Wednesday, November 6, 2013

မြန်မာပြည်က ဒရိုင်ဘာကင်မ်



လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ ဆံပင်ရှည်ရှည် သနပ်ခါးထူထူ လိမ်းကျံထားသည့် အသားခပ်ညိုညို အမျိုးသမီးဖြစ်နေ၍ ရုတ်တရက်အံ့သြစရာပင်ဖြစ်သည်။

သူက “ကျွန်မ တက္ကစီဆွဲနေတာပါ။ ဘယ်သွားချင်လို့ပါလဲ”ဟု ခပ်ပြုံးပြုံးမေးလာသည်။ ၎င်းမှာ ကိုယ်တိုင်ကိုယ်ကျ တက္ကစီမောင်းနှင်သည့်အလုပ်ဖြင့် အသက်မွေးနေသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းပင်။

သွားမည့်နေရာကို ပြောလိုက်သည့်အခါ (ကက/၈၈၉၉) နံပါတ်ဖြင့် Corona Van အဖြူရောင် ကားဟောင်းလေး မောင်းနှင်နေသည့် ဒေါ်ဌေးဌေးဝင်းက “ဘယ်လောက်မှန်းထားပါသလဲ”ဟု ဆက်မေးလာသည်။ ထို့နောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ရန် ဂီယာကို စထိုးလိုက်သည်။

အမျိုးသမီးများကားမောင်းခြင်းမှာ မဆန်းလှပါ။ သို့သော် မြန်မာနိုင်ငံတွင် အမျိုးသမီးများ တက္ကစီမောင်းနှင်ခြင်းမှာ မကြုံဖူးသူအတွက် ထူးဆန်းပါလိမ့်မည်။ ရန်ကုန်မြို့တွင် အမျိုးသမီးအငှားယာဉ်မောင်းနှင်သူ ငါးဦးခန့်ရှိသည်ဟု တက္ကစီသမားများက ပြောကြသည်။ ဒေါ်ဌေးဌေးဝင်းသည် ထိုအရေအတွက်တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

သားနှစ်ယောက်မိခင် ဒေါ်ဌေးဌေးဝင်းသည် တက္ကစီမောင်းနှင်သည့်အလုပ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပါသည်။ ညိုမောင်းသည့်အသားအရေကို သနပ်ခါးထူထူလိမ်းထားပြီး နေလောင်ဒဏ်ခံနိုင်ရန် ရှပ်အင်္ကျီတစ်ထည်ကို အပေါ်မှထပ်ဝတ်ထားကာ ဒီဇယ်ကားလေးကို မောင်းနှင်ရင်း ခရီးသည်များကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယောက်ျားသားများနှင့် ရင်ပေါင်တန်းကာ နေလောင်ဒဏ်ကို အန်တုလျက် မြို့ပြ၏ မွန်းကျပ်သည့်ဘ၀ထဲ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်နေသည့် ဒေါ်ဌေးဌေးဝင်းကို လိုက်ပါစီးနင်းဖူးသူ ခရီးသည်တိုင်းက ချစ်ခင်လေးစားကြသည်။

တက္ကစီစတင်မောင်းစဉ်က မီးပွိုင့်တွင်ရပ်လျှင် အနီးအနားကားများပေါ်မှ အထူးအဆန်းအံ့သြကြည့်များကို သိပ်မခံနိုင်ဘဲ မျက်နှာလွှဲထားမိသည်ဟု သူကပြောသည်။ ယခုအခါတော့ မည်သည့်နေရာရောက်ရောက် မျက်နှာပူစိတ်မရှိတော့ဘဲ နေသားကျသွားခဲ့ပြီဟုဆိုသည်။

နံနက် ၃ နာရီထိုးလျှင် ဒေါ်ဌေးဌေးဝင်း အိပ်ရာမှနိုးပါပြီ။

တစ်နာရီခွဲခန့် ပဋ္ဌာန်းရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းတို့ကို ပြုလုပ်ပြီးပါက ကားကို အိမ်မှထုတ်ပါသည်။ လမ်းထိပ်တွင် ရောင်းချသည့် အသုပ်တစ်ပွဲကို စားသောက်ပြီးလျှင် ပေါင်မုန့်ထုပ်နှင့် ရေဘူးကို ကားပေါ်တင်လျက် ဂီယာကို စထိုးလိုက်ခြင်းအားဖြင့် ၎င်း၏ နံနက်ပိုင်းအလုပ်ချိန်ကို စတင်လိုက်ပါသည်။ မည်သည့်နေရာတွင်မှ ဂိတ်မထိုးဘဲ မောင်းရင်းနှင့်ရရှိလာသည့် ခရီးသည်ကို ၀န်ဆောင်မှုပေးတော့မည်ဖြစ်သည်။

နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် မိမိသတ်မှတ်ထားသည့် ငွေတစ်သောင်းခွဲခန့်ရရှိပါက အိမ်သို့ပြန်ကာ အသက် ၂၁ နှစ်အရွယ် ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရထားသူ သားအကြီး ဈေးမှဝယ်ယူပေးထားသည့် ဟင်းလျာအချို့ကို ချက်ပြုတ်ရဦးမည်ဖြစ်သည်။ ထမင်းစားသောက်ပြီးပါက ခေတ္တအနားယူပြီး နေ့လယ်သုံးနာရီခွဲခန့်တွင် ၎င်း၏ညနေပိုင်းအလုပ်ချိန်ကို ပြန်လည်စတင်လိမ့်မည် ဖြစ်သည်။ ည ၇ နာရီခန့်အထိ တက္ကစီမောင်းနှင်ပြီးပါက ဒေါ်ဌေးဌေးဝင်း၏ တစ်နေ့တာအလုပ်ချိန် ပြီးဆုံးပါပြီ။

တက္ကစီတားမည့် ခရီးသည်တိုင်းသည် ဒေါ်ဌေးဌေးဝင်း ကားရပ်ပြီးမေးမြန်းပါက ရုတ်တရက် အံ့အားသင့်သွားလေ့ရှိသည်။ တချို့က ချက်ချင်းမယုံကြပေ။ ထို့ ကြောင့် ၎င်းက မိမိကိုယ်ကို အရင်မိတ်ဆက်၍ တက္ကစီမောင်းနှင်နေခြင်းဖြစ်ကြောင်း ဦးစွာပြောရလေ့ရှိသည်။ သို့တိုင် တချို့ခရီးသည်က “ရှေ့ခန်းမှာထိုင်လို့ဖြစ်ရဲ့လား”ဟု မေးတတ်ပါသေးသည်။ ထိုအခါ ဒေါ်ဌေးဌေးဝင်းက “ကျွန်မ တက္ကစီမောင်းနေတာပါ။ ဘာမှမဖြစ်ပါဘူး။ ကျွန်မကို စိတ်ထဲမထားပါနဲ့။ စိတ်ချလက်ချစီးပါ”ဟု ပြန်ဖြေရသည်။

၎င်းမောင်းနှင်သည့်ကားက အပ်နှံရမည်ဖြစ်သော်လည်း ထပ်လိုက်ရမည့်စရိတ် မတတ်နိုင်သေးပါဟု သူကပြောသည်။ ဒေါ်ဌေးဌေးဝင်းသည် ယခင်က ကာကွယ်ရေးဝန်ကြီးဌာန (ငွေစာရင်းရုံး)မှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း ယင်းဌာနမှ ဦးစီးအရာရှိတစ်ဦးဖြစ်သည်။ ရုံးဝန်ထမ်းအဖြစ် ၁၉၈၆ တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။ ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် အင်္ကျီချုပ်သည့်အလုပ်ကိုလည်း လုပ်ခဲ့သည်။၂၀၀၁ ခုနှစ်တွင် စီအင်န်ဂျီကားတစ်စီးကို သူတို့ပိုင်ဆိုင်ခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်၂၀၀၉ ခုနှစ်တွင် အိမ်ထောင်ရေးပြိုကွဲသွားခဲ့ပြီး အမျိုးသားမှာလည်း ပြီးခဲ့သည့်ခုနစ်လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်သည်။

“အမျိုးသားဆီက ဘာတစ်ခုမှ အကျိုးမခံစားဖူးဘူး”ဟု သူကပြောသည်။ ထိုစဉ်ကတည်းက သားနှစ်ဦး၏ ပညာရေးနှင့် မိသားစုစားဝတ်နေရေးကို ဒေါ်ဌေးဌေးဝင်း တစ်ဦးတည်း ဒိုင်ခံရုန်းကန်ခဲ့ရသည်။

သို့ပေမဲ့ ဒေါ်ဌေးဌေးဝင်းက သူ့အမျိုးသားနှင့်ပတ်သက်သည့် အချက်အလက်များကို ဘယ်တော့မှမမေ့။ “၁၉၉၁ ခုနှစ် နိုဝင်ဘာ ၂ ရက်မှာ အိမ်ထောင်ကျတယ်။ အမျိုးသားကတော့ ၂၀၁၃ မတ်လ ၃၁ ရက်မှာ ဆုံးသွားပါပြီ”ဟု သူကဆိုသည်။ ယခုတော့ သားကြီးဖြစ်သူက ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရရှိထားပြီး သင်္ဘောတက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

သားငယ်ဖြစ်သူကတော့ နည်းပညာတက္ကသိုလ် ဂျီတီစီပထမနှစ် တက်ရောက်နေပြီဖြစ်သည်။

ရုံးအလုပ်မှ ပင်စင်ယူလိုက်စဉ်က ရှိသည့်စီအင်န်ဂျီကားလေးကို ဒရိုင်ဘာအငှားချထားခဲ့သည်။ ထိုယာဉ်မောင်းက ညနေပိုင်းတွင် ခပ်စောစော အလုပ်သိမ်းတတ်သည်။ ထိုအခါ ကားမောင်းတတ်နေသည့် ဒေါ်ဌေးဌေးဝင်းက ကားဖြင့် အနီးအနားသို့ ဈေးဝယ်ထွက်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ တက္ကစီဆိုင်းဘုတ်တပ်ထားသည့် ကားဖြစ်သောကြောင့် မသိသူတချို့က ကားကိုလက်ပြတားတတ်သည်။ သူကလည်း လမ်းကြုံလျှင် လိုက်ပို့လေ့ရှိသည်။ နောက်ပိုင်းတွင် စီအင်န်ဂျီကားလေးကို ၆၅ သိန်းဖြင့် ရောင်းထုတ်လိုက်ပြီး ယခုမောင်းနေသည့် Corona Van ကားလေးကို ၀ယ်ယူခဲ့သည်။

“ကျွန်မအနေနဲ့ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်မယ်ဆိုရင်တောင် တစ်လကို တစ်သိန်းလောက်ပဲရနိုင်မယ်။ တက္ကစီမောင်းရင် တစ်နေ့ကို အနည်းဆုံးခုနစ်ထောင်ဆိုရင် တစ်လကို နှစ်သိန်းလောက်ရနိုင်မယ်ဆိုပြီး ကိုယ်တိုင်ကားမောင်းဖြစ်ခဲ့တာပါ”ဟု သူကရှင်းပြသည်။

သူမောင်းသည့်ကားကို စီးဖူးသူတိုင်းက သူ့ဘ၀ကို စိတ်ဝင်တစားမေးမြန်းလေ့ရှိကြသည်။ သူ့ကားကိုစီးဖူးသူတိုင်းကို သူက မှတ်မိလေ့ရှိသည်။ “အစ်မကားကို ငှားစီးတဲ့သူတိုင်းက အစ်မနဲ့ နှစ်ကြိမ်ပြန်ဆုံတတ်တယ်။ ထူးထူးဆန်းဆန်းပါ”ဟု သူကပြောသည်။ အမျိုးသမီးဖြစ်သည့်အတွက် ညဘက် ၇ နာရီခန့်အချိန် ခရီးသည်ပို့ဆောင်ရလျှင် ရပ်ကွက်လမ်းများအထိ မ၀င်ပေးဘဲ နီးစပ်ရာလမ်းမကြီးပေါ်တွင် ချထားပေးသည်ဟုလည်း သိရသည်။

လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်နေသည့် ဒေါ်ဌေးဌေးဝင်း၏မျက်နှာပေါ်တွင် တက်ကြွသည့်ဟန်ပန်နှင့် ခိုင်မာသည့်စိတ်ဓာတ်ကို မြင်ရသည်။ သွက်သွက်လက်လက်နှင့် ပြတ်ပြတ်သားသား စကားပြောတတ်ပြီး သားနှစ်ယောက်အပေါ်တွင်လည်း ကြီးမားသည့်ရည်မှန်းချက် ထားရှိသည်ကို တွေ့ရသည်။

သားအကြီးဖြစ်သူ သင်္ဘောတက်၍ အဆင်ပြေသည့်အချိန်တွင် တက္ကစီမောင်းနှင်ခြင်းကို အချိန်ပိုင်းသာလုပ်ပြီး အနားယူမည်ဟု သူကစိတ်ကူးထားသည်။ သို့သော်လည်း ဒေါ်ဌေးဌေးဝင်းတစ်ယောက် တက္ကစီယာဉ်မောင်းဘ၀မှ တော်ရုံနှင့်အနားယူမည့်ပုံမပေါ်။

“ယောက်ျားလေးတွေ မွေးထားတဲ့အတွက် သိပ်အားကိုးမရနိုင်ဘူး။ တတ်နိုင်သလောက်တော့ ရှာရမယ်လို့ အစ်မကားကိုငှားစီးဖူးတဲ့ အမျိုးသမီးကြီးတစ်ယောက်က အကြံပေးဖူးတယ်။ နားလို့တော့ရမယ်မထင်ပါဘူး။ စွမ်းဆောင်နိုင်သလောက်တော့ လုပ်မယ်လို့ စဉ်းစားထားတယ်”ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က အမျိုးသားများသာ လုပ်ကိုင်ကြသည့် လုပ်ငန်းခွင်အချို့ကို အမျိုးသမီးများ ၀င်ရောက်လာကြပါပြီ။ ၂၁ ရာစုတွင် အမျိုးသမီးတိုင်းသည် အိမ်ထောင်ရှင်မတာဝန်ကိုသာ မထမ်းဆောင်ကြတော့ပါ။ အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းလျက် ဖြတ်သန်းနေကြပြီဖြစ်ပါသည်။

အမျိုးသမီးယာဉ်နောက်လိုက်များ ပေါ်လာပါပြီ။ အမျိုးသမီးလေယာဉ်မှူးများ ပေါ်လာပါပြီ။ အမျိုးသမီးရေကြောင်းပညာရှင်များ ပေါ်လာပါပြီ။ အမျိုးသမီးစစ်ဗိုလ်များ ပေါ်လာပါပြီ။ အမျိုးသမီးအဝေးပြေးယာဉ်မောင်းများ ပေါ်လာပါပြီ။ ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်အတွင်း ယောက်ျားသားများနှင့် ရင်ပေါင်တန်းလျက် ဆိုက်ကားနင်းနေသည့် ဒေါ်ခင်နှင်းစိုးက ဥပမာဖြစ်ပါသည်။

အိမ်ရှိ အလုပ်လုပ်နိုင်သည့်သူ အကုန်အလုပ်ထွက်လုပ်ပါမှ စားဝတ်နေရေး အဆင်ပြေနိုင်မည့်အခြေအနေများတွင် အိမ်ရှင်မများလည်း အ၀တ်လျှော်၊ ထမင်းချက် သီးသန့်လုပ်နေ၍ မရတော့ပါ။

“အမျိုးသမီးတွေအိမ်မှာ ယောက်ျားလုပ်စာထိုင်စားနိုင်လောက်တဲ့ ခေတ်မဟုတ်တော့ဘူး။ နောက်တစ်ခုက အမျိုးသမီးတွေရဲ့ ဘ၀ရုန်းကန်မှုပုံသဏ္ဍာန်က ခေတ်အပေါ်မူတည်ပြီး ပြောင်းလဲလာရတယ်။ ပိုပင်ပန်းလာတယ်လို့ တချို့ကပြောပေမဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းလုပ်လာနိုင်တော့ အရင်လို အိမ်တွင်းပုန်းအနှိမ်ခံဘ၀က ပိုလွတ်မြောက်လာတာပေါ့”ဟု အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်သည့် မအိမ့်ခိုင်ဦးကသုံးသပ်သည်။

အမျိုးသားတက္ကစီယာဉ်မောင်းများကတော့ အမျိုးသမီးတချို့ တက္ကစီမောင်းနှင်နေသည့်အပေါ် ချီးကျူးကြသည်။ “တစ်ခါတလေ လမ်းမှာ ပါစင်ဂျာလိုက်ပို့ရင်း ကြုံဖူးတယ်။ အသက်ငါးဆယ်ကျော်လောက်ရှိပြီ။ အမျိုးသမီးကြီး။ မျက်မှန်အနက်တပ်ထားတယ်။ အစကမသိဘူး။ ရှေ့ကမောင်းတာနှေးနေလို့ အော်ပြီးကလိမလို့ ကျော်တက်လိုက်တာ။ သေချာကြည့်မှ အမျိုးသမီးဖြစ်နေလို့ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ ဆက်မောင်းလာရတယ်”ဟု တက္ကစီသမားတစ်ဦးကပြောပြသည်။

ဒေါ်ဌေးဌေးဝင်းကတော့ သူ့လိုပင် တက္ကစီမောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းမှာ တစ်ကြိမ်ဆုံဖူးသည်ဟု မှတ်မှတ်ရရဆိုသည်။

“လသာမီးပွိုင့်မှာ ကားပိတ်နေတုန်း ပရိုဘောက်စ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက် ဘေးမှာဆုံဖူးတယ်။ သူရော၊ ကိုယ်ပါ ခရီးသည်ပါတယ်။ သူလည်း ကိုယ့်ကိုတွေ့တော့ လက်မထောင်ပြသွားတယ်။ အရင်က ကိုယ့်ဝမ်းရေးအတွက် တက္ကစီမောင်းနေပေမယ့် သိမ်ငယ်သလိုခံစားရတယ်။ အဲဒီအချိန်ကစပြီး သူလက်မထောင်ပြတာမြင်တော့ ငါ့လိုလူမျိုးရှိသေးပါလားဆိုပြီး အားတက်လာတယ်”ဟု ပြောပြသည်။

တက္ကစီမောင်းနှင်လာသည့်တစ်လျှောက်လုံး ယာဉ်အထိအခိုက်လုံးဝမရှိသေးဟု ဂုဏ်ယူဝင့်ကြွားစွာပြောသည့် ဒေါ်ဌေးဌေးဝင်းတစ်ယောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ပြီးသည်နှင့် နောက်ထပ်ခရီးသည်ကို တင်ဆောင်ရန် ဂီယာထိုး၍ ဆက်လက်မောင်းနှင်သွားလေသည်။

လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ အမျိုးသမီးတစ်ဦးဖြစ်နေပါက မအံ့သြပါနှင့်။

