Sunday, November 24, 2013

ရော်ဘာခြံအတွင်း မိသားစုဝင်လေးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေ


ကရင်ပြည်နယ်၊ သံတောင်မြို့နယ် လိပ်သိုမြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာတွင် ရော်ဘာခြံတစ်ခြံအတွင်း သီးခြားနေထိုင်သည့် မိသားစုဝင်လေးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းအား ယင်းဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

““အဖေနဲ့အမေနဲ့ ကလေးနှစ်ယောက်ပါဝင်တဲ့ မိသားစုတစ်စု မီးလောင်ဒဏ်ရာတွေနဲ့  သေဆုံးနေကြောင်း အောက်ခြေကနေ ကြေးနန်းပို့ပါတယ်။ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးဖို့ ညွှန်ကြားထားပါတယ်””ဟု အဆိုပါရဲအရာရှိကပြောသည်။

ယင်းဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ ရက်ညက လိပ်သိုမြို့နယ်ခွဲ မြသာကုန်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ရော်ဘာခြံတစ်ခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်ဦးစီး ဦးစိုးသိန်းအေးနှင့် ၎င်း၏ဇနီးအပြင် အသက် ငါးနှစ်နှင့်လေးနှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း လိပ်သိုမြို့နယ်ရဲစခန်းမှသတင်းရရှိသည်။
““ရော်ဘာခြံတွေက အကျယ်ကြီးတွေဆိုတော့ မီးလောင်သွားတာတောင် ဘေးနားမှာရှိတဲ့ခြံတွေက မသိဘူး။ မနက်ကျမှသိလို့ စခန်းကို သတင်းပို့တာပါ။ သေဆုံးခဲ့တဲ့သူတွေအားလုံး ဆေးရုံကိုပို့ပြီး စစ်ဆေးနေတုန်းပါ””ဟု လိပ်သိုမြို့နယ်ခွဲရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

လိပ်သိုမြို့နယ်ခွဲ ကျမိုင်း ကျေးရွာအုပ်စုတွင် နေထိုင်သူတစ်ဦးက ၎င်းတို့ဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ လှုပ်ရှားနေပြီး မိသားစုဝင်အားလုံး မီးလောင်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို အံ့သြတုန်လှုပ်မိကြောင်း ပြောသည်။
““ကလေးတွေသေတဲ့အပြင် လူကြီးကပါ ကိုယ်လွတ်ရုန်းပြီး မပြေးနိုင်တာကတော့ ပုံမှန်အခြေအနေမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်မိပြီး မိသားစုလိုက်လုပ်ကြံခံရတာလို့ ယူဆပါတယ်။ ဒေသခံရွာသားတွေကတော့ စိုးရိမ်နေကြတယ်””ဟု ပြောသည်။

နိုဝင်ဘာ ၂၁ ရက်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများပြုလုပ်နေပြီး ယခုလောလောဆယ်တွင် သေမှုသေခင်းအမှုဖွင့်ထားကြောင်း လိပ်သိုမြို့နယ်ခွဲရဲစခန်းမှ သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် ကလည်း ရှမ်းပြည်နယ်မြောက် ပိုင်းမူဆယ်မြို့နှင့် ခုနစ်မိုင်အကွာရှိ ဆယ်လန့်ရွာတွင် လက်ဖက်စိုက်ခင်းအတွင်း နေထိုင်သည့် လီဆူးလူမျိုး မိသားစုဝင်သုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး ယင်းအမှုကို မူဆယ်ရဲစခန်းမှ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

7day Daily

နှုတ်ခမ်းတစ်စုံက ဆွဲဆောင်မှု ရှိလာအောင် လိုသလို အသုံးပြုလို့ရတယ်ဆိုတဲ့ မော်လ်ဒယ် ဘေဘီမောင်


My Head - Brain ကို ထိန်း ချုပ်တဲ့နေရာမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ဆွဲဆောင်မှုရှိတဲ့ ဆံပင် တွေကို မွေးဖွားပေးလို့ ဆံပင်ဆိုတဲ့ အရာကိုလည်း မြတ်နိုး ရပါတယ်။

My Brain - လူ့ဘဝအတွက် အရေးပါတဲ့ အရာတော်တော်များ များကို ဆုံးဖြတ်ပေးတဲ့ အရာ တစ်ခု ပေါ့။ ဘဝအတွက် ပြီးပြည့်စုံမှုမှာ လည်း Brain လိုအပ်ပါတယ်။

My Eyes - ဆွဲဆောင်မှုရှိတဲ့ အရာထဲမှာ တစ်ခုပေါ့။ ဒါပေမဲ့ ဘေဘီက မျက်စိအားနည်းတော့ သေသေချာချာလေး ဂရုစိုက်ဖြစ် ပါတယ်။

