Saturday, December 21, 2013

ပျော်ချင်ပေမယ့် ပျက်စေတော့မှာလား Facebook ပေါ်က ကာမစာမျက်နှာများရယ်



    ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကိုတင်ဖို့ လက်နည်းနည်းတွန့်နေမိတယ် အဲဒါ နဲ့ ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားနေတုန်း ငါနဲ့အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကိုရှာတွေ့မိတယ် ဒီပုံကို ဖြုတ်ပေးပါ ဆိုရင် ဓာတ်ပုံပိုင်ရှင်ဆိုသူက အထောက်အထား နဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော် . . .

““ကျွန်မ တစ်ခုလောက် မေးပါရစေဦး။ ရှင်တို့ ယောက်ျားတွေမှာ တကယ် နှာခေါင်းပဲ ရှိတာလား။ နည်းနည်း လေးများ ဦးနှောက်နဲ့ စဉ်းစားမယ်ဆို ဒီအကောင့်ခ်က အလိမ်ကြီးမှန်း အသိသာကြီးပါ။ ဘာတဲ့ သူတို့ကျ ခေါင်းမဟုတ်ဘူးတဲ့ (ကန်တော့ပါရဲ့)။ ကျွန်မတို့ကျ ဇယားတဲ့”” အခုလို ပြောလိုက်သူ ကတော့ မြန်မာလူငယ်များအကြား ရေပန်းစားအသုံးများနေတဲ့ လူမှုကွန်ရက် Facebook ပေါ်မှာ မိမိရဲ့ ဓာတ်ပုံကို အလွဲသုံးစား လုပ်ခံထားရသူတစ်ယောက်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူမရဲ့ ဓာတ်ပုံကို YGN မှ ဇယားလေးများဆိုတဲ့ နာမည်နဲ့ ကာမဈေးခေါ်တဲ့ Page တစ်ခုမှာ ဓာတ်ပုံ ခိုးယူထားတဲ့ အတွက် တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ သူမက ဆက်လက်ပြီး ““ဘာမှန်းမသိဘဲ comment ၀င်ရေးနေတဲ့ လူတွေကိုလည်း အံ့သြတယ်။ ရှင်တို့ ပစ်မှားနေတာ။ အိမ်ထောင်သည်သာဆို ကာမေသုမိစ္ဆာစာရကံ ပဲလေ။ တကယ်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်မှ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့လည်း မိန်းမတစ်ယောက်ကို ဖျက်ဆီးရာ ရောက်တာပါပဲ။ ကျွန်မလဲ ရှက်တယ်။ ကျွန်မနားမှရှိတဲ့လူတိုင်း ကျွန်မ မိန်းမကောင်းလား၊ မိန်းမပျက်လား သိတယ်။ ကျွန်မ မဟုတ်တာ မလုပ်တဲ့ အတွက် ကျွန်မ အကောင့်နာမည်ကို မပြောင်းခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို မနှောင့်ယှက်ကြပါနဲ့။ မြန်မာ ယောက်ျားကောင်းတွေ အနေနဲ့ ဒီအကောင့်ခ်ကို Report လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”” လို့ ဆက်ပြီး ရေးထားပြန်ပါတယ်။ …

