Friday, November 8, 2013

မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်)


မှော်ဆရာကြီး ဘကြီးအောင်၏ အဆက်၂ ( အောင် ၂ အောင် ဘယ်အောင်က အောင်မလဲ)

ဘကြီးအောင်ကား ဆရာကြီးဦးအောင်ဆုံးမသည်ကို ခံနေရလျက်နှင့် အလျှော့မပေးချေ။

“ မဖြူရေ ” “ ရှင် အဘအောင် ” “ ဒီလူကတော့ အတော်ကို လက်ပေါက်ကပ်တာပဲ ၊ သူလိုလူမျိုးတော့ အဘမတွေ့ဖူးသေးဘူး ” “ ဟုတ်ကဲ့ အဘ ” “ အများအားဖြင့်တော့ကွယ် ပြုစားသူဟာ လူဖြစ်စေ၊ အခြား နာနာဘာဝ၊ နတ် ၊ စသည်ပေါ့ ကမ္မစိဒ္ဓိရှင်တစ်ဦးဦးဖြစ်စေပေါ့ … ဆရာနဲ့တွေ့ပြီး ခေါ်စစ်ခံရတဲ့အခါများမှာ သူတို့လုပ်ထားတာတွေကို ထုတ်ပေးပါမယ်။ သက်ညှာပေးပါ။ မေတ္တာပို့ပေးပါလို့ ပြောတတ်ကြသကွယ့်၊ တကယ်ထုတ်တာမထုတ်တာ ဟန်ဆောင်တာမဆောင်တာ တပိုင်းပေါ့ ” “ ဟုတ် ”

“ အခု ဒီဘကြီးအောင်ကတော့ အဲလိုမဟုတ်ဘူး၊ မထုတ်ဘူး၊ မင်းလုပ်နိုင်ရင်လုပ် ဆိုတဲ့သဘောက ပြောင်းမယ်မထင်ဘူး ” “ ဒါဆို အဘရယ် သမီးဘယ်လို လုပ်ရမလဲရှင် သမီးကို မကယ်နိုင်တော့ဘူးလား၊ သူမှ ပြန်မထုတ်ဘူးဆိုရင် ဘယ်သူထုတ်ပေးမှာလဲအဘရဲ့၊ ဒီလိုလုပ်ရင် ကောင်းမလားမသိဘူးနော်အဘ ” “ ပြောပါဦးကွယ်”

“ သူ့ဆီကို ကန်တော့ပွဲနဲ့ သမီးသွားတောင်းပန်လိုက်မယ်လေ ၊ သမီးရဲ့ အစ်ကို မောင်တွေနဲ့ပေါ့ ” “ ရမလားသမီးရယ် ” “ ဟင် !!! မရဘူး ဟုတ်လားအဘ၊ ဘကြီးအောင်က သမီးကို ချစ်တာပဲ၊ သမီးတောင်းပန်ရင် ရမယ်ထင်တယ်လေ ” “ သမီးရယ် အ . ရန်ကော ၊ အဘကို သမီးပြောခဲ့တဲ့ အတိတ်ကစကားထဲမှာ သူ့မိန်းမကိုတောင်မှ သူက ပြုစားပြီး ယူခဲ့တာပါတယ်မလား ” “ ဟုတ် ဒေါ်ကြီးက အဲလိုပြောတယ် ” “ အင်း ခုနောက်တော့ ဘကြီးအောင်က သူ့မိန်းမကို သတ်ဖို့အထိတောင် လုပ်နေပါရောလားဗျာ၊ တယ်ကြောက်ဖို့ ကောင်းတာပဲ၊ ဒီလိုတောင်းပန်ရုံနဲ့ သူက လိုက်လျောပေးလိမ့်မယ်မထင်နဲ့ကွယ်၊ အဘ သက်တမ်းတစ်လျောက်တော့ မတွေ့သေးပါဘူး ” “ အဟင့် ဟင့် သမီး သေသာ သေလိုက်ချင်တော့တယ် အဘရယ် သမီးကို မကယ်နိုင်တော့ဘူးလား ၊ အဟီး အီး …”

မဖြူမှာ အဘအောင်၏ ရှေ့မှောက် ကြမ်းပြင်ပေါ်တွင် တင်ပလင်ခွေထိုင်နေလျက်က ကြမ်းပြင်ကို လက်ဝါးဖြင့်ရိုက်၍ ဦးခေါင်းမှာလည်း ရှေ့တိုးနောက်ဆုတ်ဖြင့် ရှိုက်ကြီးတငင် ငိုကျွေးနေရှာသည်။ သူမ၏ လက်ဝါး အစုံမှာလည်း ဆတ်ဆတ် ဆတ်ဆတ် တုန်ရီ၍ နေသည်။ ခါးသည်လည်း ကွေးချည်ဆန့်ချည်ဖြင့် တွန်းထိုးလှုပ်ရှားနေရင်းက ကြမ်းပြင်နှင့် နဖူးနှင့် တစ်ဒုန်းဒုန်းမြည်အောင် ဆောင့်တော့သည်။

