Friday, December 13, 2013

နှစ် ၄ဝ အရွယ် သန္ဓေသားအား ၈၂ နှစ်အရွယ် မိခင်ကြီး၏ ဝမ်းထဲတွင် တွေ့ရှိ



ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့နေ အသက် ၈၂ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦး၏ ဝမ်းဗိုက်ထဲတွင် အ သက် ၄ဝ အရွယ် သန္ဓေသားအား ထူးထူးဆန်းဆန်း ရှာဖွေတွေ့ရှိခဲ့ကြောင်း huffingtonpost ၏ သတင်း တစ်ရပ် အရ သိရှိရပါတယ်။ ၄ဝ နှစ်အရွယ် သန္ဓေသားဆိုလို့ အထုအထည်နဲ့ သန္ဓေသားကြီးများ ဖြစ်လေရော သလားလို့ အတွေးမရှိပါနဲ့ဦး၊ သန္ဓေမအောင်တဲ့ ၄ဝ နှစ်အရွယ် ကျောက်ရုပ်ကြွင်းသန္ဓေသား သာဖြစ် ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အဆိုပါ အမျိုးသမီးကြီးသည် ဝမ်းဗိုက်နာကျင်မှုဝေဒနာ ခံစားနေရသဖြင့် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူရာ ဆရာဝန်များက အူရောင်ငန်းဖျား ဝေဒနာ ခံစားနေရသည်ဟု ကနဦး ထင်မြင်ယူဆခဲ့ကြပါတယ်။ X-rays ရိုက်ယူအပြီး နောက်ပိုင်းတွင်မူ ယင်းတို့၏ ထင်မြင်ယူဆချက်များ တက်တက်စင်အောင် လွဲသွားခဲ့ရပါတယ်။ အကြောင်းကတော့ သူခံစားနေရသော ဝေဒနာသည် အူရောင်ငန်းဖျားရောဂါကြောင့် မဟုတ်ဘဲ၊ သူ၏ဝမ်းဗိုက်ထဲရှိ ကျောက်ရုပ်ကြွင်းအဖြစ် ကျန်ရှိနေခဲ့သော သန္ဓေသား ကြောင့်ဖြစ်တဲ့ ဝေဒနာကြောင့် ဖြစ်ပါတယ်။

အနှစ် ၄ဝ ကျော်အထိ ကိုယ့်ဗိုက်တွင်းက ကျောက်ရုပ်ကြွင်းသန္ဓေသား အကြောင်း မသိရကောင်းလားရယ်လို့ အပြစ်တင် မစောပါနဲ့ဦး။ အချို့အချို့သော အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်စဉ် မအီမသာဖြစ်မှုများ (Morning Sickness) ဖြစ်ပေါ်ပြီး မကြာမီ ယင်းလက္ခဏာများ ပျောက်ကွယ်သွား တတ်ပါတယ်။ ဒါကို ကိုယ်ဝန် အဖတ်မတင်ဘူး အထင်နဲ့ အချို့ အမျိုးသမီးများ ကဲ့သို့ မေ့မေ့ပျောက်ပျောက်ထားလေ့ ရှိခဲ့၍ပဲလား။ ငွေရေးကြေးရေး အကြပ်အတည်းကြောင့် ငွေကုန်ကြေးကျ များမည်စိုး၍ မဖယ်ရှားခဲ့ခြင်းပဲလား။ ဤအချက်နှစ်ခုထဲက တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျောက်ရုပ်ကြွင်း သန္ဓေသား ဆိုတာ ဘာလဲ

သာမန်အားဖြင့် ကိုယ်ဝန်ဆောင်ခြင်း အမှုကိစ္စတွင် မိခင်၏ သားအိမ်တွင်း ကိုယ်ဝန်ဆောင်ခြင်းနှင့် သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိပါတယ်။ ကိုယ်ဝန်သည် မိခင်လောင်း ကိုယ်ဝန်ဆောင်နေစဉ် သန္ဓေသားလောင်း မိခင်၏ သားအိမ်တွင်းသို့ ချောချောမွေ့မွေ့ ရာက်ရှိသွားသည့်အခါ သားအိမ်တွင်း ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပြီး၊ သားအိမ်အတွင်းသို့ မရောက်ဘဲ ဝမ်းဗိုက်ထဲတွင် ကျန်ရစ်နေသောအခါ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါတယ်။

