အမေမွေးကတည်းက မပါတဲ့ခြေထောက်မဟုတ်ဘူး
စစ်က တိုက်စားသွားတဲ့ခြေထောက်
တိုက်ဆိုတဲ့ မမြင်ရတဲ့အထက်အမိန့်က တိုက်စားသွားတဲ့ခြေထောက်….။
သတ်မလား၊ သေမလား မဖြစ်မနေ ရွေးနေရလို့
သတ်နေရတာ……….
ဖြစ်နိုင်ရင် ကိုယ့်သေနတ်ပြောင်းဝမှာ ဘယ်စစ်သားကမှ ယမ်းငွေ့မဝေချင်ဘူး။
စစ်ဟာသွေးချင်းတွေကို ထပ်ခြမ်းခြမ်းသွားတယ်…..။
လက်နက်ကြီး ပေါက်ကွဲသံကြား ဖွားခနဲ လွင့်ကြွေသွားတဲ့ အသက်တွေ
ခြေတွေ၊ လက်တွေ
ဘယ်သူ့မှ မော်ကွန်းမထိုးအားဘူး…………….
ကိုယ်တို့ဒုက္ခိတဖြစ်သွားတဲ့အခါ တိုင်းပြည်ပေးတဲ့ပင်စင်
တစ်နှစ်မှ 30000…..
တစ်လ 30000မဟုတ်ဘူး။ တစ်နှစ်30000
အဲ့ဒီ့ မိုင်းစဖျားမှာ အသက်ပါ ပါသွားသင့်ခဲ့တာ……..
ဝမ်းတစ်ထွာအတွက်မနေသာဘူး…..
စာအုပ်လေးကိုင် လိုက်ရောင်းသူကရောင်း
ခွက်လေးဆွဲ လိုက်တောင်းသူကတောင်း
ကိုယ့်ကိုယ်ပေါ်မှာ အပွင့်အခက်မပါတဲ့ စစ်ယူနီဖောင်းအနွမ်းအတွက်
ဂုဏ်ယူနေမိတုန်း……..။
မစွန့်ကြဲရင်နေပါ
အဲ့လို မုန်းတီးတဲ့ မျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။
တိုင်းပြည်ကိုချောက်ထဲတွန်းချခဲ့တာ ကျွန်တော်မဟုတ်ဘူး။
တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခဲ့တာ ကျွန်တော်မဟုတ်ဘူး။
တိုင်းပြည်ကို အညွန့်တုန်းမယ့် ဥပဒေတွေ ပြဋ္ဌာန်းခဲ့တာ ကျွန်တော်မဟုတ်ဘူး။
ကျွန်တော်တို့လို တောထဲတောင်ထဲ မိုင်းကွင်းထဲ၊ သတ်ကွင်းထဲ တစ်ခါမှ မလျှောက်ခဲ့ဖူးတဲ့
ကျွန်တော်တို့ “အထက်”လို့ပဲသိတဲ့ လူတစ်စုပါ။
စစ်ခွေးလို့ မခေါ်ပါနဲ့ဗျာ……….
ခွေးဆိုတာ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်ပါတယ်။
ကျွန်တော်တို့က နဖားကြိုးထိုးခိုင်း…….. အလုပ်မလုပ်နိုင်တော့ရင်
သားသတ်ရုံအပို့ခံရတဲ့ နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါ
ကျွန်တော်တို့ စစ်နွားတွေပါဗျာ………
credit to ပိုးဥ
No comments:
Post a Comment