“ ဟင်းးးး ဟင်းးးးး ဟင်း !!! ဟင်းးးး ဟင်းးးးး ဟင်း !!! ” “ဟာ … အစ်မ အစ်မ နင်အဲလို မလုပ်နဲ့လေ … အဘကုရင် ရမှာပါ၊ ကိုယ့်ကိုယ်ကို အဲလိုတော့ သေကြောင်းမကြံစည်ကောင်းဘူးလေ ” အကြောင်းမသိသော မဖြူ၏မောင်ငယ်က ၀င်ပြောသည်။ အဘအောင်မှ မဖြူ၏မောင်အား လက်ဝါးဖြင့်ကာပြ၍ ရှေ့သို့တိုးလာသည်။ (အသာနေဟူသည့်သဘော) ။ ထို့နောက် မဖြူ၏ ဦးခေါင်းထက်သို့ လက်ဝါးဖြင့် တင်မည်ဟန်ပြင်ခိုက်

“ ဟား ဟား ဟား ဟား …. မင်းတို့ ငါ့ကို ဒါမျိုးလာလုပ်လို့ ရမလားကွ၊ ဒမယ် ဟကောင်တွေ ငအောင့်ဘ၀မှာ ရှုံးပွဲမရှိခဲ့ဘူးကွ၊ မင်းတို့ ပင့်လာတဲ့ ဆရာလောက်ကတော့ ငအောင်တို့က ပျင်းတောင် ပျင်းသေးတယ် ဟား ဟား ဟား ဟား၊ ဟေ့ကောင် မင်းလည်း ငအောင်၊ ငါလည်း ငအောင်၊ ဒီ ၂ အောင်မှာ ဘယ်သူတကယ်အောင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ ဟား ဟား ဟား ဟား၊ ”

!!! ဟိတ် … ခုချက်ချင်း ဒီခန္ဓာရှင်ရဲ့ ရုပ်နာမ်နှစ်ပါးကနေ ခွာ !!! ၊ ငါ့ အမိန့်မရပဲ ဆက်လက်ပူးကပ်ခြင်း လုံးဝ မပြုနိုင်စေရ ” အဘအောင်မှ နှုတ်မိန့်ပေးသည်။

“ ပြန်ပြောစမ်းပါဦကွာ ဟား ဟား ဟား ဟား၊ ငါက မင်းပြောတိုင်း လိုက်လုပ်ရမှာလား၊ မင်းက ဆရာကြီးဆိုကွ၊ ဘာဆရာလဲ နွားသင်းကွပ်တဲ့ ဆရာလား၊ ပထမတစ်ခါတုန်းကလည်း မင်း မခေါ်ပဲနဲ့ ငါလာတယ်လကွာ၊ ဂု လည်း ငါဖာသာ လာချင်လို့လာတယ် ကိုင်း မင်းဘာလုပ်ချင်တုန်း ” “ ခင်ဗျား နေ့တိုင်းနေ့တိုင်း အဲလိုပဲ ခဏခဏ ၀င်ပူးနေတာပဲလား ” “ ရော် … ခက်ပါလား ၊ နေ့တိုင်းနေ့တိုင်း ထမင်းပင်း ကျွေးထားတာ၊ သူ့ကိုယ်မှာ ငါပညာစက်တွေ ဒင်းကြမ်းပဲဟေ့၊ ဒီလောက်မှ မသိတဲ့ကောင် ငတုံးဆရာ အာပလာ ”

“ ဒီမယ် ဘကြီးအောင်၊ ခင်ဗျား ငရဲ မကြောက်ဘူးလား၊ ၀ဋ်လည်မှာ မကြောက်ဘူးလား၊ ခင်ဗျားပဲ ဘာသာရေးလုပ်တယ်ဆို၊ ဒါတွေဟာ ခင်ဗျားကို မကောင်းတဲ့ကံတွေ ဖြစ်စေမယ်ဆိုတာ မသိဘူးလား၊ ကိုယ့်အသက်နဲ့ ဒီလောက်ကွာတာကိုဗျာ ”

“ ဟရောင် ဟရောင် မင်းငါ့မနိုင်လို့ ကြောင်ချေးလာမလုပ်နဲ့၊ မင်း ငါ့တရားနာချင်ရင် နိဗ္ဗာန်ရောက်ကြောင်းနာချင်လား ကုသိုလ်ရကြောင်း နာချင်လား ငါ ဟောပြမယ်ကွ”
အဘအောင်မှ မျက်လွှာကိုချလျက် ခေတ္တခဏ ငြိမ်သက်သွားသည်။ ထို့နောက် တည်ငြိမ်အေးဆေးသော လေသံတိုးတိုးလေးဖြင့် “ ဘကြီးအောင် ”

!!! ဘာဒုန်း !!!

“ ခင်ဗျားကို ကျုပ် မနှိပ်စက်ချင်ဘူး တကယ်က ကျုပ်အလုပ်က သတ္တ၀ါကယ်တဲ့အလုပ်၊ လူတွေ အထင်လွဲသွားနိုင်တာမို့ ကျုပ် အေးအေးဆေးဆေး မေတ္တာရပ်ခံနေတာပါ၊ ဟိုနေ့က ကျုပ်ရိုက်တာ ခင်ဗျားထိတယ်မလား ” “ အယားပြေ အညောင်းပြေရုံလောက်ပါကွာ ” “ ဒါဆို ဒီနေ့ လေ့ကျင့်ခန်းလာဆင်းတာပေါ့ ဟတ်လား ” “ မင်းနဲ့ လာကစားတာလကွာ ”

“ ခင်ဗျားက ကျုပ်အကြောင်း မသိသေးလို့ပါ၊ ကျုပ်က ဒီအလုပ်လုပ်တဲ့အခါမှာ မူနှစ်ခုထားတယ်၊ ပထမမူက အေးအေးဆေးဆေးပဲ ပြောမယ်၊ အကြိမ်ကြိမ် မေတ္တာရပ်ခံမယ်၊ တစ်ဖက်ကို ကျေနပ်လက်ခံလာအောင် ပြောဆိုတာက ကျုပ်ရဲ့ မူ နံပါတ် ၁ ပဲ ၊ အဲ …… ဆက်ပြီး ခေါင်းမာနေမယ်၊ နာနေလျက်နဲ့ မနာချင်ယောင်ဆောင်ပြီး၊ ဟန်ဆောင်ကောင်းသူတွေလည်း ကျုပ်အများကြီး တွေ့ခဲ့ဖူးပြီ၊ အခု ခင်ဗျား ဟိုမှာ ထမင်းမစားနိုင်ဘူးမလား ” ဘကြီးအောင် နည်းနည်း ငိုင်သွားသည်။

“မူ ၁ နဲ့ မရရင် မူ ၂ ကို မသုံးမဖြစ် သုံးပါတယ်။ ဒါက နှိပ်စက်တဲ့နည်းပဲ။ ဗုဒ္ဓဘာသာတရားတော်အရ သူတပါးကို နှိပ်စက်ကလူပြုရင် မကောင်းဘူးလို့ ခင်ဗျားလည်း နာဖူးဖတ်ဖူးမှာပါ၊ အခု ကျုပ် ခင်ဗျားကို တရားဟောနေတာမဟုတ်ဘူး၊ ရှင်းပြမလို့၊ မြတ်စွာဘုရားနဲ့တကွ ရဟန္တာများ စင်္ကြန်လျှောက်ရာမှာ နန္ဒောပနန္ဒနဂါးမင်းကို အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက ဘယ်လိုဆုံးမသလဲ။ သူ့ထက်ကြီးတဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းပြီးတော့ ညှစ်ခဲ့တာနော်။ ဘာလို့ ရဟန္တာအရှင်မြတ်က သူတပါးကို အဲသလိုလုပ်ရသလဲ။ ခင်ဗျား သိလား ” “ ……………… ”

“ မေတ္တာနဲ့ မတန်လို့ဗျ ၊ ခင်ဗျားကို ကျုပ် မေတ္တာမပျက်ချင်သေးဘူး၊ ခင်ဗျားလုပ်ထားတာတွေ ထုတ်မလား မထုတ်ဘူးလား ဒါပဲပြော ” “ ငါ မထုတ်နိုင်တော့ဘူးကွ၊ ငါ သူ့ကို အပင်းထည့်ထားတာက နေ့တိုင်းကို လုပ်ထားတာ၊ နှစ်ချီနေပြီ။ အခု ဒီရက်ပိုင်းလေးနဲ့ ငါ ဘယ်လိုထုတ်မတုန်း၊ မင်းထုတ်နိုင်လား ထုတ်ကွာ ”

