Wednesday, October 16, 2013

ဖြူးမြို့၌ ခေါင်းဖြတ်သတ်သူကို သုံးရက်အကြာတွင် ဖမ်းမိ


အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း တောင်ငူခရိုင် ဖြူးမြို့ ခင်တန်းကြီးကျေးရွာအုပ်စု ပဲခူးရိုးမ တောင်ခြေ သစ်မာစိုက်ခင်းတစ်ခုတွင် အသက် ၅ဝ ကျော် စိုက်ခင်းစောင့် လင်မယားနှစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သူနှစ်ဦးကို အမှုဖြစ်ပြီး သုံးရက်အကြာတွင် ဖြူးမြို့နယ် ကွင်းချောင်းဝရှိ ပျံကျတဲအိမ်စုတစ်ခုတွင် ဖမ်းဆီး ရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် ဖြူးမြို့နယ် ခင်တန်းကြီးကျေးရွာအုပ်စု ကျွဲမကူးကျေးရွာနေ ဦးဇော်နိုင်ဦး ဆိုသူသည် ၄င်း၏ နေအိမ်တွင် လာရောက်တည်းခိုနေထိုင်ပြီး ရိုးမတောင်ခြေသစ်မာစိုက်ခင်း တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၅၆ နှစ်အရွယ်ရှိ ဦးဇော်မင်းနှင့် ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်တင်ရွှေ တို့လင်မယားပြန်မလာသဖြင့် ကျွဲမကူး ကျေးရွာ နယ်မြေခံရွာသားအချို့နှင့် အဆိုပါ သစ်မာစိုက်ကွင်းသို့ သွားရောက်ရှာဖွေရာတွင် စိုက်ခင်းစောင့် တဲအနီး မြေကြီးပေါ်၌ ဦးဇော်မင်းကို ခေါင်းပြတ်လျက် အနေအထားဖြင့် (ဦးခေါင်းရှာမတွေ့)ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာဖြင့် လည်းကောင်း၊ ဇနီးဖြစ်သူ ဒေါ်တင်ရွှေကို ဘယ်ဘက်ဝမ်းဗိုက်နံဘေးထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် အူများပွင့်ထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖြူးမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီ ခန့်တွင် ဖြူးမြို့နယ် ကွင်းချောင်းဝတွင် တဲထိုးနေထိုင်ပြီး ငါးရှာဖွေဖမ်းဆီးကာ လုပ်ကိုင်စားသောက်သူ အသက် ၅၃ နှစ်အရွယ် ဦးရဲညွန့်(ခ)ဖထီးနှင့် အတူနေ တပည့်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဦးသိန်းထွန်း(ခ) သံချောင်း ဆိုသူတို့နှစ်ဦးနှင့် အသတ်ခံရသူ လင်မယားနှစ်ဦးတို့ အရက်သေစာ သောက်စားပြီးနောက် စကားပြော အဆင်မပြေဖြစ်ပြီး ရန်ဖြစ်ရာမှတစ်ဆင့် ယင်းကဲ့သို့ ဓားမြှောင်ခုံးဖြင့် ထိုးကာ ဦးခေါင်းကို ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းတာဝန်ရှိသူများနှင့် နယ်မြေခံကျေးရွာ တာဝန်ရှိသူများ ပူးပေါင်းကာ ဖော်ထုတ်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် ဖြူးမြို့နယ် အနောက်ဘက် ကွင်းချောင်းဝရှိ လူသတ်မှုကျူးလွန်သူများနေထိုင်ရာ ပျံကျတဲအိမ်များသို့ သွားရောက်ကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဦးရဲညွန့်(ခ) ဖထီးနှင့်အတူနေ တပည့်ဖြစ်သူ ဦးသိန်းထွန်း(ခ) သံချောင်းဆိုသူနှစ်ဦးကို ဖြူးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားပြီး ပျောက်ဆုံးနေသော ဦးခေါင်းကို ရှာဖွေနေဆဲဖြစ်ကာ အောက်တိုဘာ ၁၆ ရက်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment