အိပ်မပျော်လို့  ဟိုတွေးဒီတွေး တွေးရင်း မကြာခင် သီတင်းကျွတ်ရောက်တော့မယ်ဆိုတာ သတိထားမိပါတယ်။
ဒီလိုနဲ့  ငယ်စဉ်က သီတင်းကျွတ်တွေအကြောင်း ဆက်တွေးမိပြန်ရော..တွေးမိရင်း စာရေးချင်စိတ်ပေါ်လာလို့ ရေးလိုက်တာပါ။
မြန်မာတို့ ရဲ့ ၁၂ လ ရာသီပွဲတော်တွေမှာ သင်္ကြန်ပြီးရင် အနှစ်သက်ဆုံးဖြစ်မိတာက သီတင်းကျွတ်ပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က မီးရှုးမီးပန်းဖောက်ရတာ ၀ါသနာအလွန်ပါသူမို့ ပါ။ သီတင်းကျွတ် တစ်ခါပြီးရင် ငွေပမာဏတော်တော်များများ ကုန်ပါတယ်။
နောက်တော့ လူမှုရေးလုပ်တဲ့အခါ သိနားလည်လာမိပါတယ်။ အော်...ငါ တော်တော်မှားခဲ့ပါလားပေါ့
ကုန်ဆုံးသွားတဲ့ငွေနဲ့  လိုအပ်နေတဲ့နေရာတွေမှာ တော်တော်များများဖြည့်စွက်ပေးနိုင်ပါလားဆိုတာ သိရချိန်မှာ နောင်တရမိပါတယ်။
ထားပါတော့...အဓိကပြောချင်တာက ဗြောက်အိုးအကြောင်းပါ။ သီတင်းကျွတ်နဲ့ ဗြောက်အိုးဆိုတာ တွဲရက်မဟုတ်လား။
ငယ်စဉ်က အတွေ့ အကြုံလေးတွေ ပြောပြချင်တာပါ။
တစ်ခုသောသီတင်းကျွတ်မှာဖြစ်ခဲ့တာပါ။ လူငယ် ၄ယောက် လမ်းတစ်ခုမှာ ဗြောက်အိုးဖောက်ပါတယ်။
မြေတုန်ဗုံး ဆိုလားပဲ။ အသံက သေနတ်သံထက် ကျယ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီလမ်းထဲက အိမ်တစ်အိမ်မှာက နှလုံးရောဂါသည်ရှိတယ်။
အဲဒီအိမ်က မဖောက်ဖို့ ပြောတယ်။ မရဘူးဗျ၊ မူးနေတာကိုး၊ ထပ်ဖောက်တယ်။ လူနာ လန့် သေတယ်။
ထွက်ရိုက်တယ်။ တစ်ယောက်က အဲဒီနေရာမှာပဲ ပွဲချင်းပြီး၊ နှစ်ယောက်က ကွဲပြဲ၊ တစ်ယောက်ကထွက်ပြေး။
အနှစ်ချုပ်လိုက်တော့ ပျော်စရာကောင်းတဲ့သီတင်းကျွတ်လေးမှာ လူနှစ်ယောက် ဘ၀ပြောင်းသွားပြီး တစ်ယောက်က ထောင်ကျတယ်။
နောက်တစ်ခုက... လမ်းမပေါ် ဗြောက်အိုး ပစ်တယ်။ ဖြတ်သွားတဲ့ဆိုင်ကယ်ကို ထိတယ်၊ စကားများတယ်၊ ရန်ဖြစ်ကြတယ်။ ပြန်သွားတယ်။ သိပ်မကြာပါဘူး။ လူစုပြီး ပြန်လာချတာ ပွဲကြီးတစ်ပွဲဖြစ်သွားရော...နောက်တော့ ရဲစခန်းရောက်တဲ့သူရောက် ၊ဆေးရုံရောက်တဲ့သူရောက်ပေါ့။
ဒီထက်ဆိုးဝါးတဲ့ အဖြစ်အပျက်တွေတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးက ရဲစခန်းတွေ ပိုသိမှာပါ။ ကျွန်တော်ဆိုလိုချင်တာက သတိတရားလေးပါ။ အဓိကအရေးကြီးတာက ဆေးရုံ၊ဆေးခန်းတွေနဲ့  အများပြည်သူသွားလာတဲ့နေရာတွေမှာ မဖောက်မိဖို့ ပါပဲ။
မိမိက ပျော်လို့ ဘာရယ်မဟုတ်ဖောက်လိုက်တာ ဆိုပေမယ့် ကိုယ်မမြင်နိုင်တဲ့နေရာမှာ ကြီးမားတဲ့ အနှောင့်အယှက်ဖြစ်နေတယ်ဆိုတာ သတိထားစေလိုပါတယ်။
နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေလည်း များလာနိုင်တယ်ဆိုတာ သတိပြုစေချင်တာပါ။
ကျွတ်တော်ငယ်စဉ်ကလည်း အများပြည်သူသွားလာတဲ့ နေရာတွေမှာ ဖောက်ခဲ့မိပါတယ်။
အဖြစ်အပျက်လေးတစ်ခုဖြစ်ပြီးတဲ့နောက်ပိုင်း မြို့ ထဲလို လူစည်ကားတဲ့နေရာတွေမှာ မလုပ်တော့ပါဘူး။ ဖြစ်ပုံက ဒီလိုပါ။
သီတင်းကျွတ်ကာလ ညတစ်ညမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဖောက်ခဲ့ချိန်မှာပါ။
