Saturday, December 14, 2013

ရွာသာယာက မြနှင်းမှုံ... အပိုင်း(၂)


(၃)

လင်းကြက်တွန်လိုက်သည်နှင့် နေမင်းကြီးကလည်း သူ၏ ရှေ့ပြေးရောင်ခြည်များနှင့် ကမ္ဘာမြေကြီးကို နှုတ်ဆက်လိုက်လေသည်။ မနက်မိုးလင်းသည်နှင့် ရွာဓလေ့ထုံးစံအတိုင်း လင်းကြက်တွန်သည်နှင့် စောစောနိုးနေပြီး ကျော်စိုးလည်းနိုးနေချေပြီ။ ကျွန်တော်ကတော့ မနေ့ကခရိးပန်းလာသည့်ဒဏ်ကြောင့်လား.. ညက အိမ်မက်ဆိုးကြောင့်လား မသိ .. တော်တော်နဲ့မထဖြစ်သေး။ သို့သော် မြို့ပြမှာ မကြားခဲ့ရသည့် ကြက်တွန်သံ၊ ၀ါးကြမ်းခင်းအိမ်ဖြစ်သဖြင့် ကျော်စိုးထသွားသောအခါ တချိုးချိုး တချွတ်ချွတ်သံတို့ကြောင့် ဘယ်လိုမှအိပ်မရတော့။

ကျော်စိုး။ ။ " ငမင်းရေ.. ငမင်း .. ထတော့ကွာ.. မင်း နိုးနေပြီ ဆိုတာ ငါသိတယ်.. မင်းအတွက် ငါထမင်းကြော် ကြော်ထားပေးတယ်.. အိပ်မရမယ့် အတူတူ ထစားလိုက်အုန်း.. နေ့လည်မှပြန်အိပ်ပေါ့ကွာ.."

ကျွန်တော်။ ။ " အေးပါကွာ.. ထပါပြီဟ.. မင်းနိုးကတည်းက ငါနိုးနေသားပဲ.. တမင်တကာ မထဘဲ နှပ်နေတာ.. ကဲကဲ.. မျက်နှာသစ်ပြီးရင် တူတူဝါးတီးဆွဲမယ်ကွာ.. အော်..ဒါနဲ့ မင်းတို့ရွာမှာ လက်ဘက်ရည်ဆိုင်လေးဘာလေးများမရှိဘူးလား..."

ကျော်စိုး။ ။ " ဘာလက်ဘက်ရည်ဆိုင်မှ မရှိဘူး.. မင်းသိပ်သောက်ချင်ရင် ကော်ဖီမစ်ထုတ်တွေတော့ရှိတယ်.. ကိုယ့်ဘာသာဖျော်သောက်ပေတော့.. ဒါရွာနော်.. မြို့မဟုတ်ဘူး.. ဂျီးများမယ် မကြံနဲ့.. "

ကျွန်တော်။ ။ " ဟာ .. ဘလိုင်းကြီး လွှတ်နေပါလား.. အေးပါကွာ.. မင်းဆီမှာနေတယ်ဆိုတော့လည်း အခွင့်ရတုန်းပြောထားပေါ့....ဆရာရယ်.. ကျွန်တော်မှားသွားပါတယ်နော်.. "

ကျော်စိုး။ ။ " အဲသလို ရိုရိုသေသေဆက်ဆံ.. ဟားဟား.. လေများနေတယ်ကွာ.. သွား... မျက်နှာသစ်တော့.. "

ကျွန်တော်။ ။ " OK..."

ပြောပြောဆိုဆို သွားတိုက်ဆေး၊ သွားပွတ်တံနှင့် ရေခွက်ယူပြီး ရေတွင်းသို့ထွက်လာခဲ့သည်။ တစ်ခါတည်း ရေချိုးမည်ကြံသော်လည်း လက်နှင့်ရေ ထိတွေ့အပြီး ထိုအတွေးစပါ ပျောက်ပျက်သွားသည်။ " အားးးး အေးလိုက်တာ..ချိုးသေးပါဘူး..နောက်မှချိုးလည်း ရသားပဲ.. " ကိုယ့်ဘာသာဖြေသိမ့်၍ မျက်နှာသစ်ပြီး အိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။

မကြာမီ နံနက်ခင်းေ၇ာင်ခြည်အောက်တွင် ကြည်ညိုဖွယ်ရာ သင်္ကန်းတော်များ လွှမ်းခြုံထားသော သံဃာတော်များ ဆွမ်းခံကြွလာလေသည်။ ကိုယ်ဆင်းရဲသော်လည်း စေတနာသဒ္ဒါတရား မဆင်းရဲသော ရွာသူရွာသားများက အိမ်ပေါက်စေ့ နီးပါး ဆွမ်းဟင်းများကပ်လှူကြသော ပုံရိပ်သည် အင်မတန် ကြည်နူးစရာကောင်းသဖြင့် လက်စွဲတော်ကင်မ၇ာလေးနှင့် တဖြတ်ဖြတ် ရိုက်နေမိတော့သည်။ ကျော်စိုး ဆွမ်းလောင်းပြီးသည်နှင့်

ကျွန်တော်။ ။ " ဒီရွာလေးရဲ့ သာယာပုံကို ငါဓါတ်ပုံရိုက်ချင်တယ်ကွာ...ခုလို နံနက်စောစောနေရောင်အောက်မှာ ဓါတ်ပုံရိုက်ရရင်တော့ တော်တော်ကောင်းမှာပဲ.. ငါလျှောက်ရိုက်ချင်တယ်.. မင်းလိုက်မလား..."

ကျော်စိုး။ ။ " လိုက်မှာပေါ့ကွ.. ငါက ဒီရွာခံပဲ.. ခဏစောင့်.."

အနွေးထည်တစ်ထည်ကောက်စွပ်ပြီး ကျွန်တော်နှင့်လိုက်ရန် ဟန်ပြင်နေစဉ် ရွာသားတစ်ယောက်ရောက်လာလေသည်။

ရွာသား။ ။ " ကိုကျော်စိုး.. ရွာလူကြီးခေါ်ခိုင်းလိုက်လို့ .. ခုလာခဲ့ပါ တဲ့.."

ကျော်စိုး။ ။ " အဲဒါမှ ပြသနာပဲ.. ဒီမှာ ငါ့ဧည့်သည်ကလည်း တို့ရွာလေးရဲ့သာယာပုံကို ဓါတ်ပုံရိုက်ချင်လို့ ငါခုပဲအဖော်လုပ်ပြီးလိုက်ပြမလို့ကွ... ရွာလူကြီးက ဘာကိစ္စတဲ့လဲ.."

ရွာသား။ ။ " အဲဒါတော့ မသိဘူး.. ကိုကျော်စိုး.. ကျွန်တော့်ကိုလည်း ရွာလူကြီးမှာခိုင်းလို့ လာပြောရတာ.. ဒီလိုလုပ်ပါလား.. ကျွန်တော်လည်း အားနေတာပဲ.. ဒီက ဧည့်သည်ကို ကျွန်တော်လိုက်ပြလိုက်မယ်.. ကိုကျော်စိုးက ရွာလူကြီးဆီ သွားလိုက်ပေါ့. မကောင်းဘူးလား.."

ကျော်စိုး။ ။ " အဲဒါလည်း မဆိုးပါဘူး..ကဲ.. ငမင်းရေ.. မင်း သူနဲ့သာလိုက်သွားပေတော့.. သူကလည်း ငါတို့ရွာသားပဲ.. ကိုအောင်သူ တဲ့.. ကိုအောင်သူ .. ဒါက ကျွန်တော်သူငယ်ချင်း မင်းမနိုင်တဲ့.. "