“ ကျုပ်ထုတ်မှာပါ၊ ဒါပေမယ့် ခင်ဗျား ၀င်ဝင် မပူးနဲ့ အာရုံနောက်တယ် ” “ ဟ .. ဒါက ငါ့အခွင့်အရေးလကွာ၊ ငါသူ့သတိရရင် လာချင်လာမှာပေါ့၊ မင်းတားစရာလား ” “ ကျုပ် အေးအေးဆေးဆေးပြောနေတယ်၊ လုံးဝ ထပ်မလာပါနဲ့ ” “ ကိုင်း ကိုင်း ဒါဖြင့် သွားပြီကွာ ” မဖြူမှာ ဆတ် ဆို အရုပ်ကြိုးပြတ် ပုံလျက်သား ကျသွားသည်။ မဖြူ၏ အစ်ကိုနှင့် မောင်မှာလည်း မဖြူနားကို မကပ်ရဲ၍ ဝေးဝေးမှာ ထိုင်နေသောကြောင့် သူမကို မထိန်းလိုက်နိုင်ပါ။

“ သမီး …ရော့ ရော့ ရေသောက်လိုက်နော် ဖြေးဖြေးသောက် ” “ ဂလု … ဂလု … ဂလု Ahhh … ”
“ နောက်တစ်ခွက်လောက် ” ထပ်ခပ်ပေးရပြန်သည်။

“ ထပ်ပေးဦး နောက်တစ်ခွက် ” “ ဂလု … ဂလု … ဂလု … ကျေးဇူးပဲကွာ ခုမှပဲ ရင်ထဲ အေးသွားတော့တယ်၊ သွားပြီဟေ့ ” ဟိုက် … သေရော။ ပယောဂဆရာကြီး အဘအောင်တော့ အရှက်ခွဲခံလိုက်ရပြီ။ ဘကြီးအောင်သည် မခေါ်ပဲ လာပူးသည်။ ပြန်ပြီပြောပြီး ခုတော့ ရေတောင်းသောက်သည်။ အဘအောင်၏ ဘ၀တွင် ထိုကဲ့သို့ မကြုံဖူးသေး။ ပရိယာယ်မာယာ ကြွယ်ဝစွာဖြင့် မထိခလုတ် … အာဂ ဘကြီးအောင် … ညာတတ်သော ဘကြီးအောင်၊ ပရိယာယ်ကြွယ်သော ဘကြီးအောင်၊ ကောက်ကျစ်သော ဘကြီးအောင်၊ ပညာရင့်ကျတ်သော မှော်ဆရာကြီး ဘကြီးအောင်ပါတကား …

“ !!! ဟိတ် !!! ဆိုင်ရာက ချည်ပြီးတုပ်ပြီး ထိန်းသိမ်းထားစေကွ လုံးဝ မထွက်စေရ။ ” “ သမီးပါ အဘအောင်ရဲ့ ဘကြီးအောင်က မရှိတော့ပါဘူး၊ ထွက်သွားပါပြီ ” ဟာ …. ဟင် ….

ပယောဂဆရာကြီး အဘအောင်သည် မဖြူမှ ပြောလာသော ထိုစကားကိုလုံးဝ မယုံကြည်ပါ။ မခေါ်ပဲ ၀င်ပူးကပ်သည်က သူမ၏ ကိုယ်တွင် မိစ္ဆာစက် ပြန့်နှံ့လွန်းနေ၍ လက်ခံသည်။ နှုတ်မိန့်အားဖြင့် ထိန်းသိမ်းထားပြီးမှ ပြန်ထွက်သွားသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း တပ်အပ်သိနေ၍ ဖြစ်သည်။ မဖြူ၏ ဦးခေါင်းပိုင်းဆီသို့ သူ၏ လက်ကို တင်သည်။ အာရုံပြုသည်။ ထို့နောက် …..

……………. အကျွန်ုပ်သည် ထိုသတ္တ၀ါအား လုံးဝ မုန်းတီးခြင်းမရှိပါ။ ဤစကားသည် သစ္စာဖြစ်ပါစေ။ အကျွန်ုပ်၏ အလုပ်သည် သတ္တ၀ါကယ်ရန်ဖြစ်ပါသည်။ ထိုမိစ္ဆာအား အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အာခံသည့်အပြင် မထီလေးစားစော်ကား၍ ကုသခြင်း ကယ်မခြင်းကိစ္စကို များစွာ အနှောက်အယှက် ဖြစ်ရပါသည်။ ထို့ကြောင့် မဖြစ်မနေ ထပ်မံ ဆုံးမရပါတော့မည်။ ဆုံးမခြင်းတွင် ကာယကံရှင် ဤမိန်းကလေးကို စိုးစင်းမှ မထိခိုက်စေရ …………….

“ ခု ၀င်ပူးနေတဲ့ မိစ္ဆာငအောင်၊ မင်းပရိယာယ် ငါသိတယ်၊ ကိုယ်တိုင်ခံရစေကွ၊ ကိုယ်စားခံစေခြင်း မပြုနိုင်စေရ ။ ဟေ့ ဆိုင်ရာ ကြိုးပိုင်များက ထိုမိစ္ဆာအား သံမဏိကြိုးအထပ်ထပ်ဖြင့် လည်ပင်းကို အစ်နေအောင်ချည်ထားကြ၊ ငါ မလွှတ်ပဲ မရုန်းနိုင်စေရ၊ ( မဖြူ လည်ပင်းကြီး ရှည်ထွက် မေးငေါ့လာ )၊ ဆင်ပိုင် ကျောကုန်းကို ဆင်နဲ့နင်းကွ၊ ( ခါးညွှတ်လာ၍ ရှေ့ကို ကိုင်းကျ) ။ ဟေ့ … လှံပိုင် မုသားပြောတဲ့ပါးစပ် စွပ် စွပ် စွပ် ထိုးစမ်း၊ ( ပါးစပ် ဟလာသည် ) မီးပိုင် မိစ္ဆာအား ဖိုကျင်ထိုးပြီး တင်ပါးကို မီးမြှိုက်စေ ( တင်ပါးအား လက်ဖြင့် ပွတ်၍ ဖူး ဖူး ဖူး ဆိုပြီးမှုတ်သည် )”

“ မီးလောင်အား ကောင်းစေ ငါ့အမိန့်မရပဲ လုံးဝမငြိမ်းစေရ ” ဒီတစ်ခါတော့ အဘအောင်မှ ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခြင်း မပြုတော့ပါ။ ဦးခေါင်းပေါ်သို့ လက်ဝါးတင်၍ နှုတ်မိန့်ပေးခြင်းကိုသာ ပြုတော့သည်။

မဖြူမှ အသံအက်အက်ကြီးဖြင့် …. !!! အားးးးးးးးးးးးးးးး အားးးးးးးးးးးးးးးးးး အားးးးးးးးးးးးးးးးးး !!! ဖူး ဖူး …….

“ ပူ … အားးးးးးးးးးးးးးးးးးးးးးးး မင်း …. ဟေ့ရောင် မင်းနိုင်တုန်း လုပ်ထား … မင်းကို ငါ ဘဒေါ့မှ မကျေ …. အားးးးးးးးးးးး အားးးးးးးးးးးးးးးး အူးးးးးးးးးးးး နာတယ် ….. ဟေ့ရောင် ……. တော်တော့ ”

“ ငအောင် မင်းကြောက်ပလား ဟင်!!! အသားအနာခံချင်တဲ့ကောင်၊ ပြောစမ်း နောက်လုပ်ဦးမလား၊ ကြောက်ပလား ပြော !!! ” “ အွန့်န့်န့် …. ဟရောင် သတ်ပလိုက်ကွ၊ ဘတစ်ပြန် ကျားတစ်ပြန် မင်းမှတ်ထား၊ ဘဒေါ့မှ မပြောဘူး၊ မင်းကိုငါ ….. အားးးးးးးးးး မကြောက် ………... အားးးးးးးးးးးးးးးးးးးး ”
“ ၄င်း၏မာန်စွယ်ကျိုး၍ အသိသတိဝင်ခဲ့သော် သက်သာခွင့်ရစေ ” ပယောဂဆရာကြီး အဘအောင်သည် သနားကြင်နာစိတ်ရှိသူဖြစ်၍ တစ်ဖက်မိစ္ဆာမှ နောင်တရခဲ့လျှင် သက်သာခွင့်ပေးလေသည်။ ထိုသို့နေလျက်ဖြင့် တစ်နာရီခန့်ကြာလေသည်။ သို့သော် ဘကြီးအောင်ဝင်ပူးနေသော မဖြူမှာ အော်မြဲတိုင်းသာ အော်နေလေသည်။ အပူးခံရသော ခန္ဓာသည်လည်း အရိုးအသားတို့ ပင်ပန်းနေချေပြီ။ ကုသပေးသူ အဘအောင်သည်လည်း အာခြောက်လျက် လက်လည်းညောင်းနေပြီ။ စောစောက ဘကြီးအောင်မှ ပြန်ပြီပြောပြီး မပြန်သေးပဲ သူ့ကို အရူးလုပ်ခဲ့၍ အဘအောင်လည်း နားချိန်မရ၊ ကြိုက်နှစ်သက်လှသော ရေနွေးကြမ်းကိုလည်း နှုတ်ခမ်းမှ တမ်းတမိသည်။

“ နောင်တရရင် ပြော၊ နောက်မနှောက်ယှက်ဘူးဆိုရင် သစ္စာဆို၊ ဒါဆို သက်သာခွင့်ပေးမယ်၊ ပြန်လွှတ်ပေးမယ် ” မဖြူမှ ခေါင်းကို တွင်တွင်ယမ်းလေသည်။ “ ငါ အိပ်ချင်ပြီကွာ … ပြန်တော့မယ် ” “ ကြောက်ပလား ” “ ဒီဘ၀မဟုတ်ဘူး နောက်ဘ၀လည်း မပြောဘူး … ငါ ပြန်မယ် ပြန်မယ် ”

“ ပြန်လို့ရရင် ပြန်ကြည့်လေ၊ ဟေ့ ဆိုင်ရာပိုင်ရာတို့ ၊ ငါ့အမိန့်မရပဲ ပြန်ထွက်ဖို့ ဇွတ်ကျိုးစားရင် စောစောကထက် ၂ ဆ ပိုသောအားဖြင့် ဆုံးမစေ ” ဘကြီးအောင်မှ အသံဖျော့ဖျော့ဖြင့် “ ငါ ပြန်ချင်ပြီကွ မင်းနိုင်တိုင်း လျှောက်လုပ်နေ ” “ ငါ့ကြောက်ပလား ငအောင် ” “ ငါ ပြောပြီးပြီလကွာ ” “ မင်း နောက်တစ်ခါ ငါမခေါ်ပဲ လာပူးဦးမှာလား ” “ ဒါကတော့ ငါ သူ့ကို သတိရရင် လာမယ် မင်းဒါကိုတော့ မတားနဲ့ကွာ”

အဘအောင်သည် ဘကြီးအောင်အား မည်သို့မျှ ဖြောင့်ဖြလို့လည်း မရ ဆုံးမလို့လည်း မရသည့်အဆုံး မဖြူတွင် စွဲကပ်နေသည့် ပယောဂစက် ပညာစက်များအား မိမိဖာသာ သမထအားဖြင့် တိုက်ထုတ်မှသာ ရတော့မည်ဟု ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ပြီးနောက် ဘကြီးအောင်အား ထွက်ခွင့် ပေးလိုက်လေသည်။ *** မိမိမခေါ်ပဲ ဘကြီးအောင်မှ အလိုလို ၀င်မပူးနိုင်စေရဆိုသော အမိန့်ကိုတော့ မပေးခဲ့ပါ။ အဘယ်ကြောင့် ထိုအမိန့် မပေးသနည်းဟု ကုသပြီးနောက် မေးမြန်းကြည့်ရာ မဖြူသည် ဘကြီးအောင်၏ မိစ္ဆာစက်များ များပြားလွန်းသောကြောင့် မပူးနိုင်စေအောင် အမိန့်ပေးလို့မရသေးကြောင်းနှင့် ၀င်ပူးနေလျှင်တော့ ထိန်းချုပ်လို့ရကြောင်းကို နောက်မှ အဘဆရာကြီးမှ ပြောကြားလေသည်။ ***(ဤကား စာရေးသူ၏ ရှင်းလင်းချက်)

“ ကဲ … ပြန်မယ်ဆိုလည်း ပြန်တော့၊ နောက် မနှောက်ယှက်နဲ့၊ ကျုပ်ဖာသာ ကုပြီး ဆက်ထုတ်မယ်၊ ခင်ဗျား ၀င်ပူးမယ်ဆိုလည်း ပူးချင်ပူး၊ ဒါပေမယ့် စကားမရှည်နဲ့၊ ကျုပ်စိတ်ကို လာမဆွနဲ့၊ သတိပေးထားတယ်၊ လုပ်ရင် ဒီ့ထက်ပိုနာမယ် ”

ဆရာကြီးအဘအောင်မှ ထိုသို့ဆိုလိုက်သည်နှင့် တပြိုင်နက် မဖြူသည် ဖရိုဖရဲဖြစ်နေသော ဆံပင်တို့ကို သပ်၍တင်သည်။ အဘအောင်ကို ထိခြင်းငါးပါးနှင့် ကန်တော့လေသည်။
“ မိဖြူ မိဖြူ ” မဖြူ၏ အစ်ကိုက သူ့ညီမကို ခေါ်ပြီး အနားကပ်သွားသည်။ “ ဟာ အစ်ကို ဟိုလူကြီးဖြစ်နေဦးမယ်နော် သတိထားဦး ” ညီဖြစ်သူက သတိပေးသည်။

