Friday, November 29, 2013

အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ယာစောင့် အမျိုးသမီးကို အဓမ္မကျင့်


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ အုပ်စု၊ ဂွေကန် (ခေါ်) မျောင်းတော် လှ ရွာနေသူ မ —– အား မိတ္ထီလာ – ဆီးကုန်း အမြန်လမ်း ရဲစခန်းမှ (၃၁၁) ၅ ဖာလုံ ရဲစခန်းခွဲလမ်းတွင် တာဝန်ကျနေသူ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက အဓမ္မ ပြုကျင့် ခဲ့ကြောင်းကို ရပ်မိရပ်ဖများ ကာယကံရှင်နှင့် ရပ်ရွာဥက္ကဋ္ဌတို့က မြန်မာသံတော်ဆင့် သို့ ပြော ကြားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီခန့်တွင် လမ်း၏ အနောက်ဘက် ကပ်လျက် ဦးလှထွန်းဆိုင်တွင် ဆိုင်ရှင်မရှိ၍ တစ်နေ့ ၅၀၀ ကျပ်နှင့် ဆိုင်စောင့် ယာစောင့်အဖြစ် နေထိုင်စေရာတွင် အမြန်လမ်းမ ရှေ့ဘက် စခန်းခွဲမှ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက မ— အား ဆိုင်ထဲတွင် ပါးစပ်အ၀တ် ဆို့၍ လည်ပင်းညစ်ပြီး ၃ ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကာ အော်ရင် ပြန်ပြောရင် သတ်ပစ်မည်ဟု ကာယကံရှင်က ပြောကြားခဲ့သည်။ ညနေ ၆ နာရီ အိမ်ပြန်ရာတွင် မိခင်အား တိုင်ကြားခဲ့ရာမှ ရပ်ရွာမှ အားလုံး သိရှိသွားကြပြီး မခံမရပ်နိုင်ဖြစ်ကာ ည ၉ နာရီခန့်တွင် လူ ၁၀၀၀ ခန့် စခန်းကို ၀ိုင်းခဲ့ကြပြီး .. ရဲခိုင်ဇော်ဦးအားတွေ့ပေးရန် ပြောကြား တောင်းဆိုရာတွင် ရဲမှာ ထွက်ပြေးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်မှ ရဲမှူးတစ်ဦး လာရောက် စစ်ဆေးပြီး နစ်နာသူ အမျိုးသမီးအား နှစ်သိမ့်၍ ငွေ ၂၀၀,၀၀၀ ကျပ် ပေးခဲ့ကြောင်း ရဲခိုင်ဇော်ဦးအား ၀န်ထမ်းဖောက် ဖျက်မှုဖြင့် အရင်ပြစ်ဒဏ်ပေးပြီး အရပ်ဘက် တရားရုံးသို့ လွှဲပေးမည်ဟု ပြောကြားခဲ့သည်။

မိခင်က ““သမီးမှာ ၁၃ နှစ်တည်းက လေဖြတ်ပြီး အတက်ရောဂါ ရှိကြောင်းနှင့် တူမဆိုင်ဖြစ်၍ အကူအညီ တောင်း၍ နေ့ခင်းစောင့် ပေးစေပြီး ရဲစခန်းရှိ၍ ယုံကြည်အားကိုးမှ ဒီလိုဖြစ်ရခြင်း””ဟူ၍ ပြောခဲ့ပြီး ပင်တလဲ နယ်ပိုင် ရဲစခန်းသို့ တရားလိုပြု၍ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရသည်။

ကိုနိုင်ဦး(ရွှေပေါ်ကျွန်း)
မြန်မာသံတော်ဆင့်

Thursday, November 28, 2013

ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို






နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူများ လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
“သာမန်လူတို့ မသိနိုင်တဲ့ နည်းပရိယာယ်တွေကို ကာကွယ်ဖို့ အတွက် ဘယ်လို နာမည်နဲ့ပဲ ဖြစ်ဖြစ် ထောက်လှမ်းရေး ဆိုတာကတော့ ရှိသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းအဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကိစ္စကို တပ်မတော်က တာဝန်ယူထားပြီး ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောကြားသည်။
“အာဏာရှင် ခေတ်ကလို ထောက်လှမ်းရေး အဖွဲ့တွေကို လက်ကိုင်တုတ်အဖြစ် သုံးပြီး နိုင်ငံရေးထဲ ဝင်စွက်ဖက်လာရင် ဘယ်သူ တာဝန်ယူမလဲ” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံ ဖွဲ့စည်းပေးရန်အတွက် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာနှင့်ချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

“နိုင်ငံတစ်ခုရဲ့ ပြည်တွင်း လုံခြုံရေးက ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မှုတည်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်ကို ဖော်ထုတ်ဖို့၊ သံတမန် အရေခြုံထားတဲ့ သူလျှို လုပ်ငန်းတွေကို တားဆီးဖို့ စတဲ့ ကိစ္စရပ်တွေမှာ အထူးလေ့ကျင့်ထားတဲ့ ထောက်လှမ်းရေးတွေကသာ ဖော်ထုတ်နိုင်မှာပါ၊ အခု စနိုးဒန်ကိစ္စဆိုရင် ထောက်လှမ်းရေးရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး မထိပါးအောင် ဘယ်လို စည်းကမ်းနဲ့ ထိန်းချုပ်မလဲဆိုတာ ဥပဒေ ပြဋ္ဌာန်းထားရင် ပူစရာမလိုပါဘူး” တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် တာဝန်ကို ပူးတွဲ ထမ်းဆောင်နေချိန် ထောက်လှမ်းရေးအဖွဲ့မှာ ဖျက်သိမ်းခံခဲ့ရပြီး အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် နှစ်ရှည် ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ လွတ်မြောက် လာသော်လည်း ဗိုလ်မှူးချုပ် သိန်းဆွေ အပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ် တို့တွင် နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား


အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။

ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)

Eleven Media Group

သမ္မတဖြစ်ပါက တိုင်းပြည်ညီညွတ်ရေး ဦးစားပေးလုပ်မည်ဟု ဒေါ်စု ပြော


မိမိသာ သမ္မတဖြစ်လာပါက တိုင်းပြည်ညီညွတ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်၌ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ လိုဝီ နိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနတွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောဆိုလိုက်သည်။

"တိုင်းပြည် စည်းလုံးညီညွတ်ရေးပေါ့။ လွန်ခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့အခါမှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းပဋိပက္ခတွေ ရပ်စဲစေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ကျွန်မတို့ရဲ့ နိုင်ငံရေးလမ်းစဉ် သုံးခုအဖြစ် ထားရှိခဲ့ပါတယ်။ ဒီသုံးခုစလုံးက ဆက်စပ်နေတဲ့အတွက် ကျွန်မတို့က ရွေးချယ်ခဲ့တာပါ" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သမ္မတဖြစ်လာပါက တိုင်းပြည်၏ စီးပွားရေးမူဝါဒကိုလည်း စိုက်ပျိုးရေးကို အခြေခံကာ စီးပွားရေး မြှင့်တင်မှုများ ပြုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ
မကြာမီအနာဂတ်တွင် စားနပ်ရိက္ခာ အလွန်လိုအပ်လာမည်ဖြစ်သည့်အတွက် ယင်းအခွင့်အရေးကို အသုံးချသင့်သည်ဟု ပြောသွားသည်။

"ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးရေးအပေါ်မှာ အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာကို ကျွန်မအမြဲတမ်း သတိထားမိပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် စိုက်းပျိုးရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ၂၁ ရာစုအမြင် သဘောထားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းမျိုးကို လိုချင်ပါတယ်"ဟု ပြောသွားသည်။

အလားတူပင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဆိုပါက တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖြစ်လာမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဖွဲ့စည်းပုံရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ကျွန်မတို့ ပြင်ရမှာပါ။ ကျွန်မတို့နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ
ပြည်ထောင်စုတစ်ရပ် ဖြစ်လာမှာပါ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ပြည်ထောင်စုပေါ့။ ဒါဟာ ကျွန်မတို့ဖြေရှင်းရမယ့် ပထမဆုံးသော ကိစ္စရပ်ပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် စိတ်အားထက်သန်နေကြကြောင်း မိမိတို့နှင့်အတူ လူများစုရှိနေခြင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအား အနှေးနှင့် အမြန်ဆိုသလို ပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ဆွေးနွေးပွဲသို့ လိုဝီနိုင်ငံတကာ မူဝါဒရေးဆိုင်ရာဌာနဥက္ကဋ္ဌ ဖရန့်လိုဝီ၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး ဘာရောင်တီမိုးလ်စ်နှင့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ဩစတေးလျဝန်ကြီးချုပ် Tony Abbottနှင့်လည်းတွေ့ဆုံခဲ့ပြီး ဆစ်ဒနီ
နည်းပညာတက္ကသိုလ်နှင့် ဆစ်ဒနီတက္ကသိုလ်တို့ကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကို နိုဝင်ဘာ ၂၇ ရက်တွင်
ချီးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၆ ရက်က ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး သူ၏ခရီးစဉ်ကို
ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

Mizzima -

နည်းလမ်း အမျိုးမျိုးဖြင့် ပြည်ပရောက်နေသူများ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ပြန်လာစရာမလို


မွန်ပြည်နယ်မှ အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပရောက် ရွှေ့လျားလုပ်သားများသည် သန်းခေါင်စာရင်း ကောက်ယူမည့် ကာလတွင် သန်းခေါင်စာရင်းမ၀င်မှာ စိုးရိမ်စိတ်ဖြင့် ပြည်တွင်းသို့  ပြန်လာစရာ မလိုသည့်ပြင် အရေးယူခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဒေသခံမိသားစုများကလည်း လိမ်လည်ပြီး မဖြေဘဲ အမှန်တိုင်းဖြေဆိုရန် လိုအပ်ကြောင်း၊ အမှန်အတိုင်း ဖြေသည့်အတွက် မည်သို့မျှ အရေးယူမည် မဟုတ်ကြောင်း၊ မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

''သန်းကောင်စာရင်းကောက်ယူတဲ့နေရာမှာ အိမ်ထောင်စုဝင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ လူမျိုးတို့ အပေါ် အခြေမခံပါဘူး၊ အဲဒီအတွက် တရားဝင်၊ တရားမ၀င် ပြည်ပကို သွားနေတာကိုပဲ အိမ်မှာရှိတဲ့ ၁၈ နှစ်ပြည့် သူတစ်ဦးက ပြောဆိုရင် လုံလောက်ပါတယ်၊ မှန်ကန်ဖို့ တော့လိုပါတယ်။ သန်းခေါင်စာရင်း မ၀င်မှာစိုးလို့ မိမိမြို့ရွာကို ပြန်လာဖို့  လည်းမလိုပါဘူး။ အိမ်မှာရှိနေတဲ့ သူကသာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ရောက်နေတာကို မှန်မှန်ကန်ကန် ပြောဖို့ ပဲလိုပါတယ်။ သူက အောက်လမ်းကသွားလို့ လ၀က၊ အခွန်၊ စည်ပင် စတဲ့ ဘယ်သူကမှ အရေးမယူပါဘူး။ အရေးယူဖို့  သန်းခေါင်စာရင်းကောက်တာမ ဟုတ်ပါဘူး။ ဟိုကပို့ တဲ့ငွေနဲ့ အိမ်ဆောက်တာလည်း အရေးမယူပါဘူး။ သန်းခေါင်စာရင်းယူတဲ့ ရည်ရွယ်ချက်က စီမံခန့် ခွဲရေး ကိစ္စတွေအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲတဲ့အခါအခြေခံထားရမယ့် လူဦးရေ အချက်အလက်တွေ ရဖို့ဖြစ်ပါတယ်။ ဒါကြောင့် သန်းခေါင်စာရင်းကောက်သူ ဆရာမတစ်ဦးပဲ အိမ်ကိုလာခွင့်ရှိပြီး သူနဲ့ အတူ ဘယ်တာဝန်ရှိသူကမှ လိုက်လာလို့ မရပါဘူး''ဟု မြို့နယ်လ၀ကမှူးက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူခြင်း လက်ကမ်းစာစောင်တွင်လည်း သန်းခေါင်စာရင်း မေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြား သို့ ရောက်ရှိနေသည့် အိမ်ထောင်စု ၀င်များအတွက် စိုးရိမ်ရန်မလိုပါ။ မည်သို့မျှ အရေးယူမည် မဟုတ်ပါဟု ဖော်ပြပြီး ဖြစ်ပါသည်။

ရွေ့လျားလုပ်သား အခွင့်အရေးများကို လေ့လာနေသူ Mon and Thamakron Group Co.Ltd မန်နေဂျာ နိုင်ကောင်းရွက်က ''မွန်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံတွေကို အလုပ်လုပ်နေတဲ့သူ နှစ်သန်းလောက် ရှိပါတယ်။ သူတို့ တွေအတွက် ဒီမှာရှိတဲ့ မိသားစုတွေက မှန်မှန်ကန်ကန် ဖြေပေးဖို့  အမှန်ပြောရင် တစ်ခုခုနဲ့ အရေးယူမယ် စိုးရိမ်စိတ်နဲ့ လိမ်ပြီးမပြောဖို့  သန်းခေါင်စာရင်းမ၀င်မှာစိုးလို့ လည်း ပြန်လာပြီး လူပြဖို့  မလိုတာတွေကို ကျေးရွာတွေမှာ လိုက်ပြောပြနေပါတယ်။ ကျေးရွာအချို့တော့ ကျန်သေးတာပေါ့'' ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အတွင်း ၁၂ ရက်ကြာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရန်ရှိပြီး အကြိုပညာပေးကာလ အဖြစ် ရပ်ကွက်ကျေးရွာများသို့  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြောကြားလျက်ရှိသည်။

(မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်တစ်ခုတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအတွက် သက်ဆိုင်ရာမှ ရှင်းလင်းပြောကြားနေစဉ်)

Eleven Media Group

ကတ်သီးကတ်သပ်ပြောတဲ့ တောက်တီးတောက်တဲ့


"ပြောကိုမပြောချင်တော့ပါဘူးကွယ်"

ခင်ဝင့်ဝါလေးကို မဲပေးဖို့ ဝိုင်းကြဟယ် ဝန်းကြဟယ် ကြံကြဟယ် ဖန်ကြ ဟယ်နဲ့ အပတ်တကုတ် အားထုတ် ကြပြီးတဲ့နောက် ခင်ဝင့်ဝါလေး လည်း အောင်မြင်ပြီး မြန်မာပြည်ပြန်ရောက်လာ ပြီးတဲ့နောက် မတော့ မောင်တောက် တီးတို့ တစ်တွေ အချိန်အားတွေရနေပါတယ်။

သို့ပေမဲ့ ဇူကာဘတ် အတွက်တော့ အခမဲ့ အလုပ်လုပ်ပေးနေကြတာပဲ။ လခရတဲ့ အလုပ်တွေမှာသာ လခနည်းသလေး၊ ခံစားခွင့် အပြည့် အဝ မရသလေး ဘာလေးညာလေးနဲ့ အရေးတွေ ဆိုကြပေမယ့် ဇူကာဘတ် ရဲ့ ဖေ့စ်ဘွတ် အတွက်တော့ အားလုံး တက်တက်ကြွကြွကြီးကို အခမဲ့ ကူလီထမ်းနေကြသဗျ။ ဇူကာဘတ် လုပ်သမျှကို လည်စင်း ခံနေကြရင်းက ဖေ့စ်ဘွတ်ကြီးပျောက်သွား မှာကိုတောင် စိုးရိမ်နေကြသေး။ ဇူကာဘတ်ကို အရေးဆိုရမယ့် အစား လုပ်ငန်းခွင်မှာ ဖေ့စ်ဘွတ်သုံးရရေး တို့အရေးလို့တောင် မအော်ရုံ တစ်မည်ပါပဲ။ ဇူကာဘတ်က ဘာပြန်ပေး လဲဆိုတော့ကာ... ဘာမှမပေးတဲ့အပြင် မောင်တောက်တီး တို့ကိုတောင် ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ထင်မှာ မဟုတ်ပါဘူး။

သို့ပေမဲ့ မောင်တောက်တီးတို့ကတော့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ... အဲ...သူတို့အတွက် ဖေ့စ်ဘွတ်ကနေ အကျိုးဆောင်ပေးနေ ရတာကိုပဲ လွှတ်ပျော်နေကြသကိုး။ ခင်ဝင့်ဝါ မြန်မာပြည်ပြန်ရောက်ပြီး သိပ်မကြာခင် မှာပဲ တရုတ်မှာ မယ်သွားပြိုင်မယ့် ကောင်မလေး တစ်ယောက်က စာနယ်ဇင်း တွေ့ဆုံပွဲမှာ ဘီကနီနဲ့ ကိုယ်ဟန် အမျိုးမျိုးပြပြီး စာနယ်ဇင်း ဆရာတွေကို တွေ့ခဲ့တာကြောင့် ရွာဆော်ကြီးဖေ့စ်ဘွတ်မှာ အတော်ကြီးကို အုတ်အော် သောင်းနင်းဖြစ်သွားသေး။ အဲဒီလို ဘီကနီနဲ့ ကိုယ်ဟန်ပြဖို့ ဆိုတာကလည်း သူ့ဆရာ မော်ဒယ် ဖခင်ကြီးတစ်ယောက်ရဲ့ အကြံဥာဏ် ပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လေ မြန်မာနိုင်ငံစာနယ်ဇင်းသမားတွေရှေ့မှာ ဘီကနီနဲ့ ပထမဆုံးကိုယ်ဟန် ပြတဲ့ ကောင်မလေး တစ်ယောက်တော့ ဖြစ် သွားတာပါပဲ။

အဲဒီကောင်မလေးကိစ္စပြီးတော့ သူ့ဆရာ မော်ဒယ်ဖခင်ကြီးရဲ့ ဖိနပ် သတင်းတစ်ခု ဖေ့စ်ဘွတ်မှာ အော်မြည် ပျံ့လွင့်လာလေရဲ့။ ၂၈ သိန်းတန် ဖိနပ် ဝယ်စီးသတဲ့။ တချို့ပြောကြတာကလည်း ခင်ဝင့်ဝါဆီက လျော်ကြေး ဆိုသကိုး။ မော်ဒယ်အေဂျင်စီနဲ့ ချုပ်ထားတဲ့ စာချုပ်ပါစည်းမျဉ်းတွေ ကို ဖောက်ဖျက်တာကြောင့် ခင်ဝင့်ဝါက လျော်ကြေးပေးရသတဲ့။ ဒါတွေတော့ မောင်တောက်တီး သိပ်နားမလည်ပါဘူး။
အံသြတာက ၂၈ သိန်းတန်ဖိနပ်ဆိုတာကိုပဲ။ ရွှေအစစ်ကို အပြားခတ်ပြီး ဖိနပ် လုပ်ထားရင်တောင် ဒီလောက်ပေးရပါ့မလား မသိပါဘူးဗျာ။ မင်းလျော် ကြေးလောက်တော့ ငါ့ဖိနပ် ဖိုးပဲရှိတယ်လို့များ ကြွားလိုက်လေ သလားလို့ တောင်ထင်ရတယ်။ ဖိနပ်ဝယ်မစီး ဘဲ စေတီတော် တစ်ဆူဆူ ကို ရွှေသင်္ကန်း ကပ်လိုက်ရင် သာဓုတွေ အခေါ်ခံလိုက်ရမှာ ဘယ်နည်း လိမ့်မလဲ။ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးသူတွေကို တစ်စုံတစ်ခု ဒါနပြုလိုက် ရင်ရော။ ဒါမှမဟုတ် ဟိုတစ်လောက သတင်းကြားလိုက်တဲ့ တရုတ်ပြည် ပို့မယ့်ခွေးတွေကို ကျွေးမွေးပြုစုပေးထားတဲ့ ခွေးဂေဟာကို လှူလိုက် ရင်လည်း သတ္တဝါတွေကို ကယ် တင်ခြင်းမည်တဲ့အတွက် ကောင်းချီးပေး ကြမှာပါလေ။ ခုမတော့

...ပြောကိုမပြောချင်ပါဘူးကွယ်...နောက်ဆုံးသတင်းအရတော့ လျော်ကြေးက ဖိနပ်ဖိုးမလောက်လို့ ပိုက်ဆံနောက်ထပ်စိုက်ပြီး သိန်း ၃ဝ ကျော်တန် ဖိနပ်ဝယ်စီးလိုက်သတဲ့...။ ကဲ ...။ ကဲ...။

Yati Magazine

BB Cream,CC Cream ,DD Cream တွေဘာကွာခြားလဲ


မိန်းကလေး ဆိုတာက အလှ အပ အတွက် ဆိုတော့ အာဟာရ နဲ့ ကျန်းမာရေး တင်မက ကျွန်မတို့ အနေ နဲ့ အလှပြင် ပစ္စည်းတွေကို လည်း အားကိုး ရပါတယ်။ အဲဒီ အထဲ မှာ မိတ်ကပ် ဟာလည်း တစ်ခု အပါ အ ဝင်ပေါ့။ ဒီတော့ ယနေ့ လူကြိုက် များတဲ့ မိတ်ကပ် အမျိုး အစား တစ်ခု ဖြစ် တဲ့ BB Cream နဲ့ နောက်ဆက်တွဲ ခရင်မ် များ အကြောင်း ကို လေ့လာ ရအောင်။ BB Cream ဆိုတာကတော့ ယနေ့ ခေတ်ပျိုမေများ အသည်းစွဲတဲ့ မိတ်ကပ် အမျိုးအစား တစ်ခုပါပဲ။ တကယ်တော့ BB ပြီးတဲ့နောက် ကျွန်မ တို့နဲ့ မရင်းနှီးသေးတဲ့ CC နဲ့ DD Cream တွေ လည်း ပေါ်နေပါ ပြီ။

အဲဒါတွေ ကရော BB Cream နဲ့ ဘာကွာလဲ ၊ CC Cream သုံးဖို့ လိုအပ်သ လား၊ တခြား Tinted Moisturizer တွေကိုရော ပစ်လိုက် ရတော့မှာ လား။ အောက်ခံ မိတ်ကပ် တွေကိုရော။ ကဲ...ဒါတွေသိချင် ရင် အောက် မှာ ဖော်ပြထားတဲ့ ခရင်မ်လေးတွေ အကြောင်း သေချာ ဖတ်ကြည့်လိုက်နော်။

• Tinted Moisturizer

Tinted Moisturizer ဟာ တစ်နည်းအားဖြင့် အစိုဓာတ်ကို ထိန်းပေးနိုင်ပြီး အရောင်ဖျော့ကာ လူးထားမှန်း မသိရဘဲ လှပစေတဲ့ ခရင်မ် တစ်မျိုးပါ။ ဒါပေမဲ့ ဒီ Tinted Moisturizer တွေမှာ အရောင်က တော့ အထိုက် အလျောက်ပါနေဆဲ ပါပဲ။

• သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

ဒါတွေ သုံးဖို့ လိုလားဆိုရင် လိုလည်း လိုနိုင်ပါတယ်။ မလိုတာ လည်း ဖြစ်နိုင် ပါတယ်။ ဘာက အကောင်းဆုံးလို့ စိတ်ထဲမှာ ဖော်မြူလာ စွဲမထားရင် အကောင်းဆုံး ပါပဲ။ Tinted Moisturizer တွေဟာ သိပ် လိမ်းခြယ်ပြင်ဆင်ဖို့ မလိုတဲ့ အသား အရေခြောက်သွေ့တဲ့ ပိုင်ရှင်တွေ အတွက် တကယ့် နတ်မိတ်ကပ် တစ်မျိုး ဖြစ်နိုင်ပါတယ်။ တစ်ထပ် တည်း မလိမ်းချင်ရင်တော့ Concealer တစ်မျိုးမျိုးကို အရင်လိမ်းပြီးမှ အပေါ်က Tinted Moisturizer တစ်မျိုးလိမ်းပေါ့။

• BB Cream ဆိုတာဘာလဲ

အသားအရေ လှပဖို့သုံးနေတဲ့ BB Cream ကို ပထမဆုံး ဂျာမဏီမှာ ထွင်ခဲ့ တာပါ။ ထွင်ခဲ့တုန်း ကတော့ လေဆာနဲ့ ကုသပြုပြင်မှု ခံယူထားတဲ့ သူတွေ အတွက် အသား အရေ လှပ အောင်နဲ့ အသားအရေ ကို ကာကွယ် ဖို့ပါ။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ ၂ဝ၁၁ မှာမှ အဲဒါကိုသုံးတဲ့ အမေရိ ကန်တွေ ထက်တောင် စော လို့ အာရှရဲ့ အဓိက လူကြိုက်များတဲ့ မိတ်ကပ် တစ်မျိုးဖြစ်လာခဲ့ပါတယ်။

• သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

BB Cream အများစုက နေရောင်ခြည် ကာကွယ်မှု ပါပြီးသား ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် SPF 30 အထက်ပေါ့။ ဒါကနေရောင်ထဲ သွားမယ့်သူတွေ အတွက် အဆင်ပြေ တာပေါ့။ နောက်ပြီး ဒီခရင်မ်ထဲမှာ အစိုဓာတ်ရယ်၊ အိုမင်းရင့်ရော်မှု ကို တားဆီးပေးနိုင်တာတွေရယ်၊ အသားအရေ ချောမွေ့စွာ ထွက်ပေါ် လာဖို့ အထောက် အကူပေးမယ့် Light reflector တွေရယ် စသဖြင့် ပါဝင်ပါတယ်။ ဒါပေမဲ့လည်း BB Cream က ဘယ်လောက်ပဲ ပါးလျစွာ လူးနိုင်တယ် ဆိုပေမယ့် Tinted Moisturizer လောက်တော့ မပါး ပါဘူး။ အရောင် ကလည်း မတူကြပါ ဘူး။ နောက်ပြီး BB Cream အမျိုး အစား ကလည်း များလှတော့ မဝယ်ခင် BB Cream ထုတ်တဲ့ အလှကုန် တံဆိပ်တချို့ကို စမ်းကြည့် နမူနာလေးတွေ သုံးကြည့်၊ မေးကြည့် ၊ လေ့လာကြည့်ပြီးမှ ကိုယ်နဲ့ သင့် တော်တာကို ဝယ်သင့်ပါတယ်။

တကယ်လို့ သင်က ဝက်ခြံ ပေါက်လွယ် တတ်သူ ဆိုရင်တော့ ပိုပြီး ဆန်းစစ် ဖို့လိုပါပြီ။ ဘာ့ကြောင့် လဲဆိုတော့ BB Cream အများစု ဟာ ဝက်ခြံပျောက်စေတဲ့ ကုန် ကြမ်း တွေ ပါလေ့မရှိပါဘူး။

BB Cream ကိုခပ်ပါးပါး လူးပြီး အပေါ်က အောက်ခံ မိတ်ကပ် တစ်မျိုး ထပ်လူးချင်တယ် ဆိုရင် လည်းရပါတယ်။ ဒါက အောက်ခံ မိတ်ကပ် လိမ်း ထားတာကို လတ် ဆတ် တဲ့ပြင်ဆင်မှု နဲ့ ကြာရှည်ခံ အောင်ပေါ့။ ဒါပေမဲ့ အများစုက BB Cream ကို သူ့ချည်းသက်သက် လိမ်းရတာ ကြိုက်ကြ ပါတယ်။

• CC Cream ဆိုတာဘာလဲ

CC Cream ကတော့ အရောင်ကို ထိန်းပေးတဲ့ ဒါမှမဟုတ် အရောင်ကို မှန်စေတဲ့ ခရင်မ်ပါ။ သူကတော့ BB Cream ကို ပိုကောင်းအောင် မွမ်းမံထားတဲ့ ဗားရှင်း အသစ် လို့ ပြောလို့ ရပါ တယ်။

• သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

တကယ်လို့ သင့်မှာ ဝက်ခြံတွေ ရှိတယ်၊ အမည်းစက်တွေ ရှိတယ်၊ မျက်နှာ အသားအရေခြောက်တယ် ဒါမှမဟုတ် အသားရေ တွန့်တာကို ကာကွယ် ချင်တယ် ဆို ရင်တော့ သင်ဟာ CC Cream ကို သုံးကြည့် ဖို့ လိုပါတယ်။ CC Creamဟာ BB Cream ထက်ကို ပိုမို လင်းလက် ဝင်းပစေနိုင်ပါတယ်။

• DD Cream ဆိုတာဘာလဲ

ဒီနှစ်မှာ ဈေးကွက်ကို အသစ် ဝင်လာတာက DD Cream ပါ။ Julep ဆိုတဲ့ အမေရိကန်က အလှ ကုန်တစ်ခု ကနေ "Dynamic Do-All" (ဒါမှမဟုတ် DD) Cream ကို ဒီနှစ် မှာ စတင် မိတ်ဆက်လိုက်တာ ပါ။ ဒါကတော့ ပျံ့နှံ့ လာမှ သုံးကြည့် သူတွေရဲ့ အတွေ့အကြုံ အရ သုံးသပ်မှု ကိုရနိုင်မှာပါ။

• သုံးဖို့လိုနိုင်လား၊ မလိုဘူးလား

အခုက ဈေးကွက်မှာ DD Cream ထုတ်တဲ့ Brand တွေရယ် လို့ ပြိုင်ဘက် များများ မရှိသေးတော့ ဘယ်တံဆိပ် ကကောင်းလဲ ပြောဖို့ ခက်လှပါတယ်။ Julep တံဆိပ်က တော့ သူတို့ရဲ့ DD Cream ဟာ မျက်နှာရဲ့နူးညံ့တဲ့ ဧရိယာတွေကို ကာကွယ်မှု ပေးပြီး၊ အသားအရေကို ညီညာချောမွေ့မှု မျှခြေမှာ ရှိစေတဲ့ အပြင် အရေး အကြောင်း များကို လျော့ပါးစေတယ်၊ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာတွေကို ထိန်းပေးနိုင် တယ်လို့ ပြော ထားပါတယ်။

အခု အတွက်တော့ ...သင့် အတွက် Tinted Moisturizer, BB ဒါမှမဟုတ် CC ဘယ်ဟာကို သင့်ရဲ့ Favourite အဖြစ်ရွေးမလဲ ဆိုတာ တော့ ခွဲနိုင် သွားမယ်လို့ ထင်မြင် မိပါ တယ်။

Yati Magazine

Facebook မှာ ဖတ်ချင်တာ Save ထားလို့ရတော့မည်


လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Read later ဆိုတဲ့ pop up button လေးကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေကို Message box ကနေ Link ပေးပြီး save လုပ်တဲ့အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။

မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ်ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင်ရစေမှာ ဖြစ်ပါတယ်။ ယင်း Saved ကိုနှိပ်လိုက်ရင် ကိုယ် ဖတ်ဖို့ အတွက် Save လုပ်ခဲ့တာတွေကို မြင်တွေ့ရမှာပါ။ ဒီအတွက် မီဒီယာများက Leaked Photo များနဲ့ တကွ ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် Faceboook က တရားဝင် မကြေညာရသေးပါ ဘူး။ လောလောဆယ် အကောင့် အချို့ မှာ ဆန်းသတ်ပေးနေပြီး မကြာမီ အားလုံးကို Publically effect ဖြစ်အောင် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Facebook ကို "the best personalized newspaper in the world" ဖြစ်ရ မယ်လို့ ဇူကာတ်ဘတ် တရားဝင် ကြေညာခဲ့ဖူးပါတယ်။ ယခု ဒါကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်ဆိုရင် Google လိုပဲ e Reader တွေပါ မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း

ဧည့်စာရင်းဖြင့် နေသူများကို ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် မဲဖောက်မပေးတော့


ရန်ကုန်မြို့တွင် ဧည့်စာရင်းဖြင့် နေထိုင်သူများကို ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နိုင်ငံရေးနှင့် လုံခြံရေး အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ပြီး ယင်းဆုံးဖြတ်ချက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အားလုံးသို့ ဖြန့်ဝေထားကြောင်း သိရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြား လာသောကြောင့် ယခုအကြိမ် တန်ဖိုးနည်းဖုန်း အလုံး ၉၀ မဲဖောက်မှုတွင် ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများကို ဖုန်းလျှောက်ခွင့် လုံးဝ မပေးတော့ကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဧရာဝတီသို့ ပြောသည်။
“အရင် မဲဖောက်ခဲ့တဲ့ ၇ ကြိမ်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့ သူတွေကိုပါ ဖုန်းလျှောက်ခွင့် ပေးခဲ့တယ်။ အခုတကြိမ်တော့ ဧည့်တွေ မပါတော့ဘူး။

အခုရပ်ကွက်ထဲမှာ ဖုန်း အလုံးရေ ၅၀၀ ကျော်ရသွားပြီ။ တချို့တွေကျတော့ ဖုန်းကို ပြန်ရောင်းစားတာမျိုးတွေလည်း ရှိတယ်” ဟု ဦးဇော်လွင်က ဆိုသည်။
ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကြောင့် ဧည့်စာရင်းများကို ဖုန်းမပေးရခြင်းဟု အကြောင်းပြသော်လည်း ဧည့်စာရင်းများကို ဖုန်းချပေးရသည်မှာ ရှုပ်ထွေးမှုများ ဖြစ်နေကြောင်း အောက်ခြေအာဏာပိုင် အဆင့်ဆင့်မှ တင်ပြလာသောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“အဲဒီပြဿနာက ဖြေရတော်တော်ခက်တယ်။ အောက်ခြေကလည်း ဖုန်းလျှောက်တဲ့ အဆင့်တွေမှာ ဧည့်တွေကြောင့် လုပ်ငန်းရှုပ်ထွေးမှုတွေ ဖြစ်တယ်လို့ တင်ပြမှုတွေ ရှိတယ်။ ပထမတုန်းက အကုန်ပေးတာ။ အခု ၈ ကြိမ်မြောက်မှာတော့ ဧည့်တွေ မပေးတော့ဘူး။ အရင် မဲနှိုက်ပြီးသား မဲပုံးတွေကိုပဲ ဆက်ဖောက်ဖို့ လုပ်သလို တချို့ကလည်း ဧည့်တွေကို လုံးဝ ထုတ်လိုက်တာမျိုး ရှိတယ်” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်ကွက်အတွင်း သာရေး၊ နာရေး လုပ်ငန်းများအတွက် ဧည့်စာရင်းဖြင့် နေထိုင်သူများထံမှ ပုံမှန်ပိုက်ဆံ ကောက်လေ့ ရှိသော်လည်း ဖုန်းလျှောက်ခွင့် အခွင့်အရေးကိုမူ မပေးခြင်းသည် မျှတမှု မရှိဟု ရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများက ပြောဆိုလျက်ရှိကြောင်း မြောက်ဒဂုံ (၄၀) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်နိုင်က ပြောသည်။

“သာရေး၊ နာရေး၊ လမ်းကြေး၊ မီးကင်းကြေး လိုမျိုးဟာတွေ ကျတော့ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကိုပါ ကောက်ပြီး ဖုန်းလျှောက်ခွင့်ကျတော့ မပေးဘူးဆိုရင် မကောင်းတတ်လို့ နာရေးကလွဲရင် ကျန်တာ မထည့်နဲ့လို့ အိမ်ကလူတွေကို ပြောထားတယ်” ဟု ဦးမြင့်နိုင်က ဆိုသည်။
တန်ဖိုးနည်းဖုန်း ကျပ် ၁၅၀၀ တန်ဖုန်းမှာ ပြင်ပဈေးကွက်တွင် CDMA ဖုန်းတလုံးလျှင် ကျပ် ၇ သောင်း၊ GSM ဖုန်း တလုံးလျှင် ၁ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေသောကြောင့် တချို့မှာ ပြန်လည် ရောင်းချမှုများ ပြုလုပ်ကြကြောင်း သိရသည်။

“ကျနော်တို့ ရပ်ကွက်ကတော့ နဂိုကတည်းက ဧည့်စာရင်းနဲ့ နေတဲ့သူတွေကို မပေးတာ။ သန်းခေါင်စာရင်း အမှန်ရှိတဲ့သူတွေကိုပဲ ပေးတာ။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေကလည်း လိုချင်တာပေါ့။ ပြောလို့မရလို့သာ ဘာမှမပြောကြတာ” ဟု မြောက်ဒဂုံ (၃၃) ရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်ဇော်က ပြောသည်။
တန်ဖိုးနည်းဖုန်းမှာ အိမ်ပိုင်မရှိသူ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအတွက် အဖိုးတန်သောကြောင့် ရောင်းချပေး သင့်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင်လည်း ၁၅၀၀ တန်ဖုန်း လျှောက်သူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုင်းအ၀ိုင်းကြား ပြဿနာ အကြီးအကျယ်တက်၍ လွှတ်တော်ကိုယ်စားလှယ် တချို့ပါ ၀င်ရောက် ရှင်းလင်း ပေးနေရကြောင်း တောင်ဥက္ကလာပ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာ စောနိုင်က ဧရာဝတီသို့ ပြောသည်။

“ပြဿနာက ဖုန်းမဲနှိုက်ကြတဲ့အခါ လျှောက်လွှာတင်ထားတဲ့ သူတွေက မဲပုံးကို ကြည့်ချင်တာကို ရပ်ကွက် ကော်မတီက ခွင့်မပြုဘူး။ နောက်ဆုံး ကော်မတီဝင် တယောက်က မဲပုံးကြီးယူပြီး ထွက်ပြေးသွားတဲ့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ တိုင်ထားတယ်။ တကယ်တော့ တန်ဖိုးနည်းဖုန်းဆိုတာ နေစရာအပိုင် မရှိသေးသူတွေ ရသင့်ပါတယ်။ အခု မိအေး နှစ်ခါနာ ဖြစ်တာပေါ့ ” ဟု ဒေါက်တာ စောနိုင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းများ ဆက်လက် ချထားပေးသွားမည် ဖြစ်ပြီး တန်ဖိုးနည်း ဖုန်းများအတွက် ၀န်ထမ်းဝေစုကို ယခင်က သုံးပုံတပုံ ယူခဲ့သော်လည်း ယခုအခါ ရှစ်ပုံတပုံသာ ယူတော့ကြောင်း၊ နောက်ပိုင်းတွင် ၀န်ထမ်းဝေစု လုံးဝမယူတော့ဘဲ ပြည်သူသို့ အပြည့်အ၀ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Irrawaddy

ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေ ပထမနှစ်ကျောင်းသား တစ်ထောင်ကျော် လက်ခံမည်


လာမည့် ပညာသင်နှစ်တွင် စတင်လက်ခံမည့် ရန်ကုန်တက္ကသိုလ် အဆောင်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နေထိုင်သူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးကို လက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင် လက်ခံထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ပရိဝုဏ်အတွင်း အဆောင် ခုနစ်ဆောင်တွင် ထားရှိမည် ဖြစ်ပြီး ဖွင့်လှစ်မည့် အဆောင်များမှာ အင်းဝ၊ ပင်းယ၊ ပဲခူး၊ သထုံ၊ ရွှေဘိုနှင့် ဒဂုံဆောင်တို့ ဖြစ်ကြောင်း သင်တန်းရေးရာ ဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အဆောင်နေ ကျောင်းသားများသည် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း ဒေါက်တာလှဆွေက ထပ်လောင်း ရှင်းပြသည်။

လက်ရှိ ရန်ကုန်တက္ကသိုလ် ပထမနှစ် သင်တန်းတွင် ဝင်ခွင့်ရရှိသူ ၁၇၆ ဦးရှိပြီး ထိုထဲက ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးကျော်မှာ အဆောင်လျှောက်ထားခွင့် ရှိကြောင်း၊ ထပ်မံတိုးခေါ်မည့် ကျောင်းသား များထဲက ရန်ကုန်မြို့တော် ဧရိယာပြင်ပ ကျောင်းသား များလည်း လျှောက်ထားနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆောင်နေ ကျောင်းသား တစ်ဦးလျှင် လစဉ်အဆောင်ခ ကျပ်တစ်သောင်းခွဲနှင့် စားသောက်စရိတ် ကျပ်ခြောက်သောင်း သတ်မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနက အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်တိုင်းတွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို ယခုနှစ် ပညာသင်နှစ်တွင် စတင်လက်ခံရန် တရားဝင် အကြောင်း ကြားထားသည်။

The Voice Weekly

"လေဆိပ်တွင် ဝယ်ယူသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်"






လေဆိပ်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်မည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်တစ်လက်ကို လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက လက်တွေ့ ပြသခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့လေဆိပ် အသီးသီးတွင် လုံခြုံရေးအဆင့်ကို အမြင့်ဆုံးထိ မြှင့်တင်နေသည့်တိုင် ယိုပေါက်များ ရှိနေနိုင်ဆဲဖြစ်ကြောင်း သတိပေး တပ်လှန့်မှုတစ်ခုလည်း ဖြစ်လာသည်။ လုံခြုံရေးဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူများသည် ဆံပင်အခြောက် ခံစက်၊ သံလိုက်ငယ်များ၊ ဓာတ်ခဲလေးများ၊ ခေါင်းစည်းကြိုး၊ ကွန်ဒုံးစသည့် အလွယ်တကူ ဝယ်ယူရရှိနိုင် သော ပစ္စည်းလေးများကို သေနတ်တစ်လက် ဖြစ်လာအောင် စုစည်းတည်ဆောက်ပြခဲ့သည်။ ယင်းပစ္စည်း အားလုံးကို လေဆိပ်ထဲရှိ ဆိုင်ခန်းများတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုသေနတ်ကို တည်ဆောက်ရာတွင် မဂ္ဂဇင်းစာအုပ်ကိုလိပ်ကာ ပြောင်းအဖြစ် အသုံးပြုပြီး သွားကြား ထိုးသည့် ပိုးချည်မျှင်ကဲ့သို့ အသေးအမွှား ပစ္စည်းလေးများဖြင့် နေရာတကျ ဆက်သွယ်ချိတ်ဆက်ခဲ့သည်။ ကျည်တောင့်အဖြစ် Red Bull သံဖြူဘူးထဲတွင် (၁)အောင်စ အလေးချိန်ရှိ Axe Sprayဘူးနှင့် ရေထည့် ထားသည့် ကွန်ဒုံး၊ လစ်သီယမ် သတ္တုတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုပစ္စည်းများ ဓာတ်ပြုသည့်အခါ အလွန်ပြင်းထန်သည့် ပေါက်ကွဲတွန်းကန်မှုဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်သည့် သက်ရောက်မှုမျိုး ဖြစ်လာသည်ကို ဗီဒီယို မှတ်တမ်းတင်မှုများအရ တွေ့ရှိနိုင်ခဲ့သည်။

quot;ဒီနည်းကိုသာ အကြမ်းဖက်သမား တစ်ယောက်ယောက်က တကယ်တမ်း ထုတ်သုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ တားဆီးနိုင်ဖို့ အချိန်တော်တော် နောက်ကျနေလောက်ပြီ"ဟု အီဗန်ဘုသ်က ဆိုသည်။ ၎င်းသည် အရှေ့တင်နက်ဆီ တက္ကသိုလ်သို့ တက်ရောက်နေပြီး ဒီဂျစ်တယ် မီဒီယာ ပညာရပ်ကို အထူးပြု သင်ယူနေသူ တစ်ဦးဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးသည် လေဆိပ်ထဲသို့ မည်သည့်ဖောက်ခွဲရေး ပစ္စည်းကိုမျှ မယူဆောင်ဘဲ ဝင်ရောက်လာပြီး အတွင်းပိုင်း၌ သေနတ်တစ်လက်ကို လျင်လျင်မြန်မြန် တည် ဆောက်နိုင်လိမ့်မည်ဟု ၎င်းက ထောက်ပြခဲ့သည်။ ယခင်ကလည်း အပျော်တမ်း လုံခြုံရေး အကြံပေး တစ်ဦးသည် လေဆိပ်ထဲ၌ ဝယ်ယူနိုင်သည့် ပစ္စည်းများကို စုပေါင်းပြီး ဒူးလေးတစ်လက် တည်ဆောက်ပုံကို လက်တွေ့ပြသဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

Wednesday, November 27, 2013

အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ


အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။ သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေ ရှိလာ



ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာ ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်း ကောက်ချက်တွေအရ သိရပါတယ်။

အသက် ၁၆နှစ်ကနေ ၄၄နှစ်အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ၃.၇ယောက်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၆.၅ယောက်နှုန်းရှိခဲ့ပါတယ်။

အမျိုးသားတွေဟာ သောင်းပြောင်းဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။

၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှအရေအတွက်ဟာ ၈.၆ ကနေ ၁၂.၆ ထိတက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ခုနှစ်အရောက်မှာတော့ ၁၁.၇ထိ ပြန်ကျခဲ့တယ်လို့ စာရင်း ဇယား တွေအရ သိရပါတယ်။

လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ကြိမ်နှုန်း ရှိနေခဲ့ပေမဲ့ ခုတော့ ပျမ်းမျှတစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။

Ref:telegraph

Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် ဆစ်ဒနီ ရောက်ပြီ


ကြိုဆိုနေကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် (Credit: ABC)

မြန်မာ့ ​ဒီမိုကရေစီ ​ခေါင်းဆောင် ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့ကို ​ရောက်ရှိလာပါပြီ။

ဒေသစံတော်ချိန် ​မနက် ​၈ ​နာရီခန့်မှာ ​ရောက်ရှိလာခဲ့တာ ​ဖြစ်ပြီး ​မြန်မာ ​မိသားစုဝင် ​၁၀၀ ​လောက်က ​လာရောက် ​ကြိုဆို ​ခဲ့ကြတယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​၀န်ကြီးဌာနရဲ့ ​ကြိုဆိုခွင့် ​တားမြစ်ခံခဲ့ရတဲ့ကြားက ​ဇွဲရှိရှိလာရောက်ကြတဲ့ ​မြန်မာ ​မိသားစုဝင်တွေကို ​ဒေါ်အောင်ဆန်းစုကြည်က ​လုံခြုံရေးတွေကို ​ကျော်ဖြတ်ပြီး ​တရင်းတနှီး ​နုတ်ဆက်ခဲ့ပါတယ်။

နိုဝင်ဘာ ​၂၇ ​ရက်နေ့ ​မွန်းလွဲပိုင်းမှာတော့ ​New ​South ​Wales ​ဘုရင်ခံချုပ်ရုံးမှာ ​ဂုဏ်ပြု ​နေ့လည်စာ ​စားသုံးပြီး ​မြန်မာ ​မိသားစုဝင်တွေနဲ့ ​နေ့လည် ​၃ ​နာရီမှာ ​တွေ့ဆုံမယ်လို့ ​သိရပါတယ်။

ညနေ ​၅ ​နာရီ ​အချိန်မှာတော့ ​ဆစ်ဒနီမြို့ရဲ့ ​​အထင်ကရနေရာတခုဖြစ်တဲ့ ​​Sydney ​​Opera ​​House ​​မှာပြုလုပ်မယ့် ​​တက္ကသိုလ် ​​၃ ​​ခုပေါင်း ​​ဘွဲ့နှင်းသဘင် ​​အခမ်းအနားမှာ ​​အမှာစကား ​​ပြောကြားဖို့ ​​ရှိပါတယ်။

အဲဒီအခမ်းအနားကို ​အွန်လိုင်းကနေ ​တိုက်ရိုက်ထုတ်လွှင့်သွားမှာ ​ဖြစ်ပြီး ​အောက်က ​လင့်ခ်မှာ ​ကြည့်ရှုနိုင်ကြပါတယ်။

http://www.abc.net.au/news/2013-11-26/aung-san-suu-kyi-speaks-at-the-sydney-opera-house/5115706

ABC Radio Australia

မဟာဗန္ဓုလ ပန်းခြံမှာ စနေနေ့တိုင်း ရှိုးပွဲ အလကား ကြည့်နိုင်ပြီ


အများပြည်သူများ အခမဲ့ကြည့်ရှု အပန်းဖြေနိုင်မယ့် အပျော်တမ်းဂီတ ဖျော်ဖြေပွဲတွေကို စည်ပင် သာယာ ရေး ကော်မတီမှ မဟာဗန္ဓုလပန်းခြံအတွင်း စနေနေ့တိုင်း ဖျော်ဖြေခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။

၎င်းဖျော်ဖြေပွဲ တွေကို အပတ်စဉ် စနေနေ့ ည ၆း၀၀ နာရီ အချိန်အထိ မဟာဗန္ဓုလလမ်းဘက်ခြမ်း၊ ပန်းခြံအဝင် ရေပန်းကန် နှစ်ခုကြား လျှောက်လမ်း ပေ ၄၀x၂၄ ပေမှာ ဖျော်ဖြေခွင့်ပြုသွားမှာ ဖြစ်တယ်။ ကြည့်ရှုအပန်းဖြေမယ့် ပြည်သူတွေ အနေနဲ့ ပန်းခြံအပြင်ဘက် လျှောက်လမ်းနဲ့ ကားပါကင်နေရာမှာ ကြည့်ရှုနိုင်ပါတယ်။ အခမဲ့ အပျော်တမ်း ဂီတဖျော်ဖြေပွဲ လုပ်ဆောင်လိုသူတွေ အနေနဲ့ ဖျော်ဖြေမယ့် နေ့ရက်၊ အချိန်၊ လူအင်အား၊ ဖျော်ဖြေမယ့် တေးသီချင်းတွေ၊ ပါဝင်မယ့် တူရိယာပစ္စည်းတွေကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှာ တစ်ပတ်ကြို တင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

Unplugged ဂီတအမျိုးအစား ဖျော်ဖြေရမှာ ဖြစ်ပေမဲ့ စည်ပင်မှ လိုအပ်ရင် လျှပ်စစ်မီးတွေ သွယ်တန်းပေးမှာ ဖြစ်တယ်။ ‘ဝါသနာရှင်တွေ အပျော်တမ်း သီဆိုဖျော်ဖြေခွင့် ပေးမှာ ဆိုတော့ ပရော်ဖက်ရှင်နယ် box အကြီးစားတွေနဲ့ သီဆိုခွင့်တော့ မပြုဘူး၊ ပန်းခြံ အပြင်ဘက်ကပဲ ကြည့်ရှု ခွင့်ပေးမယ်’ လို့ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

By ခေတ်လူငယ်

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် လူမှုကွန်ရက်တွင်ဆဲဆို



၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ ...
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင် လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့် ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့် မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး - People power

မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ


၁) လိပ်ခေါင်းလိမ်းဆေး
မော်ဒယ်များနှင့်ကပြဖျော်ဖြေသူများသည် မျက်ရစ်ဖောင်းခြင်း၊ မျက်ရစ်တွဲကျခြင်းများအတွက် လိပ်ခေါင်းလိမ်းဆေးကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ထိုဆေးသည် ဖောင်းအိတွဲကျနေသည့် မျက်ရစ်၊မျက်ခွံများတင်းရင်းစေပြီး အရေးအကြောင်းများကိုပါ လျော့ကျစေသည်။ လိမ်းဆေး၏အနံ့ပြင်းလွန်းပါက moisturizer ကရင်မ်နှင့်အနည်းငယ်ရောစပ်ပြီး အသုံးပြုပါ။

(၂) လက်ဖက်ရည်ထုပ်
လက်ဖက်ရည်တွင် tannin ဓါတ်များပါဝင်ပြီး ရေဆွဲယူနိုင်သည့် အာနိသင်ရှိရာ အချိန်များများစား စားပေး၍ အလှပြင်ချိန်မရသူ မော်ဒယ်များ၊ သရုပ်ဆောင်များအသုံးပြုလေ့ရှိကြသည်။ စက္ကူပတ်နှင့်လာသော လက်ဖက်ရည်ထုပ်နှစ်ထုပ်ကို ရေနွေးပူထဲနှစ်၍ စိုစွတ်စေပြီး ရေခဲ သေတ္တာထဲချက်ချင်းထည့်၍ အအေးခံပါ။ ထို့နောက်မျက်လုံးတစ်ဖက်စီပေါ် လက်ဖက်ရည်ထုပ်တစ်ခုစီ တင်ပြီး ငါးမိနစ်ခန့်ထားပါ။

(၃) ထောပတ်သီး
ပင်ပန်းမှုကြောင့် မျက်ကွင်းညို ခြင်းဖြစ်ပေါ်သည့်အခါ ဂရုတစိုက်မပြုပြင်လျှင် အချို့ပုဂ္ဂိုလ်များ၌ နှစ်ပေါင်းများစွာတိုင် မျက်ကွင်းညိုနေ တတ်သည်။ ထောပတ်သီးမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်ကွင်းညိုနေသည့်နေရာများ၌ ကပ်ထားပေးပါ။

(၄) ဇွန်း
သတ္တုဇွန်းနှစ်ဇွန်းကို ရေအေး အေးထဲထည့်၍ မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။ ထို့နောက်လဲလျောင်း၍ ဇွန်း၏ခုံးနေသောအပိုင်းကို မျက်ခွံ ပေါ် စက္ကန့် (၃၀) မှ စက္ကန့် (၆၀)အထိ တင်ထားပါ။ သတ္တု၏အအေး ဓါတ်သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို လန်းဆန်းစေနိုင် သည်။

(၅) သခွားသီး
မျက်လုံးတစ်ခုလုံးနီရဲမို့မောက်နေပါက သခွားသီးတစ်စိတ်စီကို မျက်လုံးပေါ်၌ မိနစ် (၃၀) ကြာတင် ပေးပါ။ သခွားသီး၏ အအေးဓါတ်နှင့် ရေဓါတ်ကြောင့်နီရဲနေသော မျက်လုံး များဖြူဝင်းလာစေသည်။


Health Updates Journal No. 93

လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိမှု ဗုဒ္ဓမွေးဖွားရက်ကို ပြောင်းသွားစေနိုင်


နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန မြေတူးပညာရှင်များက ခိုင်မာသော သမိုင်းသက်သေ အထောက် အထားများကို ရှာဖွေတူးဆွ နေခဲ့ကြသည် (ဓာတ်ပုံ – National Geographic)

ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခု နီးပါးမျှ နောက်သို့ဆုတ်သွားစေနိုင်သည့် အထောက်အထားများ နီပေါနိုင်ငံ လုမ္ဗီနီတွင် ရှာဖွေတွေ့ရှိ ခဲ့သည်။

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာအဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့် နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသော အထောက်အထားများကို ရှေးဟောင်း သုတေသန မြေတူး ပညာရှင်များက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။

ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။

“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့ တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီး ကိုးကွယ်ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။

ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏ မယ်တော်ဖြစ်သူ မာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်း နောင်အခါ တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကို မွေးဖွားခဲ့သည့် ဥယျာဉ်နေရာဖြစ်သည်။

ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။ နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြားယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု သတ်မှတ်ကြသည်။

ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။ ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင် စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်း အဖြစ်ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။

လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့် နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန် အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ ပြုလုပ်နေသည်။

အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။

နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ် ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။

“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။ သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်” ဟု Coningham ကပြောသည်။

တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများ အောက်ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟုလည်း Coningham က ပြောသည်။

ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို ၀ိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်းများကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း Coningham ကဆိုသည်။ အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ တွေ့ရသည်ဟုလည်း သိရသည်။

အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ ရုပ်ကြွင်းများတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေ သော ရွှံ့ခင်းကြမ်းပြင်က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင် သို့မဟုတ် ဗောဓိပင်ဖြစ်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။

ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း သိရသည်။

“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့ အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ” ဟုလည်း Coningham က ပြောသည်။

၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန် သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။

သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ ၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။

“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သားအကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့် သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။

သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့် ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။

“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင် သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြစ်နိုင်ပါတယ်” Julia Shaw ကပြောသည်။

“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင် အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း သူက ထပ်ပြောသည်။

အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်း ထပ်မံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။

“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု အင်္ဂလန်နိုင်ငံ  Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် Ruth Young က ပြောသည်။

ဧရာဝတီ

ပြည်ပနိုင်ငံ လေးနိုင်ငံမှ ပြည်တွင်းသို့ Ytalk စနစ်ဖြင့် ဖုန်းခေါ်နိုင်ပြီ


 အမေရိကန် ၊ အင်္ဂလန် ၊ စင်င်္ကာပူနှင့် ထိုင်းနိုင်ငံများမှ ပြည်တွင်းသို့ Ytalk ဖုန်းခေါ်ဆိုမှုစနစ်ဖြင့် ခေါ်ဆို နိုင်ပြီ ဖြစ်ကြောင်း Ytalk Service ကို ၀န်ဆောင်မှုပေးနေသော VMG Telecom Co,ltd မှ အထွေထွေ မန်နေဂျာ ဦးအောင်မင်းသိန်းက နိုဝင်ဘာ ၂၆ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ Ytalk ဖုန်းခေါ်ဆိုမှု စနစ်သည် ယခင်က ပြည်တွင်းမှ ပြည်ပနိုင်ငံများကိုသာ ခေါ်ဆိုနိုင်ပြီး နိုဝင်ဘာ ၂၂ ရက်မှ စတင်ကာ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ စတင် ဖုန်းခေါ် ဆိုနိုင်ခြင်း ဖြစ်သည်ဟု ဦးအောင်မင်း သိန်းက ဆိုသည်။

ဦးအောင်မင်းသိန်းက " နောက်ပိုင်း အခြားနိုင်ငံတွေမှာလည်း အသုံးပြုနိုင်အောင် လုပ်သွားဖို့ရှိတယ်။ ဖုန်းခေါ်ဆိုမှု တစ်နိုင်ငံဆီ ရရှိနိုင်ဖို့က ဟိုဘက်က နိုင်ငံတွေက အော်ပရေတာ ညှိနှိုင်းရတာ ကြာတယ်" ဟုပြောသည်။

ယင်းသို့ ပြည်ပ နိုင်ငံများမှ ဖုန်းခေါ်ဆိုနိုင်သော်လည်း နိုင်ငံတိုင်းတွင် Ytalk ဖုန်းငွေဖြည့်ကတ်ကိုရောင်းချ ပေးနိုင်ခြင်း မရှိသေးဘဲ မြန်မာအများဆုံး နေထိုင်သော ထိုင်း၊ စင်္ကာပူနှင့် မလေးရှားရှိ ဆိုင်အချို့တွင်သာ ရောင်းချပေးသည်ဟုလည်း VMG Telecom Co,ltd မှ သိရသည်။ ကတ်ရောင်းချမှု မရှိသည့် နိုင်ငံများ အတွက်မူ ပြည်တွင်းကသာ ၀ယ်ယူ၍ နံပါတ် ပို့ပေးနိုင်မည် ဖြစ်သည်။

"နိုင်ငံခြားက Ytalk နဲ့ ဖုန်းခေါ်ချင်ရင် Ytalk ငွေဖြည့်ကတ် ထည့်ရမယ်။ ငွေဖြည့်ကတ်ကို ပြည်တွင်းက သူတစ်ဦးဦးက ၀ယ်ပြီး Ytalk Name နဲ့ Password ကို ပို့ပေးရင် ဟိုဘက်မှာ ဖြည့်သွင်းအသုံးပြုနိုင်မှာပါ“ဟု ပြောသည်။

ထို့ပြင် မိုဘိုင်းဖုန်းများအတွက် လိုအပ်သည့် Ytalk application ဆော့ဖ်ဝဲလ်ကို googleplay ၊ applestore နှင့်www.ytalk.com.mmတွင် ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။ Ytalk ဖြင့် ဖုန်းခေါ်ဆိုမှုတွင် မိုဘိုင်းဖုန်း အသုံးပြု၍ အင်တာနက်စနစ်ဖြင့် အသုံးပြုနိုင်မည့်အပြင် အင်တာနက်မလိုဘဲ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Ytalk စနစ်ဖြင့် ဖုန်းခေါ်ဆိုရာတွင် နိုင်ငံအလိုက် ဖုန်းခေါ်ဆိုခများကို အသီးသီး သတ်မှတ်ထားပြီး စင်္ကပူ နိုင်ငံနှင့် အမေရိကန် နိုင်ငံကို တစ်မိနစ်ဝ.၀၁၅ ဒေါ်လာ(မြန်မာငွေ ၁၂ကျပ်) ၊ အင်္ဂလန်နိုင်ငံကို မိုဘိုင်း ဖုန်းဖြင့် တစ်မိနစ် ၀.၂၅ ဒေါ်လာ(မြန်မာငွေ ၂၀ကျပ်) ၊ ထိုင်းနိုင်ငံကို တစ်မိနစ် ၀.၀၃ ဒေါ်လာ(မြန်မာငွေ ၂၅ကျပ်) ကျသင့်မည်ဖြစ်သည်။

Mizzima - News in Burmese

လက်ဖက်ထုပ်ထဲက စိတ်ကြွဆေးတွေထွက်လာ







စနေ့နေ့က နယ်စပ်မြို့မဲဆောက်ကနေ ဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားနှစ်ဦးထံကနေ စိတ်ကြွဆေး အလုံးရေ ငါးသောင်းကျော်  ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အဖမ်းခံရတဲ့မြန်မာနှစ်ဦး၊ သက်သေခံပစ္စည်းတို့ကို  မဲဆောက်ရဲစခန်းမှာ အခုလို တွေ့ရပါတယ် (ဓာတ်ပုံများ-မန်းမျိုးမြင့်)

ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ကိုကို (၂၁)နှစ်နဲ့အောင်ထွန်းလေး(၂၅)နှစ်တို့ကို မဲဆောက်က အဝေးပြေးကားဂိတ်မှာဖမ်းဆီးရမိတာလို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အရေအတွက် ၅၃,၀၀၀ ရှိတဲ့ ဆေးပြားတွေကို ယုဇနလက်ဖက်အကြော်စုံအထုပ်ထဲမှာ ထည့်လာတာလို့ ထိုင်းရဲက သတင်းထောက်တွေကိုပြောပါတယ်။

တာ့ခ်ခရိုင်ရဲချုပ်နိုင်စုံဖွန်းအခရပ်ဒေချို ချိုင်းက "သူတို့အရင်ကလည်း လုပ်ခဲ့ဖူးတယ်လို့ ထွက်ဆိုပါတယ်။ လိုအပ်တာတွေ ဆက်လက်စစ်ဆေးနေပါတယ်" လို့ ဒေသခံသတင်းထောက်တွေကိုပြောပါတယ်။

မဲဆောက်တရားရုံးက ထိုင်းရှေ့နေပြောတာက ငါးသောင်းကျော် အရေအတွက်ရှိတဲ့ မက်သာအဖက်တမင်ဆေးပြား(ယာဘ) သယ်ဆောင်တဲ့အမှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားရင် ထိုင်းဥပဒေအရ  တသက်တကျွန်းကနေ သေဒဏ်အထိ ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ဆိုပါတယ်။

အခုဆိုရင် မဲဆောက်ကနေဘန်ကောက်ကိုသွားမယ့် မြန်မာအလုပ်သမားတွေကို ထိုင်းရဲနဲ့ မူးယစ်အထူးအဖွဲ့တွေက စစ်ဆေးမှုတွေ အရင်ကထက်ပြုလုပ်နေပါပြီ။
အထူးသဖြင့် မြန်မာ အစားအသောက်နဲ့ မုန့်မျိုးစုံအထုပ်တွေကို အသေးစိတ် စစ်ဆေးနေတာပါ။


ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မဲဆောက်-ဘန်ကောက် အသွားအပြန် ကူးသန်းနေတဲ့ မြန်မာအလုပ်သမား အရေအတွက်က နေ့စဉ် ၃၀၀ အထက်မှာ ရှိနိုင်တယ်လို့  မဲဆောက်က ထိုင်းလ၀က အရာရှိတဦးက ခန့်မှန်းပြောဆိုပါတယ်။

စိတ်ကြွဆေးတွေကို ဘယ်နေရာမှာ လက်ဖက်ထုပ်နဲ့တူအောင် ထုပ်ပိုးပြီး ဘယ်လမ်းကြောင်းက သယ်ဆောင်မယ်ဆိုတာကိုတော့ မသိရသေးပါ။ ဘန်ကောက်ရောက်တဲ့အခါ ဘယ်ဒေသတွေကိုဖြန့်မယ်၊ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကိုလည်း မသိရသေးပါ။
ယုဇနလက်ဖက်အကြော်စုံအထုပ်တွေဟာ ထိုင်းနိုင်ငံရောက် မြန်မာပြည်သား ၂ သန်း ကြားထဲမှာ အင်မတန် အရောင်းသွက်တဲ့ စားဖွယ်ရာ ဖြစ်ပါတယ်။
အဆာပြေ အပျင်းပြေ စားကြသလို၊ ပြင်ဆင်ရလွယ်ကူလျှင်မြန် ဈေးသက်သာပြီး အာတွေ့လျှာတွေ့ဖြစ် ဇာတိမြေကစားစရာဖြစ်တာကြောင့် အရောင်းသွက်တာပါ။

နယ်စပ်ဂိတ်များစွာကနေ ထိုင်းနိုင်ငံအတွင်းပိုင်းမြို့တွေက မြန်မာပြည်သားဈေးကွက်ကို အလုံးအရင်းဝင်ရောက်နေတဲ့ပစ္စည်းတမျိုးပါပဲ။

ရောင်းအားကောင်းလွန်းလို့ အတုလုပ်ရောင်းတာလည်း ရှိပါတယ်။ယုဇနလက်ဖက်အကြော်စုံအထုပ်ကို အစစ်မှတ်ပြီး ဖွင့်ဖောက်စားမှ ခပ်ညံ့ညံ့ပဲမျိုးစုံ၊ မည်ကာမတ္တလက်ဖက်သားတွေထည့်ထားတဲ့ အတုဖြစ်နေတာကို ကြုံရသူ အများအပြားပါပဲ။

ဧရာဝတီ

Monday, November 25, 2013

ဘာဆက်လုပ်ကြမှာလဲ


သြဂုတ်လ ၁၄ ရက်နေ့ မနက်က ရုံးအလာ အိမ်လှေကား အဆင်းမှာ ခြေချော်ကျတာကြောင့် ကျနော် ခြေချင်းဝတ် အထက်နားမှာ အက်သွားလို့ ကျောက်ပတ်တီးစည်းပြီး အိမ်မှာ တစ်လ နားလိုက်ရပါတယ်။ 


လူက နားနေပေမယ့် စိတ်ကတော့ ပုံမှန် ပြေးလွှားလှုပ်ရှားနေဆဲပါပဲ။ မနားခင်က သတင်းကြီးနေတဲ့မြန်မာဗီဒီယိုကားနှစ်ကားကို နားနေတော့မှပဲ အေးအေးဆေးဆေး ကြည့်ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ရုပ်ရှင်လောကသားတွေဘက်မှာလည်း အရင်လို ဆင်ဆာပြန်လုပ်တော့မယ် ဆိုတဲ့ ဂယက်တွေက ပွက်လောညံနေပါပြီ။

မြန်မာပရိသတ်များက လက်မခံနိုင်တဲ့ ဒီဗီဒီယိုဇာတ်ကား နှစ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းက မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်လို့မရလောက်တဲ့ အခန်းတွေ ဖြစ်နေပါတယ်။ ကြည့်နေရင်းနဲ့ ဒီအခန်းတွေ ဖြုတ်ကြည့်လိုက်တော့လည်း ဗီဒီယိုဇာတ်လမ်းမှာ ဘာမှ ထိခိုက်သွားတာ  မရှိဘူးလို့ ခံစားမိပါတယ်။ ဒါကြောင့် ဇာတ်လမ်း ဖန်တီးသူများကို အံ့သြမိပါတယ်။

အားနေတာဆိုတော့ တီဗွီချန်နယ် ပေါင်းစုံကို ကြည့်ဖြစ်ပါတယ်။ မြ၀တီ Movie လိုင်းက ထုတ်လွှင့်သွားတဲ့ အဖေ့အရိပ် ဆိုတဲ့ ဗီဒီယိုကား ဆိုရင် တော်တော်ဆိုးပါတယ်။ ဒါက ကားဟောင်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း မြ၀တီက ထုတ်လွှင့်တာပါ။ အဖေ့အရိပ်မှာ အိမ်ဖော်ဖြစ်တဲ့ မိန်းကလေးကို သူဋ္ဌေးသားက ထုံးစံအတိုင်း မူးလာပြီး လူကြီးတွေ မရှိခိုက်မှာ သားမယားအဖြစ် ပြုကျင့်တဲ့ အခန်းပါ။ ကလေးမက လုံးဝ သဘောတူဟန် မပြပါဘူး။ ဟင့် အင်း ကြောက်တယ်၊ မေမေကြီး ဆူလိမ့်မယ် ဆိုတဲ့ စကားကိုသာ ကြိမ်ဖန်များစွာ ပြောရင်း သူဋ္ဌေးသားရဲ့ အောက်ကို ရောက်သွားရှာတယ်။ သူဋ္ဌေးသားက အပေါ်ကနေ ကြိုးစားနေတာကို ဆယ်စက္ကန့်လောက်အထိ ပြထားပါတယ်။

မြန်မာကား တော်တော် များများမှာ ဒီလို အခန်းမျိုးကို တခြား တင်စားချက်နဲ့သာ ပြကြပါလျက် ပွင့်လင်းလာတဲ့ အခြေအနေကို အသုံးချပြီး ဒီလိုအခန်းမျိုး ထည့်လာပုံ ရပါတယ်။ အိမ်ဖော် မိန်းကလေး အဖြစ် သရုပ်ဆောင်သူက မို့မို့မြင့်အောင် ဖြစ်ပြီး သူဋ္ဌေးသားက နေမျိုးအောင်ပါ။ သက်ပြင်းသာ ရှိုက်လိုက်မိပါသည်။ မြန်မာပြည် တပြည်လုံး ဖြန့်ပြီးတဲ့အပြင် မြ၀တီ ရုပ်မြင်သံကြားကတောင် ပြနေပြီပဲ။ ကျနော်တို့ ပြောတော့ကော ဘာထူးတော့မှာလဲ။

ကြည့်နေကျ အိမ်မက်ဆုံရာ ကဏ္ဍမှာ လွှင့်ထုတ်တဲ့ ကော်ဖီမစ် ကြော်ငြာတစ်ခုကို ကြည့်လိုက်ရပါတယ်။ မင်းသား၊ မင်းသမီး ချစ်ခန်းပြပြီးတော့ မင်းသားက ရေငုပ်နေရာကနေ ဘွားခနဲ ပေါ်လာပါတယ်။ နောက်တစ်ကဒ်ကျတော့ မင်းသားက အပေါ်ပိုင်း ဗလာကျင်း၊ အောက်က ရေကူးထားတဲ့ ဘောင်းဘီနဲ့ ရေကူးကန် ပေါင်ပေါ်မှာ ပက်လက်လှန် နေတာကို အမျိုးသမီး သရုပ်ဆောင်က ကားရားခွ လိုက်တာကို နှစ်စက္ကန့်လောက် မြင်လိုက်ရပါတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာက ငှက်ရုပ်ကလေးသာ ထိုးတော့ စင်ရော်မောင်မောင်ပေါ့။ သရုပ်ဆောင်တွေက နိုင်းနိုင်းနဲ့ ချမ်းချမ်းပါ။ ကော်ဖီမစ် ကြော်ငြာမှာ အမျိုးသမီးက အမျိုးသား အပေါ် ခွမပြရင်လည်း ဘာမှ မဖြစ်လောက်ပါဘူး။ “ကော်ဖီ” နဲ့ “ခွ”တာလည်း ဘာမှ မဆိုင်ပါဘူး။ သြော် . . . လွတ်လပ် ပွင့်လင်းလာပြီပဲ။ လုပ်ချင်ရာ လုပ်ပြလို့ ရနေကြပြီလား။

မြင်လိုက်ရပါသေးတယ်။ ဘာကြော်ငြာလည်းတော့ အသေအချာ မမှတ်မိ။ သူက လွှင့်တဲ့အကြိမ်လည်း နည်းပါတယ်။ သရုပ်ဆောင်ကိုတော့ မှတ်မိနေတယ်။ စိုင်းစိုင်းခမ်းလှိုင်ပါ။ ထုံးစံအတိုင်း ကြော်ငြာသီချင်းတွေ ဆိုကြရင်း ထိုင်နေတဲ့ စိုင်းစိုင်းရဲ့ ပေါင်ပေါ်ကို အမျိုးသမီး သရုပ်ဆောင်က အားပါးတရ ထိုင်ချလိုက်ပြီး သရုပ်ဆောင်သွားခြင်းပါ။ ပေါင်ပေါ်ထိုင်တာလောက်တော့ ဘာမှမဖြစ်ပါဘူးကွာလို့ ပြောကြမယ် ဆိုရင်တော့ ကျနော်မျိုးလည်း မလျှောက်ထား တတ်တော့ပါ။

ဒါတွေ တွေ့ရ မြင်ရတော့ ဆင်ဆာက ဘာမှ မပြောကြတော့ဘူးလားလို့ တီးခေါက်ကြည့်တော့ ဗီဒီယိုများမှာ အကြံပြုချက်သာပေးပြီး လုပ်ခြင်း မလုပ်ခြင်းက သက်ဆိုင်ရာ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ တာဝန်သာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဆရာသမားများ နှာစေးသွားကြပြီပေါ့။

နိုင်ငံခြားကားတွေမှာ မိသားစု ကြည့်နေရင်း မသင့်လျော်တဲ့အခန်းတွေပါလာရင် ကျော်ပစ်လိုက်လို့ ရပါတယ်။ “ကျော်သူ ပါတယ်” ဆိုရင် နားလည်ကြပါတယ်။ မြန်မာကားများမှာရော နောက်ဆိုရင် “ကျော်သူ ပါတယ်” လို့ ပြောကြရတော့မလား။ (ကျော်သူက ဘယ်ကားမှ မပါတော့ ပါဘူးဗျာ။ သူ့ဘာသာသူ လူမှုရေး လုပ်ငန်းတွေသာ လုပ်နေတာပါ။)

ဇာတ်လမ်းအရ လိုအပ်တယ်ဆိုရင် အရင်မြန်မာဒါရိုက်တာများက တင်စားချက် ပြလိုက်ရုံနဲ့ ပရိသတ်ကို နားလည်စေခဲ့ပါတယ်။ ဥပမာ ပန်းအိုး ကျကွဲသွားတာမျိုး၊ ပန်းကလေး တစ်ပွင့်ကို ခြေနဲ့ တက်နင်းသွားတာမျိုးတွေပါ။ အခုတော့ လုပ်မနေစမ်းပါနဲ့ကွာ။ ဒဲ့ (တဲ့တိုး) ပြတာက ပိုပြီး ထိရောက်တယ်လို့ ခံယူနေကြပြီ ထင်ပါတယ်။ နောက်တစ်ဆင့် တက်လာပြီ ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ဆိုတာလည်း ကွယ်ပျောက်သွားတော့မှာပါပဲ။

ဒီတော့ ဘာဆက်လုပ်ကြမှာလဲ လို့သာ မေးလိုက်ချင်ပါတော့တယ်။

ဝင်းငြိမ်း
အလင်းတန်းဂျာနယ် စာမျက်နှာ (၃)
၁၄ အောက်တိုဘာ ၂၀၁၃

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့် ရန်ကုန်မြို့တွင်း ၅ နေရာတွင် အင်တာနက်စတင် သုံးစွဲနိုင်ပြီဖြစ်


ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပမည့် နေရာ၅
နေရာတွင် နိုဝင်ဘာလဒုတိယအပတ်မှ စတင်ပြီး အင်တာနက် သုံးစွဲနိုင်နေပြီ
ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးမျိုးမြင့်ညွန့်က
Tech Space သို့ပြောကြားသည်။

ဦးမျိုးမြင့်ညွှန့်က "နိုဝင်ဘာလ ဒုတိယအပတ်မှာ Wi Fi ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အခု ရန်ကုန်မှာ ပြိုင်ပွဲပြုလုပ်မယ့် နေရာ
၅ နေရာစလုံး သုံးလို့ရနေပြီ" ဟု Tech Space ၏ မေးမြန်းမှုကိုဖြေကြားခဲ့
သည်။

Red Link မှာ ရန်ကုန်မြို့ရှိပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံ သေနတ်ပစ်ကွင်း ၊သိမ်ဖြူ အားကစားရုံ၊
နှင့် MCC ခန်းမတို့တွင် အင်တာနက် Wi Fi အခမဲ့ ဝန်ဆောင်မှုပေးသွား
မည်ဖြစ်သည်။ Red Link ကုမ္ပဏီမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ရွှေသံ
လွင် ကုမ္ပဏီတို့နှင့် အတူ ဆီးဂိမ်းစ် ပြိုင်ပွဲ၌ အင်တာနက် Wi Fi အခမဲ့ ဝန်
ဆောင်မှုပေးရန်အတွက် လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီဖြစ်ပြီး ဆီးဂိမ်းစ်
ပြိုင်ပွဲ၏ တရားဝင် Web Site ကိုလည်း Red Link မှတာဝန်ယူလွှင့်တင်ပေး
ခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရန်ကုန်မြို့ ၌ အားကစားနည်း ၇ မျိုး လက်ခံကျင်း
ပသွားမည်ဖြစ်ပြီး အမျိုးသား ဘောလုံးအုပ်စုပွဲစဉ်များ ၊ ကမ်ပိုအားကစားနည်း၊ နပန်းအားကစားနည်း၊ သေနတ်ပစ်၊ အလေးမ၊ ကာယဗလ၊ ဟော်ကီအားကစားနည်းတို့ ပါဝင်မည်ဖြစ်သည်။

---------------------------------

အေဝမ်း
TechSpace Journal

World Health Organization’s Ranking of the World’s Health Systems



မြန်မာက ကမ္ဘာ့စံချိန်သစ် တင်လိုက်ပါပြီ။



WHO အဖွဲ့ဝင် နိုင်ငံ ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်ပေးမှု ညွန်ကိန်း အဆင့် ၁၉၀ ပါ။ ၂၀၁၃ အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှု ညွန်ကိန်းများ အဆင့် ၁ ပြင်သစ် အဆင့် ၂ အီတလီ အဆင့် ၃ ဆန်မာရီနို အဆင့် ၄ အန်ဒိုရာ အဆင့် ၅ မော်လတာ အဆင့် ၆ စင်ကာပူ အဆင့် ၂၆ ဆော်ဒီ အဆင့် ၃၇ အမေရိကန် အဆင့် ၄၇ ထိုင်း အဆင့် ၄၉ မလေးရှား အဆင့် ၆၀ ဖိလစ်ပိုင် အဆင့် ၈၈ ဘင်္ဂလားဒေ့ရှ် အဆင့် ၁၆၀ ဗီယက်နမ် အဆင့် ၁၇၃ အာဖဂန် အဆင့် ၁၇၄ ကမ္ဘောဒီးယား အဆင့် ၁၉၀ မြန်မာ မြန်မာ အောက် တစ်နိုင်ငံမျှ မရှိတော့ပါ။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ၀မ်းနည်းဖွယ်ရာပင်။World Health Organization

 Ref : WHO

CB Bank က မိုဘိုင်း ဘဏ်စနစ် ဝန်ဆောင်မှု ပေးမည်


သမဝါယမဘဏ် လီမိတက် ဝန်ဆောင်မှု ကြော်ငြာတခု (ဓာတ်ပုံ – CB Bank / Facebook)

အင်တာနက် ချိတ်ဆက်ထားသည့် နေရာတိုင်းတွင် အသုံးပြုနိုင်မည့် မိုဘိုင်း ဘဏ်စနစ် (Mobile Banking) အသုံးပြု၍ ငွေသွင်း၊ ငွေလွှဲနှင့် ငွေထုတ်ခြင်း ဝန်ဆောင်မှုများပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) မှ သိရသည်။

အဆိုပါ ဝန်ဆောင်မှုစနစ်ကို အသုံးပြုခွင့်ရရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြထားပြီး ၎င်းတို့ထံမှ
ခွင့်ပြုချက်ရရှိသည် နှင့် တပြိုင်နက် လုပ်ငန်း စတင်မည်ဟု သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

“မိုဘိုင်းဝန်ဆောင်မှု စနစ်က အင်တာနက် အခြေခံပြီး လုပ်ထားတဲ့အတွက် အင်တာနက် မရှိတဲ့ နေရာတွေမှာတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ငွေလွှဲငွေထုတ်လုပ်လို့ ကြာမယ့်အချိန်က အင်တာနက်လိုင်း ကောင်းရင်ကောင်းသလိုမျိုး ပြည်တွင်းမှာ ခေတ်စားနေတဲ့ ဖေ့စ်ဘုတ်၊ အီးမေးလ် သုံးတဲ့အခါ မေးလ်တစောင် ပို့တဲ့အချိန်၊ စာတိုရိုက်တဲ့၊ ပို့တဲ့အချိန်လောက်ပဲ ကြာမယ်” ဟု သမဝါယမဘဏ် လီမိတက်မှ တာဝန်ရှိသူက ပြောသည်။

မိုဘိုင်းဝန်ဆောင်မှုစနစ်ဖြင့် အသုံးပြုမည့်သူ အနေဖြင့် သမဝါယမဘဏ်တွင် ကိုယ်ပိုင် ဘဏ်အကောင့်တခု ဖွင့်ထားရမည် ဖြစ်ကြောင်း၊ အကောင့်ပိုင်ရှင်က ဘဏ်သို့ ဖုန်းဖြင့် ဆက်သွယ်ရုံဖြင့် တခြားသူတဦးဦးသို့ ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် ငွေလွှဲခြင်း တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘဏ်အကောင့် ဖွင့်လှစ်ထားသူ အနေဖြင့် ပုံမှန်ဘဏ်အတိုးနှုန်းလည်း ရရှိနေမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်အကောင့် မရှိသော်လည်း မိုဘိုင်းဝန်ဆောင်မှု အသုံးပြုလိုသူများသည် ဘဏ်မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်နှင့် လျှို့ဝှက်နံပါတ်တခု ထားရှိကာ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းတို့ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည့် ဝန်ဆောင်မှုဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းစနစ်သည် ပြည်တွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လတ်တလောတွင် လွှဲနိုင်မည့် ထုတ်ယူနိုင်မည့် ငွေပမာဏကိုလည်း ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

“မိုဘိုင်းဝန်ဆောင်မှုအတွက် လုံခြုံရေးပိုင်းကိုလည်း ဘဏ်က အပြည့်အဝ တာဝန်ယူတယ်၊ ပညာရှင်တွေ ထားပြီးတော့ အချက်အလက်တွေနဲ့ ငွေစာရင်းတွေကို ဟက်ကာတွေ မဝင်နိုင်အောင် လုပ်ထားတယ်၊ တခုခုဖြစ်ခဲ့မယ် ဆိုရင်လည်း ကျနော်တို့က တာဝန်ယူ ဖြေရှင်းပေးမှာပါ” ဟု ဘဏ်မှ တာဝန်ရှိသူက ရှင်းပြသည်။

မိုဘိုင်း ဘဏ်ဝန်ဆောင်မှုစနစ်သည် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဗောဒီးယားနှင့် လာအို စသည့် နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် ဘဏ်ဝန်ဆောင်မှု တခုဖြစ်သည်ဟုလည်း သိရသည်။

သမ၀ါယမဘဏ်နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော်ရှိ ATM ငွေထုတ်စက်များတွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းငှားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကိုလည်း အောက်တိုဘာ ၈ ရက်မှ စတင်ကာ ဝန်ဆောင်မှုပေးလျက် ရှိသည်။

ဧရာဝတီ

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်


‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာကိစ္စစီစဉ်နေ

မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။

အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်

အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

ချစ်သူသက်တမ်း

ချစ်သူသက်တမ်းက နှစ်နှစ်ရှိ ပြီ။ ကိုယ် က ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကိုယ့်အပေါ်မှာ သူက တကယ်လည်းချစ်တယ်။ နားလည်ပေးနိုင်တယ်။ သည်းခံေ ပးနိုင် တယ်။ ကိုယ်နဲ့ကအသက်ကသိပ်မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်ကရင့်ကျက်တယ်။ ကိုယ့်ထက်လည်းတွေးခေါ်နိုင်တယ်။ယောက်ျားလေးတစ်ယောက် အနေ နဲ့ အရည် အချင်းရှိတယ်။ ကိုယ့်ပေါ်မှာလည်း ညီမ တစ်ယောက်လိုမျိုး ညှာတာတယ်။ သူငယ် ချင်းတစ်ယောက်လိုမျိုးလည်းပေါင်းလို့ရတယ်။ တိုင်ပင်လို့ရတယ်။ ဘာပဲဖြစ်ြ ဖစ် ကံ ကောင်းတယ်လို့ ပြောရမှာပေါ့။တကယ် တမ်းဆိုသူက တအား သဝန်တိုတတ်တဲ့သူ။ ဒါပေမဲ့ ကိုယ် က မင်းသမီး တစ် ယောက် ဖြစ်တဲ့ အတွက် သူ့စိတ်ကို အကုန် လုံးလိုက်ပြီးတော့ လျှော့ပေးတယ်။ နားလည်ပေးနိုင်တယ်။ ကိုယ် ကို့ တန်ဖိုးထားတယ်။ နောက်ပြီးနှစ် ယောက် စလုံးက အတွေးအခေါ်ချင်းနီးစပ်တယ်။ ဘဝ ကို ဖြတ် သန်းချင်တဲ့ ပုံစံချင်းလည်း တူတယ် ဆိုတာ့လက်တွဲရတာစိတ်ချမ်းသာတယ်။ ကိုယ် က ဆယ်ကျော်သက်လည်း မဟုတ်တဲ့ အခါကျ တော့ ချစ်တာကတော့ အရင် ချစ်တယ်။ ချစ်တဲ့နောက်ပိုင်းမှာ ကိုယ်သူ့ကို လက်တွဲနိုင် မလားဆိုပြီး ဦးနှောက်က ပါလာတယ်။ ကိုယ့် ကိုလည်း နားလည်ပေးနိုင်တော့ လက်တွဲဖို့ကို ဆုံးဖြတ်ချက်ချလို့ရသွားတယ်။ သက်မွန်အိမ် ထောင်ပြုပြီးသွားရင်လည်း သူက ကိုယ် ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဘယ်အချိန် ထိ ဖြစ်ဖြစ်ပေးလုပ်ပါတယ်။ ဒါပေမဲ့ မလုပ် ချင်တော့ဘူးဆိုရင်လည်း ကိုယ့်သဘောပဲ။ သူ့ ဘက်ကတော့ တစ်ဖက် လူရဲ့ ဆန္ဒကို တား ချင်တဲ့ စိတ်မရှိဘူး။ ဘာလုပ်ချင်လဲ။ ကိုယ်လုပ် ချင်တဲ့ အပေါ်မှာ သူဖြည့်ဆည်းပံ့ပိုးပေး မယ်ဆိုတဲ့ စိတ်ပဲ သူ့မှာရှိပါတယ်။

မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၄ခုနှစ်ထဲမှာတော့ မင်္ဂလာ ကိစ္စကို မှန်းထားတယ်။ ဒါပေမဲ့ နည်းနည်းကပ်သွား တော့လိုက်ပြီးစီစဉ်နေရတာတွေရှိနေတယ်။ အနီးကပ်ရင်တော့ပရိသတ်တွေကို အသိ ပေးမှာပါ။စီစဉ်လို့အဆင် ပြေရင် တော့ဖြစ်သွားမှာပေါ့။ ၂ဝ၁၄ ထဲမှာပဲ စီစဉ်ဖြစ်မှာပါ။

စိတ်ချမ်းသာမှုနဲ့အတူ  ဘဝတစ်ခု  တည်ဆောက်ချင်

အရပ်အမောင်း အနေနဲ့ လိုက်ဖက်မှု ရှိတယ်လို့ ပြောကြပါ တယ်။ အဓိကက တော့ စိတ်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တယ်ဆိုရင် တောင်မှ စိတ် ချင်းအဆင် မပြေရင်မဖြစ်ဘူးလေ။ ကိုယ့် အနေနဲ့ စိတ်မချမ်းသာတဲ့ အလုပ်မျိုးမလုပ်ချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အနု ပညာသမားတစ်ယောက်ဖြစ် တဲ့ အတွက် ခံစား လွယ်တယ်။ စိတ်ရော၊ လူရော ဒီအလုပ်ကို လုပ်ရတဲ့အချိန်မှာတအားပင်ပန်း နေပြီဆိုတော့ဘဝတစ်ခုတည် ဆောက်တဲ့အခါမှာ စိတ်ချမ်းချမ်း သာသာလေးပဲ နေချင်တော့ တယ်။

အိမ်ထောင်ဖက်ကို ရွေးချယ်

သူကအိမ်တွေဒီဇိုင်းဆွဲတဲ့ ဗိသုကာ၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တစ် ယောက်ပါ။ သက်မွန်တို့အိမ်ဆောက် မယ်ဆိုတော့ သူ့ဆီမှာအိမ်ဒီဇိုင်းတွေ သွား အပ်ရင်း နဲ့စပြီး တွေ့သွားတာပါ။ အစက တော့တအားခင်ဖြစ်တယ်။သူ့ကို အဖြေ ပေးဖို့စဉ်းစားတုန်းကအကြာကြီး တော့ မဟုတ်ပါဘူး။ သူပရိုပို့စ်လုပ် တော့ကိုယ်လည်း သူ့ကိုမြင် တဲ့ အချိန် ကတည်းကစိတ်ဝင်စားတယ်။  နှစ် ယောက်စလုံးက ကိုယ့်ဘဝကို ကိုယ် တည်ဆောက်ပြီး ရုန်းကန်လာရတဲ့ ဘဝသမားတွေဖြစ်တဲ့အတွက် တစ် ယောက်ကို
တစ်ယောက်နားလည်မှုတွေလည်း အများကြီးရှိပါတယ်။

Popularmyanmar

မသန့်ပေမယ့် ဈေးပေါတဲ့ ရန်ကုန် လမ်းဘေး အစားအသောက်တွေ


ရန်ကုန်, လမ်းဘေးဆိုင်, ရောဂါကာကွယ်ရေး, သန့်ရှင်းရေး, အစားအစာ, အစားအသောက်

လမ်းဘေး ဆိုင်သေးလေး များသည် အစား အသောက် ဘေးကင်း စိတ်ချရမှုအတွက် သံသယမည်မျှပင် ရှိစေကာမူ ဈေးပေါပြီး လွယ်ကူ လွတ်လပ်သော နေရာထိုင်ခင်းက စားသုံးသူတွေ အတွက် ဆွဲဆောင်မှု တခုဖြစ်နေသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရန်ကုန်၏ ကောင်းကင်မှာ နေ၀င်ပြီဆိုလျှင် မြို့တော်၏ စည်ကားရာ နေရာတွေဆီကို အရပ်မျက်နှာအသီးသီး မှနေ၍ အိုးခွက်ပန်းကန်တွေ တင်ဆောင်ထားသည့် ထရပ်ကားငယ်များ၊ လက်တွန်းလှည်းများနှင့် အတူ လူတွေ အစုလိုက်ရောက်လာကြသည်။ နေ့ခင်းဖက်တွင်လည်း မော်တော်ကားတွေ၊ လမ်းသွားလမ်းလာတွေနှင့် ရှုပ်ထွေး ပြည့်ကျပ်နေသော ပလက်ဖောင်းများနှင့် လမ်းများပေါ်တွင် မီးဖိုများနှင့် စားပွဲ၊ ကုလားထိုင်များက နေရာ ယူတတ်ကြသည်။

လမ်းဘေးဈေးသည်တို့၏ ဖောက်သည်ခေါ်သံများက မီးခိုးငွေ့များ၊ သွားရည်ကျချင်စရာ အနံ့များနှင့်အတူ ပျံ့လွင့် နေသည်။ ဒီဆိုင်လေးတွေမှာ မြန်မာ အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ နှင့် လက်ဖက်သုတ်မှ စ၍ တရုတ်ဒင်းမ်ဆမ်း၊ ဂျပန် ဆူရှီ နှင့် ကိုရီးယား အသားကင်အထိ အမျိုးစုံအောင်ရနိုင်ပါသည်။

ရွေးချယ်ရသည်ကို နှစ်ချိုက်ကြသည့် စားသုံးသူတွေအတွက် ကောင်းသော်လည်း စားသုံးသူကာကွယ်ရေး ဆောင်ရွက် သူများက ရန်ကုန်မြို့ရှိ လမ်းဘေးစားသောက်ဆိုင်များ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေး စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြောကြသည်။

ရန်ကုန်မြို့သူမြို့သား အများစုအတွက်မူ ထိုဆိုင်လေးများသည် ပင်ပန်းနွမ်းနယ်သည့် အလုပ်ချိန်များအပြီးတွင် အစား အသောက် စားသုံးနိုင်သည့်နေရာ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောနိုင်သည့် နေရာဖြစ်သည်။ အရသာ ရှိသောစားသောက်ဖွယ်ရာ တပန်းကန် သို့မဟုတ် ဇလုံငယ်တခုစာခန့်ကို ကျပ်ငွေ ၅၀၀ မှ ၁၅၀၀ အတွင်းသာ ကျသင့် ခြင်းက အစားအသောက်၏ ဘေးကင်းစိတ်ချရမှုအတွက် သံသယမည်မျှပင်ရှိစေကာမူ စားသုံးသူတွေအတွက် ဆွဲဆောင်မှု တခုဖြစ်နေသည်။

“ကျမကတော့ လျှောက်သွားပြီး လမ်းဘေးဆိုင်တွေက ၀ယ်စားရတာ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်က ပြန်လာရင် ကျမမှာ ချက်ပြုတ်ဖို့ အချိန်မရှိဘူးလေ။ ဒီဆိုင်တွေမှာ အရသာရှိတဲ့ အစားအသောက်ကို သင့်တင့်တဲ့ ဈေးနှုန်း နဲ့ ရနိုင်တော့ အချိန်ကုန် ငွေကုန်သက်သာတယ်” ဟု ရန်ကုန်မြို့လည်ရှိ အီလက်ထရောနစ် ပစ္စည်းဆိုင်တဆိုင်မှ အရောင်း ၀န်ထမ်း မိန်းကလေး တဦးက ပြောသည်။

“တကယ်လို့ စားသောက်ဆိုင်ကြီးတဆိုင်ကို သွားမယ်ဆိုရင် ခေါက်ဆွဲတပွဲအတွက် အနည်းဆုံး ၂၅၀၀ကျပ် လောက် တော့ ပေးရမယ်။ လမ်းဘေး အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်သလား၊ စိတ်ချရသလား၊ သန့်ရှင်းမှုရှိသလား ဆိုတာ ကတော့ မသေချာပါဘူး။ ဒါပေမယ့် ဒီအစားအစာတွေက စားလို့ကောင်းတယ်။ ပူပူနွေးနွေးရှိပြီးတော့ ဈေးလည်း သက်သာ တယ်။ ညစ်ပတ်တာ အခုထိမတွေ့သေးပါဘူး။ ကျမကတော့ ဒါနဲ့ အဆင်ပြေနေပါတယ်” ဟုလည်း သူက ဆိုသည်။

စည်ကားသည့်နေရာများ ဖြစ်သော မြို့တော်ခန်းမ တ၀ိုက်၊ တရုတ်တန်း၊ မြေနီကုန်းနှင့် လှည်းတန်းလမ်းဆုံ နေရာများ သည် အသက်အရွယ် အမျိုးမျိုးရှိသော ရန်ကုန်မြို့နေလူထုအတွက် လမ်းဘေးအစားအစာများ ရရှိနိုင်သည့် လူသိများ သောနေရာများ ဖြစ်သည်။

ရန်ကုန်မြို့မှ လမ်းဘေးအစားအစာများ၏ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှု စသည်တို့နှင့် ပတ်သက်သော စိုးရိမ် ပူပန်မှုများကို စူးစမ်းကြည့်ရန်အတွက် မြို့လည်ပိုင်းရှိ ရောင်းကောင်းသည့် မုန့်ဟင်းခါးဆိုင် တဆိုင်သို့ရောက်ခဲ့သည်။

ညစ်ပတ်နေသော ထောင့်တနေရာတွင် မိန်းမကလေးတယောက် ရှိနေသည်။ သူ့ အနားရှိ ဆပ်ပြာရည်များ ထည့်ထားသည့် ပလပ်စတစ် ဇလုံငယ်ထဲတွင် ပေကျံနေသော ပန်းကန်တွေ စီထပ်၍ ထည့်ထားသည်။ နီဝါ၀ါ အဆီများနှင့် နံနံရွက်များက မျက်နှာပြင်ပေါ်တွင် ပေါလောမျောနေ၏။ မိန်းကလေးက ပန်းကန်များ ပန်းကန်လုံးများကို နောက်ကျိနေသော ရေထဲသို့ ထိုးနှစ်ပြီး ရေမြှုပ်စ တစဖြင့် အနည်းငယ် ပွတ်တိုက်လိုက်သည်။ ထို့နောက် ပို၍ နောက်သောရေတွေထည့်ထားသည့် ဇလုံထဲတွင် နောက်ဆုံးအဆင့် ဆေးကြောပြီးသည့်အခါ ပန်းကန်များသည် နောက်တကြိမ် တည်ခင်းဖို့ အသင့်ဖြစ်သွား လေပြီ။

သေးငယ်သည့် ကောင်တာလေးတွင် ဆိုင်ရှင်ဖြစ်သူက ပါဆယ်ဝယ်သွားမည့်သူတွေ အတွက် ပြင်ဆင်ပေးရင်း အလုပ်ရှုပ် နေသည်။ လက်အိတ်မပါသည့် လက်ဗလာဖြင့် ခေါက်ဆွဲဖတ်များကို ပလပ်စတစ် ကျွတ်ကျွတ်အိတ်ငယ်များ အတွင်းသို့ ထည့်ပြီး နောက်ထပ် အိတ်တလုံးထဲသို့ ဟင်းရည် ပူပူတွေလောင်းထည့်လိုက်သည်။ ထို့နောက် ၀ယ်သူထံမှ ညစ်ပတ် ပေရေ နေ သော ပိုက်ဆံကို လက်ခံယူသည်။

“ကျွတ်ကျွတ် အိတ်ထဲကို ပူတဲ့အစားအစာတွေ ထည့်ပြီးတော့ သယ်တာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ကျမတို့ကို ပြောကြပါတယ်၊ ဒါပေမယ့် ကျမတို့မှာ ရွေးချယ်စရာလည်း မရှိဘူး။ စက္ကူနဲ့ လုပ်ထားတဲ့ ထည့်စရာတွေ ရောင်းတာလဲရှိ ပါတယ်။ ဒါပေမယ့် အဲဒါတွေသုံးရင် ကျမတို့အတွက် အရင်းအနှီး များလွန်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တွေရောင်းဖို့ ကျမ အမြဲတမ်းကြိုးစားပါတယ်။ သန့်ရှင်းရေး အတွက်လည်း ဒီလိုပါပဲ” ဟု ဆိုင်ရှင်ဖြစ်သူက ဆိုသည်။

လမ်းဘေး အစားအစာများသည် စားသုံးရန် စိတ်ချရခြင်းမရှိသဖြင့် ဈေးသည်များကို အစားအစာများ ဘေးကင်းစိတ်ချရမှု ရှိရေး အတွက် ပညာပေးရန်လိုအပ်နေသည်ဟု ရန်ကုန် အခြေစိုက် စားသုံးသူကာကွယ်ရေးအသင်း (CPA) ကဆိုသည်။

“ဒီနေ့ အချိန်မှာ ရိုးရာအစားအစာ အမျိုးမျိုး အပါအ၀င် အစားအစာ အသစ်အဆန်းတွေ၊ အမြန်စားသုံးနိုင်တာတွေကို လမ်း ဘေးဆိုင်တွေမှာ ရောင်းနေကြတယ်။ သူတို့က အရင်းအနှီးလည်း များများမတတ်နိုင်တော့ ဈေးပေါတဲ့ ကုန်ကြမ်းတွေ သုံးကြတယ်။ ဥပမာ စားအုန်းဆီတို့၊ အနံ့အရသာအတွက် ဓာတုပစ္စည်းတွေ သုံးကြပါတယ်” ဟု စားသုံးသူ ကာကွယ်ရေး အသင်း၏ ပြန်ကြားရေးဌာန အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က ပြောသည်။

“ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးအတွက်လည်း စနစ်တကျလုပ်တဲ့ အလေ့အထနည်းတယ်။ ဥပမာပြောရရင် မြို့လယ် ခေါင်မှာရောက်နေတဲ့ အချိန်ဆိုရင် ရေသုံးစွဲဖို့က အကန့်အသတ်ရှိတယ်လေ။ ဒါကြောင့် ပန်းကန် ခွက်ယောက်တွေ ဆေး ကြောတဲ့အခါ ရေလျှော့သုံးကြတယ်။ အစားအစာကိုလည်း ဖုန်တွေ၊ ယင်ကောင်တွေ၊ မော်တော်ကား မီးခိုးတွေ မရောက် နိုင်ဖို့ အတွက် ကောင်းကောင်း ကာကွယ်မထားနိုင်ကြဘူး” ဟု သူကထပ်ပြောသည်။

မကြာသေးမီက CPA မှ စစ်တမ်းကောက်ယူ သုတေသနပြုကြည့်သည့် အခါ ရန်ကုန်မြို့လယ်ရှိ လမ်းဘေး ဆိုင်ပေါင်း ၁၀၀၀ ကျော်တွင် ၈၀ ရာခိုင်နှုန်းကျော်သည် ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးပိုင်းတွင် အလွန်အားနည်းပြီး ကျန်းမာ ရေးနှင့် ညီညွတ်မှုမရှိသည့် အစားအစာများကို ရောင်းချနေကြသည်ဟု သိရသည်။

“သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဖြစ်စေဖို့ အတွက် ဈေးသည်တွေကိုရော စားသုံးသူတွေကိုပါ ပညာ ပေးဖို့ လိုအပ်ပါတယ်။ ဒါက အစိုးရနဲ့သာသက်ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ အစိုးရဘက်ကလည်း လုပ်စရာတွေ အများ ကြီးရှိပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုင်တွယ်လုပ်ဆောင်ဖို့ ကျတော့ မလွယ်ဘူးလို့ ကျမတို့ ထင်ပါ တယ်။ ဒီကိစ္စကို သတိထားကြအောင်လို့ NGO တွေကလည်း ဖန်တီးပေးဖို့ လိုပါတယ်” ဟုလည်း ဒေါ်စိုးကလျာ ထိုက် က ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို သိမြင်နိုင်ရန် အတွက် CPA က စာသင်ကျောင်းများတွင် ကလေးငယ်များကို အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်ခန်းစာများ သင်ကြားပေးရန် အစီအစဉ်တခုကို စတင်ဆောင်ရွက်နေသည်။

အခြား NGO အဖွဲ့အစည်းတခုဖြစ်သော မြန်မာနိုင်ငံ စားသောက်ဆိုင်များ အသင်း (MRA) ကလည်း လမ်းဘေးဆိုင် ၁၂ ဆိုင်ကို ရွေးချယ်ပြီး ကောင်းမွန်သော ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေး ဆိုင်ရာ သရုပ်ပြမှုအဖြစ် နမူနာပြသပေးနိုင်ရန် စီမံကိန်း တခုကို စီစဉ်နေသည်။

“လမ်းဘေးဆိုင်တွေဟာ စီးပွားရေး အခြေအနေအရ ၀င်ငွေရရှိဖို့ကိုပဲ ဦးစားပေးလုပ်ကိုင်နေရတော့ ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အသိအမြင်လုံလောက်မှုမရှိကြတာ တွေ့ရပါတယ်။ ဥပမာ ပြောရရင် ပိုက်ဆံ မတတ်နိုင်လို့ တခါသုံး မီးဖိုချောင်ပစ္စည်းတွေ မ၀ယ်နိုင်ဘူး။ ဒါကြောင့် ရှိတာကိုပဲပြန်သုံးနေရတော့ စားသုံးသူရဲ့ ကျန်းမာရေးကို ထိခိုက် စေတယ်” ဟု မြန်မာနိုင်ငံစားသောက်ဆိုင်များ အသင်း(MRA) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုး ကပြော သည်။

ယခုအခါ MRA က မြို့တော်စည်ပင်မှ သတ်မှတ်ပေးထားသည့်နေရာများမှ လိုင်စင်ရ ဆိုင်များကို အကူအညီပေးရန် လုပ် ဆောင်နေပြီး လမ်းဘေးဈေးသည်များအတွက် တခါသုံး ဦးထုပ်များ၊ လက်အိတ်များကိုအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် သန့်ရှင်း ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ပြင်ဆင်နည်းကိုလည်း ပညာပေးသွားမည်ဟု သူကဆိုသည်။

“တကယ်လို့ ဆိုင်တွေက စနစ်တကျဖြစ်လာပြီဆိုရင် လူတိုင်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းတဲ့ အစားအစာ တွေဖြစ်စေဖို့ နမူနာ ကောင်းတွေ ဖြစ်လာမှာပါ။ စားသုံးသူတွေကလည်း စိတ်ကျေနပ်စွာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားသုံးရပါလိမ့်မယ်။ နောက်ဆိုရင် မြန်မာနိုင်ငံက လမ်းဘေးအစားအစာတွေဟာ သန့်ရှင်းပြီး ကျန်းမာ ရေးနဲ့ ညီညွတ်လာတော့မှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရောင်းချရတဲ့ အတွက် ဈေးသည်တွေလည်း  အကျိုးအမြတ် ရရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဦးကျော်မြတ်မိုး ကပြောသည်။

ဧရာဝတီ

Sunday, November 24, 2013

ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ



ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။

၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။

Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။

၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။

ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။

၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။

မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။



၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။

အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။

၅) စွဲလန်းမှု။

ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။

ဆူးချိုး

Ref: mensxp

Facebook အတွင်းမှ gentlemen ဟု ယူဆရသူများ၏ gentlemen မဆန်သော လုပ်ရပ်များ



Gentlemen ဆိုသည့် အသုံးအနှုန်းသည် လူကြီးလူကောင်းဟု ခေါ်ဆိုသည်ကို အများစု သိရှိပြီး ဖြစ်၍ အထူးတလည် ပြောဆိုနေရန်မလိုသော်လည်း လူကြီးလူကောင်းဟူသည် မိမိလုပ်ကိုင်နေသောအလုပ်၊ မိမိပိုင်ဆိုင်မှုအဆင့်အတန်းနှင့် လုံးဝပတ်သက်သည်ဟုဆိုကြလျှင်မူ ငြင်းဆိုရပေမည်။ အဘယ့်ကြောင့်ဆို သော် လူကြီးလူကောင်းဟူသည် အပေါ်ယံအသွင်အပြင် ကောင်းမွန်သော လူကြီးလူ ကောင်းနှင့် အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းဟူ၍ နှစ်မျိုးရှိသောကြောင့်ပင်တည်း။ သို့သော် အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းကိုသာ လူကြီးလူကောင်းအစစ်အမှန်ဟု ခေါ်ဆိုထိုက်ပေသည်။

အပေါ်ယံ အသွင်အပြင်ကောင်းမွန်သော လူကြီးလူကောင်းဖြစ်ရန်မှာ မခက်ခဲလှပေ။ အမျိုးအနွယ် သန့်ခြင်း၊ သပ်သပ်ရပ်ရပ် ၀တ်တတ်ခြင်း၊ ပြေပြစ်သော အမူအရာရှိခြင်း စသည်တို့အပြင် အမျက်ဒေါသ ကို မဖော်ပြဘဲ ချုပ်တည်းထားတတ်ခြင်းဟူသော သိမ်းဆည်းမှုရှိလျှင် အပေါ်ယံ အမျိုးအစား လူကြီးလူ ကောင်းဖြစ်ပြီဟု ခေါ်ဆိုနိုင်ပေပြီ။ ဤသည်မှာ ပြင်ပကမ္ဘာမှ လူကြီးလူကောင်းများ၏ အဓိပ္ပာယ်သတ်မှတ် ချက်များပင်။ facebook လောကမှ လူကြီးလူကောင်းများကား profile အမှန်သုံးသည်။ အလုပ်အကိုင်၊ ပညာ အဆင့်အတန်းမြင့်သည်။ တွေးတော ဆင်ခြင်ဥာဏ်ကောင်းသည်။ ယဉ်ကျေးစွာ စကားပြောဆို သည်။ အယူအဆတစ်စုံတစ်ရာ မတူပါက သူတစ်ပါးကို ယဉ်ကျေးစွာ တိုက်ခိုက်တတ်သည်။ သူတစ်ပါးက တိုက်ခိုက်လာလျှင်လည်း ယဉ်ကျေးစွာ နာလိုခံခက် ပြန်ပြောတတ်သည်။ ထိုကဲ့သို့သော လူအမျိုးအစားကို facebook လောကမှ အပေါ်ယံ လူကြီးလူကောင်းဟု ခေါ်ဆိုထိုက်မည်ထင်သည်။ ဤသည်ကား မိမိ၏ တစ်ကိုယ်ရည် အတွေးအမြင်သာဖြစ်ပါသည်။

