Sunday, November 17, 2013
ရန်ကုန်က စားသောက်ဆိုင် အချို့ အကြောင်း
ရိုးရာလေး စာဖတ်ပရိတ်သတ် တစ်ဦးက သူခံစားတွေ့ကြုံရတဲ့ အဖြစ်အပျက် လေးကို အများသိအောင် ရိုးရာလေး ထံ ယခုလို စာပို့ထားပါတယ်။
"စားသောက်ဆိုင်တစ်ဆိုင် ဆက်ဆံရေး မပြေပြစ်ပုံပြောပြချင်ပါတယ်
ဒီနေ့မနက် ဒဂုံမြို့နယ် န၀ဒေးလမ်းက သုခရိပ်ဆိုတဲ့ ဆိုင်မှာ ထိုင်ဖြစ်ပါတယ်။ စ၀င်လိုက်ထဲက ခုံစေ့ပဲ ပြည့်နေတာနဲ့ ကိုယ့်ဘာသာပဲ အဆင်ပြေသလိုထိုင်လိုက်ပါတယ်။ ဘယ်သူမှလဲ ခေါ်မယ့်သူမရှိဘူးလေ။
အဲ့ချိန်မှာပဲ နောက်ကနေ ဟင်းရည်ထုတ်ပေါက်ကျပြီး ဖြန်းခနဲဆို ကြမ်းပြင်တွေစိုရွှဲသွားပါရော။ ကျမတို့ကိုလဲ ဟင်းရည်ပူတွေ စင်ကုန်ပါရော သိပ်လဲမထိခိုက်တာနဲ့ ဆက်ထိုင်တာပဲ။ အဲ့နားမှာလဲ အဲ့ဆိုင်ပဲရှိတာကိုး။ ဖိတ်ကျနေတဲ့ဟင်းရည်ပေါ်ကို စားပွဲထိုးတွေ ဒီတိုင်းနင်းဖြတ်တော့ ကြမ်းပြင်ကို ညစ်ပတ်ပေကျံလို့ပဲ။တော်တော်နဲ့ မရှင်းဘူး။
ကျမတို့လဲ ထိုင်မိတဲ့အတူတူ ၊ ထမင်းကျော် တစ်ပွဲမှာပြီးတာလဲကြာပြီ ဆိုတော့ ဆက်ထိုင်နေလိုက်တယ်။ အဲ့မှာ ဆိုင်ရှင်မိန်းမလား ကြီးကြပ် လားတော့မသိဘူး ။ စောစောစီးစီး ခုနှစ်သံချီနဲ့ စားပွဲထိုး ကောင်မလေးတွေ ကို ဟောက်ဟမ်းပြီး ဆူနေလိုက်တာ ထိုင်နေတဲ့သူ တွေ ထပြေးရတော့မလို လိုပဲ။ ကျမတို့တွေလဲ တော်တော်သီးခံအားကောင်းတယ် ဟိုကြည့်ဒီကြည့်နဲ့ ဆက်ထိုင်နေတာပဲ။
အဲ့ချိန်မှာ ထမင်းကျော်ပန်းကန်ကိုင်ပြီး ကောင်မလေး တယောက် လာမေးတော့ ကျမတို့ကိုလာပို့တာပဲ ဆိုပြီး စားလိုက်မိတယ်ရှင်။ အဲ့ချိန်မှာ ဆိုင်ရှင်မိန်းမက ငါမှာထားတာလေ ဘယ်ကိုချတာလဲ သောက်သုံး မကျဘူး ဆိုပြီး အော်ဟစ် ပြီး ကောင်မလေးကို ဆူနေလိုက်တာရှင်။ ကျမတို့လဲ ဆက်စားရမလို ပြန်ပဲပေးရမလိုနဲ့ ဘာလုပ်ရမှန်းတောင်မသိဘူးတော့ ။ အဲ့ဒါကို ထပ်တလဲလဲပြောနေတာ ဟိုဝိုင်းကိုနင်သွားချလိုက်တာလေ ဆိုပြီးလက်ညိုးတထိုးထိုးနဲ့။ သူငယ်ချင်းက ထပြီးရန်ဖြစ်မလို့ ကျမတို့တားထားရတယ်။
ကိုယ်မကြိုက်ရင် နောက်မစားယုံပေါ့လို့။ဒီလိုဆက်ဆံခံရတာ စိတ်တော့ vမကောင်းဘူး။ ဆက်စားချင်စိတ်လဲ မရှိတော့ပါဘူး။ ပိုက်ဆံပေးစား တာခြင်း အတူတူ စောင့်နေရတာခြင်း အတူတူ ကိုယ့်ဖောက်သည်ကို ဆက်ဆံပုံက ကြည့်အုံး ကျမတို့ကပဲ အလကား လာစားနေသလိုလိုပဲ ။ သူ့မျက်နှာကလဲ မစားချင်ထွက်သွားဆိုတဲ့ မျက်နှာပေးနဲ့ပဲ။ မနက်စောစောစီးစီး စိတ်အနှောင့်အယှက် တပုံကြီးရလိုက်ပါတယ် ။ ဒီလိုဆက်ဆံရေးမပြေပြစ်တဲ့ ဆိုင်တွေ ရန်ကုန်မြို့မှာတော်တော် များသား ရှင်။ ဘာနဲ့ဆိုင်လဲတော့ မပြောတတ်တော့ပါဘူးရှင်။
နောက် လူတွေ လဲ ဆင်ခြင်လို့ရအောင် ကျမအတွေ့အကြုံလေးကို share ပေးတာပါ။ စိတ်အနှောင့်အယှက် ကင်းဝေးကြပါစေ။"
ရိုးရာေးလ ပြည်တွင်း သတင်း
ဘုရင့်နောင်လမ်းမကြီးတွင် အမျိုးသမီးကြီးတစ်ဦးကို ကုန်ကားတိုက်ပြီး မောင်းပြေး
ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ကုန်စည်ဒိုင် ၀င်ပေါက်တွင် လမ်းဖြတ်ကူးနေသည့် အမျိုးသမီးကြီးတစ်ဦးကို ကုန်တင်ကားတစ်စီးက ၀င်တိုက်ပြီး မောင်းပြေးသွားကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီခန့်က ယောဂီဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးကြီးတစ်ဦးသည် ကားလမ်းဖြတ်ကူးစဉ် ဘုရင့်နောင်တံတား ချဉ်းကပ်လမ်းအတိုင်း မောင်းလာသည့် အမျိုးအစားမမှတ်မိလိုက်သည့် ယာဉ်တစ်စီးက ၀င်တိုက်မိကာ မောင်းပြေးသွားကြောင်း အနီးရှိ မျက်မြင်တွေ့ရှိသူများက ပြောသည်။
““အသက် ၄၀ လောက်ရှိမယ့် ယောဂီရောင်ဝတ်စုံဝတ်ထားတဲ့ အမေကြီးတစ်ဦးကို တိုက်သွားတာ။ ပေါင်က သွေးတွေအများကြီးထွက်နေတယ်။ ကားတိုက်မိမိချင်း သူက မအော်ဘဲ လမ်းလယ်တုံးဘေးမှာ ငုတ်တုတ်ကြီးထိုင်နေတယ်။ ကားက မောင်းပြေးသွားတယ်။ လမ်းကူးတဲ့လူတစ်ယောက်ကတွေ့လို့ အော်ပြေးတော့မှ သိရတယ်”” ဟု အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင် ရှိသောအမျိုးသားတစ်ဦးက ပြောသည်။
ယာဉ်တိုက်ခံရသူ အမျိုးသမီးကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် ဒေါ်တင်တင်ဦးဖြစ်ပြီး ဘုရင့်နောင်ပွဲရုံတန်းသို့ အဖော်မပါဘဲ တစ်ဦးတည်းရောက်လာခြင်းဖြစ်သည်။
““ယာဉ်တိုက်မှုဖြစ်လို့ အရေးပေါ်ကိုရောက်လာပြီး ပေါင်ကြေနေလို့ အရိုးဆောင်ကို ပို့ထားပါတယ်”” ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကျူးလွန်မိသည့်ကားမှာ မောင်းနှင်ထွက်ပြေးသွား၍ ဖမ်းမိခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ဘုရင့်နောင်တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အနီးတွင် မကြာခဏ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ငါးမှုခန့်ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း ၂၃၀၀ ကျော် ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၃၅၀၀ နီးပါး ရှိခဲ့သည်။ ထို့ကြောင့် တစ်လလျှင် ပျမ်းမျှ ယာဉ်တိုက်မှု ၂၃၀ ကျော် ဖြစ်ပွားပြီး တစ်နေ့လျှင် ခုနစ်မှုနှုန်းဖြစ်ပွားကာ တစ်ယောက်နှုန်း သေဆုံးနေသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အောက်တိုဘာတစ်လတည်း ယာဉ်တိုက်မှု ၂၈၅ မှု ဖြစ်ပွားကာ သေဆုံးသူ ၄၆ ဦးနှင့် ဒဏ်ရာရသူ ၄၄၈ ဦး ရှိခဲ့သည်။ ယင်းအမှုများတွင် ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်တိုက်မှု ၂၁၄ မှု ရှိပြီး သေဆုံးသူ ၂၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁၁ ဦး ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်၍ လူသေဆုံးလျှင် ပြစ်မှုကျူးလွန်သူသည် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄ (က) အရ ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
7day Daily
သံလွင်မြစ်ကမ်းတွင်အဆုံးသတ်သွားခဲ့သော ဗိုလ်ချုပ်ကြီးတင်ဦး
၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နအဖအတွင်းရေးမှူး (၂)မြန်မာ့တပ်မတော်စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးတင် ဦးနှင့်နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်ဦးဆောင်တဲ့ တပ်မတော် အရာရှိကြီးများတစ်စုဟာ ရုရှား လုပ်ြ-၁၇ စစ်ရဟတ်ယာဉ်နဲ့ သံ လွင်မြစ်ပေါ်ကနေ ဘားအံမြို့နား ကို ရောက်ရှိလာတဲ့အချိန် ပေါ့ဗျာ။
ရာသီဥတုကလည်း ဆိုးနေ တယ်လို့ ဆိုတယ်။ အခု ဘားအံ မြို့အတွင်း သံလွင်မြစ်ကူးတံ တားကြီးရဲ့တောင်ဘက်ခပ်လှမ်း လှမ်းက လှမ်းမြင်ရတဲ့သံလွင်မြစ် ပြင်ထဲက ကျွန်းကလေးတစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တယ်။ အချိန်ကတော့ နံနက် ၈နာရီအ ချိန်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ် မှာ ရဟတ်ယာဉ်မှူးအပါအ၀င် အားလုံး လူ ၃၀လောက် လိုက် ပါခဲ့ပြီး ၁၄ ဦးကနေ ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၄ဦးခန့် အသက် ရှင်ခဲ့ကြတယ်။ ရဟတ်ယာဉ်ပျက် ကျစဉ် သေဆုံးသူတွေကတော့ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး (ကြည်း) ဥွှ၊ ရ.တ တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်(ကြညှ်းီဗ)၊ ၀န်ကြီးချုပ် ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်နဲ့ စု စုပေါင်းတပ်မတော်ခေါင်း ဆောင် ၁၄ ဦးရှိတယ်လို့ ဆိုတယ်။
