Wednesday, April 16, 2014

ထိုင်းဘုန်းကြီးသတ်မှု မြန်မာ ၂ ဦးဖမ်းဆီးခံရ

                                အဖမ်းခံရတဲ့ မြန်မာနှစ်ဦး ။ ဓါတ်ပုံ - ဘန်ကောက်ပို့ စ်

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီးကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော်တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မနေ့ကထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြလိုက်ပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကစတင်ပြီး ဘုန်းကြီးကျောင်းက တည်းခိုခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့လိုအပ်နေတဲ့အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည်ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese

Thursday, April 10, 2014

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ စေ့စပ်ချိန်တွင် မယားကြီးက ကြေညာချက် ထုတ်


ယနေ့ ရေပန်းစားနေသည့် ရုပ်ရှင်သရုပ်ဆောင် ပန်ပန်(ဆုပန်ထွာ)နှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲ မင်္ဂလာကောင်းသတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဦးဥက္ကာကျော်၏ တရားဝင် ဇနီးဖြစ်သူ ဒေါ်မဉ္ဖူအောင်က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက်အရ ဒေါ်မဉ္ဖူအောင်နှင့် ဦးဥက္ကာကျော်တို့သည် နှစ်ဘက်သော မိဘများ၏ ခွင့်ပြုချက်အရ (၁၈-၂-၂၀၀၂) ရက်နေ့တွင် တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး (၁၂-၂-၂၀၀၄) ရက်နေ့တွင် သားဖြစ်သူ မောင်မြတ်သီဟကျော်ကို မွေးဖွားခဲ့ကြောင်း သိရှိရသည်။

ဒေါ်မဉ္ဖူအောင်သည် သားဖြစ်သူ မောင်မြတ်သီဟကျော်၏ ပညာရေးနှင့် ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော်လည်း ဒေါ်မဉ္ဖူအောင်နှင့် သား မောင်မြတ်သီဟကျော်တို့မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြောင်း သိရှိရသည်။

အများသိစေရန် ကြေညာထားသည့်အချက်မှာ ဒေါ်မဉ္ဖူအောင်သည် ဦးဥက္ကာကျော်နှင့် တရားဝင်လင်မယားအဖြစ် တည်မြဲလျက် ရှိကြောင်းနှင့် ဦးဥက္ကာကျော်သည်လည်း မောင်မြတ်သီဟကျော်၏ ဖခင်အဖြစ် ရပ်တည်လျက် ရှိကြောင်း၊ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်ရန် မရှိပါကြောင်း ဟူ၍ ဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာနှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲသတင်းနှင့် မှတ်တမ်းဓါတ်ပုံများ ပြန့်နှံ့ခဲ့ပြီးနောက် ကွန်ဂရက်ကျူးလေးရှင်း ပြုလုပ်သူများ၊ ဆုမွန်ကောင်းတောင်းသူများ တဖွဲဖွဲ ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် ဒေါ်မဉ္ဖူအောင်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ရာ ဆုပန်ထွာမှာ မယားပြိုင်သဘောမျိုး ဖြစ်လာနိုင်ပြီး ထိမ်းမြားလက်ထပ်ခြင်း မပြုမီမှာပင် အငြင်းပွားဖွယ်ရာ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကာယကံရှင် ဆုပန်ထွာ၏ လူမှုကွန်ရက်စာမျက်နှာမှာhttps://www.facebook.com/supan.htwar?fref=ts ဖြစ်ပြီး ဦးဥက္ကာကျော်၏ လူမှုကွန်ရက်စာမျက်နှာမှာ
https://www.facebook.com/Oakzzz?hc_location=timeline ဖြစ်ကြောင်း သိရှိရသည်။

Thursday, April 3, 2014

ကီးဘုတ်ဖြင့် သတ်ဖြတ်နေသူများအတွက် ပန်းစကား

မွှေးပျံ့သန့်ရှင်းနေသော စံပယ်ပန်းများက လူတိုင်းလက်ထဲ၊ အချို့အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်ထားလျက်ရှိသည်။ ထိုစဉ် လူငယ်တစ်ဦးက ယင်းစံပယ်ပန်းများကို ရုတ်တရက် စွတ်တောင်းယူလိုက်ပါသည်။ ထိုအပြစ်မဲ့ပန်းလေးများကို သူက ကွန်ပျူတာကီးဘုတ်ဖြင့် နာနာကြည်းကြည်းထုရိုက်သည်။ လူတိုင်းအံ့ဩသွားစဉ် ကြေမွသွားသော စံပယ်ပန်းများထဲ တံတွေးဖြင့် ထွေးချလိုက်ပြန်သည်။ မွှေးပျံ့သန့်ရှင်းစဉ်က ယုယုယယပန်ဆင်ခဲ့သောပန်းများကို မူလပိုင်ရှင်ထံ ပြန်ပေးသော်လည်း မည်သူကမျှမသတီတော့ပါ။

ယင်းပြကွက်မှာ လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့ဟူသော ဆောင်ပုဒ်ဖြင့် အမုန်းတရားကြီးထွားအောင် လှုံ့ဆော်မှုများကို ဆန့်ကျင်မည့် ပန်းစကားအဖွဲ့၏ ပါဖောမန့်ပြကွက်ဖြစ်သည်။

‘‘တချို့ Hate speech တွေက မုန်းတဲ့အဆင့်နဲ့ပဲ ပြဿနာမဖြစ်ပေမယ့် မုန်းတာတင်မကဘဲ သတ်မယ်ဖြတ်မယ်ဆိုတာထိပါ တွေ့လာတယ်။ လူတစ်ယောက်ကို မုန်းတာမုန်းပါ၊ သတ်ဖြတ်မယ်ဆိုတာကတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိလာပါပြီ’’ဟု ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်သူ MIDO အဖွဲ့မှ ဘလော့ဂ်ဂါ နေဘုန်းလတ်ကပြောသည်။

‘‘နိုင်ငံခြားသားတွေ လူပါးဝလို့ ပြဿနာတက်ရင် သတ်ပစ်လိုက်။ လူသတ်မှုက ထောင်ခုနစ်နှစ်ပဲကျမယ်’’

‘‘ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို ပစ်သတ်နိုင်မယ့် လုံထိန်းတွေကို ဆုတော်ငွေပေးသင့်တယ်’’ စသည့် လူသတ်ဖို့၊ လူသတ်မှုကိုလုပ်ဖို့ တိုက်တွန်းအားပေးသည့် စာသားများကို တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာတိုင်းပြည်ဟု အသိအမှတ်ပြုထားသော ယဉ်ကျေးသည့်မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က ရေးသားတိုက်တွန်းထားခြင်းဖြစ်ပါသည်။

လူတစ်ယောက်ကို ရက်ရက်စက်စက် ပါးစပ်နှင့်သတ်ဖြတ်ဖို့၊ တာဝန်မဲ့စွာ ပြောဆိုခြိမ်းခြောက် အရှက်ခွဲဖို့အတွက် မြန်မာနိုင်ငံတွင် ကွန်ပျူတာတစ်လုံး၊ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုနှင့် အင်တာနက်လိုင်းသာရှိရန်သာ လိုအပ်သည်။ တရားဥပဒေစိုးမိုးမှု အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်သည့် ပြောဆိုလှုပ်ရှားမှုများက မင်းမဲ့စရိုက်ဆန်ဆန်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်။

မည်သည့်အာဏာပိုင်အဖွဲ့အစည်းကမှလည်း ယင်းသို့ တာဝန်မဲ့စွာပြောဆိုမှုများအတွက် အရေးယူမှုမရှိသေးပါ။ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံအချို့တွင် အမုန်းတရားလှုံ့ဆော်ပြောဆိုမှုများအတွက် ဥပဒေများပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခွင့်ကောင်းယူလျက် တာဝန်ခံမှု၊ တာဝန်ယူမှုမဲ့စွာ ပရိုဖိုင်းပုံအစစ်အမှန်များမသုံးဘဲ လှုံ့ဆော်မှုများရှိနေပါသည်။

အဖွဲ့တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ဖြန့်ဝေနေသည်ဟု ယုံကြည်ရပြီး ၎င်းတို့ကို တန်ပြန်ဆန့်ကျင်ရန် မည်သူကမှ မလုပ်ကြသေးသည့်အတွက် ပန်းစကားလှုပ်ရှားမှုကိုစတင်ဖို့ စိတ်ကူးရခဲ့သည်ဟု နေဘုန်းလတ်ကဆိုသည်။

ပန်းစကားလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီ ၄ ရက်တွင် စတင်မည်ဖြစ်သည်။ ပါးစပ်တွင် ပန်းတစ်မျိုးကို ကိုင်ထားသည့် သင်္ကေတရုပ်ပုံကို အသုံးပြုမည်ဖြစ်ပြီး စတစ်ကာများ၊ ပိုစတာများကို အွန်လိုင်းတွင်ရော ပြင်ပတွင်ပါ ဖြန့်ဝေသွားမည်ဖြစ်သည်။ မည်သည့်အရပ်ဘက်အဖွဲ့အစည်းမဆို ၎င်းတို့နှင့်ပူးပေါင်းရန် ဖိတ်ခေါ်ပြီး တစ်ဦးချင်းအနေဖြင့်လည်း ပါးစပ်တွင် ပန်းကိုက်ထားသည့်ဓာတ်ပုံများ ရိုက်ကူးပြီး ပန်းစကားဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ပေးခြင်း၊ မိမိတို့၏ပရိုဖိုင်းပုံများတွင် အသုံးပြုခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ပါးစပ်မှာ ပန်းလေးတွေကိုက်ထားတဲ့ သင်္ကေတကို အာဆီယံလူထုဖိုရမ်မှာ စလုပ်ခဲ့ပါတယ်။ အဲဒီဖိုရမ်ကို နိုင်ငံခြားသားတွေ အများကြီးလာတော့ ကျွန်တော်တို့လှုပ်ရှားမှုကနေ ပြန်ရလိုက်တဲ့ မက်ဆေ့ခ်ျက မွတ်စလင်တွေကို ဗုဒ္ဓဘာသာအားလုံးက မုန်းတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအမည်ခံပြီး လှုပ်ရှားတဲ့လူတစ်စုက မုန်းတာလို့သိသွားတာ၊ ကျွန်တော်တို့အတွက် အမြတ်ပဲ’’ဟု စံပယ်ပန်းပါဖောမန့်ကို ပြုလုပ်ပြသခဲ့သူ ကိုသက်ကပြောသည်။

