Thursday, October 17, 2013
ဒုက္ခရောက်နေသည့် အင်္ဂပူမှ ရွှေ့ပြောင်း လုပ်သားများအား ဧရာတိုင်းအစိုးရ မကူညီ၍ လွှတ်တော်ဥက္ကဋ္ဌဟောင်း၏ သာသနာရေးဝန်ကြီးဌာနမှ ကယ်တင်နေရပ်ပြန်ပို့
ဧရာဝတီတိုင်း ဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာစိုက်ပျိုးရေး ကုမ္ပဏီ၌ အလုပ်သွားလုပ်ရင်း ဒုက္ခရောက်နေသူ ရွှေ့ပြောင်းလုပ်သား ၆၄ဦးအား သာသနာရေး ၀န်ကြီးဌာနက ကူညီကယ်ဆယ်၍ မူလနေရပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာ အုပ်စုရှိ ဒေသခံများအား ထူးကြီးကျေးရွာမှ အငယ်လေး (ခေါ်) ဌေးလင်း၊ လှဟန်နှင့် မိုးဇော်တို့က ကော့သောင်းရှိ ရာဘာခြံ၌ ဆေးဖျန်းသည့် အလုပ် ရှိကြောင်း၊ တစ်ရက်လျှင် ၄၅၀၀ ကျပ် လုပ်ခပေးမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ လူပေါင်း ၁၁၄ ဦးကို ၂ သုတ်ခွဲ၍ ထူးကြီးမှ ကော့သောင်းသို့ အဆင့်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း၊ လက်တွေ့ အလုပ်လုပ် ရာတွင် ပြောဆိုထားသည့် လုပ်ခအတိုင်း မရဘဲ ကြွေးမြီဖြင့် ချည်နှောင်ခိုင်းစေ နေသည့်အတွက် အလုပ်သမားများ ဒုက္ခရောက်ကြကြောင်း၊ ထိုသို့ ဒုက္ခရောက်နေသည့် အလုပ်သမားများအား ထူးထူးတိုး ကုမ္ပဏီက အောက်တိုဘာလ ၁၂ ရက်နေ့တွင် နှင်ထုတ်ခဲ့သဖြင့် အလုပ်သမား ၆၄ ဦးမှာ လမ်းလျှောက်၍ နေရပ်သို့ ပြန်လာကြရာမှ ဘုတ်ပြင်းမှ ကော့သောင်းမြို့သို့ ခရီးထွက်လာသည့် ကော့သောင်း ခရိုင် အုပ်ချုပ်ရေးမှူး ခရီးစဉ်နှင့် တွေ့ဆုံသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး စီစဉ်မှုဖြင့် ဒေသခံ အာဏာပိုင်များက ဘုတ်ပြင်းမြို့အထိ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့တွင် ရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သား ဒုက္ခသည်များအား ၎င်းတို့ နေရပ်ဖြစ်သည့် အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာသို့ ပြန်လည် ရောက်ရှိရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င်၊ နေပြည်တော်၊ ကော့သောင်းနှင့် ပုသိမ်မြို့ရှိ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့များထံ အကူအညီ တောင်းခံခဲ့သော်လည်း …အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ယခင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ)ထံ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ ဦးဆန်းဆင့်က အချိန်မဆိုင်းဘဲ ချက်ချင်း ကူညီပေးကြောင်း ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN)မှ ဦးထွန်းရွှေက ပြောသည်။
““ထူးကြီးက ဒေသခံတွေက တနေ့ ၄၅၀၀ ရမယ်ဆိုလို့ လိုက်သွားတာ။ ဟိုရောက်တော့ တစ်ရက်လုပ်မှ ၁၅၀၀၊ ၂၀၀၀၊ အများဆုံး ၃၀၀၀ လောက်ပဲ ရတယ်။ ဒီမှာ ပြောခေါ်တုန်းက ရာဘာပင် စိုက်ရမယ်၊ ဆေးဖျန်းရမယ် ဆိုပြီး ဟိုရောက်တော့ တောခုတ်ခိုင်းတယ်၊ ရာဘာပင် အောက်ခြေ ပေါင်းရှင်းတာတွေ လုပ်ခိုင်းတယ်။ အဲတော့ အလုပ်သမားတွေက မနေနိုင်တော့ဘူး။ ပြန်မယ် လုပ်ကြတယ်။ မင်းတို့ ပြန်မယ်ဆိုရင် ငါတို့အကြွေးတွေ ကျေအောင် ဆပ်ပြီးမှ ပြန်ရမယ်ဆိုပြီး ထူးထူးတိုး ကုမ္ပဏီက ပြောတယ်။
အကြွေးဆိုတာကလည်း ထူးကြီးကနေ ခေါ်တုန်းက လမ်းစရိတ် အခမဲ့နဲ့ ပို့ပေးမယ် ပြောခဲ့တယ်။ ဟိုရောက်တော့ လမ်းစရိတ်ကို ၅ သောင်းလို့ သတ်မှတ်ပြီး အကြွေးစာရင်း မှတ်ထားတယ်။ အလုပ်လုပ်ဖို့ ပေါက်တူး၊ ဓား၊ တောစီးဖိနပ်၊ ဒန်အိုး၊ ဒန်ခွက် အကုန်ဝယ်ရတယ်။ ပြီးရင် အကြွေးမှတ်ထားတယ်။ အဲတော့ အဲဒီအကြွေးတွေ ပေါင်းလိုက်တာ အလုပ်သမား တစ်ယောက်က အလုပ်မဆင်း ရသေးဘူး ကုမ္ပဏီဆီမှာ အကြွေး ၁ သိန်းကျော် တင်နေပြီ။ အဲဒီ အကြွေးတွေ ကိုလည်း သူတို့လုပ်ခထဲက ၅၀၀၊ ၁၀၀၀ စသဖြင့် ပြန်ဖြတ် ယူထားတယ်။
အဲဒီမှာ ထူးထူးတိုး ကုမ္ပဏီက ဘာလုပ်သလဲဆိုတော့ ပြန်ချင်တဲ့လူတွေ အကြွေးရှိတဲ့အတိုင်း အကုန်ဆပ်ပြီးရင် ပြန်ပို့ပေးမယ်လို့ ပြောတော့ ကော့သောင်းမှာ ရောက်နေတဲ့ အလုပ်သမားတွေက ထူးကြီးမှာရှိတဲ့ သူတို့ မိသားစုတွေဆီက ငွေတွေ တောင်းတော့တာပဲ။ ငါတို့အကြွေးတွေကို ထူးကြီးက အငယ်လေး (လူခေါ်ပွဲစား) ကို ပေးလိုက်ပါ။ ပေးစရာမရှိရင် အိမ်ခြံ၊ ရှိတာ အကုန်ရောင်းပြီး ပေးလိုက်။ ပြန်လာရင် ပြန်ရှာပါ့မယ်ဆိုပြီး ဖုန်းတွေဆက် မှာကြတယ်။ အဲတော့ ထူးကြီးက လူတွေက ရှိတဲ့ အိမ်၊ ခြံ၊ ပစ္စည်းတွေ ပေါင်ရောင်းပြီးတော့ တယောက်ကို ၁ သိန်းခွဲ၊ ၁ သိန်း ၇ သောင်း စသဖြင့် ပေးရတယ်။ ပေးတဲ့နေရာမှာလည်း ထူးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူရဲ့ ရှေ့မှာတင် လူပေါင်း ၁၇ ဦးစာအတွက် အငယ်လေး ဆိုတဲ့လူကို ပေးခဲ့တာလို့ သိရတယ်။အောက်တိုဘာ ၁၂ ရက် နေ့မှာ ထူးကြီးကျေးရွာကို ထူးထူးတိုး ကုမ္ပဏီက တာဝန်ခံ ဦးသက်နိုင်ဦး ဆိုတဲ့လူ ရောက်လာပြီးတော့ ကော့သောင်း ရာဘာခြံထဲက အလုပ်သမားတွေကို ပြန်ခေါ်ဖို့အတွက် ထူးကြီးက ဒေသခံတွေ ပေးထားတဲ့ ငွေကိုယူပြီး ညတွင်းချင်း ပြန်သွားတယ်။ သူနဲ့အတူ လူခေါ်ပေးတဲ့ အငယ်လေးလည်း တပါတည်း လိုက်သွားတယ်။ ထူးခြားတာက ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဇာတိရွာ အလယ်စု ဆိုတဲ့ ရွာပေါ့။ အဲဒီရွာက လူ ၅ ဦးလည်း ကော့သောင်းကို ပါသွားတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ထူးကြီး အုပ်ချုပ်ရေးမှူးဆီမှာ ငွေ ၈ သိန်း ပေးထားတာကို ကုမ္ပဏီ တာဝန်ခံ ဆိုတဲ့လူက ယူမသွားဘဲ ထားခဲ့တယ်။
အဲဒီ ၁၂ ရက်နေ့ ညမှာပဲ ကော့သောင်းက ထူးထူးတိုး ကုမ္ပဏီက အလုပ်သမားတွေကို ပြောတယ်။ မင်းတို့ ထူးကြီးသားတွေ မျက်နှာ မမြင်ချင်ဘူး။ အခု ချက်ချင်း ခြံထဲက ထွက်သွားကြဆိုပြီး နှင်ထုတ်တယ်။ အချိန်က ည ၇ နာရီလောက် ရှိပြီ။ ဒါတွေ ဘာလို့ သိလဲဆိုတော့ ထူးကြီးက လူတွေက သူတို့ မိသားစုဝင်တွေကို စိတ်ပူ နေတော့ ဖုန်းကတောက်လျှောက် ဆက်နေတာ။ ကော့သောင်းကိုလည်း ဆက်တယ်။ ကျွန်တော့် ဆီကိုလည်း ဆက်တယ်။ အဲ့လို နှင်ထုတ်လို့ အလုပ်သမား ၆၄ ယောက်က ညတွင်းချင်း ရာဘာခြံထဲကနေ ထွက်သွား ရတယ်။ ညကြီးကို လမ်းလျှောက် သွားတာ ည ၁၂ နာရီလောက်မှာ စစ်တပ် တစ်ခုနား ရောက်သွားတော့ ဆက်မလျှောက် ရဲတာနဲ့ လူအုပ်ကြီးက အဲဒီမှာ နားကြတယ်။ မိုးလင်းတော့မှ ဆက်လျှောက်တော့ ကော့သောင်း – ဘုတ်ပြင်း လမ်းပေါ်ကို ရောက်တယ်။ အဲဒီ လမ်းမှာ လျှောက်နေတုန်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် လမ်းကြောင်းနဲ့ ကြုံပြီးတော့ သူတို့က ကူညီပေးလို့ ဘုတ်ပြင်းမြို့ကို ရောက်သွားတယ်။
ဘုတ်ပြင်းကနေ ထူးကြီးပြန်ဖို့ကို မိသားစုတွေကလည်း ဘုတ်ပြင်းအထိ သွားခေါ်ဖို့ကို ငွေမတတ်နိုင်ကြဘူး။ အလုပ်သမား တွေမှာလည်း စရိတ်ပါမလာဘူး။ သူတို့အဖွဲ့ထဲမှာ သက်ကြီး ရွယ်အိုတွေလည်း ပါတယ်။ သားသည် အမေတွေလည်း ပါနေတယ်။ နေမကောင်း နာမကျန်း ဖြစ်နေသူတွေလည်း ပါတယ်။ အဲတော့ပြန်ဖို့ အခက်တွေ့နေတဲ့ အချိန်မှာ နေပြည်တော်က လူကုန်ကူး တိုက်ဖျက်ရေး ဌာနကို အကူအညီ တောင်းတယ်။ ကူညီဖို့ ဘာမှမပြောဘူး။ အထက်ကို တင်ပြပေးပါဦးမယ် လို့ပဲပြောတယ်။ အဲဒါနဲ့ ပုသိမ်လူကုန်ကူး တိုက်ဖျက် ရေးဌာနက ရဲမှူး ဒေါ်ခင်ခင်စိုးဆီ ဖုန်းဆက်တော့ ဒေါ်ခင်ခင်စိုးက သွားတုန်းကလည်း သူတို့အစီအစဉ်နဲ့ သူတို့သွားတာ။ ပြန်တော့လည်း သူတို့ အစီအစဉ်နဲ့ ပြန်လာလိမ့်မယ်။ ကျွန်မတို့ဌာနမှာ အဲဒီကိစ္စ အတွက် ဘတ်ဂျတ်မရှိဘူး။ တာဝန်ယူပေးလို့လည်း မရဘူးလို့ ပြောတယ်။ ကျွန်တော် ပြောတာက လူကုန်ကူးမှုကိစ္စက နောက်မှ ဆက်ရှင်းပါ။ လောလောဆယ် ဒုက္ခရောက် နေသူတွေကို ကယ်တင်ဖို့ အကူအညီပေးဖို့ တောင်းခံတာပါ လို့ ပြောတော့ အထက်ကို တင်ပြပေးပါမယ်ပဲ ပြောတယ်။
အဲဒါနဲ့ ဧရာဝတီတိုင်း အစိုးရဆီကို လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက တဆင့် ဆက်သွယ်တယ်။ အလုပ်သမားတွေ ဒုက္ခရောက် နေလို့ ကယ်ဆယ်ပေးဖို့ ကျနော် တင်ပြတော့ ၀န်ကြီးချုပ်ကို တင်ပြပြီးတော့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက် ပေးပါမယ်လို့ပဲ ပြောတယ်။ အဲတော့ ဌာနဆိုင်ရာ တွေဆီက အလုပ်သမားတွေကို ကယ်ဖို့ တိကျတဲ့ စကားတခုခု မရတော့ နောက်ဆုံးမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဆီကို ဖုန်းဆက်ပြီး အကူအညီ တောင်းဖြစ်ခဲ့တယ်။ သူကလည်း နာရီပိုင်းအတွင်းမှာ ကယ်ဆယ်ရေး လုပ်ဖို့ တနင်္သာရီတိုင်း သာသနာရေးကို ညွှန်ကြားခဲ့တယ်။ အခုဆိုရင် တနင်္သာရီတိုင်း သာသနာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ သူတို့ ဒီနေ့ မနက်ပိုင်း ဘုတ်ပြင်းက ထွက်လာကြပြီလို့ သိရတယ်”” ဟု ဦးထွန်းရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အလုပ်သမား ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ““ကျွန်တော်တို့ရွာကို လွန်ခဲ့တဲ့၉ လပိုင်း လောက်က ထူးထူးတိုး ကုမ္ပဏီက လူတွေနဲ့ ရွာခံဖြစ်တဲ့ အငယ်လေးတို့က ရွာမှာရှိတဲ့ အလုပ်သမားတွေကို စည်းရုံး ကြတယ်။ ရာဘာခြံတွေ ရှင်းဖို့ ယောက်ျားလေးဆိုရင် တစ်ရက်ကို ၄၀၀၀ ကျပ်၊ မိန်းကလေးဆိုရင် ၃၅၀၀ ကျပ်ရမယ် ပြောတော့ ၁၀ လပိုင်း လောက်မှ ကုမ္ပဏီက လူတွေနဲ့ ဘုတ်ပြင်းကို လိုက်သွားတယ်။ ဟိုရောက်တော့ နေ့စားလုပ်တာ တစ်ရက် ၄၀၀၀ နဲ့ ၂ ရက် လုပ်လိုက်တယ်။ နောက်ပိုင်း ပုတ်ပြတ် ဆိုပြီးပေးတော့ အလုပ်သမားတွေက တစ်ရက်ကို ၁၅၀၀ ကျပ်လောက်ပဲ ရတော့တယ်။
လာအလုပ်ခေါ်စဉ်က ကုမ္ပဏီက ဆန်တစ်ပြည်ကို ၈၀၀ ကျပ်နဲ့ ရမယ်ပြောပြီး တကယ် ၀ယ်ရတော့ တစ်ပြည်ကို ၁၂၀၀ ကျပ်နဲ့ ၀ယ်ရတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ ခမောင်မြို့ကို ကျန်းမာရေး မကောင်းတဲ့ အလုပ်သမားတွေ ဆေးတက်ပြဖို့ ကုမ္ပဏီက စာရေးမထံ ခွင့်တိုင်ခဲ့တယ်။ မြို့ဆေးတက်ကုဖို့ သွားနေတဲ့ အချိန်မှာ အလုပ်သမား ကြီးကြပ် ကိုဖိုးဇော်ကနေပြီး နောက်အလုပ်တစ်ခု ရှာဖို့ မြို့တက် တယ်ပြောပြီး တစ်ဖက်နဲ့တစ်ဖက် စကားများကြတယ်။ စကားများတော့ သူဋ္ဌေးမက နားတွေညီးတယ် သူတို့တွေကို စစ်တပ် ၅၉၇ ခေါ်ပြီး ပစ်သတ်လိုက်လို့ ပြောတယ်။ ကျွန်တော်တို့လည်း စိုးရိမ်စိတ်တွေနဲ့ နေတဲ့နေရာ ပြန်လာပြီး အဲဒီည ၇ နာရီ မိနစ် ၃၀ လောက်မှာ ခြေကျင် လျှောက်ပြီး မြို့ကို တက်လာကြတယ်။ ကုမ္ပဏီက လူတွေကလည်း ဆိုင်ကယ်တွေပေါ်မှာ သေနတ်တွေ လွယ်ပြီး လိုက်လာကြတာပါ။ ၅၉၇ စစ်တပ် နားကို ရောက်တော့ ည ၁၂ နာရီလောက် ရောက်တယ်။ မနက် ၃ နာရီ လောက်ထပြီး လမ်းလျှောက်တော့ မြို့နယ် ခရိုင်မှူးတွေနဲ့ တွေ့ပြီး သူတို့က စားအုန်းဆီကားနဲ့ မြို့ကို လိုက်ပို့ပေးခဲ့တယ်။ ကုမ္ပဏီမှာက ရာဘာခြံ ရှင်းတဲ့ အလုပ်သမား ၂၀၀ ကျော်လောက် ရှိတယ်။ အလုပ်သမား အများစုကတော့ ပြန်ချင်နေကြပြီ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ယူထားတဲ့ ငွေတွေကလည်း လည်ပင်း မြုတ်နေတော့ မပြန်ရဲကြဘူး ဖြစ်နေတယ်။ ကုမ္ပဏီကတော့ ကော့သောင်းခရိုင်၊ ခမောင်ကြီး မြို့နယ်ခွဲမှာ တည်ရှိတာပါ။ ကုမ္ပဏီရဲ့ လူသားခြင်း မစာနာတဲ့ အပြုအမူ တွေကိုလည်း သက်ဆိုင်ရာ လူကြီးတွေ သိစေချင်ပါတယ်”” ဟု မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။
ဘုတ်ပြင်းမြို့၌ ခိုလှုံနေသည့် ရွှေ့ပြောင်း အလုပ်သမား ဒုက္ခသည်များအား ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ ညွှန်ကြားချက်အရ တနင်္သာရီတိုင်း ဒေသကြီး သာသနာရေးဌာနက တာဝန်ယူ ပို့ဆောင်ပေးနေပြီး ယနေ့နံနက် ပိုင်းက ဘုတ်ပြင်းမြို့မှ စတင် ထွက်ခွာလာကာ ည ၈ နာရီအချိန်တွင် မြိတ်မြို့၌ နားခိုခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း နေပြည်တော်ရှိ သာသနာရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။
““အလုပ်သမားက ကလေး၊ လူကြီး စုစုပေါင်း ၆၅ ဦး ဖြစ်ပါတယ်။ သူတို့ ဒီနေ့မနက် ၈ နာရီမှာ ကား ၂ စီးနဲ့ ဘုတ်ပြင်းမြို့က စထွက်လာကြပါပြီ။ ဘုတ်ပြင်း ကနေ မြိတ်မြို့အထိကို ဘုတ်ပြင်းမြို့နယ် သာသနာရေး ဌာနက တာဝန်ယူ ပို့ပေးမှာပါ။ မြိတ်ကနေ အင်္ဂပူအထိတော့ တနင်္သာရီတိုင်း သာသနာရေးက တာဝန်ယူ ပို့ပေးမှာ ဖြစ်ပါတယ်”” ဟု သူက ပြောသည်။
