Friday, November 8, 2013
နောက်ကြောင်းပြန်လှည့်မှာ စိုးလို့ပါ
ကျနော်လေ ... နောက်ကြောင်းပြန်လှည့်မှာစိုးလို့ ...
လေတောင် ခပ်ကျယ်ကျယ်မလည်ရဲ
ခြိမ်းခြောက်သံတွေကလည်း နားမဆံ့အောင် ကြားနေရသကိုး
နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်နော် ... တဲ့။
အရပ်ထဲ ကလေးတွေငိုလို့ ပြောမရရင်တောင်မှ
တိတ်နော် မတိတ်ရင် နောက်ကြောင်းပြန်လှည့်သွားလိမ့်မတဲ့
မိဘတွေက ခြောက်ကြတယ်။
ဟုတ်ကဲ့။ ကျနော်မျိုးကြီးလည်း ကြောက်မိပါရဲ့
နောက်ကြောင်းပြန်လှည့်မှာကြီးကိုလေ
သူက ကလေးဘ၀က ဒေဝေါကြီးထက်
ပိုကြောက်စရာကောင်းမယ်ထင်ရဲ့။
အဲဒါကြီးကြောက်လွန်းလို့
အသက်တောင် ဖြောင့်အောင် မရှူရဲဘူးဗျာ
တကယ်ပါ။
ဟိုမှာ ဟိုဟာတွေ ဖြစ်ပဟေ့
မပြောနဲ့ မပြောနဲ့
နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်။
ဟိုမှာ ဆော်ကုန်ပြီ နှက်ကုန်ပြီ။ လုပ်ကြပါဦး။
မပြောနဲ့ မပြောနဲ့
နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်။
ဟိုနေရာမှာက
မျက်ရည်ကျစရာ ...
ဟိုမှာဘက်က
ခံပြင်းစရာ ...
ဟိုတစ်ဘက်ဆီက
ဘယ်လိုမှ ခွင့်မလွှတ်နိုင်စရာ ...
ဒါပေမဲ့
ကြိတ်မှိတ်ပြီးပဲ မျက်စိစုံပိတ် လှိမ့်လှိမ့်ခံနေရ
နောက်ကြောင်းပြန်လှည့်မှာစိုးလွန်းလို့ပါ။
ခုတော့ နောက်ကြောင်းပြန်မလှည့်ပဲ
တည့်တည့်ကြီး နောက်ပြန်လိမ့်နေသလို
ခံစားနေရ။
ဒါပေမဲ့ မပြောရဲဘူးလေ
နောက်ကြောင်းပြန်လှည့်မှာ စိုးတာကိုး။
ဒီလိုနဲ့ပဲ ...
မကျွတ်မလွတ်နိုင်သေးတဲ့
ငါတို့ဘ၀တွေ။
ပါးစပ်ရှိပေမယ့်
မပြောနိုင် မပြောဝံ့ကြ၊
လက်ရှိပေမယ့်
မရေးသာ မရေးဝံ့ကြ၊
အကြောက်တရားကြီးက ငါတို့ကို ချည်နှောင်ဆဲ။
ဒီလိုနဲ့ပါပဲ ...
ဒီကဗျာကိုလဲ ဒီမှာတင် နိဂုံးသတ်
ဘေးဘီဝန်းကျင် လောကကြီးတစ်ခုလုံး ရွှေမိုးငွေမိုးရွာနေတယ်လို့ပဲ
ကိုယ့်ကိုယ်ညာရင်း
အားလုံးကို မသိချင်ယောင်ဆောင် အိပ်ပစ်လိုက်တော့မယ်
နို့မို့ဆို ...
နောက်ကြောင်းပြန်လှည့်ကုန်မှာ စိုးတယ်လေ။
Thorn Nay Soe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment