Sunday, October 13, 2013

ခွေးရူးပြန် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသည့် ခွေးသေကောင်ရေ များပြား



ခွေးရူးပြန် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသည့် ခွေးသေကောင်ရေ များပြားနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဓာတ်ခွဲခန်းတွင် ယခင်နှစ်များက ခွေးသေကောင် ပေးပို့ စစ်ဆေး မှုမှာ တစ်နှစ်ပတ်လုံးတွင် ခြောက်ကောင်ဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ဧပြီမှ စက်တင်ဘာလအထိ ခွေးသေကောင်ရေ ၁၀ ကောင်ခန့်အထိ ရှိနေကြောင်း သိရသည်။

"ခွေးရူးပိုး စစ်ဖို့အတွက် ဓာတ်ခွဲခန်းကို ခွေးသေကောင် လာပို့တဲ့ ကောင်ရေက ယခုနှစ်ပိုင်းတွေမှာ များလာ တယ်။ အခု ခွေးရူးနဲ့ ပတ်သက်ပြီး လူတွေမှာ အသိပညာတွေ ရှိလာပြီး စစ်ဆေးမှု လုပ်လာကြ တယ်။ ခွေးရူးရောဂါက အပြင်မှာ ခေါင်းထောင်လာလို့ပဲလား ဆိုတာတော့ အတိအကျ မသိသေးဘူး။ မွေး/ကု အနေနဲ့ကတော့ ခွေးရူးနဲ့ ပတ်သက်ပြီး ရောဂါထိန်းချုပ်ရေးကို ပိုပြီးတိကျ ခိုင်မာတဲ့ လုပ်ငန်းစဉ် တွေနဲ့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်" ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက ပြောကြားသည်။

ထို့ပြင် ဓာတ်ခွဲခန်းသို့ လာရောက်စစ်ဆေးသည့် ခွေးသေကောင်များတွင် ခွေးရူးပြန်ရောဂါပိုး တွေ့ရှိမှုမှာ ရာခိုင်နှုန်း ၃၀ ခန့် ရှိနေကြောင်းနှင့် ခွေးရူးပိုး ရှိ၊ မရှိ လာရောက်စစ်ဆေးသည့် ခွေးအများစုမှာ အိမ်မွေး ခွေးများထက် ခွေးလေခွေးလွင့်များ ပိုမိုများပြားကြောင်း သိရသည်။

အခု ခွေးရူးနဲ့ ပတ်သက်ပြီး လူတွေမှာ အသိပညာတွေ ရှိလာပြီး စစ်ဆေးမှု လုပ်လာကြတယ်။ ခွေးရူးရောဂါ က အပြင်မှာ ခေါင်းထောင်လာလို့ပဲလား ဆိုတာတော့ အတိအကျ မသိသေးဘူး . . . . .

မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိနေ သေးပြီး ရောဂါပျံ့နှံမှုအား လေ့လာရာတွင် ယင်းဒေသ နှစ်ခုမှ တွေ့ရှိချက်ကိုသာ နိုင်ငံ့အတိုင်းအတာဖြင့် မှတ်ချက်ယူနေရကြောင်း သိရသည်။

ခွေးရူးပြန် ရောဂါသည် Rabies ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ယင်းပိုးကူး စက်ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်က ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရစ္ဆာန်၏ သွားရည်မှ တစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ် တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ခွေးရူးပြန် ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးမှုမြင့်သည့် ရောဂါများတွင် တစ်ခု အပါအ၀င် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ အထက်တွင်ရှိကြောင်း ဆေးပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment