Thursday, December 19, 2013

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အမေရိကန် အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေပြီး လာမည့် သီတင်းပတ်များအတွင်း အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၉ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နေအိမ်တွင် သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် ပြည်တွင်း မီဒီယာအချို့တို့ တွေ့ဆုံစဉ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် အမေရိကန် သံအမတ်က ထိုသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။

''ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အမေရိကန်အနေနဲ့ လာမယ့်သီတင်းပတ်တွေ အတွင်းမှာ အကျယ်တ၀င့် ထုတ်ဖော်ပြောကြား သွားဖွယ် ရှိပါတယ်။ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွက်လည်း အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။

အလားတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာအစိုးရ ခေါင်းဆောင်များကို ဒီဇင်ဘာ ၁၆ ရက်က တောင်းဆိုထားသည်။

လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီးမှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ၀င်ရွေးနိုင်မည် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့ဆန္ဒ သဘောထား ရယူမှုကို တစ်နိုင်ငံလုံးတွင် ပြုလုပ်နေပြီး အရပ်ဘက် အဖွဲ့အစည်းများကလည်း အလားတူ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများကို ပြုလုပ်နေသည်။ ထိုသို့ ပြည်သူ့ဆန္ဒ သဘောထား ရယူမှုများတွင် ပြည်သူလူထု ရာခိုင်နှုန်း ၉၀ ကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံ ဆန္ဒပြုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ကြောင်း ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် အစွန်းရောက်ခြင်းကို ရှောင်ရှားရန် နိုဝင်ဘာ ၁ ရက် လစဉ် ရေဒီယို မိန့်ခွန်း၌ သတိပေး ပြောကြားခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တွင် ၁၄ နှစ်ကြာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံထားသည်။

လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံအတွက် ကောင်းဖို့ဆိုရင် သြဇာရှိတဲ့လူတွေ၊ လူတွေအများကြီး လေးစားတဲ့သူတွေ တွေ့ဆုံညှိနှိုင်းတဲ့ ကိစ္စက ကောင်းတယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စတင် မကပါဘူး။ ဘယ်ကိစ္စမဆို အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်ပင်ပြီး လုပ်တာတော့ အကောင်းဆုံးပါပဲ'' ဟု ပြောကြားထားသည်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဌာန၊ အသင်းအဖွဲ့ ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက် တောင်းခံထားသည်။

ထိုသို့တောင်းခံ ထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင် ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။ ရရှိမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)တွင် အကြံပြုချက် ၅၉၀၊ အခန်း (၂)တွင် အကြံပြုချက် ၃၆ ချက်၊ အခန်း (၃)တွင် အကြံပြုချက် ၂၆၁ ချက်၊ အခန်း (၄)တွင် အကြံပြုချက် ၃၀၉ ချက်၊ အခန်း (၅)တွင် အကြံပြုချက် ၄၃၈ ချက်၊ အခန်း (၆)တွင် အကြံပြုချက် ၁၇၉ ချက်၊ အခန်း (၇)တွင် အကြံပြုချက် ၂၈ ချက်၊ အခန်း (၈)တွင် အကြံပြုချက် ၁၂၀၊ အခန်း (၉)တွင် အကြံပြုချက် ၄၉ ချက်၊ အခန်း (၁၀)တွင် အကြံပြု ချက် ၂၀၊ အခန်း (၁၁)တွင် အကြံပြုချက် ၈၃ ချက်၊ အခန်း (၁၂)တွင် အကြံပြုချက် ၂၁၈ ချက်၊ အခန်း (၁၃)တွင် အကြံပြုချက် ၁၁ ချက်၊ အခန်း (၁၄)တွင် အကြံပြုချက် ၂၂ ချက်၊ အခန်း (၁၅)တွင် အကြံပြုချက် ၁၂ ချက်၊ ဇယား (၁)တွင် အကြံပြုချက် ၅၉ ချက်၊ ဇယား (၂)တွင် အကြံပြုချက် ၄၅ ချက်၊ ဇယား (၃)တွင် အကြံပြုချက် ၁၀၊ ဇယား (၄)တွင် အကြံပြုချက် ၁ ချက်၊ ဇယား (၅)တွင် အကြံပြုချက် ၂၁ ချက် တို့ဖြစ်သည်။

အဆိုပါ အကြံပြုစာများကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်း ကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

(ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ တက်ရောက် လာကြသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လက်ထောင် ဆန္ဒပြုနေကြစဉ်
)

EMG

No comments:

Post a Comment