Wednesday, October 16, 2013

ဖြူးမြို့၌ ခေါင်းဖြတ်သတ်သူကို သုံးရက်အကြာတွင် ဖမ်းမိ


အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင် ဖြူးမြို့ ခင်တန်းကြီးကျေးရွာအုပ်စု ပဲခူးရိုးမ တောင်ခြေ သစ်မာစိုက်ခင်းတစ်ခုတွင် အသက် ၅ဝ ကျော် စိုက်ခင်းစောင့် လင်မယားနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူနှစ်ဦးကို အမှုဖြစ်ပြီး သုံးရက်အကြာတွင် ဖြူးမြို့နယ် ကွင်းချောင်းဝရှိ ပျံကျတဲအိမ်စုတစ်ခုတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာအုပ်စု ကျွဲမကူးကျေးရွာနေ ဦးဇော်နိုင်ဦး ဆိုသူသည် ၄င်း၏ နေအိမ်တွင် လာရောက်တည်းခိုနေထိုင်ပြီး ရိုးမတောင်ခြေသစ်မာစိုက်ခင်း တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၅၆ နှစ်အရွယ်ရှိ ဦးဇော်မင်းနှင့် ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်တင်ရွှေ တို့လင်မယားပြန်မလာသဖြင့် ကျွဲမကူး ကျေးရွာ နယ်မြေခံရွာသားအချို့နှင့် အဆိုပါ သစ်မာစိုက်ကွင်းသို့ သွားရောက်ရှာဖွေရာတွင် စိုက်ခင်းစောင့် တဲအနီး မြေကြီးပေါ်၌ ဦးဇော်မင်းကို ခေါင်းပြတ်လျက် အနေအထားဖြင့် (ဦးခေါင်းရှာမတွေ့)ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာဖြင့် လည်းကောင်း၊ ဇနီးဖြစ်သူ ဒေါ်တင်ရွှေကို ဘယ်ဘက်ဝမ်းဗိုက်နံဘေးထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် အူများပွင့်ထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖြူးမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီ ခန့်တွင် ဖြူးမြို့နယ် ကွင်းချောင်းဝတွင် တဲထိုးနေထိုင်ပြီး ငါးရှာဖွေဖမ်းဆီးကာ လုပ်ကိုင်စားသောက်သူ အသက် ၅၃ နှစ်အရွယ် ဦးရဲညွန့်(ခ)ဖထီးနှင့် အတူနေ တပည့်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဦးသိန်းထွန်း(ခ) သံချောင်း ဆိုသူတို့နှစ်ဦးနှင့် အသတ်ခံရသူ လင်မယားနှစ်ဦးတို့ အရက်သေစာ သောက်စားပြီးနောက် စကားပြော အဆင်မပြေဖြစ်ပြီး ရန်ဖြစ်ရာမှတစ်ဆင့် ယင်းကဲ့သို့ ဓားမြှောင်ခုံးဖြင့် ထိုးကာ ဦးခေါင်းကို ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းတာဝန်ရှိသူများနှင့် နယ်မြေခံကျေးရွာ တာဝန်ရှိသူများ ပူးပေါင်းကာ ဖော်ထုတ်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ဖြူးမြို့နယ် အနောက်ဘက် ကွင်းချောင်းဝရှိ လူသတ်မှုကျူးလွန်သူများနေထိုင်ရာ ပျံကျတဲအိမ်များသို့ သွားရောက်ကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဦးရဲညွန့်(ခ) ဖထီးနှင့်အတူနေ တပည့်ဖြစ်သူ ဦးသိန်းထွန်း(ခ) သံချောင်းဆိုသူနှစ်ဦးကို ဖြူးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားပြီး ပျောက်ဆုံးနေသော ဦးခေါင်းကို ရှာဖွေနေဆဲဖြစ်ကာ အောက်တိုဘာ ၁၆ ရက်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား

 ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

"သူက KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။ ဆက်စပ် စစ်ဆေးကြည့်တဲ့အခါမှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက်ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

စောမြင့်လွင်၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ စုံစမ်းမှုများအရ ၎င်းသည် KNU တပ်ဖွဲ့ဝင် မဟုတ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က The Daily Eleven သို့ ပြောကြားသည်။

"ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"ဟု ပဒိုသောသီဘွဲ့က ဆိုသည်။ ထို့အပြင် ယခုဗုံးပေါက်ကွဲရာ နေရာများသည် KNU တပ်ဖွဲ့ဝင်များ အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်သည့် နေရာများ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်းတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင်လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့သူပြောနေတဲ့နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိသိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး . . . . .

"ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရှိဖို့တွေကိုတော့ လိုလို လားလားရှိတယ်ဗျ။ အဲ့လို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်း တသာနဲ့ ကြိုဆိုနေမှာပဲ။ အဲဒီ တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ အားမလိုအားမရ ဖြစ်တာလေးတွေတော့ ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်နေတဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါမှာ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ" ဟု ပဒိုသောသီဘွဲ့က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က "ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့ သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင် ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို ခိုင်လုံတဲ့အထောက်အထားတွေ၊ အပြည့်အစုံ ရရှိနေပါပြီ" ဟု အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့သော ဖြစ်စဉ်များမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုးဆိုသူဖြစ်ပြီး ယင်းအဖွဲ့တွင် ဗိုလ်အဆင့်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

အဆိုပါ နေတိုးဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဗုံးဖောက်ခွဲရာတွင် ယာဉ်မောင်းအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဇော်လတ်မောင် အသက် (၄၂)နှစ် ဗမာ၊ ဗုဒ္ဓဘာသာကိုလည်း အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် ဘီလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

Eleven Media Group

Tuesday, October 15, 2013

မြန်မာနိုင်ငံတွင်ဗုံးကွဲမှုများကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ခရီးစဉ်ဖျက်သိမ်း

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဗုံးပေါက်မှုဖြစ်စဉ်များကြောင့်  ပြည်တွင်းသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ဧည့်သည်များသည် လုံခြုံရေးစိတ်ချမှုမရှိသည့် အကြောင်းပြချက်ဖြင့် ခရီးစဉ်များကို ဖျက်သိမ်းမှု များရှိလာကြောင်းသိရသည်။


ထို့ကြောင့် ခရီးသွားအေဂျင်စီလုပ်ငန်းများ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွာလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဟိုတယ် လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ Ruby Land ခရီးသွားလာရေးအေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးအေးကျော်က ပြောသည်။

အဆိုပါ ဟိုတယ်နှင့် ခရီးသွာလာရေး လုပ်ငန်းဝန်ကြီးဌာနနှင့် ဟိုတယ်လုပ်ငန်းရှင်များ၏ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ (၁၅)ရက်က ရန်ကုန်မြို့ ဝါးတန်းလမ်းပေါ်ရှိ ပန်ဒါဟိုတယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ခုခရီးစဉ်တွေဖျက်ပြီ နိုင်ငံခြားကစိတ်ပူပြီး မလာတော့ဘူး သူတို့ငွေပြန်ပေးပါ တောင်းနေပြီ ပြန်ပေးရတော့မယ် ဒီလိုအခြေအနေမျိုးမှာ ပြန်ကိုပေးရမယ် ဟိုတယ်တွေကိုဒီငွေတွေကို ပေးပြီးပြီ ဟိုတယ်တွေကဒီငွေတွေကို ပြန်အမ်းပေးဖို့အရေးကြီးတယ် air line တွေကလည်း လက်မှတ်တွေ ဝယ်ထားတော့ ဒီငွေတွေကိုလဲ ပြန်အမ်းပေးရမယ် မဟုတ်ရင် ခရီးသွားလုပ်ငန်းရှင်တွေအားလုံး ဒီဖြစ်ပျက်မှုကြောင့် နစ်နာဆုံးရှုံးမှုက အဓိကက ခရီးသွားလုပ်ငန်းရှင်တွေအားလုံးခံစားရတော့မယ် တကယ်လို့ ဟိုဘက်ကတောင်းတာကို ကျွန်တော်တို့က ဟိုတယ်ကပြန်မပေးလို့ မပေးဘူးဆိုရင်လည်း နိုင်ငံရဲ့သိက္ခာကျတယ်” ဟု  ဦးအေးကျော်ကပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားဧည့်သည်များမှ ခရီးစဉ်ဖျက်သိမ်းမှု အရေးအတွက်အား တိတိကျကျပြော၍မရသေးကြောင်း ဦးအေးကျော်က ဆက်လက်ဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီးမှ အဆိုပါ ခရီးသွားလာရေးအေဂျင်စီလုပ်ကိုင်နေသူများ၏ တောင်းဆိုချက်များကို မည်သည့်အချိန်အတိုင်းအတာဖြင့် မည်သို့ဖြေရှင်းပေးမည်ဟု အတိအလင်း ပြောသွား ခြင်းမရှိဘဲ ဖြေရှင်းပေးမည်ဟုသာ ပြောဆိုသွားသည်။

