Tuesday, November 5, 2013

ကျွန်တော်တို့က ဘာပြောရဲမှာလဲ


“ကျွန်မတို့ ဖွင့် တဲ့ကျူရှင်လည်း မတက်”

“ကျွန်မတို့ရောင်းတဲ့ မုန့်လည်း ဝယ်မစား”

“ရှင်တို့ကလေးရဲ့ ပညာရေးကျွန်မ ရင်လေး တယ်”

ကျောင်းစအပ်တုန်းက ကောင်း ပြီကောင်းလျက်နဲ့ စားပွဲခုံ တစ်ခုံ ရန်ပုံငွေ တချို့ ရှင်တို့လှူလို့ ကျွန်မက ကလေးရှေ့ရေး အတွက် (A)ခန်း မှာ ထားခဲ့တယ်။

အခုတော့ ရှင့်ကလေးက ကျွန် မတို့ ကျူရှင်လည်း မတက်၊ ကျောင်းမှာ ကျွန်မတို့ ရောင်းတဲ့မုန့်လည်း ဝယ်မစားတော့ ကျွန်မရှင့် ကလေး ရဲ့ ပညာရေးကို ရင်လေးတယ်။

အခုတော့ ကျောင်းစည်းကမ်း မလိုက်နာလို့ (S) ခန်း ကို ပို့ရမယ်။

(S) ခန်းက အတန်းကျ နဲ့ နှစ် ကြိမ် သမား လူဆိုးလေးတွေရောထား တာ။ သူ့ ထိုက်နဲ့ သူ့ကံပေါ့ ရှင်။

ကျွန်မတို့ ကျူရှင် ဆိုတာကျောင်း နဲ့ ချိတ်ဆက်ထားတာမို့ ပညာရေးမှာ စိတ်ချရတယ်။ ကျူရှင် တက်သူတိုင်း စာမေးပွဲအောင်ဖို့ သေချာတယ်။ တခြား ကျူရှင် ဆိုတာ နာမည်ပဲ ရှိ တယ်။ သင်ရိုးတွေက မမှန်၊ လက် ရေးလက်သား ကအစ မသပ် ရပ်၊ ဘယ်လို စာမေးပွဲအောင် မှာလဲ။ သင်တာချင်းတူတောင် စေတနာ ကွာတယ်။

“ရှင့်ကလေးပညာရေး ရင်လေး မိရဲ့”

ကျွန်မ ဒီကလေးကို နှစ်ဝက် ပညာရေးမှ မိဘတွေကို ခေါင်မိုးလှူ ခိုင်းပြီး မိဘ ကိုယ်တိုင်ကိုယ်ကျ ကလေးရဲ့ ထူးချွန်ဆု တက်ပေးခိုင်းဖို့ အထိတောင် ရည်ရွယ်ခဲ့တာ။ ဒီကလေးက စာတော်တယ်ပေါ့။ အခုတော့…

“ရှင်ကလေးရဲ့ ပညာရေး ကျွန်မ ရင်လေးတယ်ရှင်”

လူကြီးတွေကတော့ ပြောပါရဲ့ ကျောင်းပညာရေး အတွက် အစစ၊ အရာရာ ကူညီထောက်ပံ့မယ် ဆို တာ။ ဒါကတော့ ပြောတာပြော တာပဲပေါ့ ရှင်ရယ်။ ကျောင်းရဲ့ လိုအပ်ချက် အားလုံးကိုတော့ သူတို့ ဘယ်လိုကူညီပါ့မလဲ။

 ကျောင်း စာအုပ်လေး၊ ခဲတံ၊ ဘောပင်လေး ထောက်ပံ့ရုံ နဲ့ပြီးတာမှ မဟုတ်တာ။ ကျောင်းမှာ ကျောင်း သား၊ ကျောင်းသူ သောက်ဖို့ သောက် ရေသန့်က အစ၊ မိုး ယိုနေတဲ့ ကျောင်း ခေါင်မိုး၊ နွားတွေဝင်မှာ စိုးလို့ ထိုးထားတဲ့ ခြံစည်းရိုး၊ ဒါတွေ အားလုံး ကိုယ့် အစီအစဉ်နဲ့ ကိုယ်လုပ် နေကြရတာ။ ယုတ်စွ အဆုံး ကလေး တွေရဲ့ ပညာရေး သာမက ကျန်းမာ ရေးပါ ကောင်းမွန်စေဖို့ ကျွန်မတို့ ကိုယ်တိုင် ဆနွင်း မကင်းထိုး၊ လက် သုပ်စုံလေး သုပ်ပြီး ရောင်းပေးနေရ တာ။ အခုတော့

ကျွန်မတို့ရောင်းတဲ့မုန့်လည်း ဝယ်မစား၊ ရှင့်ကလေးရဲ့ ပညာရေး ရင်လေးတယ်။

ဘယ်လိုပဲပြောပြော၊ ဆရာ နဲ့မိဘ ပူးပေါင်းကြရမှာပဲ မဟုတ်လား။

ဒါကြောင့် စာသင်ကျောင်းတွေ မှာ “မိဘ၊ ဆရာပူးပေါင်းပါ” ဆိုတဲ့ ဆောင်ပုဒ် ရေးထားတယ် မဟုတ် လား။ မိဘဆိုတာ ကလေးကျောင်း သွားတယ် ဆိုရုံနဲ့ ပြီးတယ် မထင် နဲ့။ ကိုယ့်ကလေး ပညာရေး ဘာလိုတယ်။ ကိုယ့်ကလေး နေတဲ့ကျောင်း ဘာလို တယ် ဂရုစိုက်ရတယ်ရှင့်။