သင်္ကြန်ကာလဖြစ်သဖြင့် ဧပြီ ၄ ရက် စတင်မည့် လှုပ်ရှားမှုတွင် ပိတောက်ပန်းကို သုံးသွားမည်ဖြစ်ပြီး အချိန်အခါရာသီအလိုက် သင်္ကေတပန်းတစ်မျိုးမျိုးကို သုံးသွားမည်ဖြစ်သည်။

အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည့် အာရပ်နွေဦးဟု ကမ္ဘာကျော်ခဲ့သော အာရပ်နိုင်ငံများ၏ တော်လှန်ရေးတွင် လူမှုကွန်ရက်များက အရေးပါခဲ့သည်။ အာဏာရှင်ကို ဖြုတ်ချရေးအတွက် လူမှုကွန်ရက်တွင် လူထုအင်အားကို စုစည်းနိုင်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်အတော်ကြာ ဖြတ်တောက်ထားရသည်အထိ လူမှုကွန်ရက်အင်အားကို အာဏာရှင်တို့က အသိအမှတ်ပြုခဲ့ရသည်။

သို့သော် အိမ်နီးချင်းထိုင်းနိုင်ငံတွင်မူ ရှပ်နီရှပ်ဝါနိုင်ငံရေး အရှုပ်အထွေးမှာ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကြောင့်ပင် ပိုမိုပြင်းထန်လာခဲ့ပြီး ပဋိပက္ခကို ပိုမိုကြီးထွားလာစေသည်။ Enter တစ်ချက်ခေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်ဟု ပြောစမှတ်ပြုရသည်အထိ ကမ္ဘာတွင် ဆိုရှယ်မီဒီယာ အင်အားကြီးလာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ဆိုရှယ်မီဒီယာကို မတွန်းလှန်နိုင်ပါ။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် နိုင်ငံရေးတွင် ဘာသာရေး၊ လူမျိုးရေးကို အသုံးချလှုပ်ရှားမည့် အရိပ်အယောင်များကို ဆိုရှယ်မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် မီးမွှေးနေသူများ ရှိလာနေပါသည်။

‘‘ရခိုင်ကော်မရှင်အဖြစ်နဲ့ ရခိုင်မှာ ခြောက်လလောက် သွားနေခဲ့ရတယ်။ အဲဒီမှာ လွယ်လင့်တကူပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်စုလုံးကို ချက်ချင်း မီးလောင်တိုက်သွင်းခံလိုက်ရမယ့် အပေါက်ဖြစ်အောင် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောတာလည်း ကျွန်တော့်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ်။ ဒီတော့ တိုင်းပြည်အတွက် လောလောဆယ်မှာ မချစ်ရင်နေပါ။ မမုန်းရင်တော်ပြီဆိုတဲ့ စိတ်ကလေးရှိဖို့ လိုပါတယ်။ အကျိုးရှိတဲ့စကားတွေကိုပဲ ပြောစေလိုပါတယ်’’ဟု ပန်းစကားလှုပ်ရှားမှုတွင် ပါဝင်မည့် ဇာဂနာကပြောသည်။

ယမန်နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်းပြုလုပ်သည့် အမုန်းတရားကို ကြီးထွားစေသော ရေးသားမှုများနှင့် ဆိုရှယ်မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ၌ လူထုအခြေပြုလှုပ်ရှားမှုများ၊ တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက်များ လုပ်ဆောင်ရန် အကြံပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးရဲထွဋ်ကပြောသည်။

‘‘ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုက ကြိုဆိုရမှာပါ။ အင်တာနက်လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲနဲ့ အမုန်းတရားကို ရှေးရှုတဲ့ ရေးသားချက်များကို တားဆီးနိုင်ဖို့၊ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကြားမှာ အင်တာနက်ပေါ်က တွေ့သမျှမယုံအောင် ပညာပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့ IMS နဲ့ပေါင်းပြီး ဆွေးနွေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် hate Speech များကို စောင့်ကြည့်ဖြုတ်ပစ်ရန် မြန်မာစာတတ်ကျွမ်းနားလည်သူ အရာရှိတစ်ဦးကို ဖေ့စ်ဘွတ်ခ်က ခန့်အပ်ထားလိုက်ရသည်။ အစိုးရက ပြဿာနာမီးမွှေးနေသည့် အကောင့်များကို တားဆီးရန် တိုင်ကြားနိုင်သည့်ဝက်ဘ်ဆိုက် ပြုလုပ်လိုသော်လည်း မြန်မာပြည်က အွန်လိုင်းသုံးစွဲသူများက အင်တာနက်လွတ်လပ်ခွင့်ကို ပြန်ကန့်သတ်မည့် အစိုးရလုပ်ရပ်ဟုဆိုကာ လက်မခံခဲ့ပေ။

သို့သော် ဘာမျှမရှိတာထက်စာလျှင်တော့ ပန်းစကားလိုအဖွဲ့မျိုး ပေါ်ပေါက်လာခြင်းကို ကြိုဆိုသူများရှိပါသည်။ ပန်းစကားလှုပ်ရှားမှုတွင် MIDO၊ ပေါင်းကူးအဖွဲ့ စသည်တို့ပါဝင်ထားပြီး အရပ်ဘက်အဖွဲ့အစည်းများ တတ်နိုင်သမျှ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

‘‘အွန်လိုင်းမှာ ပရိုဖိုင်းပုံအမှန်တင်ပြီး တာဝန်ယူမှုရှိတဲ့စကားတွေပဲ ရေးသားသင့်တယ်။ ပရိုဖိုင်းအမှန်မသုံးဘဲ မသမာတဲ့ရည်ရွယ်ချက်နဲ့ ဘာသာရေးမှမဟုတ်ဘူး။ တခြားပဋိပက္ခတွေကိုဖြစ်အောင် အသုံးချနေတာတွေရှိနေတယ်။ အခု ကိုနေဘုန်းလတ်တို့လုပ်တဲ့ ပန်းစကားလှုပ်ရှားမှုတွေဟာ တကယ်ကောင်းတယ်။ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီ Hate Speech တွေကို ထိန်းသိမ်းဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်တဲ့ ဥပဒေတစ်ရပ်လည်း ပြဋ္ဌာန်းသင့်ပါတယ်’’ဟု တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့မှ ကိုစည်သူမောင်ကပြောသည်။

7Day News Journal

Monday, March 31, 2014

အိမ်အကူကို ဆီပူအိုးထဲ နှစ်ပြီး နှိပ်စက်သည့် သရုပ်ဆောင် ဇနီးမောင်နှံ တရားစွဲခံရ



ပုသိမ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် မထက်ထက်အား တွေ့ရစဉ် (ဓာတ်ပုံ – အမှန်တရားမြတ်နိုးသူ-ပုသိမ်)

အိမ်အကူ မိန်းကလေးငယ်ကို နှိပ်စက်သည့် ဗီဒီယို သရုပ်ဆောင်နှင့် မော်ဒယ်လ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးကြည်လှမြင့် တို့အား ကလေးငယ်၏ မိဘများက ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆို ထားကြောင်း သိရသည်။

အသက် ၁၄ နှစ် အရွယ် မထက်ထက်သည် ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင် နေအိမ်တွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေစဉ် အိမ်ရှင်များ၏ နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ပုသိမ်ဆေးရုံ အဆောင်အမှတ် ၇ (အမျိုးသမီးဆောင်) ကုတင်အမှတ် ၁၄ တွင် မတ် ၂၆ ရက်မှ စတင်ကာ ယခုအချိန် အထိ ဆေးကုသမှု ခံယူနေရသည်။

လက်ကောက်ဝတ် ဘယ်ညာ နှစ်ဘက်စလုံးတွင် အပူလောင် ဒဏ်ရာ၊ မျက်နှာ၊ ဦးခေါင်း၊ ကျောကုန်းနှင့် နံဘေးတို့တွင် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေသူ မထက်ထက်က ၀က်သားဟင်း ချက်ရာတွင် ဟင်းအိုး တူးခဲ့ခြင်း၊ နေအိမ်တွင် မွေးထားသည့် ခွေးမလေး သေဆုံးခဲ့ခြင်းတို့ကြောင့် နှိပ်စက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

“သမီး ၀က်သားဟင်း ချက်တာ တူးသွားလို့ တူးရမလားဆိုပြီး အိမ်ရှင် အစ်မကြီးက သမီးလက်ကို ဆီပူအိုးထဲကို နှစ်တယ်၊ နောက်ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးကလေးက သူ့ဘာသာ ဆော့နေရင်းက သေသွားတယ်၊ အဲဒါကို ခွေး သေရမလားဆိုပြီး အိမ်ရှင် အစ်မကြီးကရော၊ သူ့ယောက်ျားကရော ရိုက်တယ်၊ မျက်နှာကို လက်သီးနဲ့ ထိုးတယ်၊ တံမျက်စည်းနဲ့ ခေါင်းကို ရိုက်တယ်။ ပလာယာနဲ့လည်း ညှပ်တယ်။ ကပ်ကြေးနဲ့လည်း ထိုးတယ်” ဟု ၎င်းက ပြောသည်။

အိမ်အကူ မထက်ထက်သည် မြောင်းမြ မြို့နယ်၊ မဲကျော် ကျေးရွာအုပ်စု၊ ၀ဲဒေါင့် ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ရန်ကုန်မြို့ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်၏ နေအိမ်သို့ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စတင် ရောက်ရှိကာ အိမ်အကူ အဖြစ် တလလျှင် လခငွေကြေး ကျပ် ၂၅၀၀၀ နှုန်းဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှိပ်စက်မှုများကြောင့် ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာများနှင့် အပူလောင် ဒဏ်ရာများ ရရှိထားသူ မထက်ထက်အား သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူတို့က ရန်ကုန်မြို့၌ ဆေးကုသ မပေးဘဲ သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ နေထိုင်ရာ ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မထက်ထက်က ဆိုသည်။

ယင်းသို့ နှိပ်စက်မှုများအား အရေးယူပေးပါရန် မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချိုက တရားလို ပြုလုပ်ကာ ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အမှုအား လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ရှိ ကရင်နှစ်ခြင်း ခရစ်ယာန်သာသနာ အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ နော်စိန်ချစ်က ဧရာဝတီကို ပြောသည်။

“ကလေးက တအား နှိပ်စက် ခံထားရတယ်။ လက်တွေမှာ ဆီပူ လောင်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ လက်ဖ၀ါးတွေ အက်ကွဲ နေတယ်။ မျက်နှာတွေမှာလည်း လက်သီးနဲ့ ထိုးထားလို့ ဖူးယောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။ ညာဘက် မျက်လုံးမှာ ဆိုရင် လက်သီးနဲ့ ထိုးတဲ့ ဒဏ်ကြောင့် မျက်စိ သူငယ်အိမ်ထဲမှာ သွေးချည်တောင် ဥနေတယ်။ အခုလိုမျိုး နှိပ်စက်ခံရလို့ သူ့အမေက မကျေနပ်လို့ အိမ်ရှင် လင်မယားကို အမှုဖွင့် လိုက်တာ” ဟု ၎င်းက ပြောသည်။

သရုပ်ဆောင် သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ ဧရာဝတီတိုင်း ဒေသကြီး ဆိပ်ကမ်း အာဏာပိုင် အရာရှိ ဦးကိုကိုနိုင်က ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် မထက်ထက်အား ပုသိမ်မြို့ရှိ “လမင်း” အထူးကု ဆေးခန်းတွင် ဆေးကုသ ပေးရာတွင် ထိုဆေးခန်းက ရဲမှုခင်း ဖြစ်နေသည့် အတွက် လက်မခံသောကြောင့် ပုသိမ် အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမ လမင်း ဆေးခန်းမှာ ရေနွေး ပူလောင်လို့ ဆေးကုချင်လို့ပါ ဆိုပြီး လာတယ်။ ကလေးမလေး ရတဲ့ ဒဏ်ရာတွေက အပူလောင်တဲ့ ပုံစံ မဟုတ်ဘဲ Police Case (ရဲမှုခင်းကိစ္စ) ဖြစ်နေတယ် ဆိုတာ ဆရာဝန်တွေက သိနေတော့ လက်မခံဘဲ ဆေးရုံကြီးကို ညွှန်လိုက်တယ်။ ဦးကိုကိုနိုင်က လူနာရှင် လုပ်ပြီး ပုသိမ် ဆေးရုံကြီးမှာ တင်ပြီး ကုတယ်။ ဒဏ်ရာ ရထားတဲ့ ကိစ္စတွေ အတွက် ဦးကိုကိုနိုင် ကရော၊ ဆေးရုံ ကရော ရဲကို အကြောင်းကြားတာ မရှိသလို သက်ဆိုင်ရာ မိဘထံကိုလည်း လုံးဝ အကြောင်းကြားခြင်း မရှိဘူး” ဟု နော်စိန်ချစ်က ပြောသည်။

မထက်ထက်၏ မိခင်ဖြစ်သူ နော်မိချို၏ တိုင်တန်းချက် အရ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်၊ အိမ်အမှတ် – ၃၀ တွင် နေထိုင်သည့် ဗီဒီယို သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်း ဖြစ်သူ ဦးကြည်လှမြင့်တို့အား ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုနံပါတ် ၅၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆/၃၂၅ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဧရာဝတီ

Sunday, March 30, 2014

Laser World ကုမ္ပဏီက တရားစွဲလျှင် ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိဟု တေးသံရှင် Cobra ပြောကြား


             ဆေးရုံခုတင်တွင် လက်ထိတ်၊ သံကြိုးတန်းလန်းနှင့်တွေ့ရစဉ် (ဓာတ်ပုံ - Cobra)

ရိုက်ကူးရန် စီစဉ်နေသော ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူ ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ခံထားရသော Laser World ကုမ္ပဏီမှ အမျိုးသမီး ဝန်ထမ်းဟောင်း ဆေးရုံခုတင်ပေါ်တွင် လက်ထိတ်ခတ်ကာ ဆေးကုသမှု ခံယူနေပုံကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်တွင် တင်ခဲ့မှုနှင့် ပတ်သက် ၍ Laser World ကုမ္ပဏီက တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိကြောင်း တေးသံရှင် Cobra က The Voice သို့ ပြောကြားသည်။

“ဒီဓာတ်ပုံကို တင်ခဲ့တယ် ဆိုတာကလည်း ဒီကောင်မလေးနဲ့က ကိုယ့်ကို အင်တာဗျူးတွေလုပ်ရင်း ရင်းနှီးနေခဲ့တာပါ။ သူကျူးလွန်ခဲ့တဲ့ အမှုနဲ့ သူခံစားနေရတဲ့ ဒုက္ခက မမျှတဘူး။ ပြင်းထန်လွန်းတယ် ထင်လို့ ပြေလည်ရာ ပြေလည်ကြောင်း ကူညီပေးနိုင်တဲ့သူတွေ သိစေဖို့ ဒီဓာတ်ပုံကို တင်ပေးတာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

Facebook ပေါ်တွင် ရေးခဲ့သည့် စာများနှင့် ပတ်သက်၍ Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းနှင့် နှစ်ဦးသား တွေ့ဆုံကာ ကုမ္ပဏီပိုင်ရှင်ဘက်က ဖြေရှင်းချက် တောင်းခဲ့ကြောင်း၊ မိမိ (တေးသံရှင် Cobra) ကလည်း အမှုဖွင့်ခံရသူ မဆုဆုအောင်မှာ အပြစ်ရှိသည် မှန်သော်လည်း ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့်အတွက် ညှိနှိုင်းလျှော့ပေါ့စွာ ဆောင်ရွက်ရန် Laser World ကုမ္ပဏီပိုင်ရှင်ကို အကူအညီ တောင်းခံခဲ့ကြောင်း တေးသံရှင် Cobra က ရှင်းပြသည်။

Laser World ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ်၏ ပုံကို Facebook လူမှုကွန်ရက် စာမျက်နှာတွင် တင်ပြခဲ့မှုနှင့် ပတ်သက်၍ တေးသံရှင် Cobra ကို ဖုန်းခေါ်ဆို၍ အဆိုပါကိစ္စရပ် အဖြစ်မှန် အခြေအနေကို မေးမြန်းခဲ့ရာ တစ်ဖက်ပြောပြချက်ကိုသာ သိရှိပြီး အလုံးစုံကို မသိဟု ဖြေကြားခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် Facebook ပေါ်တွင် ရေးသားခဲ့မှုများကို သင့်တော်သလို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း တေးသံရှင် Cobra ဘက်မှ နှောင့်နှေးနေသည့်အတွက် တရားဥပဒေအရ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မိန်းကလေး တစ်ဦးအနေနှင့် အချုပ်ခန်းထဲတွင် တစ်ရက်နေရခြင်းမှာ မသင့်လျော်သည့်အတွက် ကူညီပေးခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ မှန်ကန်မှုများသာ ဖြစ်ပြီး Facebook ပေါ်တွင် ရေးသားထားမှုများမှာ လုပ်ကြံဖန်တီးမှု မပါသောကြောင့် ပြောင်းလဲ ရေးသားရန် မလိုကြောင်း တေးသံရှင် Cobra က ပြောကြားသည်။

Laser World ကုမ္ပဏီမှ ဝန်ထမ်းဟောင်း မဆုဆုအောင်မှာ သိမ်မွေ့စွာ ငြိတွယ်ခြင်း အမည်ဖြင့် ယင်းကုမ္ပဏီက ရိုက်ကူးမည့် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမိတ္တူကို ပြန်မပေးမှုကြောင့် အမှုဖွင့်ခံထားရပြီး ရဲစခန်းတွင် အချုပ်ကျခဲ့ကြောင်း၊ အချုပ်ထဲတွင် ရှိနေစဉ် ကျန်းမာရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆေးရုံပေါ်မှ လက်ထိတ်တန်းလန်းနှင့် သံကြိုး ချည်နှောင်ထားခံရသော မဆုဆုအောင်၏ ပုံကို တေးသံရှင် Cobra က မတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာ၌ တင်ခဲ့ရာမှ စတင်ကာ Laser World ကုမ္ပဏီနှင့် တေးသံရှင် Cobra တို့ကြား နှစ်ဖက်အပြန်အလှန် အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“သူ (မဆုဆုအောင်) ယူသွားတဲ့ ဇာတ်ညွှန်းက မိတ္တူဆိုပေမယ့် အနုပညာပစ္စည်း တစ်ခုက စာမေးပွဲ မေးခွန်းနဲ့ အတူတူပဲ။ ပေါက်ကြားသွားရင် ပြန်ပြင်ဆင်လို့ မရတော့ဘူး။ ဒီဇာတ်ညွှန်းက တစ်ယောက်ယောက် လက်ထဲမှာ ရောက်သွားပြီး ခိုးယူကူးချတာမျိုး လုပ်ရင် ရိုက်မယ့် ဇာတ်လမ်းအတွက် အများကြီး ထိခိုက်နစ်နာနိုင်ပါတယ်” ဟု Laser World ကုမ္ပဏီပိုင်ရှင် ဦးအောင်ကြူဟိန်းက ဆိုသည်။

ဆေးရုံတက်နေသော ကုမ္ပဏီ ဝန်ထမ်းဟောင်း အမျိုးသမီး သရုပ်ဆောင်သစ် မဆုဆုအောင်ကို ရဲများက လက်ထိတ်ခတ်ကာ သံကြိုးနှင့် ချည်ထားခြင်းမှာ တရားဥပဒေအရသာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ၎င်း၏ ပယောဂ လုံးဝ မပါဝင်ကြောင်း Laser World ကုမ္ပဏီပိုင်ရှင်က ရှင်းပြသည်။

မဆုဆုအောင်မှာ Laser World မှ ရိုက်ကူးမည့် ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် မဆုဆုအောင် အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း၊ ဇာတ်လမ်းတွဲ ရိုက်ကူးရန် ဇာတ်ညွှန်းရှာချိန်၌ ဇာတ်ညွှန်း မိတ္တူတစ်စုံ ပျောက်ဆုံးနေပြီး ဝန်ထမ်းဟောင်း ယူဆောင်သည်ဟု သိရှိချိန်တွင် ၎င်းကို ဆက်သွယ်၍ ဇာတ်ညွှန်း ပြန်ပေးရန် တောင်းခဲ့သော်လည်း ပျောက်နေသည်ဟု ပြောသဖြင့် အချိန်ကာလ တစ်ခု စောင့်ဆိုင်းပေးခဲ့ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းနောက် တစ်ပတ်အကြာတွင် ဇာတ်ညွှန်းမိတ္တူ ပြန်လည် တောင်းခံသည့် အခါ မချေမငံ ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ဇာတ်ညွှန်းမှာ ခြစား ပျက်စီးသွားပြီဟု ပြောကြားခဲ့ကြောင်း၊ ၎င်းအလုပ်ဝင်စဉ်က ထောက်ခံပေးခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲစခန်းတို့ကို ဆက်သွယ်၍ မတ်လဆန်းတွင် တရားဥပဒေအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း Laser World ကုမ္ပဏီထံမှ သိရှိရသည်။

