Thursday, November 28, 2013

ကတ်သီးကတ်သပ်ပြောတဲ့ တောက်တီးတောက်တဲ့


"ပြောကိုမပြောချင်တော့ပါဘူးကွယ်"

ခင်ဝင့်ဝါလေးကို မဲပေးဖို့ ဝိုင်းကြဟယ် ဝန်းကြဟယ် ကြံကြဟယ် ဖန်ကြ ဟယ်နဲ့ အပတ်တကုတ် အားထုတ် ကြပြီးတဲ့နောက် ခင်ဝင့်ဝါလေး လည်း အောင်မြင်ပြီး မြန်မာပြည်ပြန်ရောက်လာ ပြီးတဲ့နောက် မတော့ မောင်တောက် တီးတို့ တစ်တွေ အချိန်အားတွေရနေပါတယ်။

သို့ပေမဲ့ ဇူကာဘတ် အတွက်တော့ အခမဲ့ အလုပ်လုပ်ပေးနေကြတာပဲ။ လခရတဲ့ အလုပ်တွေမှာသာ လခနည်းသလေး၊ ခံစားခွင့် အပြည့် အဝ မရသလေး ဘာလေးညာလေးနဲ့ အရေးတွေ ဆိုကြပေမယ့် ဇူကာဘတ် ရဲ့ ဖေ့စ်ဘွတ် အတွက်တော့ အားလုံး တက်တက်ကြွကြွကြီးကို အခမဲ့ ကူလီထမ်းနေကြသဗျ။ ဇူကာဘတ် လုပ်သမျှကို လည်စင်း ခံနေကြရင်းက ဖေ့စ်ဘွတ်ကြီးပျောက်သွား မှာကိုတောင် စိုးရိမ်နေကြသေး။ ဇူကာဘတ်ကို အရေးဆိုရမယ့် အစား လုပ်ငန်းခွင်မှာ ဖေ့စ်ဘွတ်သုံးရရေး တို့အရေးလို့တောင် မအော်ရုံ တစ်မည်ပါပဲ။ ဇူကာဘတ်က ဘာပြန်ပေး လဲဆိုတော့ကာ... ဘာမှမပေးတဲ့အပြင် မောင်တောက်တီး တို့ကိုတောင် ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ထင်မှာ မဟုတ်ပါဘူး။

သို့ပေမဲ့ မောင်တောက်တီးတို့ကတော့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ... အဲ...သူတို့အတွက် ဖေ့စ်ဘွတ်ကနေ အကျိုးဆောင်ပေးနေ ရတာကိုပဲ လွှတ်ပျော်နေကြသကိုး။ ခင်ဝင့်ဝါ မြန်မာပြည်ပြန်ရောက်ပြီး သိပ်မကြာခင် မှာပဲ တရုတ်မှာ မယ်သွားပြိုင်မယ့် ကောင်မလေး တစ်ယောက်က စာနယ်ဇင်း တွေ့ဆုံပွဲမှာ ဘီကနီနဲ့ ကိုယ်ဟန် အမျိုးမျိုးပြပြီး စာနယ်ဇင်း ဆရာတွေကို တွေ့ခဲ့တာကြောင့် ရွာဆော်ကြီးဖေ့စ်ဘွတ်မှာ အတော်ကြီးကို အုတ်အော် သောင်းနင်းဖြစ်သွားသေး။ အဲဒီလို ဘီကနီနဲ့ ကိုယ်ဟန်ပြဖို့ ဆိုတာကလည်း သူ့ဆရာ မော်ဒယ် ဖခင်ကြီးတစ်ယောက်ရဲ့ အကြံဥာဏ် ပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လေ မြန်မာနိုင်ငံစာနယ်ဇင်းသမားတွေရှေ့မှာ ဘီကနီနဲ့ ပထမဆုံးကိုယ်ဟန် ပြတဲ့ ကောင်မလေး တစ်ယောက်တော့ ဖြစ် သွားတာပါပဲ။

အဲဒီကောင်မလေးကိစ္စပြီးတော့ သူ့ဆရာ မော်ဒယ်ဖခင်ကြီးရဲ့ ဖိနပ် သတင်းတစ်ခု ဖေ့စ်ဘွတ်မှာ အော်မြည် ပျံ့လွင့်လာလေရဲ့။ ၂၈ သိန်းတန် ဖိနပ် ဝယ်စီးသတဲ့။ တချို့ပြောကြတာကလည်း ခင်ဝင့်ဝါဆီက လျော်ကြေး ဆိုသကိုး။ မော်ဒယ်အေဂျင်စီနဲ့ ချုပ်ထားတဲ့ စာချုပ်ပါစည်းမျဉ်းတွေ ကို ဖောက်ဖျက်တာကြောင့် ခင်ဝင့်ဝါက လျော်ကြေးပေးရသတဲ့။ ဒါတွေတော့ မောင်တောက်တီး သိပ်နားမလည်ပါဘူး။
အံသြတာက ၂၈ သိန်းတန်ဖိနပ်ဆိုတာကိုပဲ။ ရွှေအစစ်ကို အပြားခတ်ပြီး ဖိနပ် လုပ်ထားရင်တောင် ဒီလောက်ပေးရပါ့မလား မသိပါဘူးဗျာ။ မင်းလျော် ကြေးလောက်တော့ ငါ့ဖိနပ် ဖိုးပဲရှိတယ်လို့များ ကြွားလိုက်လေ သလားလို့ တောင်ထင်ရတယ်။ ဖိနပ်ဝယ်မစီး ဘဲ စေတီတော် တစ်ဆူဆူ ကို ရွှေသင်္ကန်း ကပ်လိုက်ရင် သာဓုတွေ အခေါ်ခံလိုက်ရမှာ ဘယ်နည်း လိမ့်မလဲ။ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးသူတွေကို တစ်စုံတစ်ခု ဒါနပြုလိုက် ရင်ရော။ ဒါမှမဟုတ် ဟိုတစ်လောက သတင်းကြားလိုက်တဲ့ တရုတ်ပြည် ပို့မယ့်ခွေးတွေကို ကျွေးမွေးပြုစုပေးထားတဲ့ ခွေးဂေဟာကို လှူလိုက် ရင်လည်း သတ္တဝါတွေကို ကယ် တင်ခြင်းမည်တဲ့အတွက် ကောင်းချီးပေး ကြမှာပါလေ။ ခုမတော့

...ပြောကိုမပြောချင်ပါဘူးကွယ်...နောက်ဆုံးသတင်းအရတော့ လျော်ကြေးက ဖိနပ်ဖိုးမလောက်လို့ ပိုက်ဆံနောက်ထပ်စိုက်ပြီး သိန်း ၃ဝ ကျော်တန် ဖိနပ်ဝယ်စီးလိုက်သတဲ့...။ ကဲ ...။ ကဲ...။

Yati Magazine

No comments:

Post a Comment