♪ ကမ္ဘာမကြေ... ဗမာပြေ ♫ ဒို့ ဘိုးဘွား အမွေစစ်မို့ ♪ ချစ်မြတ်နိုးပေ ♫
"ဟဲ့.. ပလုတ်တုတ် ငုတ်တုတ်ကြီး"
ကိုယ်က စာထိုင်ရေးနေရင်း ဈာန်ဝင်စားနေတုန်း ဘေးကသူငယ်ချင်းရဲ့ဖုန်းက ရုတ်တရက် သီချင်းသံထွက်လာတော့ လန့်ပြီး ယောင်အော်မိတယ်...
သူက မျိုးချစ်ပုဂ္ဂိုလ်ကြီးဆိုတော့ နိုင်ငံတော်သီချင်းကို Ring Tone လုပ်ထားတာလေ
လုပ်စရာရှားလို့ နိုင်ငံတော်သီချင်းကိုမှ Ring Tone လုပ်ထားတယ်
သူ့ဟာက ဖုန်းလာရင် ဖုန်းပဲကိုင်ရတော့မှာလိုလို၊ သတိဆွဲပြီးပဲ အလေးပြုရမှာလိုလိုနဲ့
အလေးမပြုပဲ ဖုန်းကိုင်ပြန်ရင်လည်း နိုင်ငံတော်ကို မလေးစားရာကျမယ်
အလေးထပြုပြန်ရင်လည်း အိမ်မှာဆို ပြသနာမရှိဘူး၊ MRT ရထားစီးနေတုန်းလို လူကြားထဲမှာဆို လက်သီးကြီးဆုပ်ပြီး တယောက်ထဲ တောင့်တောင့်ကြီးလုပ်နေလို့ကလည်း အဆင်မပြေပြန်ဘူး
ခက်ဘူးလားဗျာ
ခုလည်း သူ့ ဖုန်းလာလို့ခေါ်ပေးရမှာလား၊ မတ်တပ်ရပ်ပြီး အလေးပြု၊ သီချင်းပြီးမှ သူ့ခေါ်ပေးရမှာလား ...
အဲ ... ဘာလုပ်ရမှန်းကို မသိတော့ဘူး
ရေးနေတဲ့ ဟာသလေးတောင် ဘယ်ရောက်သွားပါလိမ့်
ဆရာသမားက မီးဖိုထဲဝင်ပြီး ချက်ပြုတ်နေတာဆိုတော့ သူ့ဖုန်းမြည်တာကို ကြားဟန်မတူဘူးရယ်
လှမ်းခေါ်တာပဲ ကောင်းပါတယ်
"အဘ အဘ၊ အဘဖုန်းက မြည်နေတယ်ဗျ"
"လာပြီ ဦးလေးရေ လာပြီ"
... ဆိုပြီး ဖုန်းလာကိုင်တယ်၊ ဖုန်းပြောပြီးတော့မှ ကိုယ့်ကို လှမ်းပြောတယ်... ...
"နေ့လည်စာအတွက် ကြက်ဥလေးတွေ ပြုတ်နေတာ၊ ကျနော်တို့မှာရှိတဲ့ ဥက ၂လုံးထဲဆိုတော့ နှစ်ယောက်စာ မလောက်ဘူးလေ၊ ဒါနဲ့ အိမ်ရှင်ရဲ့ ဥနှစ်လုံးပါ ထည့်ပြုတ်လိုက်ရတယ်"
"ဂျာ... ဝေါ့... ဝူး.. ကျနော်မစားဘူး၊ အဘပဲ စား"
"ဘာတုန်း ဦးလေးရ၊ ကြက်ဥကို ပြောတာပါ"
"အင်း... ရှင်းရှင်းပြော၊ ရွံစရာ မပြောနဲ့၊ အဲဒီ အိမ်ရှင်ဘိုညိုက တပတ်မှာတခါတောင် ရေချိုးတာ မဟုတ်ဘူးရယ်"
"ဟုတ်လား..."
