Friday, November 8, 2013

မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်)


မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်) ၏ အဆက် (မှော်ဆရာအိပ်မက် ပျက်သုန်းခြင်း)

“ ကဲ .. သမီးမဖြူ၊ သမီးရဲ့စိတ်ကလေးကို လျှော့ချလိုက်၊ တင်းမထားနဲ့။ ကြာရှည်နေနိုင်မယ့် ကိုယ်ဟန်အနေအထားအတိုင်းနေ၊ လက်ဝါးပြင်လေးကို ဒူးခေါင်းလေးပေါ်မှာတင်ထား၊ လက်ချောင်းတွေကို တင်းကပ်လည်း မထားနဲ့ လျော့တိလျော့ရဲလည်း မထားနဲ့ ပြန့်တယ်ဆိုရုံတင်ထားနော် သမီး ”

“ ဘာလုပ်မလိုလဲ အဘ ” “ စစ်ဆေးကုသရတော့မယ်လေ သမီးရဲ့ မကုချင်ဘူးလား ” “ ကုမယ် အဘ ကုမယ် မြန်မြန်ကုပေးပါနော် ” “ အင်း ကုရမှာပေါ့သမီးရယ် ၊ သမီးဘာမှ မဖြစ်စေရဘူး ။ ဒါနဲ့ အဘက ကြိုတင်ပြီးမှာထားမယ်နော်သမီး၊ ” “ ဟုတ် အဘ ၊ ဘာမှာမှာလဲ ”

“ အခု စစ်ဆေးကုသတော့မှာဆိုတော့၊ အဘကနေ သမီးနာမည်ကို မခေါ်ရင် သမီးဘာမှ မပြောနဲ့၊ အကယ်လို့ အခြေအနေ အတော်ဆိုးတဲ့ ထူးခြားဖြစ်စဉ်ဆိုရင်တော့ သမီးက စပြီး ပြောဆိုနိုင်တယ်၊ နောက်ပြီးတော့ … ”

အဘအောင်မှ ရေနွေးတစ်ကြိုက်လောက် သောက်ပြီးတော့မှ …
“ နောက်ပြီး ဒီနေရာမှာ အခြားဘေးက ကြည့်ချင်ကြတဲ့သူများကို ပြောထားချင်တယ်နော်၊ ဘာလဲဆိုတော့ ရပ်ကွက်ထဲမှာ ကြားဖူးကြမှာပါ၊ အဲသလို ပြုစားလို့ ကပ်ငြိတာအေ .. အတော်ကြမ်းတာပဲ ဆရာကိုတောင် ခံပက်တယ်၊ စသည်ဖြင့်ပေါ့ ” “ မိန့်ပါဦး အဘ ”

“ အဲသလို၊ မကြမ်းတမ်းရင် စကားမပြောရင် မတုန်ရီလာရင် ပယောဂမရှိဘူးလို့ ထင်တတ်ကြတာဗျား၊”

“ ဟုတ် အဘ၊ မသိလို့ မေးပါရစေ၊ အဲလို မတုန်လာဘူးဆိုရင် မရှိလို့ မကပ်တာမဟုတ်ဘူးလား”
“ ဘယ်ဟုတ်မှာလဲကွယ်၊ မပူးတိုင်း မတုန်တိုင်း ပယောဂကင်းတာမျိုးလို့ ပုံသေမှတ်လို့မရဘူး၊ ဒါကတော့ ဗဟုသုတအဖြစ် အဘက ပြောပြတာပေါ့လေ၊ တကယ်က ကာယကံရှင်မှာ သူတို့ရဲ့ အကြောင်း ပတ်သက်နေပေမယ့် မပူးနိုင်တဲ့ အကြောင်းအရာတွေက အမျိုးမျိုးရှိသေးတယ် ”

“ ဘာတွေလဲ အဘ ရှင်းပြပါဦး ” “ အင်း မှတ်ထားပေါ့ကွယ် ဒါက အဘရဲ့ သုံးသပ်ချက်တွေနော် ”

{{{ နံပါတ် ၁ တစ်ဖက်က ပြုစားသူရဲ့ အစွမ်းသတ္တိနဲ့ ပြုစားထားတဲ့အရာရဲ့ ပြန့်နှံ့မှု၊

နံပါတ် ၂ အပူးခံရမယ့်သူရဲ့ သည်းခြေအား ခိုင်ခံ့မှု နှင့် လူနာကာယကံရှင်က ယောက်ျား မိန်းမကွာခြားမှု၊

နံပါတ် ၃ ဆရာခေါ်နေစဉ်မှာ လာသူမိစ္ဆာကို နိုင်နင်းတဲ့သူတစ်ယောက်ယောက်က တားဆီးထားမှု၊

နံပါတ် ၄ ခေါ်တာကို သူတို့မှာက ကြားဖို့ လာဖို့ အချိန်အနည်းငယ်ပေးရခြင်း ။ ဘာလို့လဲဆိုရင် ပြုစားသူက လူမဟုတ်ပဲ အခြားကမ္မစိဒ္ဓိရှင် တစ်ဦးဦးဖြစ်နေခဲ့ရင် သူတို့လည်း အစည်းအဝေးဘာညာရှိတတ်တယ်ကွယ့်။

နံပါတ် ၅ တစ်ဖက်က ပြုစားသူမှ ပရိယာယ်များပြီးတော့ အမိန့်အရရောက်လာပေမယ့် မရောက်ချင်ယောင် မရှိချင်ယောင် ဆောင်တတ်ခြင်း}}}

အဲဒီအကြောင်းအရာလေးတွေ ရှိပါတယ်။ ဒီအကြောင်းတွေကို အဘ နောက်မှ အလျင်းသင့်သလို အကျယ် ပြောပြပေးပါမယ်။

“ အဘ အခု မဖြူကို ပြုစားတဲ့သူကရော လာပူးပါ့မလားအဘ” “ မှော်ဆရာဆိုတာ သေချာမှတော့ မလာမရှိ၊ မပူးမနေရ ပေါ့ကွယ် ”
…………………………………..
ထိုစဉ် မဖြူသည် အဘအောင်ကို စူးကနဲ ကြည့်လိုက်သည်။ မျက်ခုံးမျက်မှောင်မှာ V ပုံသဏ္ဍာန်အထိ ဖြစ်နေပြီး သူမ၏ မူလက ၀ိုင်းစက်သော မျက်လုံးများသည် မြွေပွေးမြွေဟောက် မျက်လုံးများကဲ့သို့ ကျဉ်းမြောင်းသွားသည်အထိ အကြည့်မှာ မာန်ပါလှသည်။ နှုတ်ခမ်းများသည် တင်းတင်းစေ့လျက် ပါးသောင်များတင်းအောင် အံကို ကြိတ်သည်။

“ အစ်မ အစ်မ(မိဖြူ) နင်သတိထားလေ ဒါ အဘအောင်လေ ” မဖြူ၏ အစ်ကို၊ မောင်တွေက သတိပေးသည်။

မဖြူသည် အဘအောင်အားကြည့်နေရာမှ ဆံပင်တို့ကို လေထဲမှာ ၀ဲယမ်းသွားသည်အထိ ၉၀ဒီဂရီချိုး ဦးခေါင်းကိုဆတ်ခနဲ့ လှည့်ပြီး သူမ၏ မွေးချင်းများကို အကြည့်စူးစူးများဖြင့် ကြည့်လိုက်လေသည်။ သူမ၏နှုတ်ခမ်းများဆီသို့ လက်ညှိုးက ကန့်လန့်ဖြတ်တင်ထားပြီး Shhhh !!! တိတ်တိတ်နေဟူသည့် အမူအယာကို ပြသည်။ မဖြူ၏ မွေးချင်းများ နောက်သို့ရှဲသွားကြသည်။

ထို့နောက် မဖြူသည် အဘအောင်ဖက်သို့ ပြန်လှည့်၍ လက်ညှိုးဖြင့်ထိုးကာ “ ဒမယ် ဟေ့ကောင် ၊ မင်းမှတ်ထား၊ ဂု …. မင်း …ခေါ်လို့ငါလာတာမဟုတ်ဘူးကွ မင်းမခေါ်သေးလည်း ငါလာလို့ရဒါကို သိအောင်ပြတာ မင်း နားလည်လား ” အသံနှင့် အမူအယာကတော့ စကတည်းက မာထန်သည်။ ပြတ်သည်။ ယောကျာ်းသံပါသည်။

အဘအောင်မှ “ ကဲ အခု ရောက်လာတဲ့သူ နာမည်ပြောပါ”

“ ဟား မင်း ဟာသမလုပ်နဲ့ကွ၊ သိပြီးသားကြီးကို၊ အပိုတွေ မေးမနေစမ်းနဲ့၊ မှတ်ထားစမ်း၊ ငါကတော့ ဘဒေါ့မ ပြန်မထုတ်ပေးဘူးကွ၊ မင်းစွမ်းရင် မင်းဖာသာထုတ် !!! ”

“ ကျုပ်က အေးအေးဆေးဆေး မေတ္တာရပ်ခံမလို့ပါ။ ခင်ဗျားလုပ်ထားတာတွေ ပြန်နှုတ်လိုက်ပါ ကောင်မလေးခမျာ သနားစရာ ” “ ဟ ငါက သူ့ကို သနားရုံမက …. အာ …. တိတ်စမ်း ရှက်စရာတွေကွာ … ငါ့လာပြောမနေနဲ့ ဘာမှ ရွှေပြည်အေးလာမလုပ်နဲ့၊ ငါက ငါ့ရွာမှာ ဘုရားလူကြီး၊ မင်းဟောမယ့်တရားတွေ ငါအကုန်သိဘာ့ ”
“ ခင်ဗျားက ဘာသာရေးလုပ်သလားဗျ ” “ မင်း သူ့ကို မေးကြည့်လေကွာ” မဖြူ၏လက်များက သူမ၏ရင်ဘက်ပေါ်သို့ ရိုက်လျက် ပြောသည်။

“ ဘာသာရေးလုပ်သူတစ်ယောက်က သူတပါးကို ပြုစားတဲ့အတက်ပညာ တက်နေတာကိုး ” “ မဆိုင်ဘူး ဒို့မှာလည်း ဘာသာရေးက ဘာသာရေး၊ ဒါမျိုးက ဒါမျိုးပဲ၊ မင်း .... နားမလည်ပဲကိုး ”

“ ကဲဗျာ ဘကြီးအောင်၊ ကျုပ်နာမည်ကလည်း ဦးအောင်ပါ၊ ကျုပ် ခင်ဗျားကို ဒုတိယအကြိမ် မေတ္တာရပ်ခံတယ်ဗျာ၊ ခင်ဗျား သူ့ကို ပြုစားထားတာတွေ ပြန်နှုတ်ပေးလိုက်ပါ။”

“ ဟား ဟား ဟား ဟား ၊ မင်းလိုမျိုး ငါ့ ပြောတဲ့သူ လေးယောက်ရှိသွားပြီကွ၊ ငါကတော့ သူတို့ကို နှုတ်ပေးမယ်ပြောလိုက်ပြီး ဒတိုင်း ပြန်ခဲ့တာပဲ ဟတ် ဟတ် ဟတ် ၊ အေး မင်းက မေတ္တာရပ်ခံနေတော့လည်း ငါက လုံးဝ မထုတ်ပေးဘူးကွာ ဟား ဟား ဟား ဟား ”
!!!! ဖြောင်း !!! “ မင်းကြိုက်သလောက်ရိုက်ကွာ ” “ ကာယကံရှင်အား လုံးဝ မထိခိုက်စေရ၊ ငါ ခွင့်မပြုပဲ ပူးကပ်ခြင်းမှ ထွက်သွားခြင်း လုံးဝမပြုနိုင်စေရ၊ ကိုယ်စားခံစေခြင်း မပြုနိုင်စေရ၊ ပြုစားသူ ကိုယ်တိုင်ခံစေ ”

!!! ဖြောင်း !!! “ အား !!! ” အဘအောင်မှ လက်ဝါးနှင့် မဖြူ၏ ပါးကို ရိုက်နှက်နေခြင်းဖြစ်သည်။ အမှန်မှာ တစ်ဖက်မှ ၀င်ရောက်ပူးကပ်သူ ပြုစားသူ မှော်ဆရာကြီး ဘကြီးအောင်ကိုသာလျှင် ထိစေတော့၏။ ဒါကို မသိသော မဖြူ၏ အစ်ကိုက “ ဟာ .. အဘ ကျုပ်ညီမတော့ သေပါပြီ အဘရာ တော်ပါတော့ ”

“ မဖြူကို မထိပါဘူးကွယ်၊ စိတ်မပူပါနဲ့ ၊ ထိတာက ပူးကပ်အား မသန်သေးရင် နည်းနည်းထိတယ်၊ အခုလောက် ပူးကပ်အားသန်မှတော့ ….. ခဏနေ မဖြူကိုသာ မေးကြည့် ထိသလားလို့မမေးနဲ့ သိလားလို့မေး ၊ တခါတခါကျတော့ကွာ မေတ္တာနဲ့ မရတဲ့ ဖြစ်ရပ်မျိုးတွေ ဒီလောကမှာ ရှိတယ် မင်းမယုံမရှိနဲ့ ၊ ဒါကို တချို့ ပြုစားသူများက သူတို့လုပ်ထားတာကို ပြန်မနှုတ်တဲ့အပြင် မေတ္တာပို့ပေးရင် နှုတ်ပေးမယ်လို့ လီဆယ်တတ်သေးတယ်၊ ဒါတွေကို နောက်ကြုံတဲ့အခါကျတော့ ပြောပြမယ်” “ ဟုတ် ”

မှော်ဆရာကြီး ဘကြီးအောင်သည် မဖြူ၏ ရုပ်နှင့်စိတ် ၂မျိုးလုံးအား အားအတော်အပြည့်ဖြင့် ပူးကပ် စီးနင်းလျက်ရှိသည်။ ကုပေးသည့် အဘအောင်မှလည်း ဘကြီးအောင်အား မေတ္တာရပ်ခံလို့ မရသည့်အဆုံး မောက်မာရိုင်းပြလွန်းသည့်အဆုံး မဆုံးမချင်ပဲ ဆုံးမနေရလေသည်။ သို့သော် ဘကြီးအောင်ကား မလျှော့။ “ မင်း လုပ်နိုင်တုန်း လုပ်ထားနော … ဒါပေမယ့် ငါ ထုတ်ဘူးကွ၊ ထုတ်ဖို့ လုပ်တာမဟုတ်ဘူး၊ မင်းကြိုက်သလိုလုပ် ရိုက်ကွာ၊ ခံမယ် ”

“ အသားအနာ မခံပါနဲ့မိစ္ဆာ၊ ” “ ဘာကွ !!! မင်း ငါ့ကို မိစ္ဆာလို့ မခေါ်နဲ့၊ ဒါဟာ အတတ်ပညာတစ်ခုကွ၊”
“ သူတပါးကို နှိပ်စက်ကလူပြုတာ မိစ္ဆာစိတ်မဟုတ်ဘူးလားဘကြီးအောင် ” “မင်းရော ငါ့ကို နှိပ်စက်နေတာပဲ မုတ်ဘူးလား ” ခက်ချေပြီ။ မှော်ဆရာကြီး ဘကြီးအောင်က ပယောဂဆရာကြီး ဦးအောင်အား ကတ်ကတ်လန် ရန်တွေ့နေသည်။

“ ကဲ ကြာတယ် ဘကြီးအောင်၊ အင်း ကျုပ်က ဘကြီးအောင်လို့သာ ခေါ်နေတာ တကယ်တော့ ခင်ဗျားနဲ့ ကျုပ် အသက်က မကွာဘူး၊ ဒါ ထားတော့ ၊ ခင်ဗျားထုတ်မှာလား မထုတ်ဘူးလား ” “ ထုတ်ဘူးကွာ မင်းသတ်ချင် သတ်ပလိုက် နောက်ထပ် မမေးနဲ့ ငါ သေရဲတယ်ကွ ” “ စဉ်းစားပါဦး ” “ မစဉ်းစားဘူးဟရောင် ”