ကျွန်တော်။ ။ " ဟုတ်ကဲ့... ကျွန်တော် မင်းမနိုင်ပါ.. တွေ့ရတာ ၀မ်းသာပါတယ်.. ကျွန်တော်လည်း ဒီရွာလေးက အရမ်းသာယာလို့ ဓါတ်ပုံလိုက်ရိုက်ချင်နေတာပါ.. ဒီက ကိုအောင်သူက လိုက်ပြမယ်ဆိုတော့ ပိုကောင်းတာပေါ့ဗျာ.. ကဲ..ကျော်စိုးရေ.. မင်းလုပ်စရာရှိတာ အေးဆေးလုပ်.. ငါ့အတွက် စိတ်မပူနဲ့.. ငါ ကိုအောင်သူ နဲ့လိုက်သွားလိုက်မယ်.. "

ကျော်စိုး။ ။ " အေးအေး..ဒါဆိုလည်း ငါစိတ်ချပြီ.. ကဲ.. ငါသွားပြီ.. "

ကျွန်တော်။ ။ " အေး.. ကဲ. ကိုအောင်သူရေ.. ရွာထဲတော့ နောက်မှရိုက်တော့မယ်.. ရွာအနီးအနားက ဓါတ်ပုံရိုက်လို့ကောင်းမယ် နေရာလေးတွေကို လိုက်ပို့ပါတော့ဗျာ... ကဲ.. သွားရအောင်.."

လယ်ကွင်းစိမ်းစိမ်းလေးတွေ.. ရွာဦးက စေတီတော်နှင့် ရွာနဘေးက ချောင်းကလေး.. တံတားကလေးတွေ.. ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့ရသည်။ ဓါတ်ပုံရိုက်ရင်းနှင့် အသုံးမပြုတော့သော လယ်ကွက်လေးများနှင့် တဲအိမ်လေးတစ်အိမ်ကို သွားမြင်လိုက်ရသည်။

ကျွန်တော်။ ။ " ကိုအောင်သူရေ.. ဟိုရှေ့နားက တဲလေးနဲ့လယ်ကွက်တွေက ဘယ်သူမှမသုံးဘူးလားဗျ.. နှမြောစရာဗျာ.. အဲဒါဘယ်သူပိုင်တာလဲ.. ပိုင်ရှင်မရှိဘူးလား.."

ကိုအောင်သူမှ မျက်နှာတစ်ချက်ပျက်သွားပြီး

ကိုအောင်သူ။ ။ “ အရင်တုန်းကတော့ ပိုင်ရှင်တွေရှိပါတယ်.. ဒါပေမယ့် ခုတော့မရှိတော့ဘူးလေ.. လာပါဗျာ.. တခြားနေရာသွားရိုက်ရအောင် .. နေရာကောင်းကောင်းလေးတွေ ရှိပါသေးတယ်.. ဒီမှာ ဘာမှမရှိတော့ဘူး.. “

ပြောပြောဆိုဆို အတင်းလက်ဆွဲခေါ်နေသဖြင့် မလိုက်ချင်လိုက်ချင်နှင့် ပြန်လိုက်မည်အပြု ထိုလူမနေတော့သော တဲအိမ်လေးနံဘေးမှ အရိပ်ကလေးတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။

“ ဟင်..မြနှင်းမှုံ..”

ကိုအောင်သူတစ်ယောက် သွားနေဆဲခြေလှမ်းများ တုံ့ကနဲ ရပ်သွားပြီး..

“ ဘယ်မှာလဲ.. ဘယ်မှာလဲ.. လာပါဗျာ.. မြန်မြန်လေးလာစမ်းပါ.. ဒီနေရာက သိပ်နေလို့ကောင်းတဲ့နေရာမဟုတ်ဘူး.. တခြားရွာသားတွေတောင် ဒီနေရာကိုအဖော်မပါဘဲ ဘယ်သူမှလာရဲကြတာမဟုတ်ဘူး.. ပြန်ကြရအောင်ဗျာ.. ကိုကျော်စိုး စိတ်ပူနေလိမ့်မယ်.. “

ကိုအောင်သူ အတင်းခေါ်နေသဖြင့်သာ ပြန်လိုက်ခဲ့ရသည်။ သိပ်တော့မပြန်ချင်သေး… ဒီကောင်မလေးက မြနှင်းမှုံ အစစ်ဟုတ်မဟုတ် သိချင်နေသည်။ စိတ်ပျက်အားငယ်နေသော ကောင်မလေး၏မျက်လုံးများမှ တစ်စုံတစ်ရာကို မျှော်လင့်နေသော တောင့်တနေသောအရိပ်အယောင်များကို မြင်နေရသည်။ အပြန်လမ်းတွင်လည်း ထိုအကြောင်းသာ ခေါင်းထဲစွဲနေလေတော့သည်။

အိမ်ပြန်ရောက်သည်နှင့် ကိုအောင်သူတစ်ယောက် ကျော်စိုးကို ဘယ်အချိန် သတင်းပို့လိုက်သည်မသိ…

ကျော်စိုး။ ။ “ ငမင်း..မင်းမနက်က ဓါတ်ပုံသွားရိုက်တုန်းက မြနှင်းမှုံတို့လယ်ကွက်နားရောက်ခဲ့တယ်ဆို.. “

ကျွန်တော်။ ။ “ မြနှင်းမှုံတို့လယ်ကွက်မှန်း ငါက ဘယ်လိုလုပ်သိမှာလဲကွ.. ဒီလိုပဲ.. ဓါတ်ပုံလျှောက်ရိုက်ရင်း အမှတ်မထင်ရောက်သွားတာပါကွာ.. “

ကျော်စိုး။ ။ “ နောက်ပြီး မင်း မြနှင်းမှုံကိုလှမ်းမြင်လိုက်သေးတယ်ဆို..”

ကျွန်တော်။ ။ “ ဟားဟား.. ကိုအောင်သူတစ်ယောက်ကတော့ ဘယ်အချိန် သတင်းပို့လိုက်လဲမသိဘူး.. ဒီမှာကျော်စိုး.. ငါ မြနှင်းမှုံတို့လယ်နားရောက်သွားတယ်ဆိုတာ မှန်တယ်.. ဒါပေမယ့် ငါတွေ့လိုက်တဲ့ ကောင်မလေးက မြနှင်းမှုံအစစ် ဟုတ်မဟုတ်.. ငါလည်း သေချာမသိသလို မင်းလည်းသေချာသိမှာမဟုတ်ဘူး.. အဲဒါကြောင့် မင်းစိတ်ပူနေတာတွေကို နဲနဲလောက်လျော့လိုက်ပါကွာ.. နော်.. ငါကလည်း ကလေးမဟုတ်တော့ပါဘူး..”

ကျော်စိုး။ ။ " အဲလိုကလေးမဟုတ်လို့လည်း ကိုယ့်သူငယ်ချင်းအတွက် စိတ်ပူရတာပေါ့ကွ.. နောက်ပြီး အဲဒီလယ်နားကို သာမာန်မိန်းကလေးမပြောနဲ့.. ငါတို့လို ယောင်္ကျားကြီးတွေတောင် အဖော်မပါဘဲသွားရဲတာမဟုတ်ဘူး.. မင်းမြင်ခဲ့တာ မိန်းကလေးဆိုတော့ မြနှင်းမှုံဖြစ်မှာ သေချာတယ်..”

ကျွန်တော်။ ။ “ အဲလောက်ကြီးတစ်ထစ်ချကြီးလည်း မတွေးပါနဲ့ကွာ.. တခြားရွာက ဖြတ်သွားဖြတ်လာမိန်းကလေးတစ်ယောက်ယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပါ.. နောက်ပြီး သူငါ့ကို ဒုက္ခပေးချင်ရင် ပထမတစ်ခေါက် ငါလာကတည်းက လမ်းမှာဒုက္ခပေးမှာပေါ့.. သူ့မျက်လုံးက အရမ်းအားငယ်ပြီး တစ်ခုခုကိုမျှော်လင့်နေတဲ့ မျက်လုံးမျိုးကွ.. ဒုက္ခပေးမယ့် မျက်လုံးမဟုတ်ပါဘူး.. “

ကျော်စိုး။ ။ “ ငါက သူဒုက္ခပေးမှာကို စိုးရိမ်တာမဟုတ်ဘူးဟေ့.. သူ့အဖေကြီးက မင်းကိုဒုက္ခပေးမှာစိုးလို့ပြောနေရတာ… “

ကျွန်တော်။ ။ “ အေးပါကွာ.. မင်းစေတနာ ငါနားလည်ပါတယ်.. ငါ့အတွက်စိတ်မပူနဲ့တော့နော်.. ကဲကဲ.. ငါလည်း နားတော့မယ်.. မင်းလည်းနားတော့နော်..”

ကျော်စိုး။ ။ “ အေးပါ..အေးပါ.. မင်း ငါစိတ်ပူအောင်မလုပ်တော့ဘူးဆိုရင်လည်း ပြီးတာပါပဲကွာ…ငါသွားမယ်..”

ကျွန်တော်။ ။ “ အေးပါကွာ.. ငါလည်း မင်းကို စိတ်ပူအောင်မလုပ်ပါဘူး..”

အင်း.. မြနှင်းမှုံ .. မြနှင်းမှုံ ဘာဖြစ်လို့များ မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတာလဲ.. မင်းမျက်လုံးတွေထဲက အားငယ်မှုတွေ မျှော်လင့်ချက်တွေကို ငါမြင်နေရတယ်.. ငါ မင်းအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ငါကိုယ်တိုင်သေချာမသိပေမယ့် ကူညီခွင့်ရခဲ့ရင် ကူညီချင်ပါတယ်ကွာ…

ဒီနေ့တော့ ကျော်စိုးကို ရွာထဲခဏသွားဦးမယ် လို့ပြောပြီး ဘယ်သူကိုမှအဖော်မခေါ်ဘဲ မြနှင်းမှုံတို့ တဲဆီသို့လက်စွဲတော် ကင်မရာလေးနှင့် တစ်ယောက်တည်းထွက်လာခဲ့လေသည်။ တဲလေးထဲသို့ ကြည့်လိုက်သောအခါ အရာအားလုံးက ရှုတ်ပွလျက် အိုးခွက်ပန်းကန်များကလည်း ဖုံအလိမ်းလိမ်းနဲ့ဖြစ်နေပေပြီ.. တဲလေး၏ အတွင်းဘက်တွင် အခန်းတစ်ခန်းရှိနေသေးသည်။ ရောက်ပြီးသည်နှင့်မထူးတော့ဟု သဘောထားလိုက်ပြီး အတွင်းခန်းထဲဝင်ကြည့်လိုက်သည်။ ထိုအခန်းမှာ မြနှင်းမှုံ အသက်ရှင်စဉ်က နေခဲ့သောအခန်းဖြစ်ဟန်တူသည်။ အဘယ့်ကြောင့်ဆိုသော် အခန်းထဲတွင် မိန်းကလေးတစ်ယောက်၏ အသုံးအဆောင်များဖြစ်သော မှန်၊ ဘီး၊ ကျောက်ပြင် အစရှိသဖြင့် အလှပြင်ပစ္စည်းများ ရှိနေသောကြောင့်ဖြစ်သည်။ မှန်လေးကို ကြည့်မိသည့်အခိုက်တွင်.. မှန်ထဲတွင် ကျွန်တော့်ကို ကြည့်နေသောကောင်မလေးတစ်ယောက်ကို အမှတ်မထင်တွေ့လိုက်ရလေသည်။

“ ဟာ..”

ကျွန်တော် ဖြတ်ခနဲပြန်အလှည့် ထိုကောင်မလေးမှာ လုံးဝပျောက်ကွယ်သွားပေသည်။ ထင်ယောင်ထင်မှားဖြစ်နေခြင်းပဲလား.. ဒါပေမယ့် မြင်လိုက်ရတာတော့သေချာသည်။ မထူးတော့.. ဒီရောက်ပြီးမှ ဒီတဲကိုရောက်ခဲ့ကြောင်း ကျော်စိုးကိုပြနိုင်ရန် သက်သေအထောက်အထားတစ်ခုခုယူသွားရမည်။ ဒါမှ အယူသည်းနေသော သူငယ်ချင်းကိုဖြောင်းဖြနိုင်မည် ဟုတွေးပြီး တဲ၏နေရာအနှံ့သို့ ဓါတ်ပုံလျှောက်ရိုက်နေမိသည်။ ထိုစဉ် အတွင်းခန်း နံရံတစ်ဘက်တွင် ချိတ်ထားသော စံပယ်ပန်းတစ်ကုံးကို သတိပြုမိသွားသည်။

