Wednesday, October 2, 2013

လယ်တီသိမ်တော်အား တစ်စစီဖြုတ်၍ ပြန်ဆောက်နိုင်သလို အသစ်လည်း ပြန်လည်တည်ဆောက်ပေးနိုင်ကြောင်း မြန်မာ-၀မ်ပေါင်မန်နေဂျာဆို


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်တီဆရာတော် ကြီး၏ သိမ်တော်နှင့် သာသနိကအဆောက်အအုံများကို မရွှေ့ပြောင်းဘဲထားရှိမည်ဆိုပါက ကုမ္ပဏီအနေဖြင့် စီးပွားရေး တွက်ခြေကိုက်ခြင်း မရှိသလို လုံခြုံရေးအရလည်း ဒေသခံများအတွက် အသက်အန္တရာယ် ရှိနိုင်သည်ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှဆက်ဆံရေး(PR)မန်နေဂျာ Mr.Rico(လျှိုရှောင်သွမ့်)က ဆိုသည်။

မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့်သာသနိကအဆောက်အအုံများကို ဖယ်ရှားရန် ဆောင်ရွက်နေခြင်းအပေါ် ဆန့်ကျင်သူများက ဆန္ဒထုတ် ဖော်မှုများ ရှိလာသည့်အပေါ်တွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“သူတို့ အစီရင်ခံစာကို လေ့လာပြီးရင် သိမှာပါ၊ဘာကြောင့် ရွှေ့ရမလဲဆိုတာ၊ အဲဒီဘုန်းကြီးကျောင်းက မိုင်းတွင်းရဲ့ အလယ်တည့်တည့်မှာ ရောက်နေတယ်၊ တကယ်တမ်း မရွှေ့နိုင်ဘူးဆိုရင် စီမံကိန်းတစ်ခုလုံး ရဲ့သုံးပုံတစ်ပုံရဲ့ မိုင်းကို လုံးဝ တူးလို့ မရဘူး၊ အဲလို မတူးနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ စီးပွားရေးတွက်ခြေလုံးဝ မကိုက်တော့ဘူး၊ နောက် တစ်ခုက ဘုန်းကြီးကျောင်းကို မရွှေ့ဘဲထားမယ်ဆိုရင် လုံခြုံရေးအရ အသက်အန္တရာယ်ရှိပါတယ်''ဟု မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှ ဆက်ဆံရေး(PR)မန်နေဂျာMr.Rico(လျှိုရှောင