ရန်ကုန်မြို့လမ်းမများပေါ်တွင် ဒေါ်ဌေးဌေးဝင်းကဲ့သို့ ကြံ့ကြံ့ခံရင်ဆိုင်နေသည့် အမျိုးသမီးတချို့ တက္ကစီမောင်းနေပါသည်။

ရေးသားသူ- ဥက္ကာကိုကို

7Day News Journal

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား



မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။

“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။

ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။

အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။

“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။

ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်းတွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကို မသိရှိကြောင်း တာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆို သည်။

ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတ၀ိုက် ဒေသများကလည်း အလွန်ရိုသေလေးစား ကြည်ညိုကြကြောင်း သိရသည်။

“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ၀မ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြောဆိုသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြော သည်။

“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီသမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။

ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင် မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦက၀ိ ၏ ရုပ်ကလာပ် အပါအ၀င် ဖြစ်သည်။

CREDIT: IRRAWADDY NEWS

မိုးသီးဇွန် လွှတ်တော်ခေါ်ပြီ


ဗကသ အထွေထွေအတွင်းရေးမှူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ABSDF ဥက္ကဋ္ဌ စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားခဲ့သူ အမေရိ ကန်နိုင်ငံ ကိုလံ ဘီယာ တက္ကသိုလ်မှ နိုင်ငံတကာ ဆက် ဆံရေးပညာ မဟာဝိဇ္ဇာဘွဲ့ရခဲ့သူ ဦးမိုး သီးဇွန်က ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် တော် ဝင် နှင်းဆီခန်းမ၌ Alternative Parliament လွှတ်တော်ကို ခေါ်ယူလိုက် ပြီဖြစ် ကြောင်း ဟောပြောခဲ့သည်။

”နိုင်ငံတော် အာဏာအပြောင်းအ လဲမှာ ငွေထုပ်ရတဲ့သူရ၊ ကုလားထိုင်ရ တဲ့သူရ၊ သေနတ်ရတဲ့သူ ရသွား ကြတယ်။ ပြည်သူလူထုကတော့ ဘာမှ မရ ဘူး။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဘဏ်ချေးငွေအတိုးနှုန်း ၁၄ ရာခိုင်နှုန်း ရယ်၊ မြေမဲ့ ယာမဲ့ ၅ဝ ရာခိုင်နှုန်းရယ်၊ အလုပ်လက်မဲ့နှုန်း ၃၇ ရာခိုင်နှုန်းရယ် ကိုပဲ ပြည်သူက ခါးစည်း ခံနေကြရတယ်”ဟု ဦးမိုးသီးဇွန်က ပြောသည်။

ထို့ နောက် ပညာရှင်လွတ်လပ်ခွင့်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ပညာရေး စနစ်ပြောင်းလဲရေး၊ အတု အယောင် သမိုင်းသင်ကြားမှု ရပ်ဆိုင်းရေး စသည် တို့ကို တက်ေ ရာက်လာသူများက ဆွေး နွေးကြသည်။ ဤအခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားကြီးများ၊ ပညာရှင်များ၊ လယ်သမားအလုပ်သမား ကိုယ်စား လှယ်များ၊ လူမှုအဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ တက် ရောက်ကြသည်။

ဤလွှတ်တော်ကို လစဉ်ခေါ်ယူ သွားရန် စီစဉ်ထားပြီး အခြေခံ ဥပဒေပြဿနာ၊ မြေယာပြဿနာ၊ ခရိုနီ ပြဿနာ၊ အလုပ်အကိုင်ပြဿနာ၊ အုပ်ချုပ် ရေး ပြုပြင်ပြောင်းလဲမှု၊ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းမှု၊ တိုင်းရင်းသား လူမျိုးများကိစ္စ၊ ပညာရေး၊ကျန်းမာရေး၊ ကိစ္စရပ်များကို ဝိုင်းဝန်းတင်ပြဆွေးနွေး ကြကာ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ပြည်သူများသို့ တင် ပြပြီး အခွင့်အရေးများ တောင်းဆို သွား မည်ဖြစ်ကြောင်း သိရသည်။