My Ears - လူ့ဘဝရှင်သန်ဖို့ အတွက် အကြားအာရုံကလည်း မရှိမဖြစ်ပါ။ အကြားအာရုံရှိမှ ဦး နှောက်က ထိန်းချုပ်နိုင်မှာလေ။ ဒါ ကြောင့် နားက မရှိမဖြစ်ပေါ့။

My Nose - ရှင်သန်ဖို့အတွက် နှာခေါင်းဟာ မရှိမဖြစ်လိုအပ်ပါ တယ်။ အနံ့ဆိုးခြင်း၊ ကောင်းခြင်း ကိုလည်း ခွဲခြားဆုံးဖြတ်ပေးပါတယ်။ လှပတဲ့ ခန္ဓာကိုယ်တစ်ခုမှာ နှာ ခေါင်းဟာလည်း အရေးပါတဲ့ အ ရာတစ်ခုပါ။

My Mouth - နှုတ်ခမ်းက လည်း ဆွဲဆောင်မှုအရှိဆုံးထဲမှာ မပါမဖြစ်တဲ့ အရာတစ်ခုပါ။ စား သောက်ပြောဆိုတဲ့နေရာမှာ အသုံး ပြုနိုင်ပြီး ဆွဲဆောင်မှု ရှိလာအောင် လိုသလို အသုံးပြုလို့ရတဲ့ အရာတစ် ခုပါ။

My Teeths - မာကြောတဲ့ အရာ၊ နူးညံ့တဲ့အစားအစာတွေကို သုံးဆောင်တဲ့ နေရာမှာ အသုံးပြု လို့သွားတွေကို ကျေးဇူးတင်ပြီး မြတ် နိုးပါတယ်။ ပြုံးလိုက်တဲ့အခါမှာ လည်း သွားလေးတွေ ဖွေးအောင် ပြုံးပြတတ်ပါတယ်။ ဒါကြောင့်သွား တွေကို အထူးဂရုစိုက် ဖြစ်ပါတယ်။

My Neck - လည်တိုင်လှပ ကြော့ရှင်းအောင် အမြဲဂရုစိုက်ပါ တယ်။ လည်ပင်းကိုလည်း လည် ချောင်းမနာအောင် သတိထားပါ တယ်။ ဘာကြောင့်လဲဆို ဘေဘီက တစ်ခါတစ်ရံဂီတကိုလည်း ဝါသနာ ပါတတ်လို့ပါ။

My Shoulder - ပခုံးက လည်း လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း မှာ မရှိမဖြစ်လိုအပ်တဲ့ အပိုင်းပေါ့။ မြန်မာရင်ဖုံး၊ ပွဲတက်ဂါဝန် အစရှိ တဲ့ ဝတ်စုံဝတ်တဲ့အခါကျရင် ပခုံး လှနေရင် ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလိုပေါ့။ ဒါကြောင့် ပခုံးလေး ကိုလည်း မက်မောပါ တယ်။

My Heart - ပြီးပြည့်စုံတဲ့ ဘ ဝမှာ နှလုံးသားဟာလည်း အရေး ပါတဲ့ အရာတစ်ခုပါပဲ။ နှလုံးသား ဟာ လူတစ်ယောက်ချစ်ဖို့အတွက် တွန်းအားပေးတဲ့ အရာတစ်ခုဖြစ် ပါတယ်။

My Hands - အမှန်တကယ် တော့ လက်ချောင်းတွေ လိုအပ်ပါ တယ်။ အရာဝတ္ထုမှန်သမျှကို ထိ တွေ့ကိုင်တွယ်လို့ရတဲ့အရာတစ်ခု ပေါ့။

My Legs - သွားဖို့၊ လာဖို့ အရေးပါသလို ကိုယ်လိုရာ ခရီးကို အလွယ်တကူမြန်မြန်ဆန်ဆန် အ ထောက်အကူပြုတဲ့ အရာဆိုလည်း မမှားပါဘူး။

My Money - နေရာတိုင်းမှာ ပိုက်ဆံဆိုတာ အရေးပါတဲ့ အရာ တစ်ခုပါ။ ပိုက်ဆံဟာ အရာရာ တိုင်းလိုလို အသုံးပြုနိုင်တဲ့အရာ လည်းဖြစ်ပါတယ်။ ဥပမာပြောရရင် အလှူအတန်းဆိုလည်း ငွေ (ပိုက်ဆံ)နဲ့ လှူဒါန်းလို့ရပါတယ်။

My Work - ဘဝမှာ အလုပ် ရှိမှ ဂုဏ်ရှိမှာပါ။ ဂုဏ်ရှိမှ တင့် တယ်နိုင်မှာပါ။ ဂုဏ်ရှိဖို့ဆိုတာ အ လုပ်ရှိမှ ဖြစ်မှာလေ။ ဒါကြောင့် အလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင် ချင်ပါတယ်။

My Lover - အချစ်ဆိုတာ မရှိမကောင်း ရှိမကောင်းဆိုသလို အချစ်ကို ထားဖို့စဉ်းစားနေပေမယ့် အခုထိတော့ အချစ်ကို စဉ်းစားနေ ဆဲပါပဲ။

My Hobby - သရုပ်ဆောင် အနုပညာ ဂီတ အစရှိတဲ့ အလုပ် တွေကို ခုံမင်ပြီး ဝါသနာကြီးပါ တယ်။ မော်ဒယ်လုပ် ရတာလည်း ဝါသနာပါတယ်။ ဒါကြောင့် အောင် မြင်ကျော်ကြားအောင်ကြိုးစားနေ ပါတယ်။

My Aim - အောင်မြင်ကျော် ကြားပြီး ပရိသတ်ကအားပေးတဲ့ သရုပ်ဆောင်အနုပညာရှင် တစ် ယောက်ဖြစ်ခွင့် ရချင်ပါတယ်။

မိုးထက်ကျော်
From: By 8 Days

Saturday, November 23, 2013

ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း နေပြည်တော်တွင် လူစုလူဝေးဖြစ်မည်ကို ပြည်ထောင်စုဝန်ကြီးစိုးရိမ်


နေပြည်တော်- ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကျင်းပမည့်ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ ပရိသတ်များကို ရထား၊ ကားဖြင့် နေပြည်တော်သို့လာရောက်ရန် စီစဉ်ပေးမည်ဖြစ်သော်လည်း နေပြည်တော်တွင် လူစုလူဝေးကြီးဖြစ်မည်ကိုမူ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက စိုးရိမ်လျက်ရှိသည်။

ထိုကဲ့သို့ စိုးရိမ်စိတ်ကြောင့် ရထားများကို ဘောလုံးပွဲစဉ်နှင့် အချိန်ကိုက်ပြေးဆွဲပေးရန် နိုဝင်ဘာ ၂၂ ရက်က သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီကို မှာကြားသွားခဲ့သည်။ “ဒီမှာသောင်တင်ကျန်ရစ်ခဲ့ရင်တော့ နေပြည်တော်မှာ တော်တော်အန္တရာယ်များသွားနိုင်ပါတယ်”ဟု ဇေယျာသီရိအားကစားရုံတွင် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်နှင့်မန္တလေးမှ ထွက်ခွာလာမည့်ရထားများကို နေပြည်တော်သို့ ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်နာရီခန့်ကြိုတင်ရောက်ရှိရန် အချိန်ကိုက်ဝင်လာရန် လိုအပ်သကဲ့သို့ နေပြည်တော်မှ ပြန်လည်ထွက်ခွာမည့် ရထားများမှာလည်း ဘောလုံးပွဲတွင် အချိန်ပို၊ ပင်နယ်တီများရှိလာနိုင်၍ ပြန်ထွက်ခွာချိန်ကို နာရီနှင့်သတ်မှတ်ခြင်းထက် ပွဲပြီးမှသာ ထွက်ခွာသင့်ကြောင်း ပြောကြားခဲ့သည်။

ပုံမှန်အချိန်သတ်မှတ်ပြီး ထွက်ခွာလျှင် ဘောလုံးပွဲပြီးချိန်နှင့် တိုင်ပင်လွဲပြီး နေပြည်တော်၌ ပရိသတ်များသောင်တင်နေမည်ကို ၀န်ကြီးကစိုးရိမ်ခြင်းဖြစ်သည်။

“သူခိုးကြီးညကလည်း တော်တော်ပျက်စီးသွားတယ်”ဟု ၀န်ကြီးကပြောသည်။

ဆီးမီးဖိုင်နယ်ကို မြန်မာဘောလုံးအသင်း တက်ရောက်မည်ဟု ယုံကြည်ထားသည့်အတွက် ရန်ကုန်နှင့်မန္တလေးမှ ပရိသတ်များလာရောက်အားပေးနိုင်ရန် ရထား၊ ကားများဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်ကြေညာထားသည်။

သို့ရာတွင် ဧည့်သည်ပရိသတ်များနှင့် ဒေသခံပရိသတ်များ စုစည်းမိပြီး အနုတ်သဘောဆောင်သောဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေခြင်းဖြစ်သည်။

7Day

ရွှေပြည်သာ အလုပ်သမားဆန္ဒပြ


ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ E- Land Myanmar အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမား (၉၀၀) လောက် ဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်း ပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ် အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေး အပြည့်အ၀ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ သွားရောက် သတင်းယူထားတဲ့ ကိုစည်သူ က ပြောပြပေးမှာပါ။