အတွင်းစိတ် ဖြောင့်မှန်သော လူကြီးလူကောင်းအဖြစ်ကိုကား တော်ရုံလူ မရနိုင်ပေ။ အကြင်သူသည် အပေါ်ယံအားဖြင့် ဆွေကြီးမျိုးကြီးထဲက ဟုတ်ချင်မှ ဟုတ်မည်၊ အ၀တ်အစားမှာလည်း တော်စွ လျော်စွ ၀တ်ချင် ၀တ်မည်၊ သို့ရာတွင် အတွင်းစိတ်သဘောမှာမူကား ဇမ္ဗူရစ်ရွှေစင်နှင့် ပမာနှိုင်း၍ ရလောက် အောင် ကောင်းမြတ်သော စိတ်နေစိတ်ထားရှိလျှင် ထိုသူသည် အတွင်းစိတ်ဖြောင့်မှန်သော လူကြီး လူကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဤမျှနှင့်တော့ လူကြီးလူကောင်းစာရင်းမ၀င်သေး။ တည့်မတ်ကြံ့ ခိုင်သော စိတ်ဓာတ်ရှိခြင်း၊ အခါခပ်သိမ်းမှန်သော စကားကိုဆိုခြင်း၊ တစ်ဖက်သားအပေါ်တွင် မတရားပြုဖို့ ရွံ့ရှက်ခြင်း၊ ကိုယ့်သိက္ခာကိုယ်စောင့်စည်းခြင်း၊ သေးသေးနုပ်နုပ် မလုပ်တတ် မကြံတတ်ခြင်း၊ ကြင်နာ သနားတတ်ခြင်း၊ ကိုယ်ချင်းစာတရားထားခြင်း စသော အရည်အချင်းများ အပြည့်အ၀ပါရှိပါမူ အပြည့်အ၀ လူကြီးလူကောင်းဖြစ်ပြီဟု ပြောနိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ လူကြီးလူကောင်းအမျိုးအစားသည် လူချမ်းသာ ပညာတတ်အသိုင်းအ၀ိုင်းတွင်သာ အမြဲရှိလိမ့်မည်ဟု မဆိုနိုင်ပေ။ ဆင်းရဲသား အသိုင်းအ၀ိုင်းတွင်လည်း ထိုကဲ့သို့ မြင့်မြတ်သည့် လူကြီးလူကောင်းများ ပေါ်ထွက်လာလေ့ရှိပါသည်။

Facebook လောကတွင်လည်း ထိုကဲ့သို့ လူကြီးလူကောင်းများစွာ ရှိပါလိမ့်မည်။ ကျွန်တော်နှင့်တော့ သိပ်ကြုံ ဆုံဖူးခြင်းမရှိ၍ ယခုအထိတော့ ကျွန်တော့် ပတ်ဝန်းကျင်တွင် မရှိသေးဟုသာ ဆိုရပေမည်။ ကျွန်တော် အပါအ၀င် ကျွန်တော့် ပတ်ဝန်းကျင်ရှိ facebook user များသည် ပထမအမျိုးအစား လူကြီး လူကောင်းများဖြစ်အောင်သာ အားထုတ်နေကြသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိနေရပါသည်။ အဘယ့်ကြောင့် ပါနည်း။ ကျွန်တော်တို့သည် အပေါ်ယံကိုသာ ပိုမို မက်မောတွယ်တာတတ်နေကြပြီလော။ အတွင်းစိတ်ဖြူ စင်မှု၊ သူတစ်ပါးအား စာနာမှု၊ မိမိနှင့် စကားပြောနေသူကို လူကြီးလူငယ်မရွေး လေးစားစွာ ဆက်ဆံမှု၊ လူငယ်များနှင့် မိမိထက် ပညာနိမ့်ပါးသူများ၏ အမြင်များကို လေးစားစွာ လက်ခံပေး၍ အမြင်မတူခြင်း တစ်စုံတစ်ရာရှိလျှင်လည်း ရေးသားသူ စိတ်အနာတရမဖြစ်အောင် စေတနာဖြင့် ယဉ်ကျေးစွာ ဆွေးနွေးမှု၊ မိမိအား ဆဲဆိုတုန့်ပြန်လာပါက ထိုကဲ့သို့ အပြုအမူကို လက်မခံနိုင်ကြောင်း ယဉ်ကျေးစွာ ပြန်ပြောမှု စသော လူကြီးလူကောင်းဆန်ခြင်း အစစ်အမှန်များကို မတွေ့ရဘဲ မိမိနှင့် အမြင်မတူညီရုံမျှကလေးနှင့် သူများနောက်ကွယ်တွင် ထိုသူ သိက္ခာတစ်စုံတစ်ရာကျဆင်းအောင် ၀ါဒဖြန့်ချိနေမှု၊ မိမိကိုယ်တိုင် မိမိကို လာရောက်ဆက်ဆံပါက မကြိုက်သည့် အချက်များကို ကိုယ်ချင်းစာနာစိတ် အလျှင်းမရှိဘဲ သူတစ်ပါးစိတ် အနှောင့်အယှက်ဖြစ်အောင် စိတ်လိုက်မာန်ပါ အားတက်သရော လုပ်ဆောင်နေမှု အစရှိသည့်အရာ များကိုသာ တွင်တွင် လုပ်ဆောင်နေကြသည်ကို စိတ်ပျက်ဖွယ်တွေ့နေရသည်။

အသိမကြွယ်သေးသည့် လူငယ်များ၊ ပညာနုံနဲ့သူများက ထိုကဲ့သို့ လုပ်ဆောင်နေကြသည်ကို ခွင့်လွှတ် နားလည် ပေး၍ရသော်လည်း ပညာတတ်၊ ယောကျာ်းရင့်မာကြီးများ ( မိန်းကလေးများ လုပ်ဆောင်သည်ကို မတွေ့ရသလာက်ရှားပါသည်။ ကျွန်တော် မတွေ့၍လည်း ဖြစ်မည် ) ၊ ပြင်ပလောကတွင် လူကြီးလူကောင်း များဖြစ်သည်ဟု ယူဆရသူများက ထိုကဲ့သို့ လုပ်ဆောင်နေကြခြင်းကိုမူ နားမလည်နိုင်အောင်ဖြစ် နေရပါ သည်။ ပြင်ပ လူမြင်သော နေရာတွင်သာ လူကြီးလူကောင်းအဖြစ် ခံယူမည်။ လူချင်းမမြင်ရသော အင်တာနက် လောကကြီးထဲတွင် ထိုကဲ့သို့ လူကြီးလူကောင်းဆန်စရာမလိုဟု မိတ်ဆွေတို့က သတ်မှတ် လိုက်ကြပြီလော။ မိတ်ဆွေတို့က အသိမကြွယ်သေးသူများကို လူကြီးလူကောင်းဆန်သည်ဟု ယူဆရသော စကားလုံးတို့ဖြင့် ယဉ်ယဉ်ကျေးကျေး တိုက်ခိုက်ပြောဆိုနေသော်လည်း မိတ်ဆွေတို့၏ အတွင်းစိတ် ပုံရိပ်တို့ကို မိတ်ဆွေတို့ သုံးနှုန်းသွားသော စကားလုံးတိုင်းက ထင်ဟပ်လျက်ရှိနေသည်ကို သတိထား တတ်သူတိုင်း မြင်နိုင်ပါသည်။

Facebook လောကကို ပြင်ပ လူမှုကွန်ယက်အစစ်အမှန်အဖြစ် ယူဆကြည့်ကြမည်။ လူတစ်ဦးစီ၏ wall များသည် ထိုသူတို့၏ နေထိုင်ရာအိမ်များကို ကိုယ်စားပြုသည်။ လူတစ်ဦးစီ၏ တင်ထားသော post များအောက်ရှိ comment များနေရာသည် ထိုသူ၏ ရင်းနှီးသော ပတ်ဝန်းကျင်ကို ကိုယ်စားပြုသည်။ လူတစ်ဦးကို မိမိဆောင်းပါးတွင် tagging လုပ်ခြင်းသည် မိမိရေးသားချက်များကို ဝေဖန်ပေးရန် မိမိ၏ အိမ်သို့ ဖိတ်ခေါ်ခြင်းမည်သည်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါတော့မည်။ မိတ်ဆွေတို့သည် ပြင်ပတွင် သူတစ်ပါးအိမ်သို့ သွားလည်ဖူးကြမည်သာ။ အိမ်ရှင်နှင့် စကားစမြည်လည်း ပြောဆိုဖူးကြမည် သာ။ ဧည့်သည်အဖြစ် သူတစ်ပါးအိမ်သို့ သွားရောက်နေစဉ် အိမ်ရှင်နှင့် သဘောမတူသည်ရှိခဲ့သော် မိတ် ဆွေတို့သည် အိမ်ရှင်ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ပြန်လည် ငြင်းခုံကြပါ၏လော။ ပြန်ငြင်းခုံသည်ဟု ဖြေသော မိတ်ဆွေသည် ကျွန်တော့်ဆောင်းပါးကို ဆက်လက်မဖတ်ရှုတော့ရန် တိုက်တွန်းလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့် ဆောင်းပါးသည် gentlemen များကိုသာ ဆွေးနွေးထားသော ဆောင်းပါးဖြစ်နေ၍ပင်။

နောက်တစ်ချက် ထပ်ပြောပါမည်။ ကိုယ်နှင့် မခင်သော သူတို့၏ ဆွေးနွေးပွဲသို့ မည်သူမျှ ဖိတ်ခေါ်ခြင်း မပြုဘဲ အိမ်ရှင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် အတင်းဝင်ရောက်ငြင်းခုံခြင်းကို လူကြီးလူကောင်းတို့ လုပ်ကြပါ၏လော။ လုပ်သည်ဆိုလျှင် ကျွန်တော် ထပ်မပြောလိုတော့ပြီ။ လူကြီးလူကောင်းဟု ယူဆထား သော မိမိတို့၏ အပြုအမူများကို လူမှုကွန်ယက်တွင် ဆက်လက်လုပ်ဆောင်ကြပါ။ ကိုယ့်အတွေး နှင့် ကိုယ် လူကြီးလူကောင်း ဆက်လက်ဖြစ်နိုင်ပါသည်။ မိမိနှင့် အုပ်စုတူသူများ၏ လူကြီးလူကောင်းဟု သတ်မှတ်ခြင်း ကိုလည်း ဆက်လက်ခံရနိုင်ပါသည်။ သို့သော် ထိုသို့ သူများ post တိုင်း ငပွကြီး လုပ်နေသူများကို ကျွန်တော်အပါအ၀င် မိတ်ဆွေနှင့် အမြင်မတူသူများကဖြင့် လူကြီးလူကောင်းဟု မသတ်မှတ်ပေးနိုင်မည်မှာ အသေအချာပင်ဖြစ်ပါသည်။

တစ်နေ့သ၌ အထက်တန်းစားများဖြစ်ကြသော ဂုဏ်သရေရှိ လူကြီး တစ်ယောက်နှင့် လူငယ်တစ်ယောက် လမ်းလျှောက်သွားကြစဉ် ဖိနပ်ထူထူကြီးနှင့် အင်္ကျီပွကြီး ၀တ်ထားသော လယ်သမားကြီးတစ်ယောက်နှင့် တွေ့ကြ၍ လူကြီးဖြစ်သူက ဖော်ရွေစွာ နှုတ်ခွန်းဆက်သကာ အာလာပ သလ္လာပ စကားပြောပြီးမှ ခွဲခွာ သွားကြ၏။ လယ်သမားကြီး မျက်ကွယ်သို့ ရောက်သောအခါ လူငယ်က ဤမျှလောက် လူရည်လူရောင် ညံ့ဖျင်းသူတစ်ယောက်နှင့် နှုတ်ဆက်ရသည်မှာ မရှက်ပါသလောဟု မေး၏။ ဤတွင် လူကြီးဖြစ်သူက “ ဘာလဲကွဲ့။ မင်းက ဖိနပ်ထူထူကြီးနဲ့ အင်္ကျီပွကြီးကို ကြည့်ပြီး လူရည်လူရောင် မရှိဘူးလို့ ပြောသလား၊ ငါက ဖိနပ်ထူကြီးနဲ့ အင်္ကျီပွကြီးကို နှုတ်ဆက်တာ မဟုတ်ဘူးကွဲ့၊ အထဲက လူကို နှုတ်ဆက်တာ၊ အဲ့ဒီ အင်္ကျီပွကြီးထဲက လူကလေ တကယ့် အရည်အချင်းကို ချိန်ကြည့်လိုက်ရင် ချိန်ခွင်တစ်ဖက်မှာ မင်းရယ်၊ ငါရယ် ၊ ငါတို့လို လူမျိုးတွေ ဆယ်ယောက်ထည့်၊ သူ့ဘက်ကတောင် လေးလိမ့်ဦးမယ် မောင်ရေ့၊ ဘာမှတ် လို့လဲ” ဟု ပြန်ပြောလေသည်။ အကြောင်းမူကား ၄င်းလယ်သမားကြီးမှာ အနေစုတ်သော်လည်း အတွင်း စိတ်ဖြောင့်မှန်သော လူကြီးလူကောင်း ဖြစ်ကြောင်း ထိုလူကြီးက သိနှင့်ပြီး ဖြစ်နေ၍ပင်။

လူမှုကွန်ယက်တွင် အပေါ်ယံလူကြီးလူကောင်း ပေါများပါသည်။ အတွင်းစိတ်ဖြောင့်မှန်သော လူကြီးလူ ကောင်းများ ယနေ့ထက်တိုင် ကျွန်တော့်ပတ်ဝန်းကျင်တွင် ရှားပါးနေဆဲဖြစ်သည်။ အယူဝါဒမတူလျှင်၊ မိမိနှင့် စိတ်မတည့်လျှင် ထိုသူကို ၀ိုင်းတိုက်ခိုက်ဖို့ ၀န်မလေးတတ်ကြ။ သူများ wall များသို့ ကျူးကျော် ၀င်ရောက်ကာ ထိုသူ မကြိုက်လောက်သည့် စကားလုံးများကိုလည်း ဆင်ခြင်မှုမရှိရေးရန်လည်း တွန့်ဆုတ် ခြင်းမရှိကြ။ အိမ်ရှင် စိတ်အနှောင့်အယှက်ဖြစ်စေရန် ချောင်ပိတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ရန်လည်း အားတက်သရောရှိကြပေသည်။ ထိုအဖြစ်မျိုးကို မြင်နေရသည်မှာ စိတ်ကုန်လှသောကြောင့် ယခုဆောင်း ပါးကို ရေးသားခြင်းပင်။ ကျွန်တော့် ဆောင်းပါးသည် မိမိနှင့် တိုက်ရိုက်ထိသွား၍ block ၊ unfriend လုပ်သွားလည်း ခံရုံသာ။ မိမိဆောင်းပါးဖတ်၍ တစ်စုံတစ်ယောက် အမြင်ပြောင်းလဲသွားသည်ဆိုခဲ့လျှင် မိမိရေးရကျိုးနပ်ပေပြီ။ မိတ်ဆွေများကို အတွင်းစိတ်ဖြောင့်မှန်ကာ စာနာတတ်သော လူကြီးလူကောင်း အစစ်အမှန်များအဖြစ် ကျွန်တော်အပါအ၀င် ပညာရှာဆဲ အသိဥာဏ်မကြွယ်သေးသည့် လူငယ်တို့က လေးစားလိုလှပါပြီ။ ကျွန်တော်တို့ ဆန္ဒများ ပြည့်စုံပါရစေဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ရပါ တော့သည်။

စာကြွင်း။ ။ မိမိကိုယ်တိုင် ဒုတိယအမျိုးအစား လူကြီးလူကောင်းဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားအား ထုတ်နေရသော သူတစ်ယောက်သာ ဖြစ်ပါသည်။ ကျွန်တော့် ဆောင်းပါးဖတ်၍ အတွေးတစ်စုံတစ်ရာ ရရှိ သွား သည်ဆိုလျှင်ပင် ရေးရကျိုးနပ်ပါပြီ။ ဆောင်းပါးရှိ အချို့အချက်အလက်များကို ဆရာကြီး ရွှေဥဒေါင်း ရေးသားသော “ လူဖြစ်ရကျိုးနပ်ပါစေ” ဆောင်းပါးမှ ရယူထားပါသည်။

မိတ်ဆွေများကို ထာဝစဉ် ချစ်ခင်လေးစားလျက်
ကိုရူပ
Today Myanmar