Saturday, November 9, 2013

The Curse of The Omen

တချို့ရုပ်ရှင် တွေဟာ မတော်တဆ ထိခိုက်တာ၊ ရိုက်ကူးရေးတွေကို ဂြိုလ်ဆိုး ၀င်တာမျိုး စသဖြင့် ကျိန်စာသင့် သလိုမျိုး တွေဖြစ်တတ် ပါတယ်။ The Omen (1976) ရဲ့နောက်ကွယ်က ဖြစ်ရပ်တွေ အကြောင်း ဖတ်ကြည့် ပါဦး။

"၆ရက် နေ့၊ ၆လပိုင်း၊ ၆နာရီ အချိန်မှာ Katherine Thorn ကနေ မွေးဖွားခဲ့တဲ့ ကလေး အသေလေးကို ခင်ပွန်းသည် ဖြစ်သူ အမေရိကန် သံအမတ် တစ်ဦး ဖြစ်တဲ့ Robert Thorn ဟာ ဇနီး သည် မသိအောင် တခြား ကလေးငယ် တစ်ဦးနဲ့ အစားထိုး လဲလှယ် ခဲ့ပါတယ်။ ဇနီး ဖြစ်သူကို နှစ်သိမ့် နိုင်ဖို့ သူ ကိုယ်တိုင် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦး ဆီကနေ တောင်းခံ မွေးစား ခဲ့တဲ့ ကလေး ငယ်ဟာ Thorn မိသားစု ထဲကို ဘုရား ပေးတဲ့ ဆုလာဒ် တစ်ခု အနေနဲ့ ရောက်လာ တယ်လို့ ထင်ခဲ့ကြ ပေမယ့် မကြာခင် မှာတော့ ကျိန်စာ တစ်ခုသာ ဖြစ်တယ် ဆိုတာကို သူတို့ သိခဲ့ရ ပါတော့ တယ်။ ဘာကြောင့် လဲ ဆိုတော့ နောက်ကြောင်း ရေရာစွာ မသိဘဲ မွေးစားခဲ့ မိတဲ့ Thorn လင်မယားရဲ့ ချစ်လှ စွာသော သားငယ် Damien ဟာယေရှု ခရစ်တော်ကို ဆန့်ကျင့် ကြောင်း မွေးရာပါ အမှတ်မျိုးနဲ့ လူ့လောက မှာ ဂြိုလ်မွှေဖို့ ရောက်လာ ခဲ့တဲ့ နတ်ဆိုး သားတော် ၀င်စားသူ တစ်ဦး ဖြစ်နေလို့ ပါဘဲ။" Satan ရဲ့သားတော် ၀င်စားပြီး လူ့လောက ထဲကို ရောက်လာ ခဲ့တဲ့ ကလေးငယ် တစ်ဦးကို ကမ္ဘာသူ ကမ္ဘာ သားတွေ အလုံးစုံ ပျက်စီး စေမယ့် အန္တရာယ် မျိုး ကျမလာခင် လက်ဦးမှု ယူပြီး သတ်ဖြတ် နိုင်အောင် ကြိုးစား ရင်းနဲ့ ကြံရာပါ တွေသာ တစ်ယောက်ပြီး တစ်ယောက် ကြမ္မာဆိုး ၀င်ပြီး သေကုန်ရတဲ့ အကြောင်း သရဲတစ္ဆေ ဇာတ်လမ်း The Omen ဟာ၁၉၇၆ လောက်က ထွက်ရှိခဲ့ပြီး၊ ထိတ်လန့် ဖွယ် အကောင်းဆုံး Horror ဇာတ်ကား တွေ ထဲမှာ တစ်ကား အပါအ၀င် အဖြစ် ယနေ့တိုင် မှတ်ယူ ကြဆဲပါ။


