Sunday, December 8, 2013

သွတ်သွင်းခံရသူများ (၁) -


ညနေခင်းတစ်ခုရဲ့ မီးပွိုင့်တစ်ခုနားက ဖြတ်သွားတဲ့အချိန် . . မီးပွိုင့်မှာ လူတစ်အုပ်ကိုတွေ့လိုက်တယ်။ အုပ်စုလိုက် တောင်းနေကြတဲ့ သူဖုန်းစားအုပ်စု တစ်စုပေါ့။ သန်သန်မာမာ အမျိုးသမီးကြီး (၃) ယောက်လောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဆိုပါတော့။ ကလေးတွေကလည်း ၂ နှစ် ၊၃ နှစ်အရွယ်က အစ ၁၂၊ ၁၃ နှစ်အရွယ်တွေတောင် ပါတယ်။

ကလေးတွေကို မြင်တော့ သူတို့ဘဝလေးတွေကို သနားမိတယ်။ တကယ်တော့ သူတို့တွေဟာ တောင်းစားခြင်းဆိုတဲ့ အကျင့်ဆိုးကြီးကို အတင်းအဓမ္မ ရိုက်သွင်းခြင်းခံလိုက်ရတာ။ အမှန်ဆို တစ်ခြားကလေးတွေလို ကျောင်းတက်၊ စာကျက်နေရမယ့် အရွယ်လေးတွေ။ သူတို့လေးတွေ ကြီးပြင်းလာရင် ဘာလုပ်ကိုင်စားသောက်ကြမယ်ထင်လဲ။ ကျွန်တော်ကတော့ ငယ်ငယ်ထဲက တောင်းရမ်းခြင်း အကျင့် သွတ်သွင်းခံရတဲ့ ကလေးတွေဟာ သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ကြောင့် အလုပ်လုပ်ရမယ်ဆိုတဲ့ အသိရှိလာမှာ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ မကောင်းတဲ့ အကျင့်တွေက အကျင့်ကောင်းလေးတွေကို ဝါးမြိုလိုက်မယ်။ ပြီးတော့ နေ့စဉ်လုပ်နေရတဲ့ အလုပ်အပေါ် လူ့သဘာဝအလျောက် ခင်တွယ်ပြီး ဒီလို မပင်မပန်းနဲ့ ပိုက်ဆံရတဲ့ အလုပ်အပေါ်ပဲ စွဲမြဲသွားလိမ့်မယ်လို့ မြင်တယ်။ ကြီးလာရင်လည်း ဒီလိုပဲ တောင်းပြီးပဲ နေထိုင်ကြအုန်းမယ်လို့ပဲမြင်တယ်။

 ဘာလို့လဲဆိုတော့ ကျွန်တော်အရင်က နေခဲ့ဖူးတဲ့ ရပ်ကွက်ထဲမှာ သူတောင်းစား အမျိုးသမီး (၂)ယောက်ကို သိခဲ့ဖူးတယ်။ တစ်ယောက်က အသက်(၃၀) ဝန်းကျင်လောက်ပဲ ရှိအုန်းမယ်။ သူက သန်သန်မာမာပဲ။ သူတောင်းစားဆိုပြီး အထင်မသေးလိုက်နဲ့။ သူ့ရဲ့ တစ်နေ့တာ ဝင်ငွေက အောက်ထစ် (၅၀၀၀)ကနေ တစ်သောင်းကြားရှိတယ်။ လွန်ခဲတဲ့ (၆) နှစ်လောက်က ဝင်ငွေနော်။ ဘာလို့ သူ့ဝင်ငွေကို ကျွန်တော်သိသလဲဆိုတော့ သူက ညဖက်ဆို ကျွန်တော်တို့ ဆိုင်မှာ တစ်နေ့တာ တောင်းလို့ ရသမျှ အကြွေတွေလာလာ လဲနေကြလေ။

ဒီလို သန်သန်မာမာကြီးနဲ့ ဘယ်လိုတောင်းသလဲ။ လူတွေက ဘာလို့ပေးလဲဆိုတာကို ကျွန်တော် စဉ်းစားလို့ကို မရဘူး။ မေးဖို့ကလဲ စိတ်ထဲ မသန့်တာနဲ့ မမေးဖြစ်တော့ဘူး။ ဒါပေမယ့် သိတော့ အရမ်းသိချင်နေခဲ့တာ။ ဒီလိုနဲ့ တစ်ရက် ညဖက်မှာ မြို့ထဲက သူငယ်ချင်းတွေနဲ့ မြို့ထဲတစ်နေရာမှာ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ အဲဒီအချိန်မှာ လက်ဖက်ရည်ဝိုင်းတွေကို ပိုက်ဆံလိုက်တောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။ သနားပါတယ်။ သူ့ခမျာ အောက်ပိုင်းသေနေလေတော့ ဖိနပ်ကို လက်နှစ်ဖက်မှာစွပ်၊ လက်နှစ်ဖက်ကိုအားပြုပြီး တရွတ်တိုက်ဆွဲပြီး လိုက်တောင်းရတယ်။ ဝိုင်းတိုင်းကလည်း ပေးကြတယ်။ လက်ဖက်ရည်ဆိုင်က ပလက်ဖောင်းပေါ်မှာဆိုတော့ အမှောင်ရိပ်နည်းနည်းကျတယ်။ နည်းနည်းလည်း လှမ်းတော့ လိုက်တောင်းနေတဲ့ အမျိုးသမီးရဲ့ မျက်နှာကို ကောင်းကောင်း မမြင်ရဘူး။ ကျွန်တော့်တို့ ဝိုင်းကိုလည်း ရောက်ရော ကျွန်တော့် သူငယ်ချင်းက ပိုက်ဆံပေးဖို့ အိပ်ကပ်ထဲနှိုက်နေချိန်မှ ကျွန်တော် သူ့ရဲ့ မျက်နှာကို ဘေးတိုက် မြင်လိုက်တာ။

ဟိုက်ရှားဘား . . ဆိုင်မှာ အကြွေလာလာ လဲပေးနေတဲ့ ကျေးဇူးရှင်ပဲကိုး။ သူကတော့ ကျွန်တော့်ကို မမြင်ဘူး။ ဘယ်မြင်ပါ့မလဲ။ ကျွန်တော့် သူငယ်ချင်း အိပ်ကပ်ထဲက ခုန်ထွက်လာမယ့် ခြင်္သေ့က ဘာခြင်္သေ့ဖြစ်မလဲဆိုတာကိုပဲ စိတ်ဝင်စားနေတာ။ အဲဒါမှ ကျွန်တော် သဘောပေါက်တော့တယ်။ သြော် .. သူတို့တွေက မရှိလို့ တောင်းစားတာမှ မဟုတ်ပဲ။ အလွယ်တကူ ပိုက်ဆံရနိုင်တဲ့ အဲဒီအကျင့်ဆိုးကြီးကို လွင့်မပစ်နိုင်လောက်အောင်ကို သူတို့ကိုယ်တိုင် မက်မောသွားပြီလေ။ အဲဒီလိုနဲ့ သူတို့ကို သနားစရာကောင်းတဲ့ သူတွေလို့ မမြင်တော့ပဲ လူလိမ်တွေလို့ မြင်မိသွားတယ်။ အဲဒီအချိန်ကတည်းက ကလေးတွေနဲ့ လူလတ်ပိုင်းသန်သန်မာမာတွေတောင်းရင် မပေးဖြစ်တော့ဘူး။

ဘာလို့လဲ ဆိုတော့ မကောင်းတဲ့ အကျင့်ကြီး သွတ်သွင်းခံရတဲ့ သူတို့တွေကို အဲဒီအကျင့် အပေါ် တက်မက်စိတ်ဖြစ်လာအောင် ကျွန်တော် ထပ်ပြီး မရိုက်သွင်းပေးချင်တော့လို့ပဲ။ အသက်ကြီးပိုင်းတွေနဲ့ တကယ့်ကို ဒုက္ခိတလို့ ထင်ရတဲ့သူတွေကိုပဲ ပေးတော့တယ်။ သူတို့တွေကပါ အဲဒီမကောင်းတဲ့ အကျင့်ကြီးကို တက်မက်နေကြတဲ့ လူတွေ၊ တကယ်ဒုက္ခိတမဟုတ်ပဲ လူလိမ်တွေဖြစ်နေမယ်ဆိုရင်ကောလို့ ဆိုလာရင်တော့ . . . သူတို့က အကျင့်ဆိုးကို မက်မောနေရင်တောင် ဘာမှ မလုပ်စားနိုင်တော့တဲ့ သူတွေလို့ထင်လို့ ပေးသင့်တယ်လို့တော့ ကျွန်တော်မြင်တယ်လေ။ လူလိမ်တွေဆိုရင်တော့ သူတို့စိတ်တွေ ဘယ်လောက်ညစ်ပတ်ညစ်ပတ် ကျွန်တော်မိုးတိမ်ရဲ့ စေတနာကတော့ သန့်ပါတယ်လို့ပဲ . . . ။

 (မိုးတိမ်ကဗျာ)

No comments:

Post a Comment