Monday, October 14, 2013

သံတွဲပဋိပက္ခ ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်

သံတွဲပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆပြီး ထိန်းသိမ်းထားသူ ၅ ဦးကို စစ်ဆေးမှုမှာ ပါဝင်ပတ်သက်မှုမရှိလို့ ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပဋိပက္ခအတွင်း မီးရှို့၊ လူသတ် သံသယနဲ့ ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်းထားဦး ၇၈ ဦးအနက် ၅ ဦးကို ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းက ဆိုပါတယ်။ စစ်ဆေးချက်အရ လူသတ်မှုနဲ့ ဖြောင့်ချက်ပေးသူ ၆ ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ဆေးချက်တွေအရ လင်းသီကျေးရွာမှာ ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ ၄ ဦး၊ သပြုခြံကျေးရွာက ၅ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ ၂ ဦးနဲ့ မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့ကို တရားဥပေဒနဲ့ အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ကျန်ရှိနေသူတွေကို စစ်ဆေးဆဲဖြစ်တယ်လို့ ဆိုပါတယ်။
သံတွဲမြို့ ပဋိပက္ခအတွင်း လူ ၇ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ဆီဂိုဒေါင် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုံးကာ အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Ref:DVB

No comments:

Post a Comment