သားအိမ်ပြင်ပသို့ ရောက်ရှိသွားသည့် သန္ဓေသားလောင်းမှာ အများအားဖြင့် သေဆုံးကြလေ့ရှိပြီး၊ ယင်းသည် မိခင်၏ကိုယ်တွင်းရှိ သန္ဓေသားအား ကာကွယ်ပေးသည့် အရည်ကြည် (Amniotic Fluid) နှင့် ဓာတ်ပြုမှုကြောင့် ပျက်ပြယ်သွားလေ့ရှိပါတယ်။ သန္ဓေသားလောင်း အများစုမှာ ဤသို့ သေဆုံး ပျက်ပြယ်သော်လည်း၊ လအနည်းငယ် အထိ အသက်ရှင်သည် သန္ဓေသားလောင်းလည်း ရှိပါတယ်။ ဒါပေမယ့် အလွန်တရာ ရှားပါးပါတယ်။

ယခုကဲ့သို့ အလွန်တရာ ရှားပါးသော လအနည်းငယ်သာ အသက်ရှင်သည့် သန္ဓေသားသည် အခြား သားအိမ်ပြင်ပရှိ သန္ဓေသားလောင်းများ ကဲ့သို့ နောက်ဆုံးတွင် သေဆုံးကြရပါတယ်။ ဒါပေမယ့် လအနည်းငယ် အသက်ရှင်ခဲ့တဲ့ သန္ဓေသား၏ ရုပ်လုံးအကောင်အထည်မှာ ဖွံ့ဖြိုးနေတာကြောင့် မိခင်လောင်း၏ ဝမ်းဗိုက်အတွင်းရှိ Amniotic Fluid သည် ယင်းနှင့် ဓာတ်ပြုနိုင်ခြင်းမရှိဘဲ၊ ကယ်လစီယမ်နှင့်သာ ဓာတ်ပြု၍ ‘ထုံး’ ကျောက်ရုပ်ကြွင်းအဖြစ် ဝမ်းဗိုက်တွင်း ကျန်ရစ်နေခဲ့ရပါတယ်။ ဤ ဖြစ်စဉ်မျိုးကို ဆေးပညာအရ ‘Lithopedion (သို့) Stone Baby’ ဟု ခေါ်ကြောင်း သိရပါတယ်။

ဤကဲ့သို့သော သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်စဉ်တွင် ကိုယ်ဝန်သည် မိခင်လောင်း အယောက်ပေါင်း ၁၁ဝဝဝ ထဲတွင်မှ တစ်ဦးတလေ ဖြစ်တတ်ပြီး၊ သားအိမ်ပြင်ပတွင် သေဆုံးသည့် သန္ဓေလောင်း၏ ကျောက်ရုပ်ကြွင်းသန္ဓေသား အဖြစ် (Lithopedion (သို့) Stone Baby) ပြောင်းလဲမှုဖြစ်စဉ်သည် ရာခိုင်နှုန်းအားဖြင့် ၁.၅ နှင့် ၁.၈ သာ ရှိကြောင်း သိရပါတယ်။

(မှတ်ချက် – ဤဆောင်းပါးပါ ဆေးပညာဆိုင်ရာ ဝေါဟာရများကို မှားယွင်းသုံးနှုန်းမိပါက စာရေးသူ၏ လိုအပ် ချက် သာဖြစ်ပါကြောင်း။ ဆေးပညာ ဆိုင်ရာ ဝေါဟာရများကို ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင်များကိုလည်း အမှားပြင်ဆင်ပေးပါရန် ဖိတ်ခေါ်ပါတယ်။)


By မောင်သြ
Myanmar Consumer Guide

No comments:

Post a Comment