Saturday, November 16, 2013

SEA Games ဘောလုံးပွဲ လက်မှတ်များ အွန်လိုင်းမှ ဝယ်ယူနိုင်မည်



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဘောလုံးပွဲ လက်မှတ် ဈေးနှုန်းများကို ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ လက်မှတ်များကို အွန်လိုင်းမှလည်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဈေးကွက်ဒါရိုက်တာ ဦးဆူးအောင်က ပြောကြားသည်။

ယင်းဘောလုံးပွဲ လက်မှတ်များကို 4Digital Showroom များ ရှိသည့် စမ်းချောင်း၊ တာမွေ၊ သာကေတ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ ကျောက်တံတား မြို့နယ်တို့တွင် လည်းကောင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေသံလွင်ကွန်ဒို အခန်း ၇၀၃ ရှိ MY ASIA TICKET ရုံးချုပ်နှင့် ပြည်လမ်း၊ ဟံသာဝတီ အဝိုင်းအနီး ကမာရွတ်မြို့နယ်ရှိ 4Digital Showroom Compound တို့တွင် လည်းကောင်း၊ အွန်လိုင်းမှ ဝယ်ယူလိုသူ များအတွက် www.myasiaticket.com နှင့် www.thaiticketmajor.com တို့တွင် လည်းကောင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဝယ်ယူနိုင်မည် ဖြစ်ပြီး ဖုန်း ၀၁- ၅၄၉၂၉၇ နှင့် ၅၅၆၈၁၇ တို့တွင် မှာယူနိုင်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက်နေ့၌ စတင်မည်ဖြစ်ရာ အုပ်စုပွဲစဉ်များ၏ လက်မှတ်ဈေးနှုန်းမှာ အထူးတန်း ၄၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ အကြိုဗိုလ် လုပွဲနှင့် ဗိုလ်လုပွဲများအတွက် အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ်တို့ သတ်မှတ်ထားပြီး အမျိုးသမီး ဘောလုံးပွဲစဉ်များ၏ လက်မှတ် ဈေးနှုန်းများကို အုပ်စု ပွဲစဉ်မှ ဗိုလ်လုပွဲအထိ အထူးတန်း ကျပ် ၃၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် SEA Games ပြိုင်ပွဲ၏ ဘောလုံးပွဲကို ပရိသတ် ပိုမိုလာရောက် ကြည့်ရှုနိုင်ရန် လက်မှတ် ဈေးနှုန်းကို လျှော့ချသင့်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က လက်မှတ် ဈေးနှုန်း ကြီးမြင့်မှုနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) ပွဲစဉ်များကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၊ အုပ်စု (ခ) ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းတို့တွင် ကျင်းပမည် ဖြစ်ပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကိုမူ ဇေယျာသီရိ ဘောလုံးကွင်းတို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဘောလုံး ပွဲစဉ်များကိုမူ မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (ခ) တွင် အိမ်ရှင်မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တီမော၊ ကမ္ဘောဒီးယား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ ဖြစ်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ တီမော၊ မလေးရှား၊ လာအိုတို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။


From: The Voice Weekly

No comments:

Post a Comment