ထူးဆန်းတာက ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ရုပ်အလောင်းမှာ ခြေနှစ်ဖက်စလုံး ပေါင်ရင်းကနေ ပြတ်နေတာ တွေ့ရတယ်။ ဗိုလ်ချုပ်သီဟသူရစစ်မောင်ရဲ့ ရုပ် အလောင်းကတော့ သုံးရက် လောက်အကြာမှာသံလွင်မြစ် တစ်နေရာမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရှာတွေ့နိုင်ခဲ့တယ်။ ပျက်ကျမှုမှာ သေဆုံးသွား ရသူတွေကတော့ ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ၆၇နှစ် ကြည်း /၈၁၈၂(ဥွှ ၂၂)၊ ဗိုလ်ချုပ်သီဟ သူရစစ်မောင် ၅၀နှစ် ကြည်း /၁၁၇၁၆ ၊ှီဗ -၁၂)၊ဗိုလ်ချုပ်လွန်း မောင် ၆၅ နှစ် ကြည်း/၁၀၁၃၃၃ -ဥွှ ၃၀)၊ ဗိုလ် မှူးကြီးဝင်းလှိုင် ၅၈နှစ်၊ ကြည်း/ ၁၁၄၆၇ ဥွှ ၃၈၊ ဒုတိယဗိုလ်မှူး ကြီးလှပိုင် ၄၄ နှစ် ကြည်း ၁၄၇၇၀ှီဗ ၂၀ ၊ ဗိုလ်မှူးအောင်ဖုန်းနိုင် ၄၀နှစ် ကြည်း/၁၈၁၇၁ှီဗ ၂၅ ၊ဗိုလ်ခင်မောင်ကျော် ၂၆ နှစ် ကြည်း /၂၉၄၇၀ှီဗ ၃၉ ၊ ဗိုလ်မှူးကြီးတင်ဝင်း ၅၁ နှစ် လေ/ ၁၆၁၃၃ ဥွှ ၁၄ ၊ဗိုလ်မှူးစိုးနိုင် ၄၁ နှစ် လေ/၁၈၆၂ှီဗ ၂၃၊ ဗိုလ်ကြီးနေမင်းအောင် လေ/ ၁၈၄၀၀ တပ်ကြပ်ကျော်ဆွေ ၃၇ နှစ် လေ/၁၉၇၅၂၊ တပ်ကြပ် ထိန်လင်းအောင် ၂၉နှစ် လေ/၂၂၆၁၄ တို့ သေဆုံးခဲ့ကြ တယ်။ နောက်တစ်နေ့ အစိုးရ သတင်းစာထဲမှာ အတွင်း ရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးခင် ညွှန့်နဲ့ ဇနီးဒေါက်တာခင်ဝင်းရွှေတို့ရဲ့ ၀မ်းနည်းကြေကွဲကြောင်း ကြော် ငြာကို တွေ့ရတယ်။
ရဟတ်ယာဉ်ပျက်ကျမှုမှာ အ သက်ရှင်ကျန်ရစ်ခဲ့တာ ၁၃ဦးရှိ တယ်။ သေရွာပြန်တွေလို့ပြောရမှ ပဲ။ ကံကောင်းကြတာပေါ့ဗျာ။ အသက်ရှင်ခဲ့တဲ့သူတွေကတော့ ဗိုလ်ချုပ်သန်းမောင်၊ဗိုလ်မှူးကြီး လှဌေးဝင်း(ယခု ဗိုလ်ချုပ်ကြီးလှ ဌေးဝင်း မြန်မာ့တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး) လက်ရှိမြန်မာတပ်မတော် မှာ နံပတ်(၃)အဆင့်ရှိသူ)၊ ဒုတိယဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဒု-ဗိုလ်မှူးကြီး အုန်းလွင်၊ ဗိုလ်မှူး စိုးအောင်ကျော်၊ ဗိုလ်မှူးနေမျိုးဦး၊ ဗိုလ်ကြီးအောင် ဇော်ထွန်း၊ဗိုလ်ကြီး ရဲမြင့်ထွန်း၊ ဗိုလ် အုန်းမြင့်၊ တပ် ကြပ်ကြီးဝင်းမော်၊ တပ်ကြပ်မြတ် ကျော်၊တပ်ကြပ် မောင်မောင်၊ အရပ်ဘက်က ဦးနေစိုးနိုင်တို့ အသက်ရှင်ခဲ့ကြတယ်။
အစိုးရက ရာသီဥတုဆိုးဝါးမှု ကြောင့် ရဟတ်ယာဉ်ပျက်ကျရ ခြင်းဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ရုရှားနိုင်ငံကတော့ ရုရှားလုပ်ြ -၁၇ ရဟတ်ယာဉ်တွေဟာ ရုရှား ရာသီဥတုအလွန်ဆိုးဝါးတဲ့နေရာ တွေမှာ သုံးနိုင်အောင်တည် ဆောက်ထားတာမို့ ရဟတ်ယာဉ်ရဲ့ ချို့ယွင်း မှုကြောင့် မဖြစ်နိုင်ဘူးလို့ ပြန်ကြေညာခဲ့တယ်။ ဒီရဟတ် ယာဉ် မပျက်ကျခင်ကတည်းက ဗိုလ်ချုပ်ကြီးတင်ဦးဟာ နှစ်ကြိမ် တိုင်တိုင် အလုပ်ကြံခံရပြီး အသက် ဘေးမှသီသီ ကလေးလွတ်မြောက် လာခဲ့သူဖြစ်တယ်ဗျ။ သူ့ရဲ့နေအိမ် မှာစာတိုက် ကပို့လိုက်တဲ့လက် ဆောင်ဗုံးကို သူ့ကိုယ်စား သူ့ သမီးက ဖွင့်ကြည့်လိုက်လို့ သမီး သေဆုံးခဲ့ရပြီး သူအသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခါ ကမ္ဘာအေးလိုဏ်ဂူ တော်ကြီးမှာ ဗိုလ်ချုပ်ကြီးတင်ဦး လာမယ် သိ ထားလို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံး က သူမရောက်ခင်ကွဲ သွားလို့ တစ်ခါအသက်ဘေးက လွတ်ခဲ့ပြန် တယ်။ ဒါတွေက အရှေ့မှာ ဖြစ်ခဲ့ တယ်။
ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ်သီဟသူရ စစ်မောင်အကြောင်းကတော့ အ နာဂတ်မြန်မာ့တပ်မတော်ရဲ့ကာ ကွယ်ရေးဦးစီးချုပ်ဆက်ခံနိုင်သူလို့ အသတ်မှတ်ခံထားရသူဖြစ်တယ်။
ဗိုလ်ချုပ်သူရစစ်မောင်ဟာ မြန်မာ့တပ်မတော်မှာ သူရဲကောင်း ဆုတွေ ဖြစ်တဲ့ သီဟသူရတစ်ကြိမ် သူရ တစ်ကြိမ်ရခဲ့ဖူးပြီး ဇွတ်တော့ လုပ်တတ်သူဖြစ်တယ်။ ၁၉၉၆ ဇူလိုင် လ ၂၄ ရက်က ဗိုလ်ချုပ် စစ်မောင်ကိုယ်တိုင် လိုက်ပါလာခဲ့ တဲ့ မြန်မာ့လေကြောင်းဖော်ကာ င်္ -၂၇ လေယာဉ် ဌ့ ဗနွှ ဟာ ခရီးသည် ၄၄ ဦးနဲ့ ထားဝယ်-မြိတ်ခရီးစဉ် ပျံသန်းလာစဉ် မြိတ် လေယာဉ်ကွင်း ဆင်းဖို့ မိုးတအား ရွာနေလို့ လေယာဉ်မှူးက မဆင်း ဘဲ ရန်ကုန်ပြန်လှည့်ဖို့ ဆုံးဖြတ် တယ်။ ဗိုလ်ချုပ်စစ်မောင်က သူ့ အလုပ်ကိစ္စအရေး တကြီးဖြစ်တာ မို့ အမိန့်နဲ့အတင်း ဆင်းခိုင်းတယ်။ ဒါနဲ့ လေယာဉ်လည်း မြိတ်အဆင်း လေယာဉ်ကွင်းမှာ လမ်းချော်သွား ပြီး ပျက်စီးသွားတယ်။ ခရီးသည် ၈ ဦးသေဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်စစ် မောင်ကိုယ်တိုင်နဲ့ ခရီးသည် ၁၀ဦး ဒဏ်ရာရခဲ့ကြရဖူးတယ်။
ဗိုလ်မှူးကြီးမောင်အေးနဲ့ ဗိုလ် ချုပ်ကြီးတင်ဦးတို့ကတော့ ဗိုလ် ချုပ်စစ်မောင်ရဲ့သတ္တိကို သဘော ကျတယ်။ လက်ခံတယ်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ် စစ်မောင်ကို သိပ်သဘောမကျဘူး လို့ သိရတယ်။ ဒါနဲ့ ဗိုလ်ချုပ်စစ် မောင် သေဆုံးသွားပြီးနောက် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ဇနီးနဲ့နီးစပ်ဖြစ်သူလို့ ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေကို တာဝန်ပေး ခဲ့တယ်။ နောက်တော့ သံလွင်မြစ်ပေါ်က ရဟတ်ယာဉ် ပျက်ကျမှုမှာ အနာဂတ်မြန်မာတပ်မတော် အတွက် အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီ ဟသူရ သူရစစ်မောင်တို့ သေဆုံး သွားပြီးတဲ့နောက်ပိုင်း တပ်မတော် ရဲ့ရာထူးအခင်းအကျင်းနှင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေစိတ်ကြိုက် ဗိုလ် ချုပ်ကြီးသူရရွှေမန်း ကြည်း/ ၁၁၅၃၄ှီဗ ၁၁ ကို ၂၀၀၁ နိုဝင် ဘာလ ၁၅ ရက် နေ့မှာ ကြည်း/ ရေ/လေ ညှိနှိုင်း ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး( ညှိကွပ်) နမခတိုင်း မှူးဗိုလ်ချုပ်စိုးဝင်း ကြည်း/ ၁၁၇၁၅ှီဗ -၁၂ကို လေကြောင်း ရန်ကာကွယ်ရေးအ ရာရှိချုပ်၊ တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်(ကြည်း/၁၁၂၅၂)ှီဗ ၉ ကို စစ်ရေးချုပ်၊ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင် မြင့်ဦး(ကြည်း -၁၁၇၀၁)ှီဗ ၁၂ ကို စစ်ထောက်ချုပ်၊တပခတိုင်း မှူးဗိုလ်ချုပ်တင်အေး(ကြည်း/၁၁၂၃၆)ှီဗ ၉ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်(ယခု ရွေးကောက်ပွဲကျင်းပရေးကော်မ ရှင်ဥက္ကဌ)စသည့်တို့ကို တာဝန် တွေ အသီးသီးပေးအပ်ခဲ့ကြတယ် ဗျာ။
နောက်ပိုင်းကျတော့ စစ်ရေး ချုပ်ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာတယ်။ ၂၀၁၀ကျ တော့ သမ္မတကြီးဦးသိန်းစိန်ဖြစ် လာ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းက လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ပြီးရင် တကယ်သြဇာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့တယ်။ ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့် ဦးက၂၀၁၀မှာ ဒုတိယသမ္မတဖြစ် လာပြီး ၂၀၁၂ မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ဒုတိယသမ္မတ အဖြစ်နှုတ်ထွက်သွားတယ်။ စစ် ထောက်ချုပ် ဗိုလ်ချုပ်တင်အေးက တော့ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌဦးတင်အေး ဖြစ်လာတယ်။
သံလွင်မြစ်ထဲ ရဟတ်ယာဉ် ပျက်ကျစဉ်က အသက်မသေဘဲ အသက်ဘေးက လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဒီ နေ့ မြန်မာတပ်မတော်မှာ တစ်ချိန် က ဗိုလ်မှူးကြီးသူရရွှေမန်း ပထမ ဆုံးရခဲ့ဖူးတဲ့ရာထူး ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲ ရေးမှူး(ညှိ/ကွပ်)ရာထူးရပြီး တပ် မတော်အဆင့်(၃)တောင်ဖြစ်လာခဲ့ တယ်ဗျာ။
၁၉၈၈ကနေ့ အာဏာသိမ်း ပြီး တစ်စနဲ့တစ်စ အာဏာရှင် ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကတော့ ၂၀၁၀မှာ အငြိမ်းစား ယူပြီး နေပြည်တော်က သူရဲ့ခြံ ကြီးထဲမှာပဲ အေးအေးချမ်းချမ်းနဲ့ စာတွေ ဖတ်နေပါပြီ။ အားလုံးက ပြီးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ကန့်ဘလူဇာတိ မြို့ကိုပြန်ပြီး ဘုန်းကြီးတောင် ၀တ် လိုက်သေးတယ်။ နောက်တော့ လေဖြတ်သွားတယ်။ စင်ကာပူ သွားကုလိုက်၊ တရုတ်ပြည်သွားကု လိုက်နဲ့ဆေးကုနေရတာနဲ့ပဲ အလုပ်ကို ရှုပ်နေပါပြီ။ ဘာမှကို မလုပ်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်လည်း တပည့် တပန်းတွေ လာကန်တော့တာ လက်ခံလိုက်၊ ထောင်ထဲကမလွတ် သေးတဲ့သူ့ တပည့်တွေရဲ့မိသားစု တွေ မျက်ရည်လေးတစမ်းစမ်းနဲ့ လာကန်တော့တာကိုခံပြီး စိတ် မကောင်းရုံကလွဲပြီးသူလည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ထောင်ထဲမှာရှိနေဆဲသူ့တပည့် စစ်ထောက်လှမ်းရေးတွေ အမြန် ဆုံး လွတ်မြောက်လာဖို့ပဲ ဆု တောင်းနေ ရတဲ့အခြေအနေ ရောက်နေပါပြီ။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ဇနီးဒေါ်မာလာ မွေးနေ့ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းတင်လှိုင် (ပြည် ထဲရေးဝန်ကြီးဟောင်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်တို့ကို ဆီဒိုးနားဟိုတယ်မှာ တွေ့လိုက် သေးတယ်။ နေကောင်းရဲ့လားမေး တော့ “လူကြီးကောင်း ကောင်း တာပေါ့ဗျာ”တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မျိုးညွှန့်က ဖြေသွားတယ်။ ““ပီတိကိုစား အားရှိပါ၏””ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုး ညွန့်ခေတ်တစ်ခေတ်ကို သွား သတိရမိသေးတယ်။
အားလုံးကတော့ ပြီးသွားပါ ပြီ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ယောက်ကိုတော့ ကျုပ်အကြံ ပေးချင်တယ်။ စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား လို့ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဆူ ပင် စီမံကိန်းဆိုတာ အဘ တစ် ချိန်က အကြီးအကျယ်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ဖူးတယ်လေ။ အဲဒီ တုန်းက အဘက မအားလပ်တော့ ကောင်းကောင်းအကောင်အထည် ဖော်ခဲ့ရလို့ ကြက်ဆူပင်စိုက်ပျိုး ရေးစီမံကိန်းမအောင်မြင်ခဲ့ရဘူး။ ဒါကြောင့် အခုလို အဘတစ် ယောက် အားလပ်နေပြီဆိုတဲ့အ ချိန်ကြတော့ အဘယုံကြည် သက် ၀င်ခဲ့ဖူးတဲ့ကြက်ဆူပင်စိုက်ပျိုးရေး ကို စိတ်အေးလက်အေးနဲ့ အာ ရုံစိုက်ပြီး စိုက်ပျိုးလို့ရပြီမို့ အဘ စိတ်ဝင်စားခဲ့တဲ့ကြက်ဆူပင်တွေ စိုက်ရင်း စာဖတ်ရင်းနဲ့ခပ်အေး အေးပဲနေလို့ရပါပြီလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။
“အနောက်ဘက်စစ်မျက်နှာ တွင် အားလုံးငြိမ်သက်လျက်ရှိနေ တော့သည်”ဆိုတဲ့ကမ္ဘာကျော် ပထမ ကမ္ဘာ စစ်နောက်ခံဂန္ထ၀င် စစ်ကားကြီးကိုသာ သွားသတိရမိ ပါတယ်ဗျာ။
စစ်သူရဲဗလမင်းထင်
(သူရိယနေဝန်း)
အမျိုးသားတွေလဲ ပုံမှန် အသားအရေးထိန်းသိမ်းမှုပြုလုပ်ဖို့ လို
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွေလောက်အထိ အမျိုးသားအများစုက ဆပ်ပြာနဲ့ ရေရှိရင် သူတို့ အတွက် တစ်ကမ္ဘာလုံးမှာ ပြည့်စုံလုံလောက်ပြီဆိုတဲ့အမှတ်နဲ့  အသားအရေကို ထိန်းသိမ်းခြင်းတွေပြုလုပ်လေ့ မရှိကြပါဘူး။ တခါတလေကျပြန်တော့လည်း ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် ဇနီးဆီက မျက်နှာသစ်ဆပ်ပြာ၊ တိုနာတို့ ကိုငှားရမ်းသုံးစွဲကြတာမျိုးလဲရှိတတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေကလဲ အသားအရေ ထိန်းသိမ်းခြင်းကရတဲ့ ရလဒ်ကောင်းတွေကိုတွေ့ ရှိလာကြလို့ skincareတွေကို ပိုမိုသုံးစွဲလာကြပြီး တစ်နှစ်ထက်တစ်နှစ်မှာမတူညီတဲ့ အမျိုးသားတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒီလိုကွဲပြားခြားနားတဲ့ skincare ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေရတဲ့ အကြောင်းအရင်း ၅ချက်ရှိပါတယ်။
၁) အမျိုးသားဟော်မုန်းကြောင့်
အမျိုးသားတွေရဲ့  အသားအရေတွေက အမျိုးသမီးတွေထက် အဆီပြန်နေတတ်ကြပါတယ်။ ဒါကတော့ အမျိုးသားဟော်မုန်းတွေကြောင့် ကွဲပြားခြားနားနေတာပါ။ အမျိုးသားဟော်မုန်းဓာတ် မြင့်လေလေ၊ အဆီထုတ်လုပ်မှုနှုန်းက များလေလေပါပဲ။ ဒါတွေက အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လဲ အမျိုးသားတွေအတွက်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာတွေက အမွှေးနံသာ အနည်းငယ်သာ ပါဝင်ပြီး မျက်နှာကိုပိုမိုသန့် စင်စေနိုင်ရုံသာမက အမျိုးသမီးသုံးမျက်နှာသန့် စင်ဆပ်ပြာထက် ပိုနည်းတဲ့ စွတ်စိုမှုတွေကိုရနိုင်ပါတယ်။ အမျိုးသားတွေက မိမိရဲ့ ချစ်သူ၊ဇနီးတို့ ရဲ့ မျက်နှာသစ်ဆပ်ပြာရည်ကိုအသုံးမပြုပဲ အမျိုးသားတို့ အတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုပဲသုံးစွဲတာက အန္တရာယ်ကင်းရှင်းနိုင်ပါတယ်။
၂) အရေပြားထူထပ်ခြင်း
ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေထက် ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင် နှုန်းအထိပိုထူနေတတ်ကြောင့် ချွေးပေါက်တွေလဲအများကြီးရှိနေတတ်ကြပါတယ်။ နောက်ထပ်ကွဲပြားခြားနားချက်တစ်ကတော့ အမျိုးသားတွေရဲ့ အသားအရေက နေလောင်ဒဏ်ကို အမျိုးသမီးတွေထက်ခံနိုင်ရည် ပိုရှိကြပါတယ်။ ဒါပေမယ့် ပေါ့ပေါ့နေလို့ မရပါဘူး။ အပြင်သွားရင် နေလောင်ဒဏ်ကာကွယ်နိုင်တဲ့ ခရင်မ်ကိုလိမ်းသင့်ပါတယ်။
၃) အိမ်ပြင်မှာအနေများခြင်း
ယောင်္ကျားလေးတွေက အိမ်မကပ်ကြတာများပါတယ်။ အိမ်တကာလည်ပြီးသူငယ်ချင်းတွေနဲ့ လည်ပတ်လျှောက်သွားနေရတာကို နှစ်သက်ကြတယ်၊ ဒါမှမဟုတ် လဲချွေးသံတရဲရဲနဲ့  နေပူထဲမှာ ဆော့ကစားနေရတာကို နှစ်သက်ကြပါတယ်။ UV ရောင်ခြည်တွေက အသားအရေကို ထိခိုက်ပျက်စီး စေနိုင်ရုံသာမကပဲ အရေပြားကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့  အပြင်ထွက်တိုင်း SPF 15 ဒါမှမဟုတ် SPF 15 ထက်ပိုတဲ့ sunscreen ကိုလိမ်းသင့်ပါတယ်။
၎) မုတ်ဆိတ်ရိတ်ခြင်း
ပါးသိုင်းမွှေးရိတ်ခြင်းက မျက်နှာပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။နေ့ စဉ်နေ့ တိုင်းမုတ်ဆိတ်ရိတ်တာ၊ ပါးသိုင်းမွှေးရိတ်တာတွေကအရေးပြားကိုကျိန်းစပ်စပ်ဖြစ်ခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ဘရိတ်ဓားနဲ့  မတော်တဆထိရှမိခြင်းသာမကပဲ အဆိုးဆုံးကဝက်ခြံပါပေါက်စေနိုင်ပါတယ်။ ဒီလိုမဖြစ်စေချင်ရင်တော့ မျက်နှာကအမွှေးအမျှင်တွေကိုရိတ်ပြီးနောက်မှာအသုံးပြုလို့ ရတဲ့ တိုနာတွေကိုဝယ်ယူအသုံးပြုသင့်ပါတယ်။
၅) အလုပ်ရှုပ်မခံခြင်း။
နေ့ စဉ်သုံးအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာဗီတာမင် A,C,Eတို့ ပါဝင်တဲ့ အပြင် တခြား အက်ဆစ်တွေလဲ ပါဝင်နေပါတယ်။ အမျိုးသမီးတွေက All in 1 အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သိပ်သုံးလေ့မရှိကြပါဘူး။ သက်သက်ဆီခွဲထားတဲ့ skincare မျိုးကိုသာအသုံးများပါတယ်။ အမျိုးသားတွေကတော့ အလုပ်ရှုပ်မခံကြပါဘူး၊ skincare အမျိုးအစားစုံစုံလင်လင်ပါလေလေ ပိုနှစ်သက်ကြလေပါပဲ။
Trend Myanmar
သစ်မွှေးဈေးကွက် အမှန်တကယ် ဖြစ်လာတော့မည်လော
မြန်မာနိုင်ငံတွင် သစ်မွှေးဟုခေါ် သော အပင်မျိုးကို သဘာဝအတိုင်း မဟုတ်ဘဲ နည်းပညာများဖြင့် ဖော်စပ် စိုက်ပျိုးလျက် ရှိကြကာ ယင်းအပင်မျိုးကို အမြတ်အစွန်းကြီးစွာ ရောင်းချရသည် ဟူသော သတင်းသည် လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း ပျံ့နှံ့လာသည်။
သစ်မွှေးကို တောတောင်များတွင် ရှာဖွေသူများ ရှိသကဲ့သို့ စမ်းသပ် စိုက်ပျိုးသူများ ရှိကြသော်လည်း အောင်မြင် ဖြစ်ထွန်းကာ သစ်မွှေး ရောင်းချ၍ အမြတ်အစွန်း ရသူကိုမူ မတွေ့ရှိရသေးပေ။
အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့် နိုင်ငံများတွင် သစ်မွှေးပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီး အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခြင်းက မြန်မာနိုင်ငံရှိ သစ်မွှေး စိုက်ပျိုးသူများအတွက် မက်လုံးအဖြစ် ဆွဲဆောင်နေသည်။
သစ်မွှေးသည် အမှန်တကယ်မှာ သစ်ပင်တွင် သဘာဝအလျောက် သစ်မွှေးအနှစ်များ စုစည်းသော်လည်း သစ်ပင်တိုင်းတွင်တော့ သစ်မွှေးအနှစ်များ ရှိခြင်းမဟုတ်။ သစ်မွှေးအနှစ် လိုက်ရှာကြသော မုဆိုးများက သစ်မွှေးပင်တိုင်းကို ခုတ်ယူ ရှာဖွေခဲ့သောကြောင့် ကမ္ဘာပေါ်တွင် မျိုးတုံးမှု အန္တရာယ် ကျရောက်နေသော အပင်အမျိုးအစားလည်း ဖြစ်သည်။
