဘား . . ဆိုင်မှာ အကြွေလာလာ လဲပေးနေတဲ့ ကျေးဇူးရှင်ပဲကိုး။ သူကတော့ ကျွန်တော့်ကို မမြင်ဘူး။ ဘယ်မြင်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း အိပ်ကပ်ထဲက ခုန်ထွက်လာမယ့် ခြင်္သေ့က ဘာခြင်္သေ့ဖြစ်မလဲဆိုတာကိုပဲ စိတ်ဝင်စားနေတာ။ အဲဒါမှ ကျွန်တော် သဘောပေါက်တော့တယ်။ သြော် .. သူတို့တွေက မရှိလို့ တောင်းစားတာမှ မဟုတ်ပဲ။ အလွယ်တကူ ပိုက်ဆံရနိုင်တဲ့ အဲဒီအကျင့်ဆိုးကြီးကို လွင့်မပစ်နိုင်လောက်အောင်ကို သူတို့ကိုယ်တိုင် မက်မောသွားပြီလေ။ အဲဒီလိုနဲ့ သူတို့ကို သနားစရာကောင်းတဲ့ သူတွေလို့ မမြင်တော့ပဲ လူလိမ်တွေလို့ မြင်မိသွားတယ်။ အဲဒီအချိန်ကတည်းက ကလေးတွေနဲ့ လူလတ်ပိုင်းသန်သန်မာမာတွေတောင်းရင် မပေးဖြစ်တော့ဘူး။

ဘာလို့လဲ ဆိုတော့ မကောင်းတဲ့ အကျင့်ကြီး သွတ်သွင်းခံရတဲ့ သူတို့တွေကို အဲဒီအကျင့် အပေါ် တက်မက်စိတ်ဖြစ်လာအောင် ကျွန်တော် ထပ်ပြီး မရိုက်သွင်းပေးချင်တော့လို့ပဲ။ အသက်ကြီးပိုင်းတွေနဲ့ တကယ့်ကို ဒုက္ခိတလို့ ထင်ရတဲ့သူတွေကိုပဲ ပေးတော့တယ်။ သူတို့တွေကပါ အဲဒီမကောင်းတဲ့ အကျင့်ကြီးကို တက်မက်နေကြတဲ့ လူတွေ၊ တကယ်ဒုက္ခိတမဟုတ်ပဲ လူလိမ်တွေဖြစ်နေမယ်ဆိုရင်ကောလို့ ဆိုလာရင်တော့ . . . သူတို့က အကျင့်ဆိုးကို မက်မောနေရင်တောင် ဘာမှ မလုပ်စားနိုင်တော့တဲ့ သူတွေလို့ထင်လို့ ပေးသင့်တယ်လို့တော့ ကျွန်တော်မြင်တယ်လေ။ လူလိမ်တွေဆိုရင်တော့ သူတို့စိတ်တွေ ဘယ်လောက်ညစ်ပတ်ညစ်ပတ် ကျွန်တော်မိုးတိမ်ရဲ့ စေတနာကတော့ သန့်ပါတယ်လို့ပဲ . . . ။

 (မိုးတိမ်ကဗျာ)