အံစာတုံး ဆိုတာလေး သိမယ်ထင်ပါတယ်။ အရပ်အခေါ် ရှုးဒိုင်းတွေအများကြီးကို လေးထောင့်ပုံစံ စီထည့်ထားတာပါ။ အရေအတွက် ၂၅ခုလောက်ရှိမယ်ထင်ပါတယ်။
အဲဒီဟာလေးကို ကားလမ်းဘေးချပြီး စနစ်တံ ရှို့ တဲ့အခါ တစ်စင်းပြီးတစ်စင်း ထွက်တာပါ။ အဲဒီမှာ ပြဿနာ စတာပါပဲ။
၅ ချက်လောက် ထွက်သွားပြီးချိန်မှာ တစ်ခုက ဂျမ်းဖြစ်ပြီး မထွက်နိုင်ဘူး။ မထွက်နိုင်တော့ အထဲမှာ ယမ်းအားနဲ့  ဆောင့်ရုန်းပါတယ်။
အဲဒီအရှိန်နဲ့  အံစာတုံးက လဲပါလေရော... လဲကျတဲ့ဘက်က ကျွန်တော်တို့ ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို မျက်နှာမူပြီး လဲကျတာပါ။
တွေးကြည့်ပေါ့ဗျာ ၊ ကျန်တဲ့ အစင်း၂၀ လောက်က ကျွန်တော်တို့ ဘက် ထွက်လာတော့မယ်လေ။ အဲဒီအခြေအနေမှာတော့ ရှောင်လွှဲလို့ မရတော့ပါဘူး။
ကိုယ့်ဆီလာနေတဲ့ မီးရှုးတွေကို ရှောင်ရင်း အံစာတုံးရှိရာကို ပြေးပြီး နင်းချေလိုက်ပါတယ်။
ဒါပေမယ့် ခုလိုစာရေးနေတာက နှေးနေအုန်းမယ်။ ၃ခု ၄ ခုလောက်က ထွက်လာပြီးသားပါ။ တစ်ခုကတော့ ကလေးတစ်ယောက်ရင်ဘတ်ကို ထိသွားပြီး ကွဲသွားပါတယ်။ မများပေမယ့် တာဝန်ယူဖြေရှင်းရတာပေါ့။
တကယ်လို့ များ ရင်ဘတ်မထိပဲ မျက်လုံးကို ထိခဲ့မယ်ဆိုရင်တော့ ဖြေရှင်းလို့  မလွယ်တော့ပါဘူး။
ဒါက အားလုံးပြီးသွားမှ တွေးမိတာလေးပါ။ ဘယ်လောက်အန္တရယ်များတယ်ဆိုတာ တွေးကြည့်ပါတော့။
အဲဒီနောက်ပိုင်းမှာတော့ ကမ်းနားသောင်ပြင်မှာ သွားဖောက်ပါတယ်။( ၀ါသနာက တားမရတာကိုး )
ဗြောက်အိုးတော့ မဟုတ်ပါဘူး။ မီးရှုးမီးပန်းတွေပါ။ လွတ်လွတ်လပ်လပ်နဲ့  ပိုပြီးပျော်စရာကောင်းပါသေးတယ်။
အခုနောက်ပိုင်းနှစ်တွေမှာတော့ စေတီဘုရားတွေမှာ သူငယ်ချင်းတွေ စုပြီး ဆီမီးထွန်းဖြစ်ပါတယ်။
အဲဒါဟာ မြန်မာ့ယဉ်ကျေးမှုကို ဆက်ခံထိန်းသိမ်းရာလည်းရောက်ပါတယ်။
နောက်ဆုံးပြောချင်တာလေးက မီးပုံးပျံလွှတ်တာပါ။
မီးစာကို ခိုင်မာအောင်စိစစ်ပြီးမှ လွှတ်သင့်ပါတယ်။ တစ်ခါ မီးစာပြုတ်ကျပြီး မီးလောင်မှုဖြစ်တာကြုံဘူးလို့ ပါ။
အိမ်တွေမှာ ဖယောင်းတိုင်၊ ဆီမီးထွန်းသူများလည်း ဂရုတစိုက် မီးထွန်းတာ အကောင်းဆုံးဖြစ်မှာပါ။
တကယ်တော့ သီတင်းကျွတ်ဆိုတာ .....
မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားပြီး ...
လူ့ပြည်ကို ပြန်လည်ဆင်းကြွလာချိန်မှာ မီးရောင်စုံ ထွန်းညှိပူဇော်ပြီး ကြိုဆိုကြချိန်ဖြစ်ပါတယ်။
ရဟန်းတော်များ ပဝါရဏာပြုသလို လူအများလည်း မိဘ၊ဆရာ၊သက်ကြီးဝါကြီးများကို ပူဇော်ကန်တော့ခြင်း ပြုလုပ်ကြချိန်ပါ။
ကျွန်တော်လည်း သီတင်းကျွတ်ရောက်တိုင်း မိဘနှစ်ပါးနဲ့  ဆရာတစ်ဦးဦးကို နှစ်စဉ်နှစ်တိုင်း ကန်တော့ခဲ့တာ နှစ်မပျက်ခဲ့ပါဘူး။
စာဖတ်သူ မိတ်ဆွေများလည်း ကျွန်တော်နဲ့ ထပ်တူ ပြုလုပ်လေ့ရှိမယ်လို့  ယုံကြည်ပါတယ်။
ပြောချင်တာ ဒီလောက်လေးပါပဲဗျာ။ သီတင်းကျွတ်ချိန်မှာ အားလုံး ဘေးကင်းပျော်ရွှင်စွာနဲ့  .....
ရိုးရာအစဉ်အလာမပျက် မိဘဆရာများကို ကန်တော့ရင်း ဖြတ်သန်းနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ...
Mg Mg Soe
No comments:
Post a Comment