“ ဟင်.. စံပယ်ပန်းက လတ်လတ်ဆတ်ဆတ်ပါလား.. တစ်ယောက်ယောက်များလာချိတ်ထားတာလား.. ဒါမှမဟုတ်.. မြနှင်းမှုံကိုယ်တိုင်ပဲလား.. “

တွေးရင်း ထိုစံပယ်ပန်းကိုပါ ဓါတ်ပုံရိုက်လိုက်သည်။ ကျေနပ်လောက်အောင် ဓါတ်ပုံများ ရိုက်ပြီးသည်နှင့် ပြန်ရန် ပြင်လိုက်စဉ် အလွန်ပုတ်စော်နံနေသော အနံ့ဆိုးကြီးတစ်ခုကို ရလိုက်လေတော့သည်။ ဟင်းး နံလိုက်တာ.. ဒီနားမှာ ဘယ်အကောင်များ ပုတ်နေလဲမသိဘူး.. စောစောက အနံ့မရပါဘူး.. ထိုသို့တွေးနေစဉ် ဘေးဘက်တဲအိမ်နံရံကို တစ်ယောက်ယောက်က လာပုတ်သည့်ဟန် တဘုတ်ဘုတ် အသံကြားနေရသည်။

ဘုတ် ဘုတ်.. ဘုတ် ဘုတ်..

တဆက်တည်းမှာပင် တဲအိမ်ကြီးမှာ လေမတိုက်ဘဲ တကျွီကျွီနှင့် ရမ်းခါလာလေတော့သည်။

ဟာ.. တသက်နှင့်တကိုယ် မကြုံဖူးသော အဖြစ်မျိုးနှင့် ကြုံလိုက်ရသောအခါ တစ်ကိုယ်လုံချွေးစေးများထွက်လာလေတော့သည်။ ထို့နောက် ထိုတဲနှင့်ဝေးရာသို့ပြေးထွက်လာခဲ့မိသည်။ ထိုအချိန်ထိ အနောက်မှ ခြေသံများက လိုက်လာလေဟန် ကြားရပြန်လေသည်။ မထူးတော့.. နောက်က ခြေသံကလည်း တော်တော်နီးလာလေပြီ.. ရုတ်တရတ် ထိုင်ချလိုက်ပြီး ငယ်ငယ်ကတည်းက အမြဲရွတ်လေ့ရွတ်ထရှိသော သံဗုဒ္ဒေ ဂါထာတော်ကို ရွက်နေလိုက်သည်။ မကြာမီ ဘေးပတ်ဝန်းကျင်တွင် လူနှစ်ယောက်ထက်မနည်း ခြေသံများ၊ တက်ခေါက်သံများကို ကြားနေရသည်။ ခဏကြာသောအခါ မိန်းကလေးတစ်ယောက်၏ ငိုရှိုက်သံနှင့်အတူ ခြေသံများပါ ပျောက်သွားလေတော့သည်။ ခဏကြာသော် ရွာသားတစ်ယောက်ရောက်လာပြီး

ရွာသား။ ။ “ အစ်ကိုက ကိုကျော်စိုးရဲ့သူငယ်ချင်းမဟုတ်လား.. ဒီမှာ ဘာထိုင်လုပ်နေတာလဲ..”

ကျွန်တော်။ ။ “ ဘာမှမဟုတ်ပါဘူးကွာ.. ညောင်းလို့ထိုင်နေတာပါ..နောက်ပြီး ဒီနားမှာနေရင်း ဘယ်နေရာတွေ ဓါတ်ပုံရိုက်စရာကျန်သေးလဲ စဉ်းစားကြည့်နေတာပါ..”

ရွာသား။ ။ “ အစ်ကိုကတော့လုပ်တော့မယ်.. လမ်းမကြီးပေါ်ထိုင်ပြီး စဉ်းစားနေရတယ်လို့..နောက်ပြီး ဒီလမ်းက လူကလည်း ပြတ်မှပြတ်.. ကျွန်တော်တောင် ဟိုဘက်ရွာက ကျွန်တော့်အမေခေါ်လို့ အမြန် ဒီလမ်းကို မမှောင်ခင် ကူးမယ်ဆိုပြီး မနည်းအားတင်းပြီးထွက်လာရတာ.. အစ်ကိုမကြောက်ဘူးလား..”

ကျွန်တော်။ ။ “ ဒီလိုပါပဲကွာ.. ကဲ.. မင်းလည်း သွားလိုက်အုန်း.. ငါလည်း ပြန်လိုက်အုန်းမယ်.. သွားပြီကွာ.. ကျေးဇူးပဲ..”

ရွာသား။ ။ “ ဗျာ.. အစ်ကိုက ကျွန်တော့်ကို ဘာကျေးဇူးတင်တာလဲ..”

ကျွန်တော်။ ။ “အော်.. ဘာမှမဟုတ်ပါဘူးကွာ..သွားပြီဟေ့..”

ထိုရွာသားတော့ ဘယ်လိုတွေးမည်မသိ။ ကျွန်တော်ကတော့ ပြောလိုက်သည့် ကျေးဇူးဆိုသောစကားအဓိပ္ပါယ်ကို ကျွန်တော်ပဲသိပါသည်။

နောက်နေ့…

ကျွန်တော်။ ။ “ ကျော်စိုးရေ.. ငါ ရိုက်ပြီးတဲ့ ပုံတွေ အနီးဆုံးမြို့ပေါ်တက်ပြီး သွားကူးလိုက်အုန်းမယ်..”

ကျော်စိုး။ ။ “ အေးအေး.. ကိုဖိုးထောင်လည်း ဒီနေ့ မြို့ပေါ်ဈေးသွားဝယ်စရာရှိတယ် တဲ့.. မင်းလိုက်မယ့်အကြောင်း မြန်မြန်လေးသွားပြောထားမှ.. တော်ကြာ ငါတို့ရဲ့ ဆက်သွယ်ရေးယာဉ်ကြီး ထွက်သွားအုန်းမယ်.. “

ကျွန်တော်။ ။ “အေးအေး..”

(မှတ်ချက်။ ။ ထိုအချိန်တွင် ယခုကဲ့သို့ ဒီဂျစ်တယ် ကင်မရာများ သိပ်ခေတ်မစားသေးဘဲ ဖလင်ဖြင့် ရိုက်ရသော ကင်မရာများခေတ်ဖြစ်ပါသည်။)

မြို့ပေါ်မှ ပြန်ရောက်လာသောအခါ.. အေးအေးဆေးဆေးမှ ကြည့်မည်ဟု အားခဲထားသော ဓါတ်ပုံများကို ယူကြည့်နေလိုက်သည်။ ထိုစဉ်ကျော်စိုးရောက်လာပြီး ကျွန်တော်နဲ့အတူတူ ဓါတ်ပုံများကို ကြည့်နေလေသည်။

ကျော်စိုး။ ။ “မင်းရိုက်တဲ့ ရှုခင်းပုံတွေ မဆိုးဘူးကွ.. မင်းတော်တော်တိုးတက်လာပြီ..”

ကျွန်တော်။ ။ “ အေးပါကွာ.. အချင်းချင်းတွေ ကပ်မြှောက်နေစရာမလိုပါဘူး.. “

ကျော်စိုး။ ။ “ ဘာလဲ.. မင်းက အဲ့လိုပြောရင် မကြိုက်ဘူးလား..”

ကျွန်တော်။ ။ “ မဟုတ်ပါဘူး.. များများပြောလို့ ပြောမလို့ပါ.. ဟားဟား..”