အဆိုပါ ဇာတ်ညွှန်းမိတ္တူကို အိမ်ယူခွင့် ပေးထားခြင်း မဟုတ်ဘဲ ဇာတ်ကားတွင် သရုပ်ဆောင်ရန် အတွက် ကြိုတင် လေ့ကျင့်နိုင်စေရန် မန်နေဂျာမှ တစ်ဆင့် ရုံးတွင် အသုံးပြုရန်သာ ခေတ္တ ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုံးပိုင်ပစ္စည်း တစ်ခုကို အသိမပေးဘဲ ယူဆောင်ခွင့် မရှိကြောင်း ဦးအောင်ကြူဟိန်းက ပြောဆိုသည်။

လက်ထိတ် သံကြိုးတန်းလန်းနှင့် ဆေးကုသမှု ခံယူနေသူ အမျိုးသမီးသည် မတ်လ ၂၆ ရက်နေ့က ဆေးရုံမှ အချုပ်ခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့ နံနက်က ကျောက်တံတားမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်မှ ဧပြီလ ၄ ရက်နေ့ အထိ ချုပ်ရက်ရမန် သတ်မှတ်ပေးထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရှိရသည်။

Credit: The Voice Weekly

လင်-မယား ရောဂါ

တစ်ချို့အိမ်ထောင်သည်တွေမှာ ယောက်ျားနဲ့ မိန်းမ ဓာတ်မတည့်ရင် မိန်းမဖြစ်သူ ပိန်သွားတာ အသားမဲသွားတယ် ရှိတယ်လို့ သိရပါတယ်။ အမှန်တကယ် ဓာတ်မတည့်ခြင်း ဆိုတဲ့ အနေအထားတွေ ရှိပါသလား။

အိမ်ထောင်သည် အချင်းချင်း ဓာတ်မတည့်ခြင်း ဆိုတာ ဆေးပညာမှာ မရှိပါ။ ယောက်ျားကြောင့် မိန်းမကို သက်ရောက်သလို မိန်းမကနေ ယောက်ျားကိုသက်ရောက်နိုင်တယ်ဆိုတာ အရပ်စကားမှာတော့ မကြားဘူးဘူး။ ဆေးပညာမှတော့ ရှိပါတယ်။ အပြန်အလှန်သဘောပါ။

မိဘတွေကနေ သန္ဓေအပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ မျိုးဗီဇ ချို့ယွင်းမှုကနေ Mutation ဆိုတာဖြစ်၊ Chromosome (ခရိုမိုဇုမ်း) အပြောင်းအလဲတွေပါ ဖြစ်ပြီး ရနိုင်တဲ့ ရောဂါတွေ အများကြီးပါ။ နားယဉ်လောက်မှာတွေသာ ရေးပါမယ်။ Coeliac disease, Color blindness, Cystic fibrosis, Down syndrome, Haemophilia, Polycystic kidney disease, Neurofibromatosis, Sickle-cell disease, Turner syndrome တွေ ဖြစ်ပါတယ်။ မွေးလာတဲ့ ကလေးမှာ Hemolytic disease ရောဂါ ဖြစ်ရတာက ကလေးသွေးနဲ့ မအေသွေး မတည့်ကြလို့ ဖြစ်ရတယ်။

Husband and wife disease “လင်-မယား ရောဂါ” လို့ ခေါ်ကြတာတွေ တကယ်ရှိပါတယ်။ Infectious diseases ကူးစက်-ရောဂါတွေ နဲ့ Non-communicable or psychological cause ကူးစက်တာ မဟုတ်ဘဲ စိတ်ပိုင်း သက်ရောက်မှုတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ ၄ မျိုး
၁။ Genito-urinary infections မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေ၊
၂။ Skin diseases အရေပြားကနေ ကူးစက်တဲ့ ရောဂါတွေ၊ ဥပမာ Flat warts ကြွက်နို့၊ Athlete's foot အားကစားသမား ခြေထောက် ခေါ်တဲ့ ဖန်းဂတ်စ် မှို ရောဂါ၊ ဝဲ-ပွေးစတာတွေ၊
၃။ Peptic ulcer (Helicobacter pylori) အစာအိမ်-လေနာ၊
၎။ Hepatitis B, AIDS and other sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ မဟုတ်တာ ၅ မျိုး
၁။ Diabetes ဆီးချို၊
၂။ High blood pressure သွေးတိုး၊
၃။ Cancer ကင်ဆာ၊
၎။ Sleep insomnia အိပ်ရေးပျက်၊
၅။ Irritable bowel syndrome အစာမကျေ ဝမ်းမကောင်း ရောဂါ။

ဆေးပညာမှာ အင်္ဂလိပ်လို အင်မတန် အသုံးများတဲ့ ဝေါဟာရတခု ရှိတယ်။ Not uncommon "တွေ့နေကြ မဟုတ်တာမျိုး မဟုတ်ပါ" တဲ့။ Husband and wife disease “လင်-မယား-ရောဂါ” ဆိုတာ အဲဒီလို အမျိုးအစားဘဲ။ အိမ်ထောင်သည် ၆ဝဝ ကို ဆန်းစစ်ကြည့်တယ်။ ၅၅့၎% မှာ Couple disease အတွဲရောဂါဆိုတာ လာတွေ့နေတယ်။ သုတေသနတွေ များများ လုပ်ရာကနေ ရောဂါ ၁ဝ မျိုးအထိ ရှိလာရတယ်။ ပြောခဲ့တာတွေအပြင် Alzheimer's ရောဂါ နဲ့ Kidney failure ကျောက်ကပ်-ရောဂါတွေပါ လာတယ်။

Husband and wife disease concept လင်-မယား-ရောဂါ အယူအဆကို ၁၉၇ဝ ကျော်စကတည်းက ပေါ်လာခဲ့တာပါ။ အမေရိကားက Masters and Johnson ကနေစသုံးခဲ့တုံးက Sexuality famous couples လိင်ကိစ္စနဲ့ နာမည်ကြီးတဲ့ အတွဲတွေမှာ Transmitted diseases ကူးစက်ရောဂါတွေနဲ့ Sexual dysfunction လိင်ပိုင်းချို့ယွင်းမှုတွေကိုသာ Sick couple “ဂီလာန-စုံတွဲ” ဆိုပြီး ရေးခဲ့တယ်။

၂ဝဝ၂ ခုနှစ်က (ယူကေ) မှာရှိတဲ့ University of Nottingham က Julie Westerly Olympus Li ကနေ Husband and wife disease လင်-မယား-ရောဂါ ဆိုပြီး British Medical Journal မှာ ပဌမဆုံး ဆောင်းပါး ရေးခဲ့တယ်။ အဲဒီ အမျိုးသမီး ပါမောက္ခ ရေးတာတွေထဲမှာ Diabetes ဆီးချို၊ High blood pressure သွေးတိုး၊ Ischemic heart disease နှလုံး သွေးကြောကျဉ်း ရောဂါ၊ Asthma ပန်းနာ၊ Kidney disease ကျောက်ကပ်-ရောဂါ နဲ့ Depression စိတ်ကျ-ရောဂါတွေ ပါတယ်။

လင်-မယား နှစ်ယောက်သား အတူနေ အတူစားကြတော့ ကြာရင် Husband and wife relative သွေးသား တော်စပ်တဲ့ အမျိုးတွေလို ဖြစ်လာကြတယ်။ တနေ့ကဘဲ မိန်းကလေး တယောက်က ပြောနေသေးတယ်။ “မမေးဘဲနဲ့ ကျမကို (့) ရဲ့ မိန်းမလို့ သိတယ်” တဲ့။

ဆရာရွှေပြည်အေးရဲ့ သီချင်းထဲကလို “သွားအတူတူ၊ လာအတူတူ၊ စားအတူတူ၊ နေအတူတူ၊ အိပ်အတူတူ၊ ထိုင်အတူတူ၊ မခွဲတူနှစ်ကိုယ်၊ အမြဲမြှူချိုချို၊ အသည်း ယူတော့ဆို့” တကယ် အမျိုး မတော်ရင် အသည်းပေးလို့တော့ မရပါ။ ရောဂါတွေတော့ မျှဝေနိုင်ကြပါတယ်။

Peking University (ဘေဂျင်း) တက္ကသိုလ်၊ First Hospital of Department of Endocrinology (အင်ဒိုခရိုင်းမ်) ဌာန ဒါရိုက်တာ Professor Guo Xiaohui က ပြောတယ် “လင်နဲ့မယား ကြာတော့ စားကြလဲ အတူတူ၊ လူနေမှု ပုံစံလဲ အတူတူ ဖြစ်လေတော့ ရောဂါတွေလဲ အတူတူ ဖြစ်ကြရရော” တဲ့။

Shanghai Medical University (ရှန်ဟဲ) ဆေးတက္ကသိုလ်က Chinese Medical Association ဥက္ကဌ Yu-min ကလဲ Husband and wife cancer လင်-မယား-ကင်ဆာ ဖြစ်နိုင်ပါသတဲ့။ နေအိမ်၊ သား-သမီး၊ အလုပ်အကိုင်၊ စိတ်ဖိစီးမှု၊ စတာတွေကနေ အတူတူ သက်ရောက်ခံကြရလို့ပါ။ ဒီကြားထဲ ဆေးလိပ် သောက်ရင်၊ လေသန့် မရရင်၊ အစာအာဟာရ မပြည့်ဝရင် ပိုဆိုးမယ်။ ဘဝကို အနုတ်သဘော မြင်တတ်သူတွေ၊ နောက်ပြီး ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေ လင်ရော မယားပါ Cancer ကင်ဆာကို ဖိတ်ခေါ်နေကြတယ်။

Urogenital infection မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေက လိင်လမ်းကနေ ကူးစက်တယ်။ မိန်းမကို ဆေးကုပေးလို့ ပျောက်ပြီး ပြန်ဖြစ်တာဟာ သူ့ယောက်ျား (သူ့အဖေါ်) ကနေ ပြန်ကူးစက်လာလို့ဘဲ။

Harbin Medical University (ဟာဘင်) ဆေးတက္ကသိုလ်၊ Fourth Affiliated Hospital ဆေးရုံက ပါမောက္ခ Cheng Chi-fung ပြောတာက “ကနေ့ကာလတွေမှာ Fast food အလွယ်ဝယ်-စားစရာ၊ Instant noodles ခေါက်ဆွဲခြောက်ထုပ်၊ Exercise less လေ့ကျင့်ခန်းလဲ မလုပ်၊ Stay up late ညဉ်းနက်သန်းခေါင်အထိ အလုပ်လုပ်ကြလို့ Couple of diabetes “ဆီးချို-စုံတွဲတွေ” များလာနေတယ်။ ဒါတင်မက Obesity လူတွေက ပိုဝ၊ Fatty liver အသဲက အဆီများလာ၊ အဆစ်နာ Gout ဂေါက်ရောဂါ ပိုဖြစ်ကြတယ်။”

မြက်မြက် သက်သက် စားရအောင် အိမ်မှာချက်ရင် ခပ်လေးလေး ဆိုတော့ Hypertension လင်ရော မယားပါ သွေးတိုး ကြမယ်။ လူမှုဘဝက အတူဆိုတော့ စိတ်ဖိစီးတာလဲ တူကြလို့ ပိုဖြစ်နိုင်ပြန်တယ်။ Sleep insomnia ဘဝတူတွေ စိတ်ခံစားမှု တူတာတွေကနေ အိပ်ယာတူပေါ်မှာ အတူအိပ်မပျော်နိုင်ကြဘူး။

ဗိုက်နာ၊ အစာမကျေ၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ စတာတွေကို Irritable bowel syndrome ခေါ်တယ်။ အတူ ဖြစ်ကြတတ်တယ်။ အစားအသောက်နဲ့ စိတ်ပါ ဆိုင်တယ်။ Common bad habits မကောင်းတာလေးတွေကိုလဲ အတူ လုပ်တတ်ကြတာကိုး၊ သိပ်စပ်တာ အတူကြိုက်ကြမယ်။ ကော်ဖီ ခါးခါး အတူသောက်ကြမယ်။ နှစ်ယောက်လုံး အသား လုံးဝမစားဘူး၊ စတာတွေ တူနေတတ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာနဲ့ Depression စိတ်ကျတာကနေ Vagus nerve (ဗေးဂတ်စ်) အာရုံကြောကို သက်ရောက်၊ Gastric acid အစာခြေရည်တွေ များရာကနေ ပြောခဲ့တဲ့ရောဂါတွေ နှစ်ယောက်သား ဖြစ်ကြရတယ်။

Peking University First Hospital ဆေးရုံက Andrology Center ကိုလာကြတဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုး လူနာ ၁ဝဝဝ ကျော်ထဲမှာ အသက် ၃ဝ အောက်ရှိသူတွေရဲ့ ၁ဝ%၊ ၃ဝ နဲ့ ၄ဝ ကြားရှိသူတွေထဲက ၂ဝ့၆%၊ ၄ဝ-၅ဝ ကြား ရှိသူတွေထဲက ၅ဝ% ရဲ့ ဇနီးတွေမှာလဲ Sexual dysfunction လိင်ပိုင်း အားနည်းမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။

စိတ်တူ၊ ကိုယ်တူနေကြလို့ ရောဂါတူ ရနိုင်တာတွေကိုသာ ကွက်ရေးတော့ စိတ်မတူ၊ ကိုယ်မတူတာ ပိုကောင်းမယ်တော့ မထင်လိုက်ပါနဲ့။ ဆရာဝန်လဲ မကယ်နိုင်တာတွေ ဖြစ်နေမယ်။

ဒေါက်တာ တင့်ဆွေ

Friday, March 28, 2014

၁၅ နှစ်ကျော် မိန်းကလေးကို ဇနီးဖြစ်သူက ဆေးတိုက်ပြီး ခင်ပွန်းဖြစ်သူက အဓမ္မပြုကျင့်


ဒဂုံ ဆိပ်ကမ်းမြို့နယ် တွင် အသက်(၁၅) နှစ် (၉) လ အရွယ် မိန်းကလေးငယ် တစ်ဦး ကို လင်မယား နှစ်ဦး က ဆေးတိုက် ကာ ခင်ပွန်း ဖြစ်သူ က အဓမ္မ ပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ ကြောင်းဒဂုံ ဆိပ်ကမ်း မြို့မ ရဲစ ခန်းမှ သိရသည်။

မတ်လ (၂၄) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲ အချိန်ခန့် က နေအိမ် သို့ လိုက်လည် သော (၁၅) နှစ်ကျော် အ ရွယ် မိန်းကလေး တစ်ဦးကို မ...... တို့ လင်မယားကအမျိုးအမည် မသိ ဆေး တစ်လုံးတိုက်ကာ နိုက်ကလပ် တစ်ခု သို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် မတ်လ (၂၅) ရက်နေ့ နံနက် (၃) နာရီ အချိန် တွင် နိုက်ကလပ်မှ မ... ..တို့နေအိမ်သို့ မိန်းကလေး ကို ပြန်ခေါ်လာကြောင်း သိရသည်။ ဆေး အရှိန်ဖြင့် ခေါင်းမှုးကာ အိပ်နေသော (၁၅) နှစ် ကျော်အရွယ်မိန်းကလေးကို မ...........၏ ခင်ပွန်း က အလို မတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ခင်ပွန်းဖြစ်သူ သားမယားပြုကျင့် စဉ် မ...နှင့် ၎င်း ၏ မိခင်ဖြစ်သူ တို့ က ရှောင် တိမ်းပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။ အခု အဓမ္မပြု ကျင့် တယ်ဆို တဲ့လူနဲ့ သူ့ မိန်းမရော၊ ယောက်္ခမကိုရော စစ်ဆေးနေပါ တယ်””ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန် ရှိ သူတစ်ဦး က ပြော သည်။ ယင်းကိစ္စကို အဓမ္မပြုကျင့်ခံရသော (၁၅) နှစ် ကျော်အရွယ် မိန်းကလေး ၏ မိခင်မှ တရားလို ပြုလုပ် တိုင် တန်းခဲ့ပြီး၊ ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းမှ (ပ) ၁၁၀/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၇၆ /၁၁၄ ဖြင့် မတ်လ (၂၆) ရက် နေ့ တွင် အမှုဖွင့် ကာ အမှုစစ် ဒုရဲမှူး ဟန်စိန် (စခန်း မှူး) က စစ်ဆေး ဆောင်ရွက် နေကြောင်း ပထမ သ တင်းပေးချက်အရ သိရသည်။

The Messenger

လေးနှစ်အရွယ် မိန်းကလေးကို ဦးလေးဝမ်းကွဲက သားမယားပြုကျင့်


သန်လျင်မြို့နယ်တွင် ဦးလေး ၀မ်းကွဲတော်သူက လေးနှစ်အရွယ် တူမ၀မ်းကွဲကို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့် ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။

အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။

ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။

သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

မူးမေ့စေတတ်သည့် အရည်တိုက်ကာ သားမယားပြုကျင့်ခဲ့



အင်းစိန်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူက မူးမေ့စေတတ်သည့် အရည်တိုက်ကာ
သားမယား ပြုကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၃၁ အရွယ် အမျိုးသမီး
တစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ၎င်းနေအိမ်တွင်ရှိနေစဉ် ကား အရောင်းပြခန်းတွင်
အတူလုပ်ကိုင်ဖူးသည့် အမျိုးသမီးနှင့် သိန်းထွန်းဦး(ခ)တင်ထွန်းဦး(၃၀ နှစ်)တို့ရောက်လာပြီး
၎င်းတို့တွင် ဇေ အရက်တစ်လုံးနှင့်အချိုရည်တို့ရောနှောထားသည့် အနီ ရောင်ရေသန့်ဗူးတစ်လုံး
ပါရှိပြီး အဆိုပါရေသန့်ဗူးအတွင်းမှ ရေကို တစ်ဝက်ထည့်ပေးသဖြင့် သောက်ခဲ့ရာ သတိလစ်
လဲကျသွားခဲ့သည်။

မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အိမ်နီးချင်းတို့ ရောက်လာပြီးစကားပြောသံများကြားသဖြင့်
သတိရလာပြီး သိန်းထွန်းဦးမှ သားမယားအဖြစ် ဆက်ဆံသည်ကိုမြင်တွေ့ကြောင်းပြောပြ
သိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။အင်းစိန် မြို့မ ရဲစခန်းက(ပ)၃၀၀/၁၄ ပြစ်မှုပုဒ်မ
၃၇၆/၃၂၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်

မြန်မာတိုင်း(မ်)

Facebook မှာ ရုတ်တရက် အုတ်အော်သောင်းနင်းဖြစ်လာတဲ့ Sellotape Selfie အရူးထမှု

ဒီ အရူးထမှုကို စလိုက်သူကတော့ Brighton တက္ကသိုလ်က အသက် ၂၁ နှစ်အရွယ် ကျောင်းသူ လစ်ဇီ ဒါလေး ပါ။ ‘Yes Man’ ဒရာမာ ကားထဲက ဂျင်ကာရေးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကနေ အိုင်ဒီယာရပြီး ဒီ အစီအစဉ်ကို စခဲ့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ အဲဒီနေ့ တုန်းက ကျွန်မတော်တော် စိတ်ညစ်နေတုန်း Yes Man ကားထဲက အဲဒီ့အခန်းကို သွားသတိရတော့ တော်တော်ရယ်ချင်သွားမိတယ်၊ လူတွေလည်း ‘Selfie’ တွေကို မြင်နေရတာ၊ရိုက်နေကြတာ တော်တော် ရိုးအီ နေမှာပဲဆိုတော့ ဒီအကြံကို ချက်ချင်းအကောင်အထည်ဖော်လိုက်တာ၊ ကျွန်မ သူငယ်ချင်းတွေဆီ ဒါကို စတင်လိုက်တော့ သူတို့ ပြန်မျှဝေတာနဲ့ ဒါက တဖြည်းဖြည်းကြီးထွားသွားတာလို့ ” သူမ က ပြန်ပြောင်းပြောပါတယ်။



သူမဟာ Sellotape Selfie ဆိုတဲ့ Facebook စာမျက်နှာကို စထောင်လိုက်ပြီး ဒီ အရူးထမှုကို လူတွေ အကုန်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူတိုင်းဟာ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပတ်ပြီး ရိုက်ကူးထားတဲ့ Selfie ပုံတွေကို သူမဆီပေးပို့ ကြပြီး ၊ သူတို့ ရဲ့ မိတ်ဆွေတွေကို အတူပါဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်။ ဒီလိုနဲ့  Sellotape Selfie ဆိုတဲ့ စာမျက်နှာဟာ ဗုဒ္ဓဟူးနေ့ က စထောင်ပြီးပြီးချင်း ငါးနာရီအကြာမှာပဲ Like လုပ်သူ ပေါင်း ၁၈၀၀၀ ကနေ ညနေမတိုင်ခင် ငါးသောင်းဖြစ်သွားပါတယ်။ အခုဆိုရင် Like လုပ်သူပေါင်း သိန်းကျော်ရှိနေပြီဖြစ်ပြီး အောင်မြင်တဲ့အရူးထမှုတစ်ခု အဖြစ် နာမည်ကျော်လာပါပြီ။ လူတိုင်းဟာ သူတို့ ရဲ့ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် ရစ်ပတ်ကာ Selfie တွေ ရိုက်ကူးနေကြပါပြီ။

ခင်ဗျားတို့ လည်း ဒီ ရူးသွပ်မှုအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ မျက်နှာတစ်ခုလုံးကို ဘီလူးသဘက်ပုံစံ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပြီး Selfie ဓာတ်ပုံရိုက်ကူးကာ Facebook မှာ တင်လိုက်ရုံပါပဲ။ ဘော်ဒါတွေကို လည်း ဒီစိန်ခေါ်မှုမှာ ပါဝင်အောင် ဖိတ်ခေါ်ဖို့ မမေ့နဲ့ အုန်းနော်။

လစ်ဇီဒါလေး ပထမဆုံး ထူထောင်လိုက်တဲ့ Sellotape Selfie စာမျက်နှာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/pages/Sellotape-Selfie/379138492229314








Ref: Mirror
Myawady News

ရခိုင်မျိုးချစ်များ မျက်လုံးဖွင့်ကြပါ



အင်တာနက်ပေါ်တွင် ပြန့်နေသော စစ်တွေရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးဂိုဒေါင် တလုံး ဖျက်စီးခံထားရသော ဓာတ်ပုံ

ရခိုင်ပြည်နယ်၌ ပြဿနာများ တခုပြီးတခု ဖြစ်လာနေခြင်းသည် ရခိုင်ပြည်သူများအတွက် အထူး သတိထား နေထိုင်ရမည့် အခြေအနေ ဖြစ်ပါသည်။

အခုရက်ပိုင်းအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း အမေရိကန် အမျိုးသမီးတဦးက ၎င်းတို့၏ ရုံးတွင်လွှင့်ထူ ထားသည့် သသနာ့ အလံအား ဖြုတ်ချမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခသည် ကျယ်ပြန့်သွားသည့်အပြင် အပြစ်မရှိသော ကလေးငယ် တဦး၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည်။

ပြဿနာများ ဆက်တိုက်ဖြစ်ပွားနေခြင်း၏ နောက်ကွယ်တွင် လှုံ့ဆော်နေသည့် အဖွဲ့အစည်းတရပ် သို့မဟုတ် စွမ်းအားရှင်၊ သို့မဟုတ် လူမိုက်ဂိုဏ်း ကဲ့သို့ အုပ်စုတစုကို မွေးမြူ၍ လှုပ်ရှားခိုင်းစေမှုများ ရှိနေသလားဟုလည်း သံသယဖြစ်မိပါသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂါလီ(မွတ်စလင်)အရေးအခင်း ဖြစ်ပွားချိန်မှစ၍ ရခိုင်ဒေသတွင်း၌ ပြဿနာများ လုံးဝ ငြိမ်းအေးမှု မရှိဘဲ တခုမဟုတ်တခု ဖြစ်ပွားနေသည်မှာ သမားရိုးကျ မဟုတ်ဟု ယူဆပါသည်။

အမျိုးသားရေးနှင့် ဘာသာရေးကို မျက်စိစုံမှိတ် ဦးစားပေးလွန်းသည့် ရခိုင်မျိုးချစ် တချို့ကြောင့်ပင် နိုင်ငံရေး အမြတ်ထုတ်လို သူများ၊ ပုဂ္ဂိုလ်ရေး ကျော်ကြားလိုသူများက ရခိုင်ဒေသအား အသုံးချစရာ နေရာတခုအဖြစ်ရှုမြင်လာပြီး ဘာသာရေးကို ခုတုံး လုပ်၍ နိုင်ငံရေး လှုပ်ရှားမှု အသွင်ဆောင်သည့် လှုပ်ရှားမှုတချို့ လုပ်ဆောင်လာကြသည်ကို သတိထားမိသည်။ သို့သော် ထိုအချက်အား သတိဖြင့် စောင့်ကြည့်သည့် ရခိုင်အမျိုးသားရေး ခေါင်းဆောင် တချို့သာရှိပြီး အများစုကမူ အလေး ထားမှု မရှိကြပေ။

ရခိုင်ဒေသ၏ လက်ရှိ အခြေအနေ အရပ်ရပ်သည် ထိလွယ်ရှလွယ်သည့် အနေအထား ဖြစ်နေ၍ မျိုးချစ်များ အနေဖြင့် မျက်စိ ဖွင့်၊ နားဖွင့်၍ အထူး သတိထား လုပ်ဆောင်ရမည့် အချိန်လည်း ဖြစ်သည်ဟု ဆိုချင်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ ရခိုင်ဒေသ၌ ပြဿနာများ ဖြစ်ပွားလာနိုင်ဖွယ် ရှိပါသည်။

ရခိုင်လူမျိုးများသည် အမျိုးသားရေးနှင့် ဘာသာရေးကို အလေးထားသည့် လူမျိုးအဖြစ် အများက လက်ခံထားပြီး ဖြစ်သည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ရခိုင်လူမျိုးများ မျိုးမစောင့်၍ ဖြစ်ပွားနေခြင်း မဟုတ် ဆိုသည်ကို အားလုံး က သိရှိပြီးဖြစ်သော်လည်း မျိုးစောင့်တရားများကိုသာ ဟောကြားနေကြသည်မှာလည်း စဉ်းစားစရာပင်။ ဆရာတော်၊ သံဃာတော် တချို့က ပြီးခဲ့သည့်နှစ် အတွင်းကလည်း မျိုးစောင့်တရားများ ဟောခဲ့ ကြပါသည်။ မန္တလေးမှ ဦးဝီရသူသည်လည်း ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြို့ အများအပြားသို့ လှည့်၍ မျိုးစောင့်တရား ဟောကြားခဲ့ သေးသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများ၌ ဟောမည့် တရားသည် ငြိမ်းချမ်းရေး တရားဟုသာ အမည် ပေးသင့်ပါသည်။ ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေကြရသည့် အခြေအနေတွင် ရခိုင်ပြည်သူများသည် မိမိတို့ စိတ်ဒဏ်ရာများ ပြေပျောက်စေရန် မည်သည့် တရားကို ဟောသည်ဖြစ်စေ နာယူရန် အဆင်သင့်ဖြစ်နေကြသည်။ အများစုမှာ ဘာသာရေးကို နိုင်ငံရေးနှင့်ရော၍ စဉ်းစားခြင်း မရှိ၊ စိတ်ဝင်စားမှု မရှိကြပါ။ သို့သော် ရခိုင်လူမျိုး အများစုသည် အမျိုးသားရေး၊ ဘာသာရေးနှင့်ပတ်သက်လျှင် သွေးဆူလွယ်ခြင်း၊ မျိုးချစ်စိတ်ဓာတ် လွန်ကဲခြင်း တို့ကြောင့်ပင်လျှင် လှုံ့ဆော်ရလွယ်ကူသည်ဟု ဆိုရမည်ဖြစ်သည်။

အစိုးရ အာဏာပိုင် အဆက်ဆက်သည် နိုင်ငံရေးကို ဘာသာရေးနှင့်ရော၍ အသုံးချခဲ့သည့် သာဓကများ ရှိခဲ့သည်။ သို့ဖြစ်၍ ရခိုင်ဒေသတွင်း မျိုးစောင့် တရားများ ဟောခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များ၏ နောက်ကွယ်တွင်လည်း နိုင်ငံရေး ပယောဂ ကင်းမကင်းနှင့် မည်သူများ ရှိနိုင်မည်နည်းဟု မေးခွန်း ထုတ်သူများလည်း ရှိနေသည်။ မျိုးစောင့် တရားဟောခြင်းသည် အနောက်တံခါးကို ကာကွယ်ရန်ဟု မြင်သူများလည်း ရှိသည်။ အနောက်တံခါး အမှန် တကယ် ကျိုးပျက်ခဲ့သည်မှာ ဆယ်စုနှစ်များပင် ကျော်လွန်နေပြီ ဖြစ်သည်။

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ်ကလည်း အနောက်တံခါးကို စိတ်ကြိုက်ဖွင့်၍ လာဘ်ပေး လာဘ်ယူမှုများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော် အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရ လက်ထက်၌ မည်သည့် မျိုးချစ် ပုဂ္ဂိုလ်ကမျှ ဝေဖန်မှု၊ ကန့်ကွက်မှု မလုပ်ရဲခဲ့ကြပေ။

စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့ အနိုင်ရရေး အတွက် နိုင်ငံသား မဟုတ်သည့် ရခိုင်ပြည်တွင်းက ဘင်္ဂါလီ ၅ သိန်းကျော်ကို အဖြူရောင် ကတ်များ ထုတ်ပေး၍ ပါတီ ထောင်ခြင်း၊ မဲပေးခြင်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးခဲ့ကြသည်။

လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီသည် ရခိုင်ဒေသ၌ အနိုင်ရရှိရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့မျှော်မှန်း သည့် အတိုင်း ဖြစ်မလာခဲ့ပေ။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကသာ ကိုယ်စားလှယ်နေရာအများစု အနိုင်ရခဲ့ သည်။ ထို့ကြောင့်ပင် ရခိုင် ပြည်နယ်၏ ကြံ့ခိုင်ရေးပါတီ တာဝန်ခံ တချို့သည် ရခိုင်ပါတီ အပေါ် မလိုမုန်းထားမှုများ ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်သူများသည်လည်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၊ လျှပ်စစ်မီး ရရှိရေး၊ စစ်တပ်သိမ်း လယ်မြေများ ပြန်လည်ရရှိရေး၊ ဒေသထွက် သယံဇာတများကို ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရရေး စသည့် အရေးများ အပြင် ပညာရေး၊ စီးပွားရေး တို့ကို လည်း မလုပ်ဆောင်နိုင်ကြတော့ပေ။

ရခိုင်ပြည်နယ်အား စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် ကာလများ၌ လယ်သိမ်း၊ ယာသိမ်းပြီး ခြိမ်းခြောက် အုပ်ချုပ်မှု၊ အလုပ်လက်မဲ့ ပြဿနာများ စသည့် အဘက်ဘက်မှ ချွတ်ယွင်းလာမှုကြောင့် ရခိုင်လူမျိုးများသည် မိမိတို့ ဒေသအားစွန့်ခွာ၍ စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် ရရှိရေးတို့အတွက် ရေကြည်ရာ မြက်နုရာ ဒေသ အသီးသီးသို့ ထွက်ခွာသွားကြသည်။

ရန်ကုန်မြို့အပါအ၀င် မြန်မာပြည် အနှံ့အပြားနှင့်ပြည်ပ နိုင်ငံအသီးသီးသို့ ထွက်ခွာသွားကြ၍ ရခိုင်ဒေသ၌ ယခုအခါ သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးတချို့သာ ကျန်ပါတော့သည်။ တချို့သော ကျေးရွာများ၌ အမျိုးသားများ မရှိတော့၍ အသုဘ အလောင်းကို အမျိုးသမီးများ ကိုယ်တိုင် ထမ်းပိုး၍ သင်္ချိုင်း သို့ ပို့ဆောင် သင်္ဂြိုဟ် နေကြသည့် ဓာတ်ပုံများကိုလည်း ၀မ်းနည်းဖွယ်ရာ မြင်တွေ့လာရသည်။ ရခိုင် ပညာတတ်အများစုသည်လည်း မိမိတို့ ပညာနှင့်လိုက်လျောညီထွေဖြစ်မည့် အလုပ်အကိုင် ရရှိရေး၊ ပညာ ဆက်လက် သင်ကြားရေးတို့ အတွက် ရန်ကုန်မြို့နှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်သည့် လူဦးရေ ၃ သန်းကျော်ရှိသည်ဟု အစိုးရ၏ ၂၀၁၁ စာရင်းများက ဖော်ပြ ထားသည်။ ပြည်တွင်း၊ ပြည်ပ နိုင်ငံ အသီးသီးရှိ ရခိုင်လူမျိုး လူဦးရေ စုစုပေါင်းသည် ၅ သန်းကျော် ရှိသည်ဟု ခန့်မှန်းထားကြသည်။

အစိုးရက ရခိုင်ဒေသထွက် သစ်၊ ၀ါး၊ ပင်လယ်ထွက်ကုန်၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း အပြင် ဒေသထွက် သယံဇာတ ပစ္စည်းများကို နိုင်ငံတကာသို့သာ ရောင်းစားလျက်ရှိသည်။ သို့သော် ရခိုင်ပြည်နယ်တွင် စက်ရုံ အလုပ်ရုံ တခုမှ မရှိပေ။ ၀န်ထမ်း ဦးရေ အနည်းငယ်နှင့် ပုံမှန် မလည်ပတ်နိုင်သည့် ကျောက်တော် သကြားစက်အဟောင်း တခုတည်းသာ ရှိနေသည်မှာလည်း ထူးဆန်းဖွယ်ရာ ဖြစ်နေသည်။ ကျောက်ဖြူစီမံကိန်းကဲ့သို့ စီမံကိန်းတချို့ အကောင် အထည် ဖော်နေသည့်တိုင် ဒေသခံ ပြည်သူများ အနေဖြင့် အောက်ခြေသိမ်း အလုပ်ကြမ်းသမား အဆင့်ကိုပင် ရရှိရန် မလွယ် ကူပေ။

ဒေသ အသီးသီးသို့ ရောက်နေသည့် ရခိုင်ပညာတတ်များ၊ လူငယ်များ၊ ရခိုင်လူမျိုးများသည် မိမိတို့ ဒေသကို ပြန်လိုကြသည့်တိုင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်တော်ပြန်ရန် အခက်အခဲများရှိနေပြီး အခွင့်အလမ်းများ ဖြစ်ပေါ်လာပါက အဝေးရောက် ရခိုင်လူမျိုး အများစုမှာ အိမ်ပြန်ရန် အဆင်သင့်ရှိနေသည်။

ရခိုင်ဒေသ၌ လူဦးရေ ၃ သန်းကျော်အနက် ဘင်္ဂါလီ ဦးရေသည် တသန်းဝန်းကျင်အထိ ရှိသည်ဟု အစိုးရက ဆိုသည်။ အစိုး ရ အာဏာပိုင်များက ဘင်္ဂါလီများကို ရခိုင်ဒေသမှလွဲ၍ တခြားမည့်သည့် ဒေသသို့မျှ သွားရောက်ခွင့်မပြုဘဲ ပိတ်လှောင် ထား သည်။ ဘင်္ဂါလီများအား တနေရာတည်း၌ စုပြုံ လှောင်ပိတ်ထားခြင်းကပင် ပဋိပက္ခ ဖြစ်ပွားရန် မွေးထားသည်နှင့် တူနေသည်။ ရခိုင် လူမျိုးများကလည်း ထိုသို့ ယုံကြည်ထားကြသည်။ အလားတူ ပဋိပက္ခများ ဖြစ်ပွားကာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စသည့်အရာရာ ကွဲပြားသော လူမျိုး ၂ ခု ကို အတူ ယှဉ်တွဲ နေထိုင်ရန်လည်း ယခုအခြေအနေတွင် မလွယ်ကူသေးပါ။

အချုပ်အားဖြင့်ဆိုရလျှင် ရခိုင်ပြည်တွင်း၌ ပြဿနာ အရပ်ရပ်သည် ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ်၍ စိတ်ခံစားမှုအတိုင်း မလုပ်ဆောင်မိစေရန် အရေးကြီးပါသည်။ ထို့အတူ အမြင်မတူ ကွဲပြားနေကြသည့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီများ၊ အဖွဲ့အစည်းများသည် မတူညီသည်များကို ဘေးဖယ်၍ လုပ်ဆောင်ကြရန် အရေးကြီးသည့်အချိန်အခါဟုလည်း ဆိုရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ လက်ရှိ ပဋိပက္ခများသည် အတိမ်းအစောင်း မခံနိုင်သည့် အခြေအနေဖြစ်နေ၍ ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားများ ကိုင်စွဲ၍ စည်းလုံးမှု၊ ညီညွတ်မှု အားနည်းနေမည် ဆိုပါက ဆင်းရဲတွင်းနက်နေသော ရခိုင်ပြည်သည် နာလန်ပြန်ထူနိုင်မည် မဟုတ်တော့ချေ။

ဧရာဝတီ

Wednesday, February 5, 2014

ဖမ်းဆီးခံမလေးရှာရောက် မြန်မာများ ပြည်တော်ပြန်ဖို့ အခက်တွေ့


ဓါတ်ပုံအညွှန်း- ဇန်နဝါရီ ၃၀ ရက်နေ့ က စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနေစဉ်

 မလေးရှားတွင် ဖမ်းခံရသော တရားမဝင် မြန်မာ အလုပ်သမားများကို သံရုံးမှ အသိအမှတ်ပြုရန် ငြင်းဆန်၍ အခက်တွေ့နေကြသည်။

- မလေးရှားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် Ops 6P Bersepadu စီမံချက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င် နေထိုင်သော မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ရန် မြန်မာသံရုံးမှ ငြင်းဆိုသောကြောင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရေးမှာ ခက်ခဲနေသည်ဟု သိရသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ထိုတရားမ၀င် ၀င်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများအား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး အထွေထွေ ဒါရိုက်တာ ဒါတွတ် အီလီယက်စ် အဟ်မဒ်က ပြောကြားခဲ့သည်။

“သူတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲနဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်လို ပြည်နှင်ဒဏ်ပေးရမှာလဲ။ သူတို့ရဲ့ နိုင်ငံကိုက သူတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေတယ်။ အဲဒီသူတွေဟာ မြန်မာစကားကိုပြောတယ်။ ဒါပေမယ့် အစိုးရက စာရွက်စာတမ်း ထုတ်ပေးဖို့ငြင်းဆိုတယ်။ အဲဒီစာရွက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်(မလေးရှား)ကနေ ပြန်ပို့လို့ မရပါဘူး” ဟု ၎င်း၏ တာဝန် အရပ်ရပ်ကို လက်ထောက် ဒါရိုက်တာ အဲလိုယာ မာမတ်အား လွှဲပြောင်းသည့် အခမ်းအနားတွင် အဟ်မဒ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

စီမံချက်အတွင်းဖမ်းမိခဲ့ပြီး ထိန်းသိမ်းရေး စင်တာတွင် ရှိနေသည့် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအရေအတွက်မှာ ၅၀၀ ခန့်ရှိနေကြောင်း၊ ထိုပြဿနာအား ဖြေရှင်းရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သိန်းခန့်ရှိပြီး ထိုအထဲမှ ၁ သိန်းခန့်မှာ တရားမ၀င်နေထိုင်နေသူများဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မြန်မာနိုင်ငံသား များစွာလည်း ရှိနေသည်။

Ref:The Star

Sunday, February 2, 2014

ယူနတီဂျာနယ် သတင်း၌ဖော်ပြခဲ့သည့် စက်ရုံသည် အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် သတင်းဖော်ပြခဲ့သော စက်ရုံသည် အခြားကာကွယ်ရေးပစ္စည်း စက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်း ဂျာနယ်သို့ ပြောကြားသည်။

“Unity ကရေးတဲ့စက်ရုံဟာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ မဟုတ်ပါဘူး။ အခြားကာကွယ်ရေး ပစ္စည်း စက်ရုံသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ် ထိုးထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

အခြားကာကွယ်ရေးလက်နက် ပစ္စည်းစက်ရုံဟု ဆိုသော်လည်း အမေရိကန်နိုင်ငံမှာပင် ကာကွယ်ရေး  ဆိုင်ရာ လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများနှင့် ပတ်သက်သော သတင်းအချက် များကို အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ထားရကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

“အမေရိကန်လို နိုင်ငံမှာတောင် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံများနဲ့ပတ် သက်တဲ့ သတင်းအချက်အလက်များကို အမျိုးသား လုံခြုံရေးအတွက် ကာကွယ်ထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...
ထို့ပြင် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်သော သတင်းထောက်များကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဇန်န၀ါရီ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ နှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၅ တို့တွင် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းများကို ဖော်ပြရာ၌ စက်ရုံသို့ သွားရောက်ခဲ့သော သတင်းထောက်များ၏ တင်ပြချက်များနှင့် ဒေသခံရွာသားများ၊ အလုပ်သမားများ၏ ပြောကြားချက်များကို ကိုးကားပြီး စက်ရုံအတွက် လယ်မြေသိမ်းခံရသော အေအဒသခံများ၏ ဖြစ်စဉ်များကို ပေါင်းစပ်ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသတင်းနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီ ၃၁ ရက်ညပိုင်း၌ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များအက် ဥပဒေ ၃/၁(က)/၉ ဖြင့် အမှုဖွင့်ကာ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း ကို စုံစမ်းမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ညနေပိုင်းမှာပင် ယူနတီဂျာနယ် ရန်ကုန်အခြေစိုက် သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ ကိုလည်း စုံစမ်းမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။

ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်အား အမှုဖွင့်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရလျှို့ ၀ှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်း ကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...”၊ ၉ ဆိုသည်မှာ “မည်သူမဆို ဤအက်ပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင် ကျူးလွန်ပြီးသကဲ့သို့ အလားတူ အရေးယူခြင်း ခံရမည့်အပြင် အလားတူ ပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်” အစရှိသော ဖွင့်ဆိုချက်များဖြစ်ကြောင်း သိရသည်။

Eleven Media Group

Tuesday, January 21, 2014

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား


ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်းအမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။

အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်းအမြစ်ကို အင်ထုပြီးရောင်းနေတာတွေရှိတယ်လို့ အသည်းအထူးကု ပါမောက္ခဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါတယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊  ရာနဲ့ချီပြီးပုံတယ်၊  ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊  အသည်းတွေကလည်း အကြီးကြီးတွေ၊  ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊  အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ" လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။
အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။
အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။
သင်္ဃန်းကျွန်းမှာလည်းရှိ၊  ရွာသာကြီးဘက်မှာလည်း ရှိတယ် ဆိုပဲ။
ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊  လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲမဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေကြားထဲနေတဲ့ကြွက်များပါပဲ။
သူတို့ရဲ့အသည်းအမြစ်၊  အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊  ဥပဒေ ချိုးဖောက်ခြင်းပါ။
မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သောကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။

ကဲ... သတင်းသမားအပေါင်းတို့၊  အထူးသဖြင့် လေးထောင့်ကန်များအနီး နေထိုင်ကြကုန်သော သတင်းထောက်အပေါင်း၊  CJ အပေါင်းတို့...
ရန်ကုန်မြို့စားသုံးသူများအရေးအတွက် စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့တာဝန်ဟာ သင်တို့၏ပုခုံးထက်သို့ ကျရောက်နေပြီဖြစ်ပါကြောင်း။

    ဧရာဝတီ

Sunday, January 19, 2014

လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်.



ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော်လိုက်ပါစီးနင်းလာသောယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါးသွားကြောင်းသတင်းရရှိသည့်ယမန်
နေ့ ညနေပိုင်းကသရုပ်ဆောင်လင်းဇာနည်ဇော်၏အစ်ကိုဖြစ်သူဒါရိုက်တာမိုက်တီးထံဆက်သွယ်မေးမြန်းရာသူတို့ လည်းအခင်းဖြစ်ပွားရာသို့ ရန်ကုန်မှသတင်းရရခြင်း
လိုက်ပါသွားနေကြောင်းပြောပြီးနောက် “ကျွန်တော်အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ်”ဟုသေဆုံးသူအမျိုးသမီးငယ်မှာသရုပ်ဆောင်လင်းဇာနည်ဇော်နှင့်အတူပါသွားခဲ့သူဖြစ်ကြောင်းဒါရိုက်တာမိုက်တီး၏ပြောကြားချက်အရ
သိရသည်။ယာဉ်မတော်တဆမှုဖြစ်ပွား ရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင်လင်းဇာနည်ဇော် အပါအ၀င်လူ(၄)ဦးဒဏ်ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူစေကြောင်း“သေဆုံးသူအတွက်အားလုံးစိတ်မကောင်းဖြစ်နေကြရပါတယ်၊
လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံရွှေ့ပါမယ်”ဟု စိတ်မပူရစေရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။
(ညပိုင်းကသတင်းမတင်ခြင်းမှာလင်းဇာနည်ဇော်၏မိဘနှစ်ပါးစိုးရိမ်မည်ကို၍သတိပြုခဲ့ကြခြင်းဖြစ်ပါသည်။ယခုတော့ပရိသတ်အချစ်တော်လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ
တော့၍မိသားစုနှင့်အတူပရိသတ်များစိတ်အေးစေရန်တင်ပြရပါသည်။

ကွယ်လွန်သူအမျိုးသမီးငယ်အတွက်လည်းမိသားစုများနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါ၏-
အနုပညာအယ်ဒီတာ)

Popular Myanmar News Journal

Sunday, January 12, 2014

ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ


ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။
နာကျင်မှုကိုသက်သာစေပါတယ်- ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin  ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။

ခုခံအားကို တက်စေပါတယ်- လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။
အိပ်ပျော်စေနိုင်ပါတယ်- စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

ကျန်းမာစေနိုင်ပါတယ်- ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။

နုပျိုစေပါတယ် – တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins  ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သန့်စင်
Health Updates Journal

သင်မကြားဖူးသည့် အကြောက်ရောဂါများ


(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။

(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia)  
မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။

(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။

(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏ ဒူးခေါင်းကိုလည်းကြောက် တတ်ကြသည်။

(၅)စကားလုံးရှည်ကြောက်ရောဂါ (Hippopoto monstrosesquip pedaliophobia)
ရောဂါအမည် ရှည်လျားစွာ ရှိသော အဆိုပါရောဂါရှိသူများည် စကားလုံးအရှည်များကို ကြောက် တတ်ကြသည်။

(၆)ကြိုးကြောက်ရောဂါ     (Linophobia)   
ကြိုးကြောက်ရောဂါရှိသူများ သည် အပ်ချည်ကြိုး၊ မီးကြိုး၊ ကြိုး ခွေကအစ ကြောက်တတ်ကြသည်။

(၇) ကဗျာကြောက်ရောဂါ (Metrophobia) 
ကဗျာ၊ လင်္ကာများကို ကြောက် သည့်ရောဂါဖြစ်သည်။

(၈) အ၀ါကြောက်ရောဂါ (Xantho phobia)
ဤရောဂါရှိသူများသည် အ၀ါ ရောင်တစ်မျိုးတည်းကို ကြောက် တတ်ကြသည်။

(၉) ကြောက်ရမည်ကိုကြောက်သော ရောဂါ (Phobophobia)
အနေရကျပ်လှသည့် ဤရောဂါ သည် ကြောက်ရမည်ကိုပင် ပြန်ကြောက်နေတတ်သည်။

သီဟ
Health Updates Journal

ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ



ကိုယ်ဝန်ဆောင်မိခင်များ၏ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း ခံစားရစေနိုင်သည်။ မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။
ခန္ဓာကိုယ်အတွက်
အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ၀မ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။
ကော်ဖီဖြတ်လိုပါက
တစ်နေ့တစ်ခွက်သည် ကြီးမားသောပြဿနာမရှိစေနိုင်သော်လည်း လုံးဝဖြတ်တောက်လိုသူများအနေနှင့် တဖြည်းဖြည်းဖြတ်တောက်သည်က ပို၍ သင့်လျော်ပါသည်။ အလွန်အမင်းသောက်နေရာမှာ ယတိ ပြတ်ဖြတ်တောက်မည်ဆိုလျှင် ပထမ (၁)(၂)ရက်တွင် ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း၊ မူးဝေ ခြင်း၊အာရုံစူး စိုက်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

ဒေါန
Health Updates Journal

အသက် ၆၀ မှ အသက် ၂၀ သို့ ပြန်လည်နုပျိုလာတော့မည်လော


အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုက အသက်အရွယ်ကြီးရင့်လာမှုဖြစ်စဉ်အား  ပြောင်းပြန်ပြန်ကာ နုပျိုသွားစေမည့်ဓာတုပစ္စည်း တစ်မျိုးအား ကြွက်များတွင် အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့သည်။ လူများ၏ခန္ဓာကိုယ်ထဲတွင် NAD  ဟုခေါ် သည့်ဓာတုပစ္စည်းမှာ မွေးစဉ်ထဲကပါလာပြီး အရွယ်ကြီးလာလေ ယင်း ဓာတုပစ္စည်းပမာဏ ကျလာလေဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုကို လျော့ကျစေပြီး အသက်အရွယ်ကြီးရင့်မှုအား ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် အသက် ၂ နှစ် အရွယ်ရှိ ကြွက်အား ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းပေးခဲ့ရာ ကြွက်၏ခန္ဓာကိုယ်မှ ယင်းဓာတုပစ္စည်းများအား NAD  အဖြစ်သို့ ပြောင်းပေးပြီး ရလဒ်အားဖြင့်  ယင်းကြွက်၏ ကြွက်သားများမှာ အသက် ၂ နှစ် အရွယ်မှ အသက် ၆ လအရွယ်ကြွက်သားများကဲ့သို့ ဆေးသွင်းပြီး ၁ပတ်ကြာလာသောအခါ  ပြန်လည်နုပျိုလာကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် စမ်းသပ်ရန်မူ ၂၀၁၅တွင် စမ်းသပ်ရန်စီစဉ်ထားပြီး အကယ်၍ ယင်းကုသမှုအောင်မြင်ခဲ့ပါက အသက် ၆၀အရွယ်ရှိသူ တစ်ဦး၏ ကြွက်သားများအား အသက် ၂၀ အရွယ်ကြွက်သားများကဲ့သို့ ပြန်လည်သန်စွမ်းလာစေမည်ဟု အမေရိကန်မှ သိပံ္ပပညာရှင်များက ဖော်ပြခဲ့ကြသည်။

Health Updates Journal

Saturday, January 4, 2014

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်


ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service ) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီမှ ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းဝန်ဆောင်မှု အတွက် အကျိုးခံစားနိုင်မည့် ဦးရေ နှစ်သိန်းမှ သုံးသိန်းအထိ ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ဆောင်မှုများကို ဇန်နဝါရီလ အလယ်ပိုင်းတွင် စတင်ပေးအပ် သွားမည် ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ဆင်းမ်ကတ် တစ်ခုမှ 50Mb အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ အခြေစိုက် True Move ဆက်သွယ်ရေး အော်ပရေတာ တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် ဝန်ဆောင်မှု ပေးအပ်ရန်အတွက် စီစဉ်နေ ကြောင်း ယင်းအော်ပရေတာ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ASI ဆက်သွယ်ရေး ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့အထိ ကမ္ဘာအနှံ့ သုံးစွဲသူ ၃၅ သန်းကျော် ရှိသည်။

၂၀၁၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် (Roaming) ဝန်ဆောင်မှုကို စင်ကာပူအစိုးရပိုင် SingTel နှင့် စင်ကာပူနိုင်ငံ အခြေစိုက် StarHub ကုမ္ပဏီတို့က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီ၏ အကူအညီဖြင့် ယခုနှစ် ဇန်နဝါရီ လအတွင်း ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။