ရွှေပြည်သာစက်မှုဇုန်ထဲက E-Land Myanmar အထည်ချုပ်စက်ရုံအလုပ်သမား( ၉၀၀ ) လောက် ဟာ သူတို့ရရှိနေတဲ့ အခြေခံလစာတိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြနေကြတာပါ။ တစ်နေ့လုပ်ခ ၉၀၀ နဲ့ ၁၁၀၀ ကြားပဲရရှိကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခုလိုဆန္ဒပြကြရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။

"အဓိကလိုချင်တာက ကျနော်တို့က အခြေခံလစာနည်းလို့ဖြစ်တာ။ အခြေခံလစာက Basic ဒိဂျစ်နဲ့တွက်ရင် ကျနော်တို့ထဲမှာ အေပေါ့နော် အေ ပလပ်စ် ဆိုတာ တစ်ခုပဲရှိတယ်။ အော်ပရေတာ။ အခြေခံလစာက ၃၂ လောက်ပဲရှိတယ်။ အခြေခံလစာ။ အဲဒါကို နည်းလို့ သုံးသောင်းထပ်တောင်းတာ။ မပေးဘူး။"

စက်ရုံစတင်လည်ပတ်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မပြေလည်တာတွေ သည်းခံခဲ့ပေမဲ့ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးမှု ဘာမှ မရှိတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း အင်ဂျင်နီယာဌာနက ကိုထွန်းထွန်းကျော်က ပြောပါတယ်။

"အရင်တုန်းကလည်း ရှိခဲ့တယ်။ ရှိနေကြတယ်။ ဒါပေမယ့် လူတွေက တစ်ဖြေးဖြေးနဲ့ သီးညည်းခံပြီးတော့ လုပ်လာတာ။ အော်သူတို့တွေ တိုးပေးလာမလား။ ကိုယ်တွေကို ပြန်ပြီးတော့ ပြန်ကြည့်လာမလားဆိုပြီးတော့ သီးညည်းခံနေကြတာပါ။ အခု သူတို့တွေကို ကျနော်တို့တွေတောင်းဆိုတယ်။ ချက်ခြင်းကြီး ကျနော်တို့ အပြင်ထွက်တာလည်း မဟုတ်ပါဘူး။ သူတို့အထဲထဲမှာ အေးအေးဆေးဆေး ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုကတည်းက သူတို့တွေက ဘူးခါခဲ့တာ။"

အခုလိုဆန္ဒပြနေကြတာဟာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းပြန်လည် စတင်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်ရှင်၊အလုပ်သမား ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိုနှိုင်းမှုနဲ့ (၉)ရက်တာ ဆန္ဒပြမှု အောင်မြင်ခဲ့ပြီးကာမှ အလုပ်ရှင်ဖက်က ကတိဖောက်ဖျက်ခဲ့လို့ အခုလိုသပိတ်လှန်ပြီးမှ သပိတ်ပြန်မှောက် ရတာဖြစ်တဲ့အကြောင်း ဆန္ဒပြ အလုပ်သမားတွေ ကပြောပါတယ်။ တောင်းဆို ဆန္ဒပြနေ တာတွေကို လိုက်လျောတဲ့အထိ အစွမ်းကုန် တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။

"ဘယ်လို ဘယ်အခက်အခဲတွေဖြစ်လာပါစေ။ ညီမတို့မိုးတွေရွာတဲ့ ညမှာလည်း မိုးရွာတောထဲမှာ မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲလို ရပ်ခဲ့တယ်။ ရှေ့လျှောက် လာမယ့် အခက်အခဲတွေကိုလည်း ညီမတို့ ဒီသူငယ်ချင်းအားလုံးနဲ့ပဲ လက်တွဲ ပူးပေါင်းပြီးတော့ ရှေ့အထိ ဆက်ချီတက်သွားမှာပါ။ ဘယ် အခက်အခဲတွေပဲ ရှိရှိ။ နောက်ဆုတ် မသွားပါဘူး။ ဒီလို ညီမတို့ကို အောင်မြင်၏။ မအောင်မြင်၏။ မျှော်လင့်ချက်ဆိုတာ မရှိပေမယ့်လည်း ညီမတို့ စိတ်ဓာတ်တွေဟာ နောက်ဆုတ်မသွားဘဲနဲ့ ရှေ့ကိုပဲဆက်ပြီးသွားမှာပါ"

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုရဲ့ လုပ်ခလစာဟာ အလွန် နည်းပါးနေပြီး လူတန်းစေ့နေနိုင်ရေး မဆိုထားနဲ့ အခြေခံ စားဝတ်နေရေးတောင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲနေကြတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမြို့နယ်အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

"တစ်ချိန်တုန်းကကျတော့ ပေါပေါပဲပဲနဲ့ ရသလောက်လေ အဲဒီလို ပိုက်ဆံပေးပြီး ခိုင်းခဲ့တာ မှန်တယ်။ အာဆီယံစံနှုန်းနဲ့ တိုင်းမယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ခလစာ အနည်းဆုံးပါ။ ၉၀၀- ၁၀၀၀ ဆိုတာ ဘယ်မှာမှ မရှိဘူး။ ဒါပေမယ့် တို့နိုင်ငံက လူတွေက လုပ်နေကြရတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ် ပျက်သွားရင် နောက်အလုပ်တစ်ခုရှာဖို့ဆိုတာလေ မရှာချင်ကြတာရယ်။ ဖြစ်ပြီးမှ မထူးတော့ဘူး။ ဒီစက်ရုံဝင်ပြီးမှပဲဆိုပြီးတော့ နှမျောတယ်ပေါ့နော်။ သူ့ရဲ့ လုပ်နေတဲ့ လုပ်သက်နှစ်ကို နှမျောပြီးတော့ နေကြတာပဲ။ တကယ်ဆိုလို့ရှိရင် ဒီ ကျန်တဲ့နေရာတော့မသိဘူး ဒီရွှေပြည်သာကတော့ တော်တော်များ တစ်ချို့ ဘေ့စစ်ကြေးက နှစ်သောင်းခွဲလောက်ပဲရှိတယ်။ အဲဒီလောက်နဲ့ ကုတ်ကပ်ပြီး လုပ်နေကြရတာ။ ဘယ်သူလုပ်နိုင်မလဲ။ အပြင်မှာ နှစ်သောင်းခွဲ ဆိုတာ တစ်ချို့လူတွေတစ်နေ့ တစ်ဝိုင်းစာ မရှိပါဘူး။ အဲတာကို အလုပ်သမားတစ်ယောက်က တစ်လ သူ့ဘဝအတွက်လေ ပေးပြီး လုပ်နေကြရတာ။ အစိုးရအဖွဲ့က ဒါကို ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့နော်။ အမတို့က နွေတုန်းက ဆန္ဒဖော်ထုတ်လိုက်တယ်။ သုံးထောင်ကို တကယ်ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တွန်းအားပေးမှာပါ"

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ အခြေခံလစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စက်ရုံ အလုပ်ရုံတွေကို အလုပ်သမားတွေအတွက် အခြေခံလစာ တိုးမြှင့်ပေးရေး ညွှန်ကြားခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြတာတွေ ပြန်လည်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

VOA

ကြော်ငြာလွန် ဆေးခန်းများ၏ ဓားစာခံအသစ်


ဒေါ်ဖြူဖြူအေး တစ်ယောက် ခွဲစိတ်ခန်းဟု အမည်တပ်ထားသော အခန်းကျဉ်းထဲတွင် နာကျင်မှု ဝေဒနာကို ငရဲပမာ ခံစားနေရသည်။ မျက်စိထဲတွင် ဆေးခန်းကြော်ငြာ စာစောင်ထဲက မနာမကျင် သွေးမထွက်အောင် ၁၀ မိနစ်အတွင်း ခွဲစိတ် ကုသပေးမည် ဆိုသည့် စာသားကို မြင်ယောင်ပြီး အံကြိတ် တောင့်ခံခဲ့သည်။

နယ်က ခရီးသွား ဧည့်သည်မို့ ရန်ကုန်မြို့တွင် ဆေးရုံတက် ကုသချိန် မရသည်က တစ်ကြောင်း၊ လိပ်ခေါင်း ရောဂါကြောင့် အရှက်ရသည်က တစ်ကြောင်းမို့ အစိုးရ ဆေးရုံနှင့် အခြားပုဂ္ဂလိက ဆေးရုံများသို့ မသွားဘဲ အိမ်တိုင်ရာရောက် ကြော်ငြာထားသော လသာမြို့နယ် အတွင်းရှိ ခေတ်မီ ဆေးကုခန်းသို့သာ သွားရောက် ပြသခဲ့သည်။

ဆေးခန်း ရောက်ကတည်းက ဗမာ လူမျိုးဆိုတာ မမြင်ခဲ့ရသလို ဆရာဝန် ဆိုလျှင်လည်း ဆေးခန်းအဝတွင် ချိတ်ဆွဲထားသော ဗမာဆရာဝန် နာမည်ဆိုင်းဘုတ် သုံးခုသာ တွေ့ပြီး ဆေးခန်းထဲတွင် တရုတ်လူမျိုး ဆရာဝန်၊ သူနာပြုများသာ တွေ့ရသည်။

သို့သော် ခွဲစိတ်ခန်းဝင်ချိန်နှင့် ဆရာဝန် ပြချိန်ဆိုပါက ဘာသာပြန်နှင့် အပြန်အလှန် ပြောခွင့်ရသည်။ ကုန်ကျစရိတ်မှာလည်း ဆရာဝန်နှင့် ပြသချိန်က ကျပ် သုံးသိန်းသာ ကုန်ကျမည်ဟု သိထားခဲ့ရ သော်လည်း လက်တွေ့ ခွဲစိတ်ခန်းမှ ထွက်ချိန်တွင်မူ နောက်ဆက်တွဲ ကုသစရိတ်များ ပါဝင်လျှင် စုစုပေါင်း ကျပ် ၁၁ သိန်းခန့် ကုန်ကျမည်ဟု တရုတ်လူမျိုး ဆရာဝန်နှင့် ဘာသာပြန်က ဆိုသည်။

ယခင်က ဆေးခန်းက ဆေးဆက်လက် ကုသရန် တိုက်တွန်းခဲ့သော်လည်း ၎င်း အနေဖြင့် ခွဲစိတ်ပြီး နောက်ဆက်တွဲ ဆေးထည့်ရန်မှာ ကုန်ကျစရိတ် များပြီး ခရီးသွားဧည့်သည် ဖြစ်၍ ငွေကြေး မလုံလောက်ကြောင်း ပြောရာတွင် ပိုက်ဆံ မရှိပါက မကုသနိုင်ကြောင်း ဆေးခန်းက အကြောင်းပြန်သည့် အတွက် အသက် ၄၅ နှစ်အရွယ် လိပ်ခေါင်း ရောဂါသည် ဒေါ်ဖြူဖြူအေး အံ့အားသင့်ခဲ့သည်။
တစ်ဖက်တွင်လည်း ၎င်း ခွဲစိတ်ခဲ့သည့် ခေတ်မီဆေးခန်း တာဝန်ရှိသူများက ဆေးခန်းတွင် ဗမာလူမျိုး ဆရာဝန် လေးဦး ရှိကြောင်း၊ ဆေးကုသ စရိတ်မှာလည်း လူနာ၏ ရောဂါအခြေအနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းမှ ဆယ်သိန်း ဝန်းကျင်အထိ ကုန်ကျကြောင်း The Voice သို့ ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဒေါ်ဖြူဖြူအေး တစ်ယောက် မိမိကဲ့သို့ ရောဂါဝေဒနာရှင် များစွာ ယင်းဆေးခန်းတွင် လာရောက် ကုသနေသည်ကို တွေ့ရသည်။ ၎င်းတို့ထဲတွင် ရန်ကုန်မြို့ နေထိုင်သူများသာမက နယ်ဝေးမှ ရန်ကုန်သို့ လာရောက် ကုသသူများလည်း ရှိကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ် ကုသနေသော အဆိုပါဆေးခန်း အများစုသည် လိင်အင်္ဂါနှင့် ဆက်နွှယ်သော ရောဂါများကို အဓိက ကုသကြပြီး သွားရောက် ကုသကြသူ အများစုမှာ လိပ်ခေါင်း ဝေဒနာရှင်များ ဖြစ်ကြကြောင်း မျက်မြင် ကြုံတွေ့ဖူးသူ အချို့က The Voice သို့ ပြောကြားသည်။

အရှက်အကြောက် ကြီးသော မြန်မာ လူမျိုးများအတွက် လိပ်ခေါင်းရောဂါ ခံစားရလျှင် နီးစပ်ရာ လိုင်စင်ရ မြန်မာ ဆရာဝန်များကို သွားရောက် ပြသမည့်အစား ပုန်းလျှိုး ကွယ်လျှိုး ကုသနေကြသော နိုင်ငံခြားသား ဆရာဝန်များထံ သွားရောက် ကုသခြင်းသည် အသက်အန္တရာယ်အထိ ခြိမ်းခြောက် နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က သတိပေး ပြောကြားသည်။

လိပ်ခေါင်းရောဂါ လက္ခဏာ အချို့မှာ ဝမ်းသွားပါက သွေးပါခြင်း၊ အထိုင်များလျှင် စအိုက နာကျင်ခြင်း၊ စအိုမှ သွေးကြောထုံး အပြင်ထွက်လာခြင်း အပြင် အခါအားလျော်စွာ သွေးကြောထုံးက သွေးထွက်ခြင်းကြောင့် သွေးအားနည်း ရောဂါနှင့် သံဓာတ် ချို့တဲ့ခြင်းတို့ ဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင်က လှုပ်ရှားမှု နည်းသော သက်ကြီးပိုင်းတွင်သာ ဖြစ်သော်လည်း ပြောင်းလဲလာသော နေထိုင်မှု စနစ်ကြောင့် လူငယ်ပိုင်းတွင်လည်း ပိုဖြစ်လာကြကြောင်း ဒေါက်တာသီဟသစ်၏ ပြောကြား ချက်များအရ သိရသည်။

ဒေါ်ဖြူဖြူအေးကလည်း တာချီလိတ်-ရန်ကုန် ခရီးကို အဝေးပြေးကားနှင့်လာစဉ် လိပ်ခေါင်းဝေဒနာ ပိုပြင်းထန်လာသောကြောင့် ၁၀ မိနစ်အတွင်း မနာမကျင် ခွဲစိတ်ပေးမည်ကို ယုံကြည်၍ သွားရောက် ကုသမိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆေးကောင်စီက နိုင်ငံခြားသား လိုင်စင်မဲ့ ဆရာဝန်များ ဆေးကုသမှု ပိုများလာသည့် အတွက် ထုတ်ပြန်ချက် တစ်စောင်ကို ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများက တစ်ဆင့် ထုတ်ပြန် ကြေညာထားသည်။ အဆိုပါ လိုင်စင်မဲ့ ဆေးကုသမှုများကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ငါးနှစ် အပြင် ငွေဒဏ်လည်း ချမှတ်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် တစ်ပါတည်း ဖော်ပြသွားသည်။

သို့သော် လက်တွေ့ အကောင်အထည် ဖော်မှုပိုင်း အားနည်းချက်ကြောင့် လိုင်စင်မဲ့ ဆရာဝန်များ ဆက်လက် ရှိနေသည့် အတွက် လိုင်စင်မဲ့ ဆေးကုသမှုများနှင့် အလွန်အကျွံ ကြော်ငြာသည့် ဆေးကုခန်းများကို တားဆီးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ယခုနှစ် ဇွန်လလယ်ခန့်တွင် ပုဂ္ဂလိက အထူးကုဆေးခန်း ငါးခုခန့်ကို သွားရောက် စစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ စစ်ဆေးမှုတွင် ခေတ်မီ ဆေးကုခန်းလည်း ပါဝင်ကြောင်း ယင်းဆေးခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အစိုးရအဖွဲ့ တာဝန်ရှိသူများက ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင် မရှိသော ဆေးနှင့် ဆေးပစ္စည်းများ စစ်ဆေးခြင်း၊ ဆေးကောင်စီနှင့် တိုင်းရင်းဆေးကောင်စီ မှတ်ပုံတင် ရှိ၊ မရှိ စစ်ဆေးခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း ယခုနှစ် ဇူလိုင်လခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ဆိုသည်။
သို့သော် ယခုအချိန်ထိ ကြော်ငြာလွန်းသော ဆေးကုခန်းများနှင့် လူစည်ကားရာ နေရာများတွင် မနာမကျင် ကုသပေးမည် ဆိုသော လိပ်ခေါင်းရောဂါ ဆေးကုခန်း လက်ကမ်းကြော်ငြာ များစွာ တွေ့ရှိနေရသေးသည်။

ယင်းကြောင့် လိပ်ခေါင်း ဝေဒနာရှင်များ ကိုယ်တိုင် သတိမူကာ လုံခြုံစိတ်ချရပြီး ကျန်းမာရေး ဝန်ကြီးဌာန အာမခံချက်ရှိသော ဆေးကုခန်းများကို ရွေးချယ်သင့်ကြောင်း၊ မိမိကုသမည့် ဆရာဝန်ကိုလည်း လိုင်စင်ရ ပြည်တွင်း၊ ပြည်ပ ဆရာဝန်များ ဟုတ်၊ မဟုတ် စိစစ်ပြီးမှသာ ကုသကြရန် လိုအပ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောဆိုသည်။

ကျန်းမာရေး ကုသစရိတ်ကြီးသော ရန်ကုန်မြို့ကြီးတွင် ဝန်ဆောင်မှု အပြည့်နှင့် ဆေးကုသပေးနေသော ပုဂ္ဂလိက ဆေးကုခန်းများ ရှိသကဲ့သို့ ဝန်ဆောင်မှု လျော့ရဲပြီး လူနာ အသက်အန္တရာယ် အတွက် အာမခံချက် မရှိသော ဆေးခန်း များစွာလည်း ကျန်ရှိနေသေးကြောင်း ဒေါ်ဖြူဖြူအေး၏ ကိုယ်တွေ့ဖြစ်ရပ်က သက်သေခံနေသည်။ ယခုထိလည်း ဒဏ်ရာဆီက တစ်ချက် နာကျင်တိုင်း ဒေါ်ဖြူဖြူအေးတစ်ယောက် ရိုက်စား ဆေးခန်းများအကြောင်း ခါးခါးသီးသီး ထပ်မံ ညည်းညူမိတော့သည်။

“ခွဲစိတ်ခါနီးထိ နားကြပ်နဲ့ တိုင်းတာ တစ်ခုမှ မရှိဘူး။ သွေးပေါင်ချိန် တိုင်းတာလည်း မရှိဘူး။ မတည့်တဲ့ဆေး ဘာညာ မေးတာလည်း တစ်ခုမှ မရှိဘူး...”

ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ရင်း လိပ်ခေါင်းဝေဒနာ ပြင်းထန်လာ သည့်အတွက် ခွဲစိတ်ကုသခဲ့ရသူ တာချီလိတ်မြို့နေ ဒေါ်ဖြူဖြူအေးနှင့် တွေ့ဆုံမေးမြန်းချက် များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဒီဆေးခန်း သွားပြဖြစ်တဲ့ အကြောင်းကို ရှင်းပြပေးပါ။

DPPA : ဆေးခန်းသွားပြတဲ့ နေ့ကတည်းက ကျွန်မ ခရီးသွားရင်းနဲ့ လိပ်ခေါင်း ဖြစ်လို့ အရမ်း ခံစားနေရတယ်။ လေးရက်ရှိပြီး သွေးထွက်တာနဲ့၊ အရမ်းနာကျင်တာနဲ့ ဆေးခန်း လာပြတာပါလို့ ပြောတော့ စာအုပ် လုပ်ရမယ်။ ငါးထောင် (ကျပ်) ကျတယ်တဲ့။ စာအုပ်ဖိုးငါးထောင် ဆိုတော့ စာအုပ် လုပ်လိုက်တယ်။ နောက်တော့ ဆရာဝန်နဲ့ တွေ့ဖို့ ငါးထောင် (ကျပ်) ထပ်ပေးပါတဲ့။ ဆရာဝန် စစ်ဆေးကြည့်မှ ရောဂါအခြေအနေ သိရမယ် ဆိုပြီး ဆရာဝန် လာစစ်တယ်။ အဲဒီမှာ ဆရာဝန်က တရုတ်လူမျိုး။ မြန်မာစကား လုံးဝ မတတ်ဘူး။ ခေါ်သွားတဲ့ ဆရာမလေးက ဗမာလို ဘာသာပြန်ပေးတယ်။ ဆရာက ခွဲစိတ်မှ ရမယ်လို့ ပြောတော့ သူတို့ဘာသာ ပြန်တယ်။ ခြောက်သိန်းကျမယ် ဆိုတော့ ကျွန်မ ပိုက်ဆံ မပါဘူး။ ကျွန်မကို အချိန် တစ်ရက်ပေးပါလို့ ပိုက်ဆံ ရှာရဦးမှာ မို့လို့လို့ ပြောတော့ မနက်ဖြန် လာခွဲနိုင်တယ် ဆိုရင် ဒီနေ့ ဆေးထည့်ပေးလိုက်မယ်၊ သုံးသောင်း ပေးခဲ့တဲ့။ တကယ်လို့ မနက်ဖြန် လာခွဲဖို့ အဆင်ပြေရင် ကြော်ငြာ စာအုပ်လေးလည်း ပါတော့ သုံးသိန်းပဲ ပေးပါ။ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်မယ် ပြောတယ်။ ကျွန်မလည်း နှစ်သိန်းပါလာတော့ ဒီနေ့ ခွဲလို့ရမလား မေးလိုက်တော့။ ရတယ် သုံးသိန်းရရင် အဆင်ပြေတယ် ပြောတယ်။ အဲဒီနေ့ပဲ တစ်ခါတည်း ဖြတ်လိုက်တယ်။

Voice : ခွဲစိတ် ကုသတော့ သူတို့ဘက်က ဘယ်လို ဝန်ဆောင်မှုတွေ ပေးလဲ။

DPPA : ခွဲစိတ်ခါနီးထိ နားကြပ်နဲ့ တိုင်းတာ တစ်ခုမှ မရှိဘူး။ သွေးပေါင်ချိန် တိုင်းတာလည်း မရှိဘူး။ မတည့်တဲ့ဆေး ဘာညာ မေးတာလည်း တစ်ခုမှ မရှိဘူး။ ပိုးသတ်ဆေးပါတဲ့ ဝတ်စုံတွေလည်း လဲပေးတာ မရှိဘဲနဲ့ အခန်းထဲကို ဝင်ခိုင်းပြီး ခွဲမယ် ပြောတယ်။

Voice : အစိုးရဆေးရုံတွေ ရှိရက်နဲ့ ဘာကြောင့် ဒီဆေးခန်းကို ရွေးဖြစ်တာလဲ။

DPPA : ဆေးရုံလည်း မတက်ချင်ဘူး။ နာနာကျင်ကျင် ခွဲစိတ်ရမှာကိုလဲ မခံစားနိုင်ဘူး။ တကယ် ခွဲစိတ်တော့လည်း အင်မတန် နာပါတယ်။ ဒီဆေးခန်း ကြော်ငြာစာအုပ် တွေကလည်း အိမ်တိုင်ရာရောက် လိုက်ကမ်းလှမ်းတာ။ ကိုယ့်လည်း ရောဂါဖြစ်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတော့ တခြားလည်း မေးမြန်းဖို့လည်း ရှက်တယ်လေ။ နာကျင်လွန်းလို့ အရေးပေါ် လက်လှမ်းမီရာကိုပဲ သွားခဲ့ရတာ။

The Voice