ဇာတ်ကား တောက်လျောက် စိတ်ခြောက်ခြား စရာကောင်းတဲ့ နောက်ခံ တေးဂီတ တွေနဲ့ ခြယ်မှုန်း ထားပြီး၊ ပရိသတ်တွေ မထင်မှတ် ထားတဲ့ ခြောက်လှန့်မှု မျိုးတွေနဲ့ အတူ အချိန် အတန်ကြာ အာရုံထဲ စွဲကျန် စေမယ့် Horror ဇာတ်လမ်း သွား တစ်ခုကို ဆောင်ကျဉ်း ပေးခဲ့ တာကို ကြည့်ဖူး သူတိုင်း အသိပါဘဲ။ အခု အကြောင်း အရာ ကတော့ ဂန္တ၀င် Horror ဇာတ်ကား The Omen ရိုက်ကူးခဲ့ စဉ်တုန်းက နောက်ကွယ် မှာ ဖြစ်ပျက် ခဲ့တဲ့ သာမန် ရိုးကျ မဟုတ်တဲ့ ဆင့်ကဲ တိုက်ဆိုင်မှု ဖြစ်ရပ်များ (သို့မဟုတ်) The Omen ဇာတ်ကား ကျိန်စာရဲ့ အကြောင်း ပါဘဲ။ တချို့ ရုပ်ရှင် တွေဟာ ရိုက်ကူး ရင်းနဲ့ မတော် တဆ ထိခိုက် မှုမျိုး ဖြစ်တာတွေ၊ ထွက်ရှိ လာချိန်မှာ ထင်ထား တာနဲ့ ပြောင်းပြန် ဖြစ်ပြီး ၀င်ငွေ သောက်သောက် လဲ အရှုံးပေါ် တာမျိုးတွေ၊ ပြီးတော့ ရိုက်ကူး ရေး အဖွဲ့ထဲက လူတွေ ဆီကို ဂြိုလ်ဆိုး ၀င်တာ မျိုးတွေ စသဖြင့် မကောင်းတဲ့ အတိတ် နိမိတ်မျိုး တွေနဲ့ ဆက်နွယ် နေတတ် တာကို အားလုံး ကြားဖူး ကြမှာပါ။ ဒါပေမယ့် ရိုက်ကူးရေး အဖွဲ့ဝင် တွေကို သူတို့ ရိုက်ခဲ့တဲ့ ရုပ်ရှင် ထဲကလို အဖြစ် အပျက်မျိုး တွေနဲ့ ကြမ္မာဆိုး ၀င်စေခဲ့ တာမျိုး ကတော့ တိုက်ဆိုင်မှု ဆိုရင် တောင်မှ တော်တော် လေးကို အံ့သြ တုန်လှုပ် စရာ ကောင်းတယ် လို့ ဆိုရမှာပါ



The Omen ရဲ့အဓိက ဇာတ်ကောင် Robert Thorn ဟာသားဖြစ်သူ မကောင်း ဆိုးဝါး ၀င်စားတဲ့ ကလေး ငယ်ကို ဇာတ်ကားရဲ့ ဇာတ်သိမ်း ခန်းမှာ သေနတ်နဲ့ ပစ်သတ်ဖို့ ကြိုးပမ်း ခဲ့တဲ့ အခန်းကို မှတ်မိ ကြမှာပါ။ တိုက်တိုက် ဆိုင်ဆိုင်ဘဲ Robert အဖြစ် သရုပ် ဆောင်မယ့် မင်းသား ကြီး Gregory Peck ရဲ့သား ဖြစ်သူဟာ ဒီဇာတ်ကား မရိုက်မီ ၂လခန့် အလို၊ ၁၉၇၅ ဇွန်လ ထဲမှာ သေနတ် နဲ့ ကိုယ့်ကိုယ် ကို ပစ်သတ်ပြီး အဆုံး စီရင် သွားခဲ့ ပါတယ်။ မကြာခင် မှာဘဲ ဒီ ဇာတ်ကား ကိစ္စနဲ့ London ကို လေယာဉ်နဲ့ ထွက်ခွာ လာခဲ့တဲ့ မင်းသား Gregory Peck ဟာ အာရုံ တွေ ငြီးနောက် နောက် ခံစားရ ပြီးနောက် သူ့ရဲ့ လေယာဉ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာ အထက် ၀ဲပျံစဉ် မိုးကြိုးပစ် ခံရတဲ့ အဖြစ် မျိုးကို ကြုံခဲ့ရ သလို၊ တစ်ချိန် တည်း ဆိုသလို တခြား လေကြောင်း ခရီး စဉ်နဲ့ ထွက်ခွာ ခဲ့တဲ့ ဒီဇာတ် ကားရဲ့ ဇာတ်ညွှန်း ရေးသူ David Seltzer ရဲ့ လေယာဉ် ဟာလည်း အလားတူ ဖြစ်ရပ်နဲ့ ကြုံခဲ့ရ ပါတယ်။ ရက် သတ္တပတ် အနည်းငယ် အကြာ မှာတော့ ဒီဇာတ်ကားရဲ့ Executive producer ဖြစ်တဲ့ Mace Neufeld တစ်ယောက် L.A ကို လေယာဉ်နဲ့ အသွားမှာ သူပါတဲ့ လေယာဉ်ကို မိုးကြိုး တစ်ကြိမ်ထက် ပိုပြီး ပစ်ခံရခြင်း နဲ့အတူThe Omen ဇာတ်ကားရဲ့ ကျိန်စာ စတင်ပါ တော့တယ်။


နောက်ဆက် တွဲ အဖြစ်အပျက် တွေအနေနဲ့ လေယာဉ်ကို မိုးကြိုးပစ် ခံရတာမျိုး မကြုံလိုက်ရတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Richard Donner ကတော့ သူတည်းခိုတဲ့ Hotel ဟာ IRA အဖွဲ့ရဲ့ ဗုံးဖောက်ခွဲ မှုကို ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့သလို၊ ရုပ်ရှင် အမှုဆောင် အဖွဲ့ဝင် တွေနဲ့ သရုပ်ဆောင်တွေ ညစာစားဖို့ ရည်ရွယ် ထားတဲ့ စားသောက်ဆိုင် ဟာလည်း ဗုံးခွဲခံ ရတဲ့ အထဲမှာ ပါသွား ခဲ့ပါ တယ်။ ပြီးတော့ Isreal နိုင်ငံမှာ သွားရောက် ရိုက်ကူး ရမယ့် အခန်း အတွက် မင်းသား Gregory Peck ရဲ့လေကြောင်း ခရီးစဉ် တစ်ခုဟာ အချိန်နား ကပ်မှ တခြား အကြောင်းအရာ တစ်ခုကြောင့် Cancel လုပ်လိုက် ရသလို၊ သူမပါဘဲ ထွက်သွား ခဲ့တဲ့ အဲ့ဒီ ခရီးစဉ်မှာ လေယာဉ် ပျက်ကျပြီး၊ လိုက်ပါသူ အားလုံး အသက် ဆုံးရှုံးခဲ့ ရပါတယ်။ လေယာဉ်ဆိုလို့ ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး ကံဆိုး မိုးမှောင်ခဲ့တဲ့ နောက်ထပ် လေယာဉ် တစ်စီးလည်း ရှိပါသေးတယ်။ ဒါရိုက်တာ Richard တစ်ယောက် ဒီဇာတ်ကား ထဲက ဇာတ်ဝင်ခန်း တစ်ခုထဲမှာ ထည့်ရိုက်ဖို့ လေယာဉ် တစ်စီးကို ငှားမယ်လို့ လျာထား ခဲ့ပြီး မငှားဖြစ် ခဲ့ပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ ကျိန်စာ ကတော့ အဲ့ဒီ လေယာဉ် ကိုပါ အလွတ် မပေးဘဲ ပျက်ကျ စေခဲ့ပြီး၊ ခရီးသည် အားလုံး ကို သေလမ်း ပွင့်စေခဲ့ ရုံသာမက၊ အဲ့ဒီ့ လေယာဉ်ဟာ ကားတစ်စီး အပေါ်ကို ပျက်ကျသွား ခဲ့တာဖြစ်ပြီး၊ ကား ပေါ်မှာ သေသွားခဲ့ ရသူ တွေဟာ တခြား သူတွေ မဟုတ် ပါဘူး။ အဲ့ဒီ့ လေယာဉ်ကို မောင်းနှင် လာတဲ့ Pilot ရဲ့မိန်းမနဲ့ ကလေး တွေပဲ ဖြစ်ပါသတဲ့။ ကဲတိုက်ဆိုင် လိုက်တာများ။


The Omen ဇာတ်ကားရဲ့ ကျိန်စာဟာ ဒီလောက် နဲ့တင် ရပ်မသွား ခဲ့ပါဘူး။ ဇာတ်ကား ထဲမှာ တွေ့ရတဲ့ Rottweiler ခွေးနက်ကြီး တွေဟာ ရိုက်ကွင်း ထဲမှာ သခင်ကို ပြန်တိုက်ခိုက် တာမျိုး တစ်ကြိမ် မက ကြုံခဲ့ရ သလို၊ ထင်ရှားတဲ့ ဇာတ်ဝင်ခန်း တစ်ခုဖြစ်တဲ့ Baboon မျောက်တွေ ကနေ လူကို ၀ိုင်း တိုက်ခိုက် တဲ့အခန်းကို ရိုက်စဉ်တုန်းက ကူညီပေး ခဲ့တဲ့ တိရစ္ဆာန်ရုံက ၀န်ထမ်းဟာ အဲ့ဒီ့ ဇာတ်ဝင် ခန်း ကိုရိုက်ပြီး နှစ်ပတ် ခန့် အကြာမှာ သူထိန်းကျောင်း နေတဲ့ ခြင်္သေ့ တစ်ကောင်ရဲ့ ကိုက်သတ် စားတာ ခံရပြီး သေခဲ့ ရပါတယ်။ The Omen ဇာတ်ကား ထဲက တချို့ ပြကွက် တွေမှာ လူစားထိုး သရုပ်ဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့တဲ့ Stuntman တစ်ဦးဖြစ်သူ Alf Joint ရဲ့ဖြစ်ရပ် ကတော့ နောက်ပိုင်း ထွက်ရှိ လာခဲ့တဲ့ A Bridge Too Far ဇာတ်ကား မှာ ဆက်ပြီး ပါဝင်ခဲ့ ရာကနေ၊ ခေါင်မိုး ပေါ်က ခုန်ချရတဲ့ အခန်းမှာ လေအိတ် ပေါ်ကို အကျ မတော်ဘဲ ဒဏ်ရာ အနာ တရနဲ့ ဆေးရုံတက် ခဲ့ရ ပါတယ်။ သူ့မိတ်ဆွေ တွေက မေးတော့ သူ့ကို တစ်ယောက် ယောက်က တွန်းချ သလိုမျိုး သူခံစားခဲ့ ရတယ်လို့ ပြန်ပြောပြ ခဲ့ပါ သေးတယ်။


ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ရပ်တွေ ထဲကမှ ခြောက်ခြား စရာ အကောင်း ဆုံး ကတော့ ဇာတ်ကား ထဲက ဇာတ်ပို့ ဇာတ်ရံ တစ်ဦး ကိုယ်တစ်ပိုင်း ပြတ်ထွက်ပြီး သေတဲ့ အခန်းကို တာဝန်ယူ ခဲ့တဲ့ အထူး ပြုလုပ်ချက်ပိုင်း ဆိုင်ရာ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ John Richardson ဟာ ၁၉၇၆ သြဂုတ်လ ထဲမှာ Holland နိုင်ငံမှာ ကားနှစ်စီး ခေါင်းချင်း ဆိုင် တိုက်မိတဲ့ မတော် တဆမှု တစ်ခုကို ကြုံခဲ့ရပြီး၊ သူ့ရဲ့ လက်ထောက် အမျိုးသမီး Liz Moore ဟာ ဇာတ်ကား ထဲကလို ကိုယ် တစ်ပိုင်း ပြတ်ထွက်ပြီး မရှုမလှ သေပွဲဝင် ခဲ့ရတာ ပါဘဲ။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုလို့ သင့် အနေနဲ့ ယူဆမိ သေးတယ် ဆိုရင်တော့ အဲ့ဒီ့ Car Accident ဖြစ်ပွား ခဲ့တုန်းက နေ့စွဲဟာ သောကြာနေ့ ၁၃ရက် ဖြစ်ပြီး၊ Richardson ရဲ့ ပြန်ပြော ပြချက် အရ ကားမှောက် တုန်းက သူ ကိုယ်တိုင် အသက်လု ရုန်းထွက် ခဲ့ရသလို၊ ဒီဖြစ်စဉ်နဲ့ မလှမ်းမကမ်း လမ်းဘေး တစ်နေရာက ဆိုင်းဘုတ် ပေါ်မှာ သူတွေ့လိုက် ရတာ ကတော့ “Ommen, 66.6 km” ဆိုတဲ့ စာသား လေးပဲ ဖြစ်ပါ သတဲ့။ The Omen ဇာတ်ကား နောက်ကွယ်က ရှင်းမပြ နိုင်တဲ့ ဖြစ်ရပ် တွေကို သာမန် တိုက်ဆိုင်မှု အဖြစ်သာ တချို့က ယူဆ ကြသလို၊ မကောင်း ဆိုးဝါး ကျိန်စာ တိုက်ခံ ရတယ်လို့ ယူဆသူ တွေလည်း ရှိကြတာမို့၊ မသိခြင်း များစွာ နဲ့အတူ "The Curse of The Omen" ဟာလည်း လူပြော မများတဲ့ ယုံတမ်း ပုံပြင် တစ်ခု အဖြစ်သာ ကျန်ရစ်ဖို့ သေချာပါ တော့တယ်။

Myanmar Youth Media Club

No comments:

Post a Comment