ဘုတ်ပြင်းမြို့နယ် သာသနာရေးမှူး ဦးဝင်းရွှေကလည်း ““ကျွန်တော်တို့က ၁၀ လပိုင်း ၁၄ ရက်လောက်မှာ ဘုတ်ပြင်းမြို့၊ ဓမ္မ၀ိစာရကျောင်းမှာ ထူးထူးတိုး ကုမ္ပဏီကနေပြီးတော့ လုပ်သားတွေပေါ့ ကျား ၃၇ ဦး၊ မ ၂၁ ဦး သူတို့နဲ့ ပါဝင်လာတဲ့ ကလေး ၇ ဦး၊ စုစုပေါင်း ၆၇ ဦး ရောက်ရှိနေတယ် ဆိုတာ သိရှိရပါတယ်။ သိရှိရတဲ့အခါ အဲဒီလူတွေက အင်္ဂပူမြို့နယ်၊ ထူးကြီးရွာကလို့ သိရတယ်။ သူတို့ကို ထူးထူးတိုး ကုမ္ပဏီကနေ အလုပ်ထုတ် လိုက်လို့ ကုမ္ပဏီကနေ နေရပ်ကို ခြေကျင် ထွက်လာခဲ့ ကြရတာပါ။ အခုဆိုရင် ည ၈ နာရီ ၁၅ မိနစ်မြိတ် ကိုရောက်နေပါပြီ။ မြိတ်မှာဆိုရင် ပါလာတဲ့သူတွေအားလုံး တောရအောက်ကျောင်းမှာ နားကြမှာပါ။ မနက် မိုးလင်းရင်တော့ ထားဝယ်ကနေ ရန်ကုန်ကို သွားမှာပါ။ ရန်ကုန် ရောက်ရင်တော့ အလုပ်သမားတွေရဲ့ နေရပ်ကို လိုက်ပို့ ပေးမှာပါ။ ဘုတ်ပြင်းမှာ ရှိနေစဉ် ကာလတွေမှာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရ ၀န်ထမ်းတွေက ကူညီပေးကြ ပါတယ်။ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့က လူတွေနဲ့ ကုမ္ပဏီက လူတွေ ညှိနှိုင်းနေတယ်လို့ ကြားနေရပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။
အလုပ်လုပ်ရန် ဆွဲဆောင် စည်းရုံးခြင်း၊ လူများ စုဆောင်းခြင်း၊ လွှဲပြောင်း ပို့ဆောင်ခြင်း၊ ကြွေးမြီဖြင့် ချည်နှောင်၍ ခိုင်းစေခြင်းများ တွေ့ရှိ ပေါ်ပေါက်သည့် အတွက် HRWDN အဖွဲ့က ပုသိမ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သန်းဇော်မင်းက ထူးကြီးကျေးရွာသို့ လာရောက်၍ ကုမ္ပဏီမှ ထွက်ပြေးလာသည့် အလုပ်သမားများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေပြည် တော်ရှိ လူကုန်ကူး တားဆီးရေး အဖွဲ့ထံ အစီရင်ခံ တင်ပြထားကြောင်း သိရသည်။
ထိုကဲ့သို့ အလုပ်သမားများ လစာကောင်းကောင်း ရမည်ဆို၍ တရားဝင် ခေါ်ယူမှု မဟုတ်ဘဲ နစ်နာခဲ့ရသော ဖြစ်ရပ်များမှာ လူမှောင်ခို ကုန်ကူးမှုဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၏ ကူညီ စောင့်ရှောက်မှုကို နစ်နာသူများက မျှော်လင့်တကြီး စောင့်စားလျက် ရှိသော်လည်း ယခုကဲ့သို့ အင်္ဂပူမြို့နယ် (တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ မဲဆန္ဒနယ်မြေ)မှ လုပ်သားများ၏ အခက်အခဲကို ချက်ခြင်း အချိန်မီ ဖြေရှင်းရန် အကြောင်း မပြန်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအပေါ် ဒုက္ခရောက်နေသူအချို့က စိတ်ပျက်ခဲ့ကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ကိုသန့်စင်(ပုသိမ်)
မြန်မာသံတော်ဆင့် - Myanmartandawsint Newspaper
Subscribe to:
Post Comments (Atom)
No comments:
Post a Comment