“ဘာ စီးပွားရေးကျလို့ ဟုတ်လား”

စီးပွားရေး ကျရင်လည်း ဒီလို အဆင့်မြင့်ကျောင်း မထားနဲ့ပေါ့ရှင်။ ရှင်တို့လည်း သိတဲ့ အတိုင်း ဒီကျောင်း က သူဌေးတွေ၊ အရာရှိကြီးတွေ ရဲ့ သားသမီးတွေ သာထား ကြတာ။ သူတို့တွေဆို ကျောင်းမှာ လိုအပ်တဲ့ စားပွဲခုံ၊ သွပ်မိုးတွေ တင်မကဘူး၊ ဆရာမ အားပြတ်ရင် သောက်ဖို့ ဘရင်း ကြက်ပေါင်းရည်ပါ ဒါဇင်လိုက် ဝယ်ပေးသေး။ အခု ရှင်တို့က..

မိဘ စီးပွားရေး ကျရင်လည်း ကလေးကို ကျောင်းပြောင်းလိုက်ပေါ့ ရှင်။ ပြည်သူတွေ စီးပွားရေး ကျတိုင်း ကျွန်မတို့ ဝန်ထမ်းတွေပါ စီးပွားရေး ကျလို့ မဖြစ်ဘူးလေ။

“ဘာ စီးပွားရေး အဆင်ပြေ ရင် ကလေးကို နိုင်ငံခြားမှာတောင် ကျောင်းသွား ထားချင်တယ်။ ဟုတ် လား။ လုပ်လိုက်ပေါ့ရှင်။ ဘာလို့ သွား မထားရတာလဲ။ သွားလေ။ နိုင် ငံခြား သွားကြ။ ဒီမှာနေ ရင်တော့ ဒီ စည်း ကမ်း အတိုင်းနေရမှာပဲ။ ဒီမှာ…” ဒီခေတ်မှာ ကျူရှင် မယူတဲ့ ကျောင်းသား ရှင်တို့ ဘယ်မှာမြင် ဖူးလို့လဲ။ အခုတော့ ဒီကလေး က…

ကျွန်မတို့ဖွင့်ထားတဲ့ ကျူရှင် လည်းမတက်။  ရှင့်ကလေးရဲ့ ပညာရေး ရင်လေးပါရဲ့ရှင်….။

“ဆရာ၊ ဆရာမတို့ ခဏလေးပါ ခင်ဗျာ”

“ကျွန်တော်ပုံပြင်လေးတစ်ပုဒ် ပြောပြပါမယ်”

တစ်ခါက နွေးချေးပုံတစ်ခုမှ နွားချေးပိုးသားအဖ နေထိုင်ကြသတဲ့။

တစ်နေ့မှာ နွားချေးပိုးသားငယ် က နွားချေးပုံကနေ အပြင်ကိုငေးရင်း မေးခွန်းတစ်ခုမေးတယ်။
“ဖေဖေ၊ ဖေဖေ။ သားတို့ဟာ နွားချေးပုံမှာမဟုတ်ဘဲ လိမ္မော်သီးထဲ မှာ နေလို့မရဘူးလားဟင်”
နွားချေးပိုးဖေဖေက ပြန်ပြော တယ်။
“နေလို့ရတာပေါ့သားရဲ့။ ဖေဖေတို့လည်း ပိုးကောင်တွေပဲဟာ”
“လိမ္မော်သီးထဲမှာနေရင် သိပ်ချိုမှာပဲနော်”
“ဒါပေါ့ သိပ်ချိုမှာပေါ့ သားရဲ့”
နွားချေးပိုးသားက တွေဝေရင်း ထပ်မေးတယ်။
“ဖေဖေ သားတို့ဟာ ပန်းသီးထဲ မှာရော နေလို့မရဘူးလားဟင်”
ဖေဖေနွားချေးပိုးက အားတက် သရောပဲ။
“နေလို့ရတာပေါ့ သားရဲ့၊ ဖေဖေ တို့လည်း ပိုးကောင်ပဲ ပန်းသီးထဲ နေလို့ရတာပေါ့”
“ဒါဆို သိပ်ချိုမှာပေါ့နော် ဖေဖေ”
“ချိုမှာပေါ့သားရဲ့”
သားဖြစ်သူ တွေသွားပြန်တယ်။ ပြီးမှ ဇဝေဇဝါနဲ့
“ဒါဆို သားတို့ဟာ အရသာရှိ တဲ့ လိမ္မော်သီးတို့၊ ပန်းသီးတို့ထဲ မနေ ဘဲ ဘာလို့ ဒီနွားချေးပုံထဲ နေနေရ တာလဲဟင်”
သူ့အမေးကို ဖေဖေနွားချေးပိုး က သက်ပြင်းချပြီး
“ဒီလိုရှိတယ်သား”
သားနွားချေးပိုးငေးကြည့်တယ်။
“သတ္တဝါဖြစ်လာရင် ကံတွေ၊ ဘဝတွေ ဆိုတာ ရှိတယ်။ နောက်ပြီး အမိနိုင်ငံတော်ဆိုတာလည်း ရှိသေး တယ်”

အကြည်တော်

No comments:

Post a Comment