ဒီတော့ ဒီလို အမှုကိစ္စတွေက ဘယ်လောက်တောင် များနေပြီလဲ။

မြန်မာနိုင်ငံမှာ လူမှုကွန်ရက် Facebook သုံးသူ အမျိုးသမီးပေါင်း လေးသိန်းကျော်ရှိပြီး အမျိုးသားဦးရေက ခြောက်သိန်းကျော်ရှိတယ် လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းများက ပြုစုထားတဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် မြန်မာသံတော်ဆင့် သတင်းဌာနရဲ့ လက်လှမ်းမီ သလောက် လေ့လာဆန်းစစ်ချက်တွေ အရဆိုရင် Facebook မှာ ““ကာမ”” လို့ ရိုက်ရှာလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ နာမည်တွေ ၅ ခုထက် မနည်းကျလာမှာ ဖြစ်သလို အင်္ဂလိပ်လို Myanmar Sexy လို့ ရိုက် ရှာလိုက် မယ်ဆိုရင် Group နဲ့ Page  တွေ ၁၀ ခုထက်မနည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီ Group တွေ၊ Page တွေမှာ Facebook တစ်ခွင်က မြန်မာအမျိုးသမီးငယ်များရဲ့ ဓာတ်ပုံတွေ၊ အထူးသဖြင့်  sexy ဖြစ်အောင် ရိုက်ထားတဲ့ ပုံတွေကို ခွင့်ပြုချက်မရဘဲ နာမည်အမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့ ဖော်ပြထား ပါတယ်။ ထို့နည်းတူ အဲဒီလို ဖော်ပြခံရတဲ့ သူတွေရဲ့ ဓာတ်ပုံရဲ့ အောက်မှာဆိုရင်လည်း မောင်နှမသားချင်း မသင့်တော်အောင် ရေးသားမှုတွေလည်း ရှိနေပါတယ်။

မာယာရှင်မမလို့ Facebook Page တည်ထောင်ထားသူ တစ်ဦးကတော့ သူရဲ့ Page ပေါ်မှာတင် အခုလိုမျိုး ရေးသားဖော်ပြထားပါတယ်။

““ဒီနေ့မှာ ဒီစာမျက်နှာကို စဖွင့်တယ်ဆိုတော့ ကိုယ့်ပုံကို တင်ဖို့ လက်နဲနဲတွန့်နေမိတယ်။ အဲဒါနဲ့ ဘယ်လို လုပ်ရပါလို့ စဉ်းစားနေတုန်း ငါနဲ့ အနီးစပ်ဆုံး (၈၀ ရာခိုင်နှုန်း) ဆင်တူတဲ့ ဒီပုံလေးကို ရှာတွေ့မိတယ်။ ဒီပုံကို ဖြုတ်ပေး ပါဆိုရင် ဓာတ်ပုံပိုင်ရှင် ဆိုသူက အထောက်အထားနဲ့ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်နော်။ (အမှန်တကယ် ဒီစာမျက်နှာက +၁၈ ဆန်ဆန် ဖြစ်သွားတာမို့ မကြာခင် ပြန်ဖြုတ်လိုက်ပါမယ်)”” လို့ ရေးသားထားတာဖြစ်ပါတယ်။

ဒီလိုမျိုး Group တွေ၊ Page တွေကို တခုတ်တရ ကြည့်နေတတ်တဲ့ ပုရိသနွယ်ဝင် အမျိုးသားတွေကလည်း ဒုနဲ့ ဒေးပါ။ လူငယ်တွေ အခေါ် ““အာရှီ”” လို့ခေါ်တဲ့ ကာမအသားပေး Group တွေ၊ page တွေကို ကြည့်ကြသလို၊ တခါတရံ ကာမအသားပေး နိုင်ငံခြား အပြာကားတွေကိုလည်း ၀င်ရောက်အားပေးတတ်တယ်လို့ ဆိုပြန်ပါတယ်။

““အဲဒါကြည့်တာ သာယာတာပေါ့။ အဲဒါ ကြည့်နေတဲ့အချိန် Emotion  က တခြားဟာနဲ့မှ မတူတာ။ အိမ်မှာ ဆိုရင် လူကြီးတွေနဲ့က အဆင်မပြေဘူးလေ။ ဒါကြောင့် အင်တာနက်ဆိုင်တွေကိုပဲ အားကိုးရတယ်။ ပုံလေး တွေကို ကာမဒါနဆိုတဲ့ Page က တင်ပေးတယ်။ အဲဒါတွေကို like တော့ သွားမလုပ်ရဲဘူး။ ကြည့်တော့ ကြည့်တယ်။ ကိုယ် Like လုပ်လိုက်တဲ့ဟာ ဖော့စ်ဘုတ်မှာ ပေါ်သွားလို့ရှိရင် like မလုပ်ဘူး။ သူတို့ တင်ပေးတဲ့ ပုံမှန်သမျှ ကိုယ့်ရဲ့ New Feed  မှာ ပေါ်လာလို့ရှိရင် ကြည့်ဖြစ်တယ်။ ကြည့်ရတာတော့ ကောင်းတယ်။ ဒါပေမဲ့ လူမိသွားရင် ရှက်ဖို့ ကောင်းတယ်။ တချို့ သူငယ်ချင်းတွေဆိုရင် ပုံတွေ ဘာတွေကို ဒေါင်းလုပ်ခ်ဆွဲပြီး သိမ်းထားတာ။ ကျွန်တော့်တို့ အခေါ်အဝေါ်ဆိုရင် အဲဒါကို ““အာရှီ””လို့ ခေါ်တယ်။ တစ်ယောက်က ကြည့်နေပြီ ဆိုရင် ဟာ…ဟိုကောင် ““အာရှီ””တွေ ကြည့်နေပြီ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောကြတာ။ သူငယ်ချင်း အများစုက ဒေါင်းလုပ်ခ်ဆွဲပြီး ဖုန်းထဲကို ထည့်ကြတာ”” ဟု ရန်ကုန်တိုင်း၊ လမ်းမတော်မြို့မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အင်္ဂလိပ်စာအဓိကဖြင့် ပညာသင်ယူနေသူ ကိုမော်ကြီးက မြန်မာသံတော်ဆင့်ကို ပြောလာပါတယ်။

တချို့သော တချို့သော သာမန်မိန်းကလေးတွေကတော့ မိမိအနေနဲ့ ဘယ်နေရာကို ရောက်နေတယ်၊ ဘာတွေ လုပ်နေ တယ်ဆိုသဖြင့်  မိမိရဲ့ မိတ်ဆွေတွေကို သိစေလိုဇောနဲ့ ပုံတွေ တင်တာ ရှိပေမယ့် Sexy Post ရယ်လို့ ရည်ရွယ်ပြီး ရိုက်တာ မဟုတ်ကြောင်း၊ ယနေ့ ခေတ်အလိုက် အ၀တ်အစားများကိုက အဲဒီလိုပုံစံတွေ ဖြစ်နေတာ ကြောင့်လို့ ဆိုကြပြန်ပါတယ်။

““ပုံကတော့ ဘားတို့ ဘာတို့ သွားရင် သူငယ်ချင်းတွေနဲ့ ဆုံပြီးတော့ ရိုက်လိုက်တယ်။ ရိုက်ပြီးတော့ ဖော့စ်ဘုတ် မှာ တင်လိုက်တယ်။ မလိုက်ရတဲ့သူတွေကို ကြွားတဲ့အနေနဲ့ ငါတို့ သွားတယ်၊ ဘာညာနဲ့ တင်တာ။ နောက်ပြီး အ၀တ်အစားကတော့ sexy ပုံစံဖြစ်အောင် ၀တ်ပြီး ရိုက်တာတော့ မရှိဘူး။ ဒီလိုမျိုးဖြစ်အောင်လည်း ရိုက်ပြီး တင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခုခေတ် အ၀တ်အစားတွေနဲ့ ကျမတို့ နေ့စဉ်ဝတ်လေ့ဝတ်ထရှိတဲ့ အ၀တ်တွေ ကိုက ဘောင်းဘီအတို၊ စကပ်အတိုလေးတွေက နေ့စဉ်ဝတ်နေကျလေ။ အဲဒါကို သူများတွေက sexy post ဆိုပြီး ပြောနေကြတာ”” ဟု အသက် ၁၉ အရွယ် တာမွေသူ မသူဇာ (အမည်လွှဲ) က ပြောပါတယ်။

ထို့အတူ ပုံတွေတင်ပေမယ့် လူမြင်ကောင်းတဲ့ပုံတွေပဲ တင်ပြီး ကိုယ့်ဓာတ်ပုံတွေကို တင်လိုက်တိုင်း like တွေ ဘယ်လောက် ရပြီလဲ၊ ဘယ်သူတွေကတော့ ဘယ်လို comment တွေ ပေးသလဲဆိုတာကို စောင့်ကြည့်ချင်တာ ကြောင့်လို့ ဆိုသူတွေ ဆိုလာပြန်ပါတယ်။