"ဟုတ်တယ်၊ သူ့အလုပ်က နေ့တိုင်းရေချိုးရတဲ့ အလုပ်တဲ့ ဒါ့ကြောင့် အိမ်မှာ ဘယ်တော့မှ ရေမချိုးဘူး"
"ဟင်... သူက ဘာလုပ်တာလဲ"
"ရေငုပ်ပြီး သင်္ဘောဗိုက်တွေကို စစ်ရတာ"
"ဒါဆို ရေအိုဂျီပေါ့"
"ဘာလဲ ရေအိုဂျီက"
"ပိန်းပ့ါ ဦးလေးရာ၊ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ကိုစစ်ဆေးကုသပေးတဲ့ ဆရာဝန်တွေကို အိုဂျီ (OG) လို့ ခေါ်တယ်မလား၊ အဲဒါက ကုန်းပေါ်က အိုဂျီ၊ ဘိုညိုက ရေထဲက ဗိုက်တွေကို စစ်ဆေးပြုပြင်ရတာဆိုတော့ ရေအိုဂျီ"
"နာမည်ပေးတဲ့နေရာမှာတော့ အဘက ဗိုလ်ဗျ"
“ဟဲ ဟဲ”
အဲဒီကတည်းက ဘိုညို့ကွယ်ရာမှာ သူ့ကို ရေအိုဂျီလို့ပဲ ခေါ်တော့တယ်
2.
တရက်တော့ အဲဒီ ရေအိုဂျီတယောက် ထူးထူးခြားခြား ရေမိုးချိုးပြီး၊ အဝတ်အစားတွေ လဲနေတာ တွေ့ရတယ်
ဒါနဲ့ မေးကြည့်တာပေါ့… …
“ဘိုညို၊ ဘယ်တုန်းဗျ”
“ဟဲ.. ကောင်မလေးနဲ့ ချိန်ထားလို့”
“ဘိုညိုတို့ကတော့ စွံတယ်ဗျာ၊ တပတ်ကို ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့နေတာ အားကျတယ်”
“အားကျရင် ကျနော့်လို ရုပ်ချောအောင် အရင်လုပ်ဗျ”
အား… တေပြီ… မေးမိတာကိုက ကိုယ့်အမှား
ခဏနေတော့ ထွက်သွားတယ်
သူထွက်သွားပြီး အတော်ကြာတဲ့အထိကို အိမ်ထဲမှာ မွေးလို့ကြိုင်လို့ ကျန်ခဲ့တာ
အဲဒီတော့မှ အိပ်ရာက နိုးလာတဲ့ အဘက မေးတယ်… …
“ဟာ.. ဦးလေး၊ ကလေးပေါင်ဒါနံ့ရတယ်၊ ဘေးခန်းမှာများ ကလေးရှိလို့လား”
“ဘယ်က ကလေးမှ မရှိဘူး၊ ခင်ဗျားလူကြီး ရေအိုဂျီ အပြင်ထွက်သွားလို့ သူ့အနံ့တွေ ကျန်ခဲ့တာ၊ မျက်နှာကြီးကို ဖွေးလို့ဗျာ ပေါင်ဒါတွေရိုက်ပြီး ထွက်သွားတယ်”
“ရိုက်ပါစေဗျာ၊ စင်္ကာပူမှာနေပြီး အသားမဖြူတဲ့လူ သုံးယောက်ထဲ သူပါနေတာ၊ ပေါင်ဒါရိုက်ပါစေ”
“ဘယ်သူတွေတုန်းဗျ၊ စင်္ကာပူမှာနေပြီး အသားမဖြူတဲ့ သုံးယောက်က"
"စင်္ကာပူသမတ အက်အာ နသန်ရယ်၊ ဗမာရွာက ကိုကူးမားရယ်၊ ဒီအိမ်ရှင် ဘိုညို ခေါ် ရေအိုဂျီရယ်"
"အမ်..."
3.
♪ ကမ္ဘာမကြေ... ဗမာပြေ ♫ ဒို့ ဘိုးဘွား အမွေစစ်မို့ ♪ ချစ်မြတ်နိုးပေ ♫
လာပြန်ပြီ ဒီဖုန်းက
ဒီတခါတော့ ဆရာသမားက အနားမှာရှိတော့ ခေါ်ပေးစရာမလိုဘူး.
သူ လက်မအားတော့ စပီကာဖွင့်ပြီး ဖုန်းပြန်ဖြေတယ်… …
“ဟလို… ပြော၊ တရုတ်မ”
“စန်းမောင်… မင်း ဘယ်မှာတုန်း”
“အိမ်မှာ”
“ပင်နင်ဆူလာ မလာဘူးလား၊ နေ့လည်စာ အတူစားမယ်လေ”
“လာမယ်လေ၊ ခု ဘယ်ဆိုင်မှာလဲ”
“နိုးတူးဆိုင်မှာ”
အင်း… နိုးတူးဆိုင်ဆိုပါလား၊ ငါလည်း မကြားဖူးဘူး၊ ဆိုင်အသစ်ထင်တယ်
“အာ… အဲ့ဆိုင်တော့ မစားချင်ပါဘူး၊ ပန်းကမ္ဘာမှာ အသုပ်စားမယ်လေ”
“မစားပါနဲ့ စန်းမောင်ရာ၊ နောက်ရက်ကျတော့ ဒုက္ခရောက်လွန်းလို့ပါ”
“ဒါဆို မင်းက ဘယ်ဆိုင်မှာ စားချင်တာတုန်း”
“စိန်ဗေဒါဆိုင်မှာ ထမင်းစားမယ်ကွာ၊ ပြီးရင် ရွှေရင်စို့မှာ လဘက်ရည်သောက်ရင်း လေပန်းကြတာပေါ့”
“အင်း အင်း… နောက် တစ်နာရီအတွင်း ရောက်မယ်”
ဘုရား ဘုရား
ငါ ပြီးခဲ့တဲ့ တနင်္ဂနွေကမှ ပင်နင်ဆူလာ ရောက်ပါသေးတယ်
သူတို့ပြောတဲ့ ဆိုင်တွေ မတွေ့မိပါဘူး၊ ဒီကြားထဲ အသစ်ထပ်ဖွင့်တာလား မသိ
မေးကြည့်အုံးမှ…
“အဘ၊ အဘပြောတဲ့ ဆိုင်တွေက အသစ်တွေလား၊ ပင်နင်ဆူလာမှာ တခါမှ မတွေ့ဖူးလို့”
“ကဲ… ဦးလေး မေးခွန်းတွေကို MRT ပေါ်ကျတော့ ဖြေမယ်၊ ခုတော့ အဝတ်အစားလဲ၊ ဟိုကောင်တွေ စောင့်နေပြီ”
4
MRT ရထားပေါ်ရောက်တော့ အဘက ပြောတယ်… …
“ကဲ… ဦးလေး၊ မေးတော့ ဘယ်ဆိုင်နာမည်ကို သိချင်တာလဲ”
“နိုးတူးဆိုင် ဆိုတာကို စပြော”
“အဲဒါ ဦးလေးနဲ့ ကျနော်နဲ့ ပြီးခဲ့တဲ့ အပတ်ကတောင် ထိုင်မယ်လုပ်ကြသေးတယ်လေ၊ B1 ထဲက ဆိုင်လေ”
“ဟင်… သိပြီ၊ သူ့နာမည်က xxxxxxx ပါ၊ ဘာလို့ နိုးတူးလို့ ခေါ်တာလဲ၊ အရသာကောင်းတဲ့နေရာမှာ ပြိုင်ဘက်မရှိလို့ နိုးတူးခေါ်တာလား”
“မဟုတ်ဘူး၊ သူ့ဆိုင်ကို တခါသွားစားမိရင် နောက်တခါ မလာချင်လောက်အောင် လက်ရာညံ့လွန်းလို့ ဘယ်သူမှ နှစ်ကြိမ်မလာဘူး၊ ဒါ့ကြောင့် နိုးတူး”
“မှတ်သားလောက်ပါပေတယ်၊ ကဲ… ဒါဆို ပန်းကမ္ဘာဆိုင်က ဘယ်ဆိုင်လဲ”
“အပေါ်ထပ်က အသုပ်ရောင်းတဲ့ ဆိုင်လေ”
“အင်း သိတယ်၊ အသုပ်တွေ စားကောင်းပါတယ်ဗျ”