”ဒီလွှတ်တော်က လက်ရှိလွှတ် တော်နဲ့ စင်ပြိုင်မဟုတ်ပါဘူး။ လက်ရှိ လွှတ်တော်မှာ မဆွေးနွေးဖြစ်တဲ့၊ အ ကောင်အထည် မပေါ်သေးတဲ့ ပြည်သူ လူထုရဲ့ အဓိက လိုအပ်ချက်တွေကို တောင်းဆို သွားဖို့ပါပဲ”ဟု ဦးမိုးသီးဇွန် က ပြောကြားခဲ့သည်။

Popular Myanmar News Journal

လည်ချောင်းတွင် အရိုးဆူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid  က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke  အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

Health Updates Journal

စိတ်ခံစားမှုတွေကို မြိုသိပ်ပါ များလာတဲ့အခါ


သုတေသနပြုသူတွေရဲ့ အဆိုရ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါများတဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးသွားတွေဟာ ယခင်တုန်းက ကျွန်ုပ်တို့ တွေးထင်ထားတာတွေထက်တောင် ပိုပြီးဆိုးဝါးပါတယ်တဲ့။ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းဟာ ဦးနှောက်ရဲ့အရှေ့ဘက်အခြမ်းက သွေးလှည့်ပတ်မှုနှုန်းတွေကို မြန်လာစေပြီး အဲ့ဒီဖြစ်စဉ်မှာ အကောင်ဘက်မြင်တဲ့ စိတ်လှုပ်ရှားမှုတွေပါ ပါဝင်ပါတယ်။

စိတ်ခံစားမှုတစ်ခုကို မျက်လုံးမှိတ်ကာ အကြာကြီးတွေးတောနေတတ်ခြင်းဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ တကယ်တမ်းတော့ မင်းနေထိုင်ရမယ့် မင်းရဲ့သက်တမ်းထဲက နှစ်အချို့ကိုပါ လာပြီးထိပါး ချင်နေပါပြီ။ တစ်နည်းအားဖြင့်တော့ အသက်တိုစေနိုင်ပါတယ်တဲ့။

နောက်ဆုံးလေ့လာတွေ့ရှိချက်အရ အရွယ်မတိုင်မီ သေဆုံးသူတွေထဲမှာ စိတ်ခံစားမှုအမျိုးမျိုးကို မြိုသိပ်ခံစားတတ်တဲ့သူတွေဟာ သူတို့ ဘာတွေတွေးတောခံစားနေရလဲဆိုတာကို အပွင့်လင်းဆုံး ဖော်ပြတတ်သူတွေထက် ပမာဏ သုံးပုံတစ်ပုံလောက်ပိုများပါတယ်တဲ့။ ဒီလိုမျိုး စိတ်ခံစားမှုရဲ့ ပယောဂကြောင့် သေဆုံးကြသူတွေအထဲမှာမှ နှလုံးရောဂါကြောင့် သေဆုံးရသူတွေဟာ ၄၇ ရာခိုင်နှုန်းလောက် တိုးလာပြီး ကင်ဆာကြောင့် သေဆုံးသူတွေကတော့ ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးလာပါတယ်တဲ့။