““ပုံတစ်ပုံတင်ပြီးသွားလို့ရှိရင် အဲဒီပုံကို like ဘယ်လောက်ရပြီလဲ၊ comment ဘယ်လောက် တက်နေပြီလဲ၊ like ပေးတဲ့သူတွေက ဘယ်သူလဲ၊ ဘယ်လိုပြောရမလဲ  like တွေ အများကြီးရရင်တော့ ပျော်တာပေါ့။ like တွေက ဘယ်လောက်များ လဲဆိုတာ ဖော့စ်ဘုတ်ကို ခဏခဏ ၀င်ဝင်ကြည့်ဖြစ်တာပေါ့။ ပုံကို သေချာရိုက်ပြီး အဲဒီပုံတွေထဲကမှ အများအမြင်မှာ သင့်တော်တဲ့ပုံကို ရွေးပြီး တင်ရတာပေါ့”” ဟု အသက် ၁၉ နှစ်အရွယ် လပွတ္တာသူ ဆွေဆွေ (အမည်လွှဲ)က သူမရဲ့ စိတ်ခံစားမှုကို အခုလို ထုတ်ပြောခဲ့ပါ တယ်။

အမျိုးသမီးထုတွေ အနေနဲ့ မိမိရဲ့ ဓာတ်ပုံတွေကို အလွှဲသုံးစားလုပ်ခံရတာဟာ သာမန်  လူမှုအသိုင်း အ၀ိုင်းနယ်ပယ်က အမျိုးသမီးတွေတင် မကပါဘူး။ မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ Miss International Myanmar ပြိုင်ပွဲတွင် ဆုရရှိခဲ့ပြီး၊ Miss International နိုင်ငံတကာ ပြိုင်ပွဲတွင်Miss Internet ဆုရရှိခဲ့သူ အလှမယ် နန်းခင်ဇေယျာရဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်စဉ်က ပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် Facebook  မှာ အင်္ဂလိပ် လို “Nan Khin Zayar” ဆိုတဲ့ အမည်နဲ့သာ သူမရဲ့ အကောင့်ခ်ဖြစ်ပြီး ကျန်တဲ့ အင်္ဂလိပ်လိုကော၊ မြန်မာ လိုကော နန်းခင်ဇေယျာ နာမည်တွေဟာ အမည်မသိ သူတွေ ဖန်တီးထားတဲ့ page တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

““ညီမအနေနဲ့ အဲဒါမျိုးတော့ မကြိုက်ဘူးပေါ့နော်။ ဖော့စ်ဘုတ်မှာ နန်းခင်ဇေယျာလို့ ရိုက်ထည့်လိုက်ရင် အကောင့်ခ်က ငါးခု၊ ခြောက်ခုလောက် ရှိတယ်။ အမှန်တကယ်သုံးတာက တစ်ခုတည်း။ ကျန်တဲ့ဟာက တခြား လူတွေ ထောင်တာ။ အဲဒါက မကောင်းဘူး ပေါ့နော်။ ကာယကံရှင်ဆီမှာ ခွင့်ပြုချက် ယူသင့်တယ်လို့ ထင်ပါ တယ်။ ဓာတ်ပုံတွေကိုလည်း ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်ယူပြီးမှ တင်သင့်တယ်လို့ ထင်ပါတယ်။ ဓာတ်ပုံ တင်တာနဲ့ ပတ်သက်ပြီးတော့ ညီမအနေနဲ့ ဘယ်လိုမှ မသုံးသပ်ချင်ဘူး။ သူ့ရဲ့ ကာရိုက်တာနဲ့ပဲ ဆိုင်ပါတယ်”” ဟု မနန်းခင်ဇေယျာက မြန်မာသံတော်ဆင့်ကို ပြောပါတယ်။

Facebook မှာ မြန်မာလို နန်းခင်ဇေယျာနာမည်အပြင် နန်းခင်ဇေယျာချစ်သူများအဖွဲ့၊ နန်းခင်ဇေယျာချစ်သူများ စသည်ဖြင့်လည်း Group တွေ၊ Album တွေလည်း ရှိနေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကာယကံရှင် မနန်းခင် ဇေယျာ ပြောသလို ချစ်လို့ပဲ၊ ခင်လို့ပဲ တင်တင် ခွင့်ပြုချက်ကတော့ ရယူသင့်ပါတယ်။

မြန်မာပြည်မှာ အင်တာနက် Online ကနေ ရေးသားမှုကြောင့် တရားစွဲဆိုမယ်ဆိုတဲ့ အသံတွေ ပေါ်ပေါက်ခဲ့ဖူး ပါတယ်။ ဒေါက်တာ ဆိတ်ဖွားဆိုသူက ၂၀၁၃ နှစ် ဇန်န၀ါရီလ ၁၄ ရက်က Online  မှာ Above the Law ဆိုပြီး ဆောင်းပါး ရေးသားခဲ့မှုကြောင့် လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီ ကမာရွတ် မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆို တင်သွင်းမှုကို လွှတ်တော်က လက်ခံပြီး ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အဲဒီအချိန်က ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဆိုလိုချင်တာ ကတော့ Online မှာ ရေးသားမိတာ တစ်ခုအတွက် လွှတ်တော်ထဲထိ ရောက်အောင် ဂယက်ရိုက် ခဲ့တယ်ဆိုတာကို ညွှန်းဆိုလိုရင်းပါ။

ဒါပေမဲ့လည်း ယနေ့အချိန်ထိတော့   Facebook ပေါ်က မလိုလားအပ်တဲ့ပြဿနာတွေကို ဖန်တီး သလိုဖြစ်နေတဲ့ Page တွေ၊ Group တွေက များသထက် များလာမယ့် အရိပ်အယောင်တွေ ရှိနေသလို၊ ကင်မရာ ချိန်လိုက်တာနဲ့ လက်ကလေး နှစ်ချောင်းထောင်ဖို့ ပြင်နေတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေ ဟာလည်း အလွဲသုံးစား လုပ်ခံရမှုတွေကတော့ ဆက်ရှိနေမှာပါပဲ။ ဒီတော့ ရန်ကုန် နာရေးကူညီမှုအသင်းက ရွှေဇီးကွက်လို့ လူသိများတဲ့ အန်တီ ဒေါ်မြင့်မြင့်ခင်ဖေကတော့ ဓာတ်ပုံတင်သူကိုကော၊ အလွဲသုံးစားလုပ်သူ တွေကိုကော အခုလို ပြောလိုက်ပါတယ်။

““Facebook ဆိုတာ ကိုယ့် Personal ကို လုံးဝ သုံးစွဲခွင့် ပေးထားတဲ့ကိစ္စ။ ကိုယ်ကလည်း အပျော်ပေါ့ တင်လိုက်တာပေါ့။ အဲဒီအပေါ်မှာ အမြတ်ထုတ် တာတော့ လုံးဝ မဖြစ်သင့်ဘူး။ မိန်းကလေးတွေနဲ့က အများကို ချပြလို့ ရမယ့်ဓာတ်ပုံပဲ တင်သင့်တယ်။ မိန်းမကောင်းလေးတွေဆိုရင် မြူဆွယ်တဲ့ ပုံမျိုးတွေ မလုပ်သင့်ဘူး။ ဟိုလိုမျိုး နေရာတွေမှာ လုပ်တဲ့ မြူဆွယ်တဲ့ပုံမျိုးတွေ မတင်သင့်ဘူး။ သူတို့ တင်တကာ ပြဿနာ မရှိဘူး။ မိန်းမကောင်းလေးတွေက ဒါမျိုး မလုပ်သင့်ဘူး””

မြန်မာသံတော်ဆင့်

No comments:

Post a Comment