“ ဒါဖြင့် ကျုပ်ဖာသာ ထုတ်တာပေါ့လေ၊ ခင်ဗျားကို နှိပ်စက်နေလည်း ကျုပ် မောရုံပေါ့ ၊ အသေခံမယ့်လူဆိုတော့ ”
“ ဟ ဟ မင်းလိုပဲ မင်းရှေ့ကကောင်တွေလည်း ငါ့အဲလို နှိပ်စက်ထှာပဲ။ အဲတုန်းက ငါ့ ဘယ်ထိမတုန်း ခံနွားနဲ့ ခံတာကိုး၊ မင်းကျမှ ငါကိုယ်တိုင်ခံရတော့တာ၊ ဒါပေမယ့်ကွာ မင်းလက်လျှော့လိုက်ပါ၊ မင်း …. ထုတ်လည်း မထုတ်နိုင်ပါဘူး၊ ” “ ကျုပ်မထုတ်နိုင်ဘူးလို့ ခင်ဗျား ဘာကြောင့်ပြောတုန်း”

!!! ဟား ဟား ဟား ဟား !!! ငါသူ့ကို ထမင်းထဲ အပင်းထည့်ကျွေးတာ အခြားလူလို အဝေးကလုပ်တာကို မဟုတ်ဘူး လက်နဲ့ နေ့တိုင်းကို ကိုင်ကျွေးတာကွ မင်းစွမ်းရင် လုပ်လေ၊ ငါကတော့ ထုတ်ဘူး ”
အဘအောင်မှ ဘကြီးအောင်ပူးနေသော မဖြူအား လက်ဝါးနဲ့ ကာပြီးနောက် …
“ ကောင်းပြီ၊ ခင်ဗျား ကျုပ်လက်ဝါးကို ကြည့်စမ်း၊ ဘာမြင်တုန်း ” “ မီးတောက် ” “ ကဲ မီးလို ပူစေကွာ ”

“ ဟ ဟ ၊ မင်းဟာက ပူတော့ ပူတယ်ကွ ဟဟ ဆောင်းတွင်း ချမ်းတာနဲ့တော့ အကိုက်ပဲ ကျေးဇူးပါပဲကွာ ”
“ ကိုင်း … မခံရပ်နိုင်လောက်အောင် ရှားတောမီးလောင်သကဲ့သို့ လူးလှိမ့်ခံရစေ၊ ကိုယ်တိုင်ခံ ” “ အား !!! ”

“ မထုတ်တော့ပါဘူးကွာ ” ဟာ !! … ဟင် ! ဒီလောက်ခံနေရလည်း ခေါင်းမာလှသည့် ဘကြီးအောင်ပါတကား။ သူ၏အိပ်မက်များ ပျက်သုန်းတော့မည်ကို သိသော်လည်း သေချင် သေပစေ၊ မလျှော့ဘူးဆိုသည့် အထဲမှာ မှော်ဆရာကြီး ဘကြီးအောင်က ထိပ်ဆုံးကပါသည်။
…………………………………………………….
ထိုသို့ နည်းပေါင်းစုံဖြင့် နှိပ်စက်သော်လည်း ဘကြီးအောင်မှာ အနာခံပြီး ဘူးခံငြင်းနေသဖြင့် ပယောဂဆရာကြီးဦးအောင်သည်ပင်လျှင် အာခြောက်၍ ခဏနားပြီး ရေနွေးကြမ်းသောက်ရသည်။ သူလည်း နှိပ်စက်ရတာ အတော်ပင်ပန်းနေပြီ။ တစ်ဖက်က ခံရသူ ဘကြီးအောင်ဆိုလျှင် မည်သို့ရှိမည်နည်း။ သို့သော် ဘကြီးအောင်ကား မလျှော့။ မင်းနိုင်တုန်း လုပ်ထားပေါ့ကွာဟုဆိုသေးသည်။ ဆက်နှိပ်စက်နေလျှင်လည်း အကြောင်းထူးမည်မဟုတ် အချိန်ကုန်လူပန်းဖြစ်တော့မည်။ ထို့ကြောင့် ပယောဂဆရာကြီးဦးအောင်သည် ဘကြီးအောင်အား ပြန်ထွက်ရန် အမိန့်ပေး၍ သူလည်း နား၊ ကာယကံရှင် မဖြူလည်း နားရအောင် Half Time ပေးလိုက်လေတော့သည်။






ဆက်လက်စောင့်စားဖတ်ရှူပါရန်

ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ

No comments:

Post a Comment