သူငယ်ချင်းနှစ်ယောက် ရယ်သံက တဲအိမ်လေး၏ အပြင်ဘက်သို့ လျှံကျသွားသည်။ ထို့နောက်.. မြနှင်းမှုံတို့ တဲတွင် ရိုက်ခဲ့သော ပုံများကို ကျော်စိုး မမြင်အောင်ဖွက်ထားလိုက်ရသည်။ ဒီကောင် ခုချိန်မြင်လို့မဖြစ်သေး.. တော်ကြာ ဟိုတား ဒီတားနှင့် တားမရသည့်အဆုံး မေမေ့က ဖုန်းဆက်ပြောနေမှ အခက်..

ခဏအကြာတွင် ကျော်စိုးကို ရပ်ရွာအရေးတိုင်ပင်စရာလေးရှိသည် ဟုရွာသားတစ်ယောက်က လာခေါ်သဖြင့် ကျော်စိုးလိုက်သွားရလေသည်။ ထိုအခါမှ တဲတွင်ရိုက်ခဲ့သော ဓါတ်ပုံများကို ဖွင့်ကြည့်သောအခါ ကျွန်တော် အံ့သြသွားရသည်.. တစ်ပုံအားလုံးတွင် ဘာမှမတွေ့ဘဲ စံပယ်ပန်းလေးကိုရိုက်ထားသောဓါတ်ပုံတွင်မှ စံပယ်ပန်းလေးအနီးတွင် လက်ဖြူဖြူလေးတစ်ခုကိုတွေ့လိုက်ရလေသည်... အင်မတန်ပျော့ပျောင်းပြီး နူးညံ့လှသောလက်ကလေးပင်.. ဒါဘယ်သူ့လက်လဲ... မြနှင်းမှုံရဲ့လက်များ ဖြစ်နေမလား... ဒါဆို ကျွန်တော်တဲထဲမှာ ရှိနေတဲ့တစ်ချိန်လုံး မြနှင်းမှုံ ကျွန်တော့်အနားမှာ ရှိနေခဲ့တာပေါ့.. ဒါဆို သူ့အဖေကြီးက ဘယ်ပျောက်နေလဲ... ကျွန်တော်ဝင်လာတုန်းက ဘာအန္တရယ်မှ မပေးဘဲ ထွက်ခါနီးမှ ဘာလို့နောက်က အတင်းလိုက်လာရတာလဲ... မသေချာသောအတွေးစများကိုမောင်းထုတ်လိုက် ဖြစ်နိုင်ခြေများကို စဉ်းစားလိုက်နှင့် ခေါင်းတွေပူလာသည်..

ညအချိန်သို့ရောက်သောအခါ တစ်ရွာလုံးအိပ်မောကျနေချိန်တွင် ကျွန်တော်တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ အိပ်မရဖြစ်နေလေသည်... ထိုအချိန်တွင် ရွာထိပ်မှ ခွေးတစ်အူထအူလိုက်ပြီး ဆက်တိုက်ဆိုသလို တစ်ရွာလုံးမှ ခွေးတွေအူကြရာတွင် တစ်ရွာလုံးက ခွေးလေးများ ခွေးကြီးများပါမကျန် ကျော်စိုးတို့ အိမ်ရှေ့လာပြီး အူနေကြလေသည်..ကျွန်တော်လည်း ဘာကြောင့်ဒီလောက်တောင် ခွေးတွေအူနေကြသလဲဟု အိမ်ရှေ့ကို အမှတ်မထင်ကြည့်လိုက်မိရာတွင်..

မှုန်ပြပြအလင်းရောင်အောက်တွင် မပီဝိုးတ၀ါး မြနှင်းမှုံ၏ အရိပ်ကလေးကို တွေ့လိုက်ရလေသည်...

အပိုင်း (၃) ဇာတ်သိမ်းပိုင်းကို  ဆက်လက်အားပေးပါအုန်းနော်...

စာဖတ်ပရိသတ်များကို လေးစားကျေးဇူးတင်လျက်...

Admin Min Ma Naing
Credit::::သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

No comments:

Post a Comment