Monday, October 7, 2013

Face Blindness

Prosopagnosia လို့ခေါ်တဲ့ ရောဂါဟာ ကုရာနတ္ထိ ဆေးမရှိတဲ့ အာရုံကြော ဆိုင်ရာ ရောဂါ တစ်မျိုးပါ။ ဒီရောဂါ ခံစားနေရ သူ တွေဟာ မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ မျက်နှာတွေ သာမက ကိုယ့်ကို ကိုယ်တောင် မမှတ်မိ ပါဘူး။

သင့်မိဘ၊ မိသားစု၊ သူငယ်ချင်း တွေကို မမှတ်မိဘူး ဆိုရင် ဘယ်လို ခံစားရ ပါမလဲ။ ဒီ့ထက် ဆိုးတာက သူစိမ်း တစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရပြီး ဒီသူစိမ်းက သင့်ရဲ့ ပုံရိပ် ဖြစ်နေတာကို သိလိုက် ရရင်ကော။ ဒါဟာ Prosopagnosia ရောဂါ ခံစားနေရသူ တွေရဲ့ နေ့စဉ် ဘ ၀ထဲက အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ Prosopagnosia ဒါမှမဟုတ် face blindness လို့ခေါ်တဲ့ ရောဂါ တစ်မျိုးဟာ မျက်နှာ တွေကို မှတ်မိ နိုင် စွမ်းအား ချို့ယွင်း နေသော ကုသလို့ မရတဲ့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ မှတ်မိသင့်တဲ့ မျက် နှာ တွေကိုတောင် မမှတ်မိ နိုင်ပဲ ဖြစ်နေတဲ့ ရောဂါပေါ့။ တစ်ခါတစ်လေ မှာတော့ ဒီချို့ယွင်းမှုဟာ မျက်နှာတွေကို မှတ်သား ရာမှာပဲ ဖြစ်တတ် ပေမဲ့ တချို့ ဝေဒနာရှင် တွေမှာ အရာဝတ္ထုနဲ့ နေရာ တွေကို မှတ်သားရာမှာ ခက်ခဲမှု ရှိပါတယ်။ မှတ်တမ်းတင် ဖြစ်စဉ် များစွာမှာ မျက်နှာ သွင်ပြင် ခွဲခြားမှုမှာ ပြဿနာ ရှိနေတာကို တွေ့ရပါတယ်။ သူတို့ဟာ အသက် ဒါမှမဟုတ် ကျား၊မ ခွဲတာ ဒါမှမဟုတ် အသွင်အပြင်ကို နားလည် အောင် ကြိုးစားမှု တွေမှာ အခက်အခဲ ကြုံတွေ့ရလေ့ ရှိပါတယ်။

လူတော်တော် များများဟာ နာမည်နဲ့ လူတွဲ မှတ်မိဖို့ ခဲယဉ်းတာ မှန်ပေမဲ့ prosopagnosic တွေကတော့ အခုလေးတင် တွေ့လိုက်ရ သူကို တောင် မသိတော့ ပါဘူး။ သူတို့ဟာ ရုပ်ရှင်တွေ တီဗွီ အစီအစဉ် တွေကို လိုက်ကြည့် နိုင်စွမ်း မရှိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဇာတ် ကောင် တွေဟာ သူတို့မျက်စိ ထဲမှာ အားလုံး တူတူပဲ ဖြစ်နေလို့ပါ။ သူတို့ရဲ့ မိသားစုဝင် တွေကို တောင်မှ သူတို့ မမှတ်မိ တော့ပါဘူး။ Linda Catterall ဆိုတဲ့ Scotland မှ prosopagnosic ကသူမရဲ့ အတွေ့အကြုံကို The Guardian သတင်းစာမှာ ဒီလို ရေးခဲ့ ပါတယ်။ ကောင်လေး တစ်ယောက်က ကျွန်မဆီ ပြေးလာတယ်။ သူ့ပုံစံက ကျွန်မသား အကြီးဆုံးနဲ့ ပုံသဏ္ဍန် အရွယ်အစား အတော်တူတာပဲ။ ဒါပေမဲ့ သေချာ ကြည့်လိုက်တော့ ကျွန်မသား မဟုတ်ဘူး။ ဒါနဲ့ လှည့်ထွက် လာလိုက်တယ်။ ကလေး ကတော့ ကျွန်မဆီ ပြေးလာ နေတုန်းပဲ။ ပျော်ရွင်ပြီး တက်ကြွ နေတာ သူ့မျက်နှာမှာ အထင်းသား။ အဲဒါနဲ့ ဒါကျွန်မသား ပါပဲလား ဆိုတာ သိလိုက် ရတယ်။ ဒါပေမဲ့ သူ့ကို တကယ့်ကို မမှတ်မိဘူး။ တွေ့နေကျ မျက်နှာ တွေကိုတောင် မမှတ်မိ တော့ဘူး ဆိုတာ စဉ်းစားရ အတော် ခက်တာပဲ။ Dartmouth College ကဒီ face blindness ရောဂါကို ၁၅နှစ်ကြာ လေ့လာနေသူ Professor Brad Duchaine ကတွေ့နေကျ မျက်နှာ တွေကို ပြောင်းပြန် လှန်လိုက်ခြင်း အားဖြင့် လက်တွေ့ သရုပ်ပြ ပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင် အောက်ကပုံမှာ စမ်းသပ် နိုင်ပါတယ်။

ဦးနှောက်နဲ့ အာရုံကြော ပညာရှင် လဲဖြစ် "The Man Who Mistook His Wife For A Hat" ဆိုတဲ့ စာအုပ်ရဲ့ စာရေးသူ Dr. Oliver Sacks ကဒီအကြောင်းကို အောက်ပါ အတိုင်း ကျယ်ကျယ် ပြန့်ပြန့် ရေးသား ခဲ့ပါတယ်။ ကျွန်တော်ဟာ မုတ်ဆိတ်မွေး ဗလပွနဲ့ လူကြီးကို တိုက်မိမလို ဖြစ်ဖြစ်နေလို့ ခဏခဏ တောင်းပန် နေရတာ နောက်တော့မှာ အဲ့ဒါမှန် ထဲက ကျွန်တော့ အရိပ် ဖြစ်နေတာ သိလိုက် ရတယ်။ Sacks ကသူ့မှာ ကြီးမားတဲ့ နားရွက် တွေရှိတာ သူ့ဘာသာ သိတာမို့လို့ အဲ့ဒီဟာနဲ့ မှန်ထဲက သူ့အရိပ်ကို မှတ်မိ နိုင်အောင် သင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။ Prosopagnosics ဝေဒနာရှင် တွေဟာ မျက်နှာ အစိတ်အပိုင်း တစ်ခုကိုပဲ အာရုံစိုက်လို့ ရပါတယ်။ ဒါကြောင့် Sacks ကသူ့နားရွက်ကြီး တွေကို သူကြည့်ပြီး မှန်ထဲက အရိပ်ဟာ သူကိုယ်တိုင်ပဲ ဆိုတာ သူ့ဘာသာသူ ခွဲခြားနိုင် သွားတာပါပဲ။ တချို့တွေ ကတော့ မျက်နှာကို ပုံအမျိုးမျိုး လုပ်ကြည့်ပြီး မှန်ထဲက မျက်နှာဟာ သူတို့ပါ ဆိုတာ သေချာအောင် လုပ်ပါတယ်။ လူတွေကို မမှတ်မိဘူး ဆိုတာ လူမှု ဆက်ဆံရေး မှာတော့ အတော်လေး ဆိုးဝါးတဲ့ အချက်ပါ။

Prosopagnosics လူနာတွေဟာ လုပ်ဖော် ကိုင်ဖက်တွေ သူငယ်ချင်း တွေနားက ဖြတ်သွား ရင်တောင် မမှတ်မိလို့ သူတို့ ကိုယ်တိုင် ရိုင်းသွားသ လို ခင်မင်တတ်သူ မဟုတ်သလို ဖြစ်သွားမလား ဆိုတွေးပြီး စိုးရိမ်နေ ကြရသူ တွေပါ။ သူတို့ဟာ Depression နဲ့ social anxiety တွေမ ကြာခဏ ဖြစ်တတ် ပါတယ်။ ဒါပေမယ့် သူတို့ ချို့ယွင်းချက်ကို ကျော်လွားဖို့ နည်းလမ်း ကောင်းတွေလဲ ရှာထားသူတွေ ဖြစ်နေ ပါသေး တယ်။ များသော အားဖြင့် ဆံပင် အရောင်လို အသံလို ကိုယ်ဟန် အနေအထားလို မျက်နှာနဲ့ မဆိုင်တာ တွေကို မှတ်သား ထားတတ် ပါတယ်။ တစ်ခါတစ်ခါ မှာတော့ လူတွေက ရုတ်တရက် မုတ်ဆိတ်မွေး ရိတ်လိုက်တာ ဆံပင် အရောင်ပြောင်း တာမျိုးတွေ ရှိလေတော့ ရုတ်တရက် သူတို့ မမှတ်မိ တော့ဘူး ဖြစ်သွား တာပေါ့။ "အမွှာတွေလို တစ်ပုံစံတည်း တူတဲ့ နေရာထဲမှာ လမ်းလျှောက် နေရတာကို စဉ်းစား ကြည့်လေ။ အဲ့ဒါ ကျွန်တော် မိတ်ဆုံ စားပွဲတွေ သွားတဲ့ အခါ ဖြစ်နေကျပဲ" လို့ prosopagnosic ဝေဒနာရှင် Glenn Alperin က The Atlantic ကိုပြောပြ ပါတယ်။ သူက လူတွေ သူ့ကို စကား စမပြောမချင်း ဘယ်တော့မှ မကြည့်ဘူး။ အဲစကား စပြောပြီ ဆိုတာနဲ့ အဲ့လူရဲ့ မျက်နှာကို ဘယ်လို မှတ်ထားရင် ကောင်းမလဲ ဆိုတာ လိုက်ရှာတော့ တာပဲတဲ့။

prosopagnosia နဲ့ပတ်သတ်တဲ့ ဆေးပညာ ဆိုင်ရာ မှတ်တမ်း မှတ်ရာ အခု၁၀၀ သာရှိပေမဲ့ Dartmouth College, Harvard University နဲ့ University College London မှစူးစမ်း လေ့လာသူ တွေကတော့ ဒီ့ထက် မကဘူးလို့ ဆိုပါတယ်။ လူဦးရေရဲ့ ၂.၅ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်နေ ပါတယ်။ လူငါးဆယ်မှာ တစ်ယောက် ဖြစ်နေတဲ့ သဘောပါ။ ဒီလို ရှားရှားပါးပါး ကိစ္စတော့ မဟုတ်ဘူးလို့  Harvard က prosopagnosia ဆိုင်ရာ အထူးပြု လေ့လာသူ Garga Chatterjee ကဆိုပါတယ်။ ဒါက ခင်ဗျားအသိ ထဲမှာတောင် prosopagnosia ဖြစ်နေတာ သူ့ဘာသာသူ မ သိတဲ့သူ ရှိရင်တောင် ရှိနေမှာ။ Brad Pitt နဲ့ artist Chuck Close လိုကျော်ကြားသူ အများစုက Prosopagnosia ရောဂါ ခံစား နေရတယ်လို့ ဆို ပါတယ်။ တချို့လူ တွေဟာ face blindness နဲ့မွေးလာ ကြတာပါ။ Developmental prosopagnosia ဟာမျိုးရိုး လိုက်ပါတယ်။ စူးစမ်း လေ့လာသူ တွေကတော့ ဒါဟာ genetic mutation or deletion ကြောင့်ဖြစ်တာလို့ ဆိုပါတယ်။

ဒီလိုလူမျိုး တွေဟာ သူတို့ဘာသာ prosopagnosia ဖြစ်နေမှန်း မသိကြပါဘူး။ ဒါဟာ colour blindness လိုပါပဲ။ ခင်ဗျား အမြင်က တခြားသူ တွေနဲ့ မှားယွင်း ကွဲလွဲ နေတယ်ဆို တခြားသူ တစ်ယောက်က ထောက်မပြ မချင်း သိမှာ မဟုတ်ဘူးလို့ ဝေဒနာရှင် Dori Frame က The New York Times ကိုပြောပါတယ်။ Acquired prosopagnosia ကတော့ ဦးခေါင်း ဒဏ်ရာ ဒါမှမဟုတ် လေဖြတ်တဲ့ လူနာတွေမှာ တွေ့ရ ပါတယ်။ သူတို့က အရင်က မျက်နှာ မှတ်မိနိုင်စွမ်း ရှိခဲ့တာကြောင့် သူတို့ ဘာဖြစ်နေ သလဲဆိုတာ ခံစားနိုင် ပါတယ်။ မျက်နှာ မှတ်မိနိုင်စွမ်း ဆုံးရှုံး သွားတဲ့ ဦးနှောက် ထိခိုက် လူနာတွေမှာ သူတို့တွေ မျက်နှာ တစ်ခုကို မြင်တဲ့အခါ သွေးတွေ ဘယ်လို စီးဆင်းတယ် ဆိုတာ တိုင်းတာ မှုတွေ လုပ်ထားတဲ့ လေ့လာမှု များစွာ ရှိနေပေမယ့် ဦးနှောက်က မျက်နှာ တစ်ခုကို ဘယ်လို ဖတ်သလဲ ဆိုတာ ကတော့ လျို့ဝှက် ချက် တစ်ခု ဖြစ်နေဆဲပါ။ "မျက်နှာ တစ်ခုကို မြင်လိုက် တဲ့အခါ ဦးနှောက် အစိတ်အပိုင်း တချို့ လှုပ်ရှား သွားတာနဲ့ပဲ အဲ့ဒီနေရာက မျက်နှာ တစ်ခု မှတ်သားနိုင်ဖို့ လိုအပ် တယ်လို့မှ မပြောနိုင်တာ" လို့ MIT ကသိပ္ပံပညာရှင် Nancy Kanwisher ကဆိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်လို့ စူးစမ်း လေ့လာ သူတွေက prosopagnosia ကုထုံးများ ဆိုပြီး ကုသဖို့ နည်းလမ်းတွေ ရှာနေ ပေမယ့် အခြေအနေ ကောင်းလာတဲ့ လူနာ တစ်ယောက် မှကို မရှိသေး ပါဘူး။


Images from mnn, i.huffpost, wiki.eveonline, i.i.cbsi, upload.wikimedia. Source: mnn.com

No comments:

Post a Comment