“အားလုံးကို ပြေလည်အောင်ဖြေရှင်းပါမယ် အရေးကြီးတာကဖြေရှင်းဖို့ပဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုရှာမယ် ကျွန်တော်တို့က အားလုံးကိုပြေလည်အောင်ဖြေရှင်းပေးပါမယ်” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။ှ

ပြည်တွင်းမငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ခရီးသွားလာရေးအေဂျင်စီများ ကြုံတွေ့နေရသည့် အခက်အခဲများကို အစိုးရအနေဖြင့် ဖြေရှင်းပေးပါမည်ဟု ပြောနေရုံနှင့်မရဘဲ တိုက်ရိုက်ညွှန်ကြားချက်ထုတ်ပြန်၍ ဖြေရှင်းပေရန် လိုကြောင်း ခရီးသွားလာရေးအေဂျင်စီလုပ်ကိုင်နေသူများက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ အစရှိသည့်မြို့များတွင် အောက်တိုဘာ(၉)ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့ထိ ဗုံးပေါက်ကွဲမှုဖြစ်စဉ် (၆)ခုဖြစ်ပွားခဲ့ပြီး တားဆီးနိုင်ခဲ့သည့် အမှုမှာ (၅)မှု ရှိကြောင်း သိရသည်။

Myitmakha

[ Myanmar Tourism ကတော့ဒီနှစ်လည်း နာမည်ကြီးထမင်းငတ်ကိန်း ဆိုက်ပြန်တော့မယ် ]

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက် လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန် ***

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေးစာတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိရှိကြရန်နှင့် အဆိုပါ ပေါက်ကွဲမှုများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ် မရှိသော်လည်း လူစည်ကားရာ ဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်ကြရန် အဆိုပါ သတိပေးစာတွင် တိုက်တွန်းထားသည်။

ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ် ကိစ္စရပ်များအား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရာမှ ပြောင်းရွှေ့ကြရန် အမေရိကန် သံရုံးက အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး ၀န်ဆောင်မှုဖြစ်သည့် Smart Traveler Enrollment Program (SETP) တွင် www.Travel. State.Gov မှတစ်ဆင့် စာရင်းပေးသွင်းသင့်ကြောင်း ပြောကြားထားပြီး အင်တာနက် အသုံးပြုရန် ခက်ခဲပါက နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် စာရင်းပေးသွင်းရန် တိုက်တွန်းထားသည်။

အဆိုပါ သတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

Eleven Media Group

ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေ

"မုံရွာမြို့သို့အဝေးသင်တက္ကသိုလ်ကျောင်းသား/သူ များ စာမေးပွဲဖြေရန် အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေသည် ဟု ဆေးအရောင်းဆိုင်မှ ၀န်ထမ်းတစ်ဦး မှ ပြောဆို "

မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြ ရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးတွေ အများဆုံးရောင်းချရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေး တစ်ဦး မှ သလ္လာဝတီတိုင်းမ်ကိုပြောကြားခဲ့ပါသည်။

" ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည် တည် ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။ အ၀ယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။

တစ်ခါတစ်လေ ကျောင်းသူ ရော ကျောင်းသားပါ အတူတူလာဝယ်ကြ တာတွေ ရှိတယ်။အဲဒီလို စုံတွဲလာပြီဆိုရင်တော့ ပဋိသန္ဓေတားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

Credit > ThanLarWaddy Times