သစ်မွှေးသည် အစေးပါဝင်သော အပင်ဖြစ်ပြီး Aquilaria မျိုးစုဝင်ဖြစ်ကာ ရေမွှေး၊ အမွှေးတိုင်နှင့် ဆေးများ ဖော်စပ်ရာတွင် အသုံးပြုရန် ဈေးကောင်းပေးဝယ်လျက် ရှိသည်။
ထိုအတွက် ပညာရှင်များက သဘာဝသစ်ပင်များ မျိုးမတုံးစေရန်နှင့် သစ်မွှေးပင်များ စိုက်ပျိုးနိုင်ရန် သုတေသန ပြုလုပ်ကာ အဆင့်မြင့် နည်းပညာများဖြင့် စိုက်ပျိုးနိုင်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် သစ်မွှေးပင်ကို စမ်းသပ် စိုက်ပျိုးနေကြသော်လည်း အောင်မြင်ခြင်း မရှိသေးဘဲ စမ်းသပ်ဆဲသာ ဖြစ်ကြောင်း သစ်မွှေး စိုက်ပျိုးသူများက တူညီစွာ ပြောဆိုကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း နိုင်ငံတကာ သစ်မွှေးလောကတွင် နာမည်ကျော် ပါမောက္ခများဖြစ်သော အမေရိကန် ပြည်ထောင်စု မင်နီဆိုးတား တက္ကသိုလ်မှ Professor Robert A.Blanchtte နှင့် Professor Henry P.Heuveling တို့က သစ်မွှေး နည်းပညာ အကြောင်းကို ရန်ကုန် မြို့နှင့် မြစ်ကြီးနားမြို့တို့တွင် လာရောက် ဟောပြောခဲ့သည်။
ထိုပညာရှင်များသည် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများအတွက် CA Kit နည်းပညာဖြင့် ပြည်ပပို့ကုန် အမည်သစ် ထွက်ရှိရေးအတွက် လာရောက် ဟောပြောခြင်းလည်း ဖြစ်သည်။
CA Kit နည်းပညာကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရရှိထားသူ CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် ဆေးထိုးရင် အရင်က တစ်နှစ်လောက် အချိန် ပေးရပေမယ့် အခုနည်းပညာက လေးလတည်းနဲ့ သစ်မွှေးအဆီ ခဲပါပြီ” ဟု ဆိုသည်။
သစ်မွှေးပင်တစ်ပင် ဆေးထိုးပါက ငွေရှစ်သောင်း ဝန်းကျင် ကုန်ကျပြီး သစ်မွှေးအဆီ ထုတ်နိုင်ပါက သစ်မွှေးအဆီပေါ် မူတည်၍ ငွေကျပ် သုံးသိန်းဝန်းကျင် ရရှိနိုင်ကာ အရည်အသွေး ကောင်းမွန်ပါက ထိုထက်မက ရနိုင်ကြောင်း ၎င်းကရှင်းပြသည်။
သစ်မွှေးပင် ၅၀၀ ခန့် စိုက်ပျိုးပါက ပေါင်းသင် ရှင်းလင်းစရိတ်နှင့် ရေပေးဝေမှု စရိတ်တို့ တွက်ချက်ပါက ငွေကျပ် သိန်း ၆၀ ကုန်ကျကြောင်း ထန်တပင် ကျေးရွာတွင် သစ်မွှေးပင် စိုက်ပျိုးထားသူ တစ်ဦးက ပြောပြသည်။
“သစ်မွှေးပျိုးပင် တစ်ပင်ကို ၈၀၀ (ကျပ်) ပေးရတယ်။ တော်တော်လေးတော့ ပြုစုရတယ်” ဟု ၎င်းကဆိုသည်။
ယခင်က သစ်မွှေးတစ်ပင် ဖြစ်ရန် ခက်ခဲသော်လည်း လက်ရှိ အနေအထားတွင် သစ်မွှေးအဆီ ဖြစ်စေရန် မှိုဆေးများ၊ ပိုးများ၊ ဂျယ်လီများ၊ အင်ဇိုင်းများဖြင့် ထုတ်လုပ်သည့် နည်းပညာများ ပေါ်ထွက်လာသည့် အတွက် စိုက်ပျိုးသူ များလာခြင်း ဖြစ်ကြောင်း သစ်မွှေးပင် စိုက်ပျိုးသူတို့က ပြောကြားသည်။
အရည်အသွေးကောင်း သစ်မွှေးဆီ ၁ကီလိုဂရမ် (၆၀ ကျပ်သား) လျှင် နိုင်ငံတကာ ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ခန့် ရရှိနိုင်သဖြင့် ငါးနှစ်ဝန်းကျင်တွင် သစ်မွှေး တစ်ပင်လျှင် မြန်မာငွေ သိန်းတစ်ရာခန့် ရရှိမည်ဟု မက်လုံးပေးကာ သစ်မွှေးပျိုးပင် ရောင်းချမှု များကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဘက်တွင် စိုက်ပျိုးထားသော သစ်မွှေးပင်များသည် မည်သည့် အချိန်တွင် ပိုက်ဆံရမည်ကို မသိရှိနိုင်သဖြင့် သစ်မွှေးပင်ကို ခုတ်ပစ်ကာ ရော်ဘာပင်များ ပြန်လည် စိုက်ပျိုးလာကြကြောင်း ယင်းဒေခံ များ၏ အဆိုအရ သိရသည်။
လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးပင်များကို မှိုဆေး သွင်းခြင်းဖြင့် သစ်မွှေးဆီ အချိန်တိုအတွင်း ရရှိနည်းကို အများဆုံး လုပ်ဆောင်ကြကြောင်း သစ်မွှေး စိုက်ပျိုးသူက ဆိုသည်။
CA Myanmar မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစစ်မိုးက “သစ်မွှေးပင် အပင်တိုင်း အဆီမဖြစ်ဘူး။ သစ်ပင်ရဲ့ ကြံ့ခိုင်မှု၊ မြေသြဇာ ကျွေးနိုင်မှု အပေါ်မှာလည်း မူတည်တယ်။ ငါးပင် ဆေးထည့်လို့ တစ်ပင်ဖြစ်ချင်မှ ဖြစ်တာ” ဟု ရှင်းပြသည်။
သို့သော် သစ်မွှေးကို စိုက်ပျိုးရာမှ အဆီစုအား ကောင်းသော သစ်မွှေး မျိုးစိတ်များ စိုက်ပျိုး၍ အာမခံချက်ရှိသော စိုက်ပျိုးနည်း အသုံးပြုခြင်းဖြင့် ပြည်ပပို့ကုန် အမည်သစ်များ ရရှိနိုင်သည့်အပြင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာနေ ပြည်သူများ ဝင်ငွေတိုးစေပြီး ဂေဟစနစ်များအတွက် အထောက်အကူ ပြုစေကာ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုး သစ်မွှေး ကုန်သည်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက် ရောင်းချနိုင်မည့် အခွင့်အလမ်းကောင်းများ ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ကို နည်းပညာပိုင်း ဝန်ဆောင်မှု ငှားရမ်းပြီး ထွက်လာတဲ့ သစ်မွှေးကို မရောင်းတတ်ရင် ကျွန်တော်တို့က ဝယ်မယ့် ကုန်သည်တွေနဲ့လည်း ချိတ်ဆက်ပေးမယ်” ဟု ၎င်းက အာမခံချက် ပေးသည်။
မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ပျိုးခြင်းမှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း ကချင်ပြည်နယ်တွင်မူ တရုတ် သစ်မွှေး ကုန်သည်များ စတင်ခြေချင်း လိမ်လာပြီ ဖြစ်သည်။
ဝိုင်းမော်မြို့နယ် အတွင်းရှိ သစ်မွှေး စိုက်ပျိုးသူတစ်ဦးက “တစ်ခုခုတ်ပြီး တရုတ် ကုန်သည်တွေကို ရောင်းလိုက်တာ နှစ်သိန်းရတယ်” ဟု ဆိုသည်။
သစ်မွှေးပင်တွင် အဆီတည်ပါက သစ်မွှေးအချပ်၊ အမှုန့်၊ သစ်မွှေး၏ အာနိသင် ဝင်နေသော သစ်သားများကို ရောင်းချ နိုင်သော်လည်း မြန်မာနိုင်ငံတွင် စမ်းသပ်ရရှိသော လက်ရှိ သစ်မွှေးများမှာ အရည်အသွေး နိမ့်နေဆဲ ဖြစ်ကြောင်း သစ်မွှေး လေ့လာနေသူတို့၏ အဆိုအရ သိရသည်။
သစ်မွှေး၏ အဓိက ဝယ်လက်မှာ ဆော်ဒီအာရေးဘီးယား နိုင်ငံက အဓိက ဝယ်ယူခြင်း ဖြစ်ပြီး အချို့သော အစ္စလာမ် ဘာသာဝင်တို့သည် ဂျီဟတ် ခရီးစဉ်တွင် ဆပ်ပြာဘူးများ၌ ဆပ်ပြာများကို ထုတ်၍ သစ်မွှေးအဆီများ ထည့်ကာ ရောင်းဝယ်မှုများ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ပြုလုပ်ခဲ့ကြောင်း ဗီယက်နမ် သစ်မွှေး ကုန်သည်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ မြန်မာ့သစ်မွှေး စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံတွင် သစ်တော ဥပဒေအရ ကုန်သွယ်ခွင့် မရှိသော အမျိုးအစားတွင် သစ်မွှေးလည်း အပါအဝင် ဖြစ်သည်။ ထိုသစ်မွှေးသည် သဘာဝအလျောက် ဖြစ်တည်သော သစ်မွှေး ဖြစ်ပြီး လက်ရှိ စိုက်ပျိုးနေသော သစ်မွှေးသည် ရှားပါးသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း (Non Timber Forest Produce-NTFB) ဖြစ်သည့်အတွက် တရားဝင် ရောင်းဝယ်ခွင့် ပြုသင့်ကြောင်း သစ်မွှေး စိုက်ပျိုးသူတို့က တူညီစွာ ပြောဆိုကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သစ်မွှေး စိုက်ဧက သုံးသောင်းနှင့် အထက် ရှိသော်လည်း နိုင်ငံတစ်ကာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမျိုးတော့ ထွက်ရှိလာခြင်း မရှိပေ။ ထို့အတွက် မြန်မာ့သစ်မွှေး စိုက်ပျိုးသူများ၏ တစ်ကီလို ဒေါ်လာ ၂၅၀၀၀ အိပ်မက်သည် လွယ်လွယ် နှင့် ဖြစ်လာဦးမည် မဟုတ်။
နိုင်ငံတကာ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နည်းပညာကို မြန်မာ့ သစ်မွှေးစိုက်သူတို့ အမိအရ ယူနိုင်မှသာ ဗီယက်နမ်၊ ထိုင်းတို့နှင့် ဈေးတူရနိုင်မည် ဖြစ်သည်။ မြန်မာ့ ထွက်ကုန်များသည် အခြားနိုင်ငံ ထွက်ကုန်များနှင့် ယှဉ်လျှင် နောက်ကျ ကျန်နေဆဲ ဖြစ်သည်။
သစ်မွှေးပင် စိုက်ပျိုးကာ သစ်မွှေး ထုတ်ရောင်းမည့် စီးပွားရေး လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကနဦးအစသာ ဖြစ်နေသေးသောကြောင့် နိုင်ငံတကာ အရည်အသွေးအတိုင်း ထုတ်လုပ်ရန် အခွင့်အလမ်းများ ရှိနေဆဲ ဖြစ်သည်။
မိုးညှင်းမြို့မှ သစ်မွှေး စိုက်ပျိုးသူ တစ်ဦးကမူ အောက်ပါအတိုင်း ပြောကြားသည်။
“သူများတွေ သစ်မွှေး ဈေးကောင်းတယ် ပြောလို့ စိုက်ထားတာ။ ဘယ်လို ရောင်းကြမှန်းတော့ မသိဘူး”။
The Voice
Subscribe to:
Posts (Atom)