“ မဖြစ်နိုင်တော့ပါဘူးကွယ့် သူလည်း အတော်ထိနေလောက်ပါပြီ၊ နှုတ်ကသာ ၀န်မခံပဲ ခေါင်းမာနေတာ ပြန်ချင်နေတာတော့ တကယ်ပါ ။ ဤတွင် အနားမှာရှိနေသူတစ်ယောက်မှ မေးမြန်းသောကြောင့် အဘဆရာကြီးမှ *** ကို ဖြေကြားပါသည်။

နောက်ရက်များတွင် အဘဆရာကြီးမှ မဖြူအား ခန္ဓာကိုယ်ကို လျောင်းစေ၍လည်းကောင်း မှောက်ခုံထား၍လည်းကောင်း၊ ထိုင်လျက်ဖြင့်လည်းကောင်း အသားပေါ်သို့ လက်တင်၍ သမထဈာန်တန်ခိုးတို့ဖြင့် ကုသလေ၏။ မဖြူအား မေးမြန်းချက်အရ ပယောဂဆရာကြီးအဘအောင်၏ လက်မှ တစ်ခုခု ထွက်သည်ဟု ခံစားသိရှိမိကြောင်း? ထိုအရာများသည် ဆရာကြီး၏လက်နှင့် သူမ၏ ခန္ဓာကိုယ်ထိတွေ့သောနေရာမှ စ၍ တွန့်တွန့်တွန့်တွန့်ဖြင့် သွားလာကြောင်း၊ သမထ ဓာတ်တန်ခိုးများဟု ထင်ကြောင်း၊ မိမိ၏ ခန္ဓာအတွင်းမှာလည်း ကုသနေစဉ်အတွင်း စူးရှလှုပ်ခတ်သောတွန်းထိုးမှုများ ဖြစ်ပေါ်လာကြောင်းနှင့် ထိုတွန်းထိုးမှုနှင့် အဘဆရာကြီး၏ လက်မှထွက်သောအရာများတို့ ထိတွေ့မိသောအခိုက်မှာ ထိုနေရာမှာ သာမာန်ထိတွေ့လို့ ပူတာထက် ပို၍ပူပြင်းသော အသိကို ဖြစ်ရပါကြောင်း ပြောပါသည်။

ထိုအတိုင်းပင် မဖြူအား ကုသလာခဲ့သည်။ အဘအောင်မှ ဘကြီးအောင်အား နောက်ထပ် ပူးခိုင်းခြင်းလည်း မရှိတော့၊ နာကျင်အောင် ဆုံးမခြင်းလည်း မရှိတော့ပဲ ဈာန်အားဖြင့်သာ ကုသလုပ်ဆောင်ခဲ့သည်။ ထိုအတောအတွင်း မဖြူအား အမြဲတမ်းလိုလို ကျီးကန်းတောင်းမှောက်မျက်နှာဖြင့်လည်းကောင်း၊ လှုပ်ခါနေသော ကိုယ်ဟန်အနေအထားများဖြစ်နေခြင်းလည်း တကြောင်း ဆက်တိုက်လိုလို တွေ့ရသည်။ သို့သော် စကားမှာ မပြော။ ဈာန်အားဖြင့် ကုသနေသော အဘအောင်မှာ ထိုအခြင်းအရာကို သိသော်လည်း သူ့အား ကုသခြင်းကို မနှောက်ယှက်တော့သောကြောင့် ဥပေက္ခာပြုထားဟန်တူသည်။ သို့သော် မခေါ်လည်း အမြဲလို ၀င်ဝင်ပူးနေတတ်သောကြောင့် အဘအောင်နှင့်တကွ မဖြူ၏ မွေးချင်းများမှ အနီးကပ်ရှိနေခဲ့ရသည်။
ထိုသို့ကုသနေရင်းဖြင့် ရက် ၂၀ခန့်သို့ ရောက်လာခဲ့ပြီ။ မဖြူ၏ ကျီးကန်းတောင်းမှောက်မျက်နှာသည်လည်း တည်ငြိမ်စပြုလာသည်။ သို့သော် အရှင်းမဟုတ်သေး။

ကုသနေစဉ်အချိန်အတွင်း မဖြူ ထိုင်လျက်အနေအထားတွင် အဘအောင်မှ “ ဘကြီးအောင် ” “ ပြော ” မဖြူမှ ကောက်ခါငင်ကာ ထူးသည်။ မျက်လွှာကား မချ။ “ ခု ကောင်မလေးကိုယ်ထဲမှာ ကမ္မစိဒ္ဓိသိပ်မကျန်တော့ဘူးမလား ” “ မင်းလုပ်နိုင်သားပဲ၊ မဆိုးပါဘူး။ ငါဟာတွေ သိပ်မရှိတော့ဘူး၊ အခု ငါ သူ့ကို ပူးနိုင်တာဟာ ဒါ နောက်ဆုံးအကြိမ်ပဲ၊ နောက်ဆို ငါလာလို့မရတော့ဘူး ” “ အင်း … ခင်ဗျားပြောတဲ့ အောင် ၂ အောင် ဘယ်သူအောင်သလဲ ” “ အေး … ပါ … အေးပါ ၊ မင်း … ဒီဘ၀တော့ မင်းနိုင်တယ်ထားလိုက်ပါ၊ ငါကတော့ နောက်ဘ၀ကျရင်တော့ အကျေဆပ်မယ်၊ ကမ္ဘာမကျေဘူးကွ၊ ခုတော့ ထားလိုက်တော့ ”

အဘအောင်မှ မကျေမနပ်ဖြစ်နေသော ဘကြီးအောင်အား ထပ်မပြောတော့ပဲ မဖြူ၏ ခန္ဓာကိုယ်အား ဆံစမှ ခြေဖျားသို့တိုင်အောင် မထိမကိုင်တော့ပဲ ကြွင်းကျန်နေသည့် မိစ္ဆာစက်မှန်သမျှတို့ကို သပ်ချနေပါတော့သည်။ ထိုအချိန်မှစ၍ ဘကြီးအောင်သည်လည်း မဖြူအား ၀င်ရောက်ပူးကပ်ခြင်း အလျင်းမရှိတော့ပါချေ။ သို့သော် မဖြူ၏ ခန္ဓာတွင် မိစ္ဆာစက်အမှုန်အမွှားများသည် ထွက်လျက်ရှိနေသေးသောကြောင့် ဆက်၍ပင်ကုရ၏။ ဘကြီးအောင်ကား အောင်ဖျာလိပ်ချေပြီ။

ကုသခြင်း၏ နောက်ဆုံးတွင်တော့ ဘကြီးအောင်နှင့်ပတ်သက်၍ မှတ်သားဖွယ်ရာများမှာ ၊ လုပ်ချင်သည့်အရာကို ကြိုတင်အကွက်ချ စီစဉ်တတ်ခြင်း၊ အလျှော့ပေးပါပြီ ကြောက်ပါပြီဟု ဘယ်တော့မှ မပြောခြင်း၊ ရှံးသော်လည်း ပရိယာယ်ဆင်၍ ဟန်ဆောင်၍ ကလိခြင်း၊ အညှိုးအတေး ကလဲ့စားချေလိုစိတ် ကြီးမားခြင်း အစရှိသော ထူးဆန်းပြောင်မြောက်ခြင်းတို့ကို တွေ့ရပါသည်။ သို့သော်ကား ကောင်းကျိုးအတွက် တစ်ခုမှ မဟုတ်ခဲ့ပါချေ။

မှော်ဆရာကြီး ဘကြီးအောင်၏ ချစ်ခင်နှစ်သက်၍ ပြုစားခြင်းမှ မဖြူဆိုသော မိန်းကလေး လွတ်မြောက်လာခဲ့ပါပြီ။ မဖြူသည် သူမအား စိတ်ရှည်လက်ရှည်ဖြင့် ကုသပေးသော ဆရာကြီးအဘအောင်အား ကျေးဇူးတင်မဆုံး ရှိလေတော့သည်။ ထို့နောက် အဘဆရာကြီးထံမှ သမာဓိရယူထူထောင်နည်းများကို သင်ကြားရရှိပြီးသကာလ သူမအား အနှောက်အယှက်ပေးခဲ့သော ပယောဂဆိုသည့် ပြုစားခြင်းအတတ်ပညာတို့ဖြင့် နှောက်ယှက်ခံရသောသူအပေါင်းအား ကယ်တင်ကုသပေးရင်းဖြင့်သာ ပျော်မွေ့လျက် ရှိနေတော့၏။

ယုံသူ/မယုံသူ သတ္တ၀ါအပေါင်း ပယောဂပြုစားခံရခြင်း အန္တရာယ်မှ ကင်းဝေးကြပါစေ …

ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ

No comments:

Post a Comment