Tuesday, November 12, 2013

" ခွေးဖြစ်ချင်တယ် "

အပိုင်း(၁)

"ရော့ ရော့ စား စား လုမစားကြနဲ့ မျှမျှတတစားကြကွာ ဒီနေ့လခထုတ်ရက်မို့ မင်းတို့ကိုကျွေးနိုင်ကွ နောက်ပြီးရင် ငါ့ကိုဆုကောင်းကောင်းလည်းပေးဦး
နော်
အလှူဆိုလို့ မင်းတို့ကိုပဲ လာလုပ်နိုင်တာ နဲတဲ့ကုသိုလ်မဟုတ်ဘူးနော် "
"အဟဲ"
ဘေးကပြုံးစေ့စေ့ကြည့်နေတဲ့ ပြောင်းဖူးစေ့ရောင်းတဲ့ကောင်းမလေးကို တချက်ရှက်ရယ်သွေးလိုက်သည်။
အားပါးတရထိုင်နေရင်းမှ ဖြည်းဖြည်းထလိုက်မိရင်း ဖုန်မှုန့်လေးတွေကပ်နေသော တပတ်နွမ်းပုဆိုးကြမ်းကို လှည့်ဝတ်မိ၏။
"ပြန်မှပဲ"
လျော့ရဲရဲကျနေသော လွယ်အိတ်စုတ်ကိုပုခုံးပေါ်ပြန်တင်မိရင်း အိမ်ပြန်လမ်းသို့ခြေဦးလှည့်မိသည်။

အပိုင်း(၂)

"အဖေ ပြန်လာပြီလား"
အိမ်ထဲသို့ ခြေလှမ်းစ၀င်ချိန်မှာ အိမ်ပေါက်ဝမှ သမီးကြီးက နှုတ်ဆက်စကားနှင့်ကြိုနှင့်လေ၏။
ခေါင်းတချက်ငြိမ့်ပြရင်း သမီးကြီးဖယ်ပေးသော လူတယောက်စာအပေါက်ဝမှ အိမ်ထဲဝင်မိသည်နှင့် သမီးကြီး၏စကားသံက နောက်မှကပ်ပါလာလေသည်။
"ခုပဲ ဒေါ်ကြီးတင်လာသွားတယ် အဖေပြန်မလာသေးတာနဲ့"
အဓိပါယ်ကို ကိုယ့်ဖာသာပဲသိလိုက်သည်။ တလတခါ လာလည်တတ်သည့် အိမ်ရှင်အဒေါ်ကြီးလေ။
"အင်း"
သမီးကြီး မကြားနိုင်ပါ တိုးတိုးလေးရွတ်မိရင်း ပုခုံးထက်မှလွယ်အိတ်ကို ဘုရားခန်းပုပြတ်ပြတ်လေးအောက်တွင် ချိတ်လိုက်သည်။
"ဟော ရှင်ရောက်နေပြီလား" "အခုပဲ"
"အင်း သိတယ်"
ပြောရင်းလွယ်အိတ်စုတ်ကလေးထဲသို့ လက်ငါးချောင်းစလုံးထည့်သွင်းမိသည်။
"ရော့ သွားပေးလိုက်ဦး"
သရေပင်နှင့်သေချာစည်းထားပေမဲ့ ခေတ်နှင့်အညီ ပိုက်ဆံ ခပ်စုတ်စုတ်ပြတ်ပြတ်များက ဟိုတစဒီတစထွက်နေသည့် တိတ်များနှင့်အတူ။
ဇနီးသည်က ခပ်ဖွဖွလေးကိုင်ကာ အိမ်အောက်ဆင်းသွားသည်။
"အဖေ ထမင်းစားတော့မလား"
"အင်း စားတာပေါ့ကွာ ဘာဟင်းချက်လဲ"
မေးသာမေးရသည် အကြည့်က ပြတင်းပေါက်တဖက်စီရောက်သွားတော့ ကန်စွန်းခင်းထိုးထိုးထောင်ထောင်လေးတွေက ရယ်ပြနေသယောင်။

အပိုင်း(၃)

"ဒုန်း ဒုန်း ဒုန်း"
ထမင်းကြမ်းကြမ်းနှင့်ကန်စွန်းရွက်များကို ၀မ်းဗိုက်အတွင်းမှာ နေရာတကျစီနေသော ကိုယ် မှေးကနဲဖြစ်ရာမှ လန့်သွားသယောင်။
"မေကြီးရေ သားဗိုက်ဆာပြီ"
အသံကို ဆက်ကြားရ၏ သားငယ်ဖြစ်သူကျောင်းကပြန်လာမှန်းသိလိုက်သည်။
"ဟာ ဒီဟင်းချည်းပဲလား တားတားစားချင်တော့ဘူး "
"ပုဇွန်ဆိပ်ကလေးတွေပါ ထည့်ချက်ထားတာသားရဲ့"
"အဲဒီ့သေးသေးလေးတွေက အာခေါင်စူးတယ် တိလား"
အဟား တော်တော်ပြောတတ်တဲ့ကောင်...... သားဖြစ်သူနှင့်ဇနီးတို့အခြအနေပြောနေသံက နားထဲဝင်လာနေရင်း ပြုံးလိုသံက်မိသည်။
"မိဝါရေ မိဝါ ဒီကိုလာစမ်း မြန်မြန်"
တဖက်ခြံမှ အသံများက ခပ်စူးစူးနားထဲတိုးဝင်လာနေသည်။
"ဟုတ်ကဲ့ လာပြီမေမေကြီး"
"ညီးအေ ဒီမှာဂျက်ကီကို ထမင်းမကျွေးဘူးလား အချိန်ကိုကြည့်ဦး"
"ကျွေးပါတယ် မေမေကြီးရဲ့ သူက မစားတာ ငါးဟင်းနဲ့မို့လို့လေ"
"ဟဲ့ အမဲသားနဲ့ မကျွေးဘူးလား"
"ကုန်နေလို့မေမေကြီးရဲ့ အဲဒါကြောင့် ငါးကြော်နဲ့ကျွေးထားတာ "
"အိုအေ ကုန်နေရင်ဝယ်ပေါ့ သားလေးပိန်သွာတော့မှာပဲ ရေခဲသေတ္တာထဲမှာ နွားနို့ရှိတယ် ကြိုပြီး ပူစီကိတ်နဲ့ တိုက်လိုက်"

အပိုင်း(၄)

"ဒုန်း ဒုန်း ဒုန်း"
နားထဲသို့ ထပ်ဝင်လာသောခြေသံပြင်ပြင်းနှင့်အတူ အနားသို့အပြေးရောက်လာသောသားငယ်...
"ဖေကြီး ဖေကြီး တားတား ခွေးဖြစ်ချင်တယ်"
"အယ်"

တပေါင်းသီကိုယ်တိုင် ရေးသားသည့်ကိုယ်ပိုင်ဝတ္တုတိုဖြစ်သည်။

No comments:

Post a Comment