Wednesday, February 5, 2014

ဖမ်းဆီးခံမလေးရှာရောက် မြန်မာများ ပြည်တော်ပြန်ဖို့ အခက်တွေ့


ဓါတ်ပုံအညွှန်း- ဇန်နဝါရီ ၃၀ ရက်နေ့ က စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနေစဉ်

 မလေးရှားတွင် ဖမ်းခံရသော တရားမဝင် မြန်မာ အလုပ်သမားများကို သံရုံးမှ အသိအမှတ်ပြုရန် ငြင်းဆန်၍ အခက်တွေ့နေကြသည်။

- မလေးရှားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် Ops 6P Bersepadu စီမံချက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င် နေထိုင်သော မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ရန် မြန်မာသံရုံးမှ ငြင်းဆိုသောကြောင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရေးမှာ ခက်ခဲနေသည်ဟု သိရသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ထိုတရားမ၀င် ၀င်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများအား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး အထွေထွေ ဒါရိုက်တာ ဒါတွတ် အီလီယက်စ် အဟ်မဒ်က ပြောကြားခဲ့သည်။

“သူတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲနဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်လို ပြည်နှင်ဒဏ်ပေးရမှာလဲ။ သူတို့ရဲ့ နိုင်ငံကိုက သူတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေတယ်။ အဲဒီသူတွေဟာ မြန်မာစကားကိုပြောတယ်။ ဒါပေမယ့် အစိုးရက စာရွက်စာတမ်း ထုတ်ပေးဖို့ငြင်းဆိုတယ်။ အဲဒီစာရွက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်(မလေးရှား)ကနေ ပြန်ပို့လို့ မရပါဘူး” ဟု ၎င်း၏ တာဝန် အရပ်ရပ်ကို လက်ထောက် ဒါရိုက်တာ အဲလိုယာ မာမတ်အား လွှဲပြောင်းသည့် အခမ်းအနားတွင် အဟ်မဒ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

စီမံချက်အတွင်းဖမ်းမိခဲ့ပြီး ထိန်းသိမ်းရေး စင်တာတွင် ရှိနေသည့် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအရေအတွက်မှာ ၅၀၀ ခန့်ရှိနေကြောင်း၊ ထိုပြဿနာအား ဖြေရှင်းရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သိန်းခန့်ရှိပြီး ထိုအထဲမှ ၁ သိန်းခန့်မှာ တရားမ၀င်နေထိုင်နေသူများဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မြန်မာနိုင်ငံသား များစွာလည်း ရှိနေသည်။

Ref:The Star

No comments:

Post a Comment