“အသုပ်က စားကောင်းပေမယ့် နောက်ရက်ကျတော့ ချေး မနားတမ်းပန်းတယ်ဗျ၊ ဘာပန်းသလဲ မမေးနဲ့၊ အိမ်သာထဲ ခေါင်းအုံးယူသွားရတယ်”
“ခေါင်းအုံးက ဘာလုပ်ဖို့တုန်း”
“တမိနစ်ခြားတခါလောက် ပန်းနေတော့၊ အိမ်သာထဲတင် အိပ်ရင်း ပန်းရတော့တာကိုး”
“ထူးဆန်းပါပေ့ အဘရယ်”
“သူ့အသုပ်စားပြီးရင် ချေးပန်းလွန်းလို့ ပန်းကမ္ဘာအသုပ်ဆိုင်လို့ ခေါ်တာ”
“ဒါလည်း မှတ်သားလောက်ပါပေတယ်”
“နောက်တဆိုင်ကလည်း အဲဒီအပေါ်ထပ်မှာပဲ၊ ရွှေရင်စို့ဆိုင်ဆိုတာ”
“အင်း… သူကျတော့ ဘာလို့ အဲဒီနာမည် ရနေတာလဲ”
“သူ့ဆိုင်မှာ စားစရာမှာပြီးလို့ ပိုက်ဆံရှင်းတဲ့အခါကျ ရင်ထဲစို့စို့တက်လာလို့”
“ဟင်… ရင်ထဲ စို့တက်လာရအောင် အိမ်က အမေ့လက်ရာကို သတိရလို့လား”
“ဟုတ်ဘူး… ဈေးများလွန်းလို့”
“အဲ… ဟုတ်တယ်၊ ဈေးများတာတော့ အမှန်ပဲ၊ ထမင်းလေး အနူလက်သီးဆုပ်လောက်ရယ်၊ အသားလေးက ဆိတ်ချေးလုံးလောက် ၂တုံးနဲ့ အရွက်ကြော်လေး နှပ်ချေးလောက်ရယ်ကို စုစုပေါင်း 7 ဒေါ်လာလောက် ယူတယ်ဗျ”
“အမ်မလေး ဦးလေးရယ်၊ ဈေးများတာလည်း များတာပ့ါလေ၊ တခြားဟာနဲ့ နှိုင်းလို့မရဘူးလား”
“ဟီး..ဟီး ဆောတီး ဆောတီး၊ မန်းလေးသားဆိုတော့ ဥပမာပေးတာ နည်းနည်းကြမ်းသွားတယ် ဟီး”
“နောက်ဆုံးဆိုင် စိန်ဗေဒါ အကြောင်းပြောပြမယ်၊ ဒီတခါ မှန်လို့ ထောက်ခံလည်း ရိုးရိုးလုပ်နော် ဦးလေး၊ ညစ်တီးညစ်ပတ်တွေ မပြောနဲ့ ခု ထမင်းသွားစားမလို့ဟာ မြိုမကျအောင်မလုပ်နဲ့ဂျ”
“အင်းပါ အဘရယ် ပြော စိန်ဗေဒါဆိုင်အကြောင်း”
“သူလည်း အဓိကကတော့ ဈေးများလို့ အဲဒီနာမည်ပေးထားတာပါ၊ လက်ရာကသာ မကောင်းတာ၊ ပိုက်ဆံယူတဲ့နေရာတော့ ဘယ်သူ့မျက်နှာမှမထောက်ပဲ လက်သံပြောင်လွန်းလို့ စိန်ဗေဒါလို့ ပေးထားတာ”
“အဲဆိုင်က ဘယ်နားက ဆိုင်လဲ”
“ခုန ရွှေရင်စို့နဲ့ ကပ်လျက်ပဲ”
“အီးယား ဒါနဲ့တောင် ခု သွားစားမလို့ လုပ်နေသေးတယ်”
“ဒါတော့ ကောင်တာက ရှုခင်းကောာင်းတာကိုး”
“အင်း… ပေါက်ပြီ”
5.
ပင်နင်ဆူလာ ပလာဇာက ဆိုင်ခန်းတွေကို အများအားဖြင့် အိန္ဒိယလူမျိုးတွေ ပိုင်တယ်လို့ကြားမိတယ်
မြန်မာတွေက ဆိုင်ခန်းကို ပြန်ငှားရတာ
မြန်မာတို့ ထုံးစံ၊ တယောက်နဲ့တယောက် မညီညွတ်ကြတော့ ဆိုင်ခန်းငှားခတွေကို ဈေးအပြိုင်တိုးပေးပြီး ငှားကြရင်းနဲ့ ဈေးနှုန်းတွေ မတန်တဆ တက်ကုန်တယ်လို့ သိရတယ်။
တယောက်က သုံးထောင်ပေးငှားထားတဲ့ ဆိုင်ခန်းကို နှစ်စေ့လို့ နောက်တပြန် ပြန်ချုပ်လို့ မရဘူး၊ နောက်တစ်ယောက်က ၄၀၀၀ ပေးတယ်။
နောက်လူ နှစ်စေ့ပြန်တော့ နောက်တစ်ယောက်က ၅၀၀၀ ပေးငှားတယ်
ဒီလိုနဲ့ ဈေးတွေတက်ကုန်ရော
ဒီတော့ သူတို့ရောင်းတဲ့ ရောင်းကုန်တွေလည်း ဈေးတက်တော့တာပေါ့ဗျာ
မန္တလေးက ကျောက်စိမ်းသမားတွေစကားနဲ့ ပြောရရင် “ကျင်ပေါ်တောက်” တော့တာကိုး
“ကျင်ပေါ်တောက်” ဆိုလို့ တရုတ်စကားလို့ မထင်နဲ့
ကျင်ပေါ်တောက် = ကျောက်ပေါ်တင် တဲ့
မန္တလေးက ကျောက်သမားတွေ ကချင်ပြည်နယ်ဘက်တက်ပြီး ကျောက်စိမ်းသွားဝယ်တဲ့အခါမှာ ဒီစကားကို ပြောလေ့ရှိတယ်
ဥပမာ… ကျောက်စိမ်းတစ်တုံးက ၃ သိန်းပေးရတယ် ဆိုပါတော့။
ငွေ ၃ သိန်း ချချေခဲ့တယ်၊ ဒါပေမယ့် အဲဒီကျောက်စိမ်းတုံးရဲ့ အရင်းကို တွက်တဲ့အခါကျတော့ ၃သိန်း မဟုတ်တော့ဘူး၊
လမ်းစရိတ်တွေ၊ တည်းခိုခန်းခတွေ၊ ကြောက်လို့အဖော်ခေါ်အိပ်ခတွေ၊ ရေဆာလို့ ဘီယာသောက်တာတွေ၊ တိုက်ကြက်ကြီး ချက်စားတာတွေ အိုး အကုန်လုံး အဲဒီကျောက်စိမ်းတုံးတန်းဖိုးထဲ ပေါင်းတော့တာ
ဒီတော့ မန္တလေးပြန်ရောက်လို့ အရောင်းအဝယ်စကားပြောတဲ့အခါ “ငါ့ကျောက်က အရင်းတင် ၈ သိန်းကျတာကွ၊ ၁၀ သိန်းနဲ့ မရောင်းနိုင်ဘူး” ဘာညာ ဖြစ်ကုန်တော့တာကိုး
ဆိုတော့… ကုန်ကျစရိတ်ကို ကျောက်ပေါ်တင်လိုက်လို့ ကျင်ပေါ်တောက် ကျောက်ပေါ်တင် ဖြစ်လာတာ
ခုလည်း ပင်နင်ဆူလာက ဆရာတွေက သူတို့ ဆိုင်ခန်းငှားခ ဈေးကြီးပေးရသမျှ ကျင်ပေါ်တောက်ကြလွန်းလို့ ကျနော်တို့မှာ အပြင်ဆိုင်တွေထက် ၂ ဆလောက် ပိုပေးပြီး စားနေကြရပါတယ်ခင်ဗျာ
ဒါဆို…
ဈေးကြီးရင် သွားမစားနဲ့ပေါ့ကွ လို့ ပြောရင်လည်း ခံရမှာပဲ
ကျနော်တို့က မြန်မာကိုး
မြန်မာအစားအစာကို မြန်မာတွေဖြစ်တဲ့ ကျနော်တို့က ရုံးပိတ်ရက်လေးတစ်ရက်လောက်တော့ စားချင်သေးတာပ့ါလေ….
ပင်နင်ဆူလာမှ ချစ်သောမြန်မာဆိုင်များ ကျင်ပေါ်ဆက်လက်တောက်နိုင်ကြပါစေလို့…
အီး အီး ဟီး ဆုတောင်း ပေးလိုက်ပါတယ်ဂျာ…. …..
သန်၎ကို-ပေါက်ကရရေးသည်
No comments:
Post a Comment