သုတေသနပြုသူတွေအနေနဲ့ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုအဖွဲ့ကို ၁၉၉၆ခုနှစ်မှာ လာရောက် အသင်းဝင်ထားတဲ့ ပျှမ်းမျှအသက် ၄၄နှစ်ကြားရှိတဲ့ အမျိုးသား ၊ အမျိုးသမီးပေါင်း ၇၉၆ ဦးကို လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့လာမှုရဲ့ မေးခွန်းမေးတဲ့ကဏ္ဍတစ်ခုမှာ ပါဝင် စမ်းသပ်ခံသူတွေဟာ သူတို့ရဲ့စိတ်ကို ဘယ်လောက်များ ချုပ်တည်းနှိပ်ကွပ်ခဲ့ကြသလဲဆိုတဲ့ မေးခွန်းတွေ ပါဝင်ပါတယ်။ ဥပမာ “ငါစိတ်တိုတဲ့အချိန်တုန်းက လူတွေကိုပေးသိခဲ့လား။ ဒါမှမဟုတ် အခြားသူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် ရွှင်ပြတဲ့ပုံမျိုး ဟန်ဆောင်ခဲ့သလား” စတာတွေပေါ့။

ဒီသုတေသနာကို ၁၂နှစ်အကြာမှာ နောက်တစ်ကြိမ်ပြန်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ(၁၂)နှစ် အတွင်းမှာပါဝင်သူ ၇၉၆ ဦးအနက် (၁၁၁)ဦးဟာ သေဆုံးနေပြီဖြစ်ပါတယ်။ သေဆုံးသူတွေကို ပြန်လေ့လာကြည့်လိုက်တော့ ဆိုခဲ့တဲ့အတိုင်းပဲ မျိုသိပ်ခံစားတတ်သူ ဦးရေတွေက များနေပါတယ်တဲ့။ ဆက်စပ်နေတာတစ်ခုကတော့ အဲ့ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့စိတ်ကို အရက် ၊ စီးကရက် နဲ့ အသင့်စား အစားအစာတွေ အများကြီးစားသုံးခြင်း စတာတွေနဲ့ လှည့်စားထားတတ်ကြပါတယ်။ အဲဒီ အမူအကျင့် တွေဟာလဲ အသက်တိုဖို့ကို အများကြီးထောက်ပံ့ပေးနေသလို ဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ ဖိအားများခြင်းဟာ အနှုတ်သဘောဆောင်တဲ့ အတွေးတွေ၊ မကောင်းမြင်စိတ်တွေကို လွယ်လွယ်ဖြစ်ပေါ်စေပါတယ်။ လွန်ခဲ့ပြီးတဲ့ လေ့လာမှုတစ်ခုရဲ့ ရလဒ်မှာတော့ ဒေါသထွက်ခြင်းက အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေ ၊ ဖိအားတွေကို လျော့ကျသွားစေ ပါတယ်တဲ့။ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းဟာ အပြုသဘော ဆောင်တဲ့အတွေးအမြင်တွေနဲ့ သက်ဆိုင်ပြီး ညာဘက်အခြမ်းကတော့ အနှုတ်သဘောဆောင်တဲ့ အတွေးအမြင် အယူအဆတွေ၊ အကြောက်တရားတွေ ၊ ၀မ်းနည်းမှုတွေနဲ့ သက်ဆိုင်နေပါတယ်။

လန်ဒန်အခြေစိုက် စိတ်ပိုင်းဆိုင်ရာဖောင်ဒေးရှင်းမှ Vola Grandက “ကြာရှည်တွေးတော ခံစားနေမှုကြောင့် ဖြစ်တဲ့ ကင်ဆာဝေဒနာဟာ စိတ်ခံစားမှုအနိမ့်အမြင်တွေကို ဖိနှိပ်ထိန်းချုပ်ထားတာနဲ့ တစ်စိတ်တစ်ဒေသအားဖြင့် သက်ဆိုင်နေပါတယ်”လို့ ဆိုပါတယ်။

ဒီတော့ စာဖတ်သူအနေနဲ့လည်း နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုတွေကို ရင်ဖွင့်ပြဖို့ ၊ တိုင်ပင်ညှိနှိုင်းဖို့ အဖော်ကောင်း တစ်ယောက်လောက်တော့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။

Trend Mynamr