Wednesday, October 2, 2013

ပါကစ္စတန်တွင် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

အ၀ါရန်ခရိုင်တွင် ငလျင်ကြောင့် ပျက်စီးသွားသော ရွှံ့အိမ်များအပြင်တွင် စုဝေးနေကြသည့် ပါကစ္စတန် ငလျင်ဒုက္ခသည်များ (Photo:AFP)

စက်တင်ဘာ ၂၄ ရက်က လူ ၃၀၀ ကျော် သေဆုံးခဲ့သည့် အင်အား ၇ ဒသမ ၇ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော ပါကစ္စတန် နိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က အင်အား ၆ ဒသမ ၈ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။
နိုင်ငံ အနောက်တောင်ပိုင်း၊ အ၀ါရန်ခရိုင် အရှေ့မြောက်ဘက် ၉၆ ကီလိုမီတာ အကွာရှိ မြေအောက် ၁၄ ကီလိုမီတာကို ဗဟိုပြုကာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။
"အခုလှုပ်ခတ်တဲ့ ငလျင်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ မဟုတ်ပါဘူး။ သီးခြားလှုပ်ခဲ့တာပါ" ဟု ပါကစ္စတန် အမျိုးသား ငလျင်ဌာ နညွှန်ကြားရေးမှူး ဇာဟစ်ရာဖီက ပြောကြားခဲ့သည်။
ဘလူချစ္စတန်ပြည်နယ်၊ အ၀ါရန်ခရိုင်တွင် စက်တင်ဘာ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ပြီး တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။
အဆိုပါ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို စက်တင်ဘာ ၂၈ ရက်အထိ ဆေးရုံသို့ ပို့ပေးနေရဆဲဖြစ်ကြောင်း သိရသည်။
ပါကစ္စတန် မိုးလေ၀သဌာန အကြီးအကဲ အာရစ်မာဟုဒ်က စက်တင်ဘာ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်မှာ အင်အား ၇ ဒသမ ၂ ရစ်ခ်ျစတာစကေးရှိကြောင်း Express News သတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref:AFP

No comments:

Post a Comment