Saturday, December 21, 2013
ပျော်ချင်ပေမယ့် ပျက်စေတော့မှာလား Facebook ပေါ်က ကာမစာမျက်နှာများရယ်
ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကိုတင်ဖို့ လက်နည်းနည်းတွန့်နေမိတယ် အဲဒါ နဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားနေတုန်း ငါနဲ့အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကိုရှာတွေ့မိတယ် ဒီပုံကို ဖြုတ်ပေးပါ ဆိုရင် ဓာတ်ပုံပိုင်ရှင်ဆိုသူက အထောက်အထား နဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော် . . .
““ကျွန်မ တစ်ခုလောက် မေးပါရစေဦး။ ရှင်တို့ ယောက်ျားတွေမှာ တကယ် နှာခေါင်းပဲ ရှိတာလား။ နည်းနည်း လေးများ ဦးနှောက်နဲ့ စဉ်းစားမယ်ဆို ဒီအကောင့်ခ်က အလိမ်ကြီးမှန်း အသိသာကြီးပါ။ ဘာတဲ့ သူတို့ကျ ခေါင်းမဟုတ်ဘူးတဲ့ (ကန်တော့ပါရဲ့)။ ကျွန်မတို့ကျ ဇယားတဲ့”” အခုလို ပြောလိုက်သူ ကတော့ မြန်မာလူငယ်များအကြား ရေပန်းစားအသုံးများနေတဲ့ လူမှုကွန်ရက် Facebook ပေါ်မှာ မိမိရဲ့ ဓာတ်ပုံကို အလွဲသုံးစား လုပ်ခံထားရသူတစ်ယောက်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သူမရဲ့ ဓာတ်ပုံကို YGN မှ ဇယားလေးများဆိုတဲ့ နာမည်နဲ့ ကာမဈေးခေါ်တဲ့ Page တစ်ခုမှာ ဓာတ်ပုံ ခိုးယူထားတဲ့ အတွက် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ သူမက ဆက်လက်ပြီး ““ဘာမှန်းမသိဘဲ comment ၀င်ရေးနေတဲ့ လူတွေကိုလည်း အံ့သြတယ်။ ရှင်တို့ ပစ်မှားနေတာ။ အိမ်ထောင်သည်သာဆို ကာမေသုမိစ္ဆာစာရကံ ပဲလေ။ တကယ်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်မှ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့လည်း မိန်းမတစ်ယောက်ကို ဖျက်ဆီးရာ ရောက်တာပါပဲ။ ကျွန်မလဲ ရှက်တယ်။ ကျွန်မနားမှရှိတဲ့လူတိုင်း ကျွန်မ မိန်းမကောင်းလား၊ မိန်းမပျက်လား သိတယ်။ ကျွန်မ မဟုတ်တာ မလုပ်တဲ့ အတွက် ကျွန်မ အကောင့်နာမည်ကို မပြောင်းခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို မနှောင့်ယှက်ကြပါနဲ့။ မြန်မာ ယောက်ျားကောင်းတွေ အနေနဲ့ ဒီအကောင့်ခ်ကို Report လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”” လို့ ဆက်ပြီး ရေးထားပြန်ပါတယ်။ …
ဒီတော့ ဒီလို အမှုကိစ္စတွေက ဘယ်လောက်တောင် များနေပြီလဲ။
မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook သုံးသူ အမျိုးသမီးပေါင်း လေးသိန်းကျော်ရှိပြီး အမျိုးသားဦးရေက ခြောက်သိန်းကျော်ရှိတယ် လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းများက ပြုစုထားတဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် မြန်မာသံတော်ဆင့် သတင်းဌာနရဲ့ လက်လှမ်းမီ သလောက် လေ့လာဆန်းစစ်ချက်တွေ အရဆိုရင် Facebook မှာ ““ကာမ”” လို့ ရိုက်ရှာလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ နာမည်တွေ ၅ ခုထက် မနည်းကျလာမှာ ဖြစ်သလို အင်္ဂလိပ်လို Myanmar Sexy လို့ ရိုက် ရှာလိုက် မယ်ဆိုရင် Group နဲ့ Page တွေ ၁၀ ခုထက်မနည်း တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီ Group တွေ၊ Page တွေမှာ Facebook တစ်ခွင်က မြန်မာအမျိုးသမီးငယ်များရဲ့ ဓာတ်ပုံတွေ၊ အထူးသဖြင့် sexy ဖြစ်အောင် ရိုက်ထားတဲ့ ပုံတွေကို ခွင့်ပြုချက်မရဘဲ နာမည်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့ ဖော်ပြထား ပါတယ်။ ထို့နည်းတူ အဲဒီလို ဖော်ပြခံရတဲ့ သူတွေရဲ့ ဓာတ်ပုံရဲ့ အောက်မှာဆိုရင်လည်း မောင်နှမသားချင်း မသင့်တော်အောင် ရေးသားမှုတွေလည်း ရှိနေပါတယ်။
မာယာရှင်မမလို့ Facebook Page တည်ထောင်ထားသူ တစ်ဦးကတော့ သူရဲ့ Page ပေါ်မှာတင် အခုလိုမျိုး ရေးသားဖော်ပြထားပါတယ်။
““ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကို တင်ဖို့ လက်နဲနဲတွန့်နေမိတယ်။ အဲဒါနဲ့ ဘယ်လို လုပ်ရပါလို့ စဉ်းစားနေတုန်း ငါနဲ့ အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကို ရှာတွေ့မိတယ်။ ဒီပုံကို ဖြုတ်ပေး ပါဆိုရင် ဓာတ်ပုံပိုင်ရှင် ဆိုသူက အထောက်အထားနဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော်။ (အမှန်တကယ် ဒီစာမျက်နှာက +၁၈ ဆန်ဆန် ဖြစ်သွားတာမို့ မကြာခင် ပြန်ဖြုတ်လိုက်ပါမယ်)”” လို့ ရေးသားထားတာဖြစ်ပါတယ်။
ဒီလိုမျိုး Group တွေ၊ Page တွေကို တခုတ်တရ ကြည့်နေတတ်တဲ့ ပုရိသနွယ်ဝင် အမျိုးသားတွေကလည်း ဒုနဲ့ ဒေးပါ။ လူငယ်တွေ အခေါ် ““အာရှီ”” လို့ခေါ်တဲ့ ကာမအသားပေး Group တွေ၊ page တွေကို ကြည့်ကြသလို၊ တခါတရံ ကာမအသားပေး နိုင်ငံခြား အပြာကားတွေကိုလည်း ၀င်ရောက်အားပေးတတ်တယ်လို့ ဆိုပြန်ပါတယ်။
““အဲဒါကြည့်တာ သာယာတာပေါ့။ အဲဒါ ကြည့်နေတဲ့အချိန် Emotion က တခြားဟာနဲ့မှ မတူတာ။ အိမ်မှာ ဆိုရင် လူကြီးတွေနဲ့က အဆင်မပြေဘူးလေ။ ဒါကြောင့် အင်တာနက်ဆိုင်တွေကိုပဲ အားကိုးရတယ်။ ပုံလေး တွေကို ကာမဒါနဆိုတဲ့ Page က တင်ပေးတယ်။ အဲဒါတွေကို like တော့ သွားမလုပ်ရဲဘူး။ ကြည့်တော့ ကြည့်တယ်။ ကိုယ် Like လုပ်လိုက်တဲ့ဟာ ဖော့စ်ဘုတ်မှာ ပေါ်သွားလို့ရှိရင် like မလုပ်ဘူး။ သူတို့ တင်ပေးတဲ့ ပုံမှန်သမျှ ကိုယ့်ရဲ့ New Feed မှာ ပေါ်လာလို့ရှိရင် ကြည့်ဖြစ်တယ်။ ကြည့်ရတာတော့ ကောင်းတယ်။ ဒါပေမဲ့ လူမိသွားရင် ရှက်ဖို့ ကောင်းတယ်။ တချို့ သူငယ်ချင်းတွေဆိုရင် ပုံတွေ ဘာတွေကို ဒေါင်းလုပ်ခ်ဆွဲပြီး သိမ်းထားတာ။ ကျွန်တော့်တို့ အခေါ်အဝေါ်ဆိုရင် အဲဒါကို ““အာရှီ””လို့ ခေါ်တယ်။ တစ်ယောက်က ကြည့်နေပြီ ဆိုရင် ဟာ…ဟိုကောင် ““အာရှီ””တွေ ကြည့်နေပြီ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောကြတာ။ သူငယ်ချင်း အများစုက ဒေါင်းလုပ်ခ်ဆွဲပြီး ဖုန်းထဲကို ထည့်ကြတာ”” ဟု ရန်ကုန်တိုင်း၊ လမ်းမတော်မြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အင်္ဂလိပ်စာအဓိကဖြင့် ပညာသင်ယူနေသူ ကိုမော်ကြီးက မြန်မာသံတော်ဆင့်ကို ပြောလာပါတယ်။
တချို့သော တချို့သော သာမန်မိန်းကလေးတွေကတော့ မိမိအနေနဲ့ ဘယ်နေရာကို ရောက်နေတယ်၊ ဘာတွေ လုပ်နေ တယ်ဆိုသဖြင့် မိမိရဲ့ မိတ်ဆွေတွေကို သိစေလိုဇောနဲ့ ပုံတွေ တင်တာ ရှိပေမယ့် Sexy Post ရယ်လို့ ရည်ရွယ်ပြီး ရိုက်တာ မဟုတ်ကြောင်း၊ ယနေ့ ခေတ်အလိုက် အ၀တ်အစားများကိုက အဲဒီလိုပုံစံတွေ ဖြစ်နေတာ ကြောင့်လို့ ဆိုကြပြန်ပါတယ်။
““ပုံကတော့ ဘားတို့ ဘာတို့ သွားရင် သူငယ်ချင်းတွေနဲ့ ဆုံပြီးတော့ ရိုက်လိုက်တယ်။ ရိုက်ပြီးတော့ ဖော့စ်ဘုတ် မှာ တင်လိုက်တယ်။ မလိုက်ရတဲ့သူတွေကို ကြွားတဲ့အနေနဲ့ ငါတို့ သွားတယ်၊ ဘာညာနဲ့ တင်တာ။ နောက်ပြီး အ၀တ်အစားကတော့ sexy ပုံစံဖြစ်အောင် ၀တ်ပြီး ရိုက်တာတော့ မရှိဘူး။ ဒီလိုမျိုးဖြစ်အောင်လည်း ရိုက်ပြီး တင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုခေတ် အ၀တ်အစားတွေနဲ့ ကျမတို့ နေ့စဉ်ဝတ်လေ့ဝတ်ထရှိတဲ့ အ၀တ်တွေ ကိုက ဘောင်းဘီအတို၊ စကပ်အတိုလေးတွေက နေ့စဉ်ဝတ်နေကျလေ။ အဲဒါကို သူများတွေက sexy post ဆိုပြီး ပြောနေကြတာ”” ဟု အသက် ၁၉ အရွယ် တာမွေသူ မသူဇာ (အမည်လွှဲ) က ပြောပါတယ်။
ထို့အတူ ပုံတွေတင်ပေမယ့် လူမြင်ကောင်းတဲ့ပုံတွေပဲ တင်ပြီး ကိုယ့်ဓာတ်ပုံတွေကို တင်လိုက်တိုင်း like တွေ ဘယ်လောက် ရပြီလဲ၊ ဘယ်သူတွေကတော့ ဘယ်လို comment တွေ ပေးသလဲဆိုတာကို စောင့်ကြည့်ချင်တာ ကြောင့်လို့ ဆိုသူတွေ ဆိုလာပြန်ပါတယ်။
““ပုံတစ်ပုံတင်ပြီးသွားလို့ရှိရင် အဲဒီပုံကို like ဘယ်လောက်ရပြီလဲ၊ comment ဘယ်လောက် တက်နေပြီလဲ၊ like ပေးတဲ့သူတွေက ဘယ်သူလဲ၊ ဘယ်လိုပြောရမလဲ like တွေ အများကြီးရရင်တော့ ပျော်တာပေါ့။ like တွေက ဘယ်လောက်များ လဲဆိုတာ ဖော့စ်ဘုတ်ကို ခဏခဏ ၀င်ဝင်ကြည့်ဖြစ်တာပေါ့။ ပုံကို သေချာရိုက်ပြီး အဲဒီပုံတွေထဲကမှ အများအမြင်မှာ သင့်တော်တဲ့ပုံကို ရွေးပြီး တင်ရတာပေါ့”” ဟု အသက် ၁၉ နှစ်အရွယ် လပွတ္တာသူ ဆွေဆွေ (အမည်လွှဲ)က သူမရဲ့ စိတ်ခံစားမှုကို အခုလို ထုတ်ပြောခဲ့ပါ တယ်။
အမျိုးသမီးထုတွေ အနေနဲ့ မိမိရဲ့ ဓာတ်ပုံတွေကို အလွှဲသုံးစားလုပ်ခံရတာဟာ သာမန် လူမှုအသိုင်း အ၀ိုင်းနယ်ပယ်က အမျိုးသမီးတွေတင် မကပါဘူး။ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ Miss International Myanmar ပြိုင်ပွဲတွင် ဆုရရှိခဲ့ပြီး၊ Miss International နိုင်ငံတကာ ပြိုင်ပွဲတွင်Miss Internet ဆုရရှိခဲ့သူ အလှမယ် နန်းခင်ဇေယျာရဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Facebook မှာ အင်္ဂလိပ် လို “Nan Khin Zayar” ဆိုတဲ့ အမည်နဲ့သာ သူမရဲ့ အကောင့်ခ်ဖြစ်ပြီး ကျန်တဲ့ အင်္ဂလိပ်လိုကော၊ မြန်မာ လိုကော နန်းခင်ဇေယျာ နာမည်တွေဟာ အမည်မသိ သူတွေ ဖန်တီးထားတဲ့ page တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
““ညီမအနေနဲ့ အဲဒါမျိုးတော့ မကြိုက်ဘူးပေါ့နော်။ ဖော့စ်ဘုတ်မှာ နန်းခင်ဇေယျာလို့ ရိုက်ထည့်လိုက်ရင် အကောင့်ခ်က ငါးခု၊ ခြောက်ခုလောက် ရှိတယ်။ အမှန်တကယ်သုံးတာက တစ်ခုတည်း။ ကျန်တဲ့ဟာက တခြား လူတွေ ထောင်တာ။ အဲဒါက မကောင်းဘူး ပေါ့နော်။ ကာယကံရှင်ဆီမှာ ခွင့်ပြုချက် ယူသင့်တယ်လို့ ထင်ပါ တယ်။ ဓာတ်ပုံတွေကိုလည်း ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်ယူပြီးမှ တင်သင့်တယ်လို့ ထင်ပါတယ်။ ဓာတ်ပုံ တင်တာနဲ့ ပတ်သက်ပြီးတော့ ညီမအနေနဲ့ ဘယ်လိုမှ မသုံးသပ်ချင်ဘူး။ သူ့ရဲ့ ကာရိုက်တာနဲ့ပဲ ဆိုင်ပါတယ်”” ဟု မနန်းခင်ဇေယျာက မြန်မာသံတော်ဆင့်ကို ပြောပါတယ်။
Facebook မှာ မြန်မာလို နန်းခင်ဇေယျာနာမည်အပြင် နန်းခင်ဇေယျာချစ်သူများအဖွဲ့၊ နန်းခင်ဇေယျာချစ်သူများ စသည်ဖြင့်လည်း Group တွေ၊ Album တွေလည်း ရှိနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကာယကံရှင် မနန်းခင် ဇေယျာ ပြောသလို ချစ်လို့ပဲ၊ ခင်လို့ပဲ တင်တင် ခွင့်ပြုချက်ကတော့ ရယူသင့်ပါတယ်။
မြန်မာပြည်မှာ အင်တာနက် Online ကနေ ရေးသားမှုကြောင့် တရားစွဲဆိုမယ်ဆိုတဲ့ အသံတွေ ပေါ်ပေါက်ခဲ့ဖူး ပါတယ်။ ဒေါက်တာ ဆိတ်ဖွားဆိုသူက ၂၀၁၃ နှစ် ဇန်န၀ါရီလ ၁၄ ရက်က Online မှာ Above the Law ဆိုပြီး ဆောင်းပါး ရေးသားခဲ့မှုကြောင့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ကမာရွတ် မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆို တင်သွင်းမှုကို လွှတ်တော်က လက်ခံပြီး ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အဲဒီအချိန်က ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဆိုလိုချင်တာ ကတော့ Online မှာ ရေးသားမိတာ တစ်ခုအတွက် လွှတ်တော်ထဲထိ ရောက်အောင် ဂယက်ရိုက် ခဲ့တယ်ဆိုတာကို ညွှန်းဆိုလိုရင်းပါ။
ဒါပေမဲ့လည်း ယနေ့အချိန်ထိတော့  Facebook ပေါ်က မလိုလားအပ်တဲ့ပြဿနာတွေကို ဖန်တီး သလိုဖြစ်နေတဲ့ Page တွေ၊ Group တွေက များသထက် များလာမယ့် အရိပ်အယောင်တွေ ရှိနေသလို၊ ကင်မရာ ချိန်လိုက်တာနဲ့ လက်ကလေး နှစ်ချောင်းထောင်ဖို့ ပြင်နေတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေ ဟာလည်း အလွဲသုံးစား လုပ်ခံရမှုတွေကတော့ ဆက်ရှိနေမှာပါပဲ။ ဒီတော့ ရန်ကုန် နာရေးကူညီမှုအသင်းက ရွှေဇီးကွက်လို့ လူသိများတဲ့ အန်တီ ဒေါ်မြင့်မြင့်ခင်ဖေကတော့ ဓာတ်ပုံတင်သူကိုကော၊ အလွဲသုံးစားလုပ်သူ တွေကိုကော အခုလို ပြောလိုက်ပါတယ်။
““Facebook ဆိုတာ ကိုယ့် Personal ကို လုံးဝ သုံးစွဲခွင့် ပေးထားတဲ့ကိစ္စ။ ကိုယ်ကလည်း အပျော်ပေါ့ တင်လိုက်တာပေါ့။ အဲဒီအပေါ်မှာ အမြတ်ထုတ် တာတော့ လုံးဝ မဖြစ်သင့်ဘူး။ မိန်းကလေးတွေနဲ့က အများကို ချပြလို့ ရမယ့်ဓာတ်ပုံပဲ တင်သင့်တယ်။ မိန်းမကောင်းလေးတွေဆိုရင် မြူဆွယ်တဲ့ ပုံမျိုးတွေ မလုပ်သင့်ဘူး။ ဟိုလိုမျိုး နေရာတွေမှာ လုပ်တဲ့ မြူဆွယ်တဲ့ပုံမျိုးတွေ မတင်သင့်ဘူး။ သူတို့ တင်တကာ ပြဿနာ မရှိဘူး။ မိန်းမကောင်းလေးတွေက ဒါမျိုး မလုပ်သင့်ဘူး””
မြန်မာသံတော်ဆင့်
Thursday, December 19, 2013
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေပြီး လာမည့် သီတင်းပတ်များအတွင်း အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နေအိမ်တွင် သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် ပြည်တွင်း မီဒီယာအချို့တို့ တွေ့ဆုံစဉ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အမေရိကန် သံအမတ်က ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။
''ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အမေရိကန်အနေနဲ့ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ် ရှိပါတယ်။ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက်လည်း အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။
အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာအစိုးရ ခေါင်းဆောင်များကို ဒီဇင်ဘာ ၁၆ ရက်က တောင်းဆိုထားသည်။
လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီးမှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၀င်ရွေးနိုင်မည် ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူမှုကို တစ်နိုင်ငံလုံးတွင် ပြုလုပ်နေပြီး အရပ်ဘက် အဖွဲ့အစည်းများကလည်း အလားတူ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများကို ပြုလုပ်နေသည်။ ထိုသို့ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများတွင် ပြည်သူလူထု ရာခိုင်နှုန်း ၉၀ ကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံ ဆန္ဒပြုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ကြောင်း ပြောကြားထားသည်။
သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် အစွန်းရောက်ခြင်းကို ရှောင်ရှားရန် နိုဝင်ဘာ ၁ ရက် လစဉ် ရေဒီယို မိန့်ခွန်း၌ သတိပေး ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တွင် ၁၄ နှစ်ကြာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံထားသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံအတွက် ကောင်းဖို့ဆိုရင် သြဇာရှိတဲ့လူတွေ၊ လူတွေအများကြီး လေးစားတဲ့သူတွေ တွေ့ဆုံညှိနှိုင်းတဲ့ ကိစ္စက ကောင်းတယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စတင် မကပါဘူး။ ဘယ်ကိစ္စမဆို အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်ပင်ပြီး လုပ်တာတော့ အကောင်းဆုံးပါပဲ'' ဟု ပြောကြားထားသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဌာန၊ အသင်းအဖွဲ့ ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက် တောင်းခံထားသည်။
ထိုသို့တောင်းခံ ထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင် ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။ ရရှိမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)တွင် အကြံပြုချက် ၅၉၀၊ အခန်း (၂)တွင် အကြံပြုချက် ၃၆ ချက်၊ အခန်း (၃)တွင် အကြံပြုချက် ၂၆၁ ချက်၊ အခန်း (၄)တွင် အကြံပြုချက် ၃၀၉ ချက်၊ အခန်း (၅)တွင် အကြံပြုချက် ၄၃၈ ချက်၊ အခန်း (၆)တွင် အကြံပြုချက် ၁၇၉ ချက်၊ အခန်း (၇)တွင် အကြံပြုချက် ၂၈ ချက်၊ အခန်း (၈)တွင် အကြံပြုချက် ၁၂၀၊ အခန်း (၉)တွင် အကြံပြုချက် ၄၉ ချက်၊ အခန်း (၁၀)တွင် အကြံပြု ချက် ၂၀၊ အခန်း (၁၁)တွင် အကြံပြုချက် ၈၃ ချက်၊ အခန်း (၁၂)တွင် အကြံပြုချက် ၂၁၈ ချက်၊ အခန်း (၁၃)တွင် အကြံပြုချက် ၁၁ ချက်၊ အခန်း (၁၄)တွင် အကြံပြုချက် ၂၂ ချက်၊ အခန်း (၁၅)တွင် အကြံပြုချက် ၁၂ ချက်၊ ဇယား (၁)တွင် အကြံပြုချက် ၅၉ ချက်၊ ဇယား (၂)တွင် အကြံပြုချက် ၄၅ ချက်၊ ဇယား (၃)တွင် အကြံပြုချက် ၁၀၊ ဇယား (၄)တွင် အကြံပြုချက် ၁ ချက်၊ ဇယား (၅)တွင် အကြံပြုချက် ၂၁ ချက် တို့ဖြစ်သည်။
အဆိုပါ အကြံပြုစာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်း ကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။
(ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ တက်ရောက် လာကြသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လက်ထောင် ဆန္ဒပြုနေကြစဉ်
)
EMG
လူကုန်ကူးခံရသည့် ကလေးသူငယ် ၂၂၄ ဦး ကယ်တင်နိုင်
လူကုန်ကူးမှု, အရွယ်မရောက်သေးသည့် ကလေးသူငယ်, လူကုန်ကူးမှု တားဆီးနှိမိနင်းရေး တပ်ဖွဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ် တဦးအား ခိုင်းစားနေသည့် အမျိုးသမီးတဦးကို ယမန်နှစ် ဧပြီလ အတွင်းက လူကုန်ကူးမှုဖြင့် ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိစဉ် (ဓာတ်ပုံ – mgr.manager.co.th)
မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလ အတွင်း လူကုန်ကူး ခံရသူ ၂၄၄ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။
လူကုန်ကူး ခံရသူများမှ ကယ်တင်နိုင်ခဲ့သူ ၂၄၄ ဦးရှိပြီး အသက် ၁၆ နှစ်အောက် ၃၃ ဦး နှင့် အသက် ၁၈ နှစ်အောက် ၂၅ ဦး ပါဝင် ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
လူကုန်ကူးခံရသူများတွင် ယောက်ကျားလေး ဦးရေ ၈၀ နှင့် မိန်းကလေး ၁၆၄ ဦး ပါဝင်ပြီး လူကုန်ကူးမှု ကျူးလွန်သည့် အမှုပေါင်း ၉၅ မှုကို အရေးယူခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၂၅၁ ဦးကို အရေးယူခဲ့ကြောင်း လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များတွင် မိဘ အုပ်ထိန်းသူများ၏ ယုံကြည်မှု လွန်ကဲခြင်းများကြောင့် ကလေး သူငယ်များ လူကုန်ကူးခံရပြီး ခေါင်းပုံ ဖြတ်ခံရခြင်းများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များသည် မိသားစုအတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် လုပ် ငန်းခွင်ထဲသို့ စောစီးစွာ ၀င်ရောက်နေရပြီး မိဘများအနေဖြင့် ပွဲစားများမှ တဆင့် မိမိတို့၏ ကလေးများကို လုပ်ငန်းခွင်သို့ စေလွှတ်ခြင်းများသည်ကိုလည်း တွေ့ ရှိရသည်။
“ပွဲစား ပြောတာကို ယုံပြီးထည့်ပေးရင် လူကုန်ကူးခံရတာ များပါတယ်။ မိဘ အုပ်ထိန်းသူတွေ အနေနဲ့ အလုပ်အကိုင် အကြောင်း ကို သေသေချာချာ စုံစမ်းပြီးမှ ထည့်ပေးသင့်ပါတယ်”ဟု ကလေးသူငယ် အရေး ဆောင်ရွက်နေသည့် Anti Child Trafficking Networking Group ၏ စည်းရုံးလှုံ့ဆော်မှု တာဝန်ခံ ဦးအောင်ဇော်ထွေး က ပြောသည်။
ရဲမှူး ဒေါ်အေးအေးမြင့်က“၁၆ နှစ်အောက် ကလေးသူငယ်တွေကို ခေါင်းပုံဖြတ်တာမှာ ကလေးရဲ့ သဘောတူညီချက် ရှိသည်ဖြစ် စေ၊ ငွေကြေး သဘောတူညီမှုကို အုပ်ထိန်းသူနဲ့ လူကုန်ကူးသူတို့ ပူးပေါင်းရယူတာမျိုးတွေကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ ပုဒ်မ ၃/က နဲ့ အရေးယူပါတယ်”ဟု ပြောဆိုသည်။
ပြစ်မှု ထင်ရှားပါက လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ချမှတ်ပြီး ကျူးလွန်သူ တဦး သို့မဟုတ် သုံးဦး အထက်ပါရှိလျှင် အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ပြစ်ဒဏ်အရ နှစ်ဆတိုးပြီး ပုဒ်မ ၂၈ ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ စတင်ပြီး ချမှတ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကလေးတွေက အယုံသွင်းရတာလွယ်တယ်၊ တခုခုနဲ့ မက်လုံးလေးတွေ ပေးလိုက်ရင် ကလေးတွေက ခေါ်ဆောင်ရလွယ်တယ်၊ အနိုင့်အထက်ကျင့်ပြီး ခေါ်ရင်တောင် ပိုလွယ်တော့ ကလေးတွေက အဓိက သားကောင်အဖြစ် ပိုပြီး လူကုန်ကူးခံနေရတာများတာကို တွေ့ရတယ်”ဟု ဦးအောင်ဇော်ထွေးက ပြောသည်။
မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၆ နှစ်အောက်သည် ကလေးသူငယ်ဖြစ်ပြီး ၁၈ နှစ်အောက်ငယ်သူကို အရွယ်မရောက်သေးသည့် လူငယ်ဟု သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂ က အသက် ၁၈ နှစ်အောက် ကျား၊မနှစ်မျိုးလုံးကို ကလေးသူငယ်ဟု သတ်မှတ် ထားကြောင်း တွေရှိရသည်။
ကလေးသူငယ်များမှာ တစုံတယောက်၏ အန္တရာယ်ပေးလာမှုကို ကာကွယ်ခုခံနိုင်သည့် ရုပ်ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရင့်သန်မှု မရှိသေးသည့်အတွက် မမွေးဖွားမီနှင့် မွေးဖွားပြီးအချိန်အထိ ဥပဒေအရ ကာကွယ် စောင့်ရှောက်ပေးခြင်းကို ခံယူနိုင် သူများဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။
လူ့ အခွင့်အရေး ပညာပေးရေး အဖွဲ့ Equality Myanmar ၏ တာဝန်ခံ ဖြစ်သူ ကိုအောင်ကလည်း“ကျနော်တို့ ကလေးအခွင့်အရေး နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပေးတယ်၊ မိဘတွေအနေနဲ့ စာအုပ်တွေဖတ်ပြီးရင် အရင်ကထက် ကလေးတွေကို ပိုဂရုစိုက်လာမယ်၊ ပညာရေးမှာ အားပေးလာမယ်၊ ကလေး လူကုန်ကူးမှု အန္တရာယ်တွေကိုလည်း မဖြစ်ခင် ကာကွယ် လာနိုင်မယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က“ကလေးသူငယ် လူကုန်ကူးမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်နှင့် လူထုပညာပေး” အစီအစဉ်ကို မြန်မာနိုင်ငံ ကလေး ကူးသန်း ရောင်းဝယ်မှု ဆန့်ကျင်ရေး ကွန်ရက် Anti Child Trafficking Networking Group က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စက်မှုရိပ်သာ ၀န်းအတွင်း ကျင်းပရာ ဆွေးနွေး တင်ပြခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး United ACT, LCRWG, Bumar Art, TDH, Equality Myanmar အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများက အဓိက လှုပ်ရှား ဆောင်ရွက်နေသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် လူကုန်ကူးခံရနိုင်ဖွယ် သားကောင်အဖြစ် ကလေး ခုနှစ်သိန်း ခန့်ရှိပြီး ၄၄ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနှင့် အဓမ္မ ခိုင်းစေခြင်း ခံနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ အစီရင်ခံစာ အရ သိရသည်။
ကလေးသူငယ် များစွာ၏ နေအိမ်ဆုံးရှုံးမှု ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုများနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ကလေး အမြောက်အမြားရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ပါရှိသည်။
ဧရာဝတီ
မေးစေ့ပုံသဏ္ဌာန်ကို ကြည့်၍ စိတ်ခန့်မှန်းခြင်း
မေးဝိုင်းသူများ
မည်သို့မည်ပုံဘ၀ကို ပျော်ပျော်နေရသည်ကို သိကြသူများဖြစ်သည်။ အလုပ်ကြိုးစား၍လုပ်ငန်းတွင် အကြံပေးရသောအဆင့်တွင် ရှိသူများဖြစ်သည်။ ထိုသူတို့၏ လက်အောက်တွင် တပည့်တပန်းများ ပေါများတတ်သည်။
လေးထောင့်ပုံမေးရှိသူများ
မိမိတွင် အမှားရှိနေသည့်တိုင် ခေါင်းမာတတ်ကြသည်။ အလျော့ပေးရန် စေ့စပ်ညှိနှိုင်းရန် မကြိုက်ကြသူများဖြစ်သည်။ သို့သော် ထိုသူများက သူတစ်ပါးစိုးမိုးခြယ်လှယ်သည်ကို မကြိုက်ကြဘဲ အပေါ်စီးကသာနေလိုကြသည်။
မေးချွန်သူများ
ဖော်ရွေရွှင်ပျသူများဖြစ်သည်။ သူတို့သည် အိမ်ကို မခင်တတ်ကြသည့်အပြင် တစ်နေရာတည်း၌ အကြာကြီးမနေလိုသူများ ဖြစ်သည်။
မေးနှစ်ခွရှိသူများ
အိုဇာတာကောင်းတတ်သူများ ဖြစ်သည်။ မိမိကို ချစ်ခင်ကြင်နာ သောသားသမီးများ ရရှိတတ်ကြသည်။ ကျန်းမာရေးကောင်းသူများ ဖြစ်ကြသည်။ အချို့မေးနှစ်ခွရှိပြီး ကျန်းမာရေးမကောင်းတတ်သူများသည်လည်း ကံကောင်းတတ်သူများ ဖြစ်ကြသည်။
မေးကောက်သူများ
ခင်မင်တတ်ပြီး သူတစ်ပါးကို ကူညီတတ်သည်။ သူတစ်ပါးချီးမွမ်းခံချင်၍ ကူညီတတ်သူများမဟုတ်ဘဲ ကူညီစိတ်သက်သက်ရှိသူများဖြစ်သည်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းများဖြစ်သည်။ မေးကောက်သော်လည်း မျက်လုံး နက်ပြီး မှေးသူများအား ဘာမဆို အိတ်သွန်ဖာမှောက်၊ ပြောပြလောက်အောင်ယုံကြည်ရန် မသင့်ပေ။ အကယ်၍ မေးကောက်သော်လည်း မျက်လုံးကောက်ပြီး ကျယ်သူများကိုတော့ ယုံကြည်နိုင်သည်။
မရေရာသောမေးသဏ္ဌာန်ရှိသူများ
မေးစေ့မကြီးမသေး၊ မ၀ိုင်း၊ လေးထောင့်လည်း မကျသူများမှာမူ ဆက်ဆံရေးအဆင်ပြေသူများဖြစ်ပြီး အလျော့ပေးတတ်၊ အေးအေးဆေးဆေးနေတတ်သူများ ဖြစ်သည်။ သူတစ်ပါးကို စိတ်အနှောင့်အယှက် မပေးတတ်ဘဲပွင့်လင်းသူများဖြစ်သည်။
ဒေါန
Health Updates Journal
နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံသြ
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။
“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။
နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် တည်ရှိနေခြင်းသည် အပြောင်းအလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ်နေရသည်ဟုပင် ခံစားရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။
“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု Mr.MonGkon က ဆိုသည်။
Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ အကူအညီပေးနေသူတဦး ဖြစ်ပြီး နေပြည်တော်သို့ နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။
“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။
နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာနာ ဒေသနှင့် ဆင်တူကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ ၀ယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ အင်မန်အီဟတ်က ပြောသည်။
“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ခြင် ပြဿနာကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ ရနေတာပဲ ” ဟု မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။
“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ ၀ယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု အင်မန်အီဟတ်က ဆိုသည်။
အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေ
ပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ် ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏ စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ ပေးသည်ဟု ၎င်းက ဆိုသည်။
“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။
ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။
ဧရာဝတီ
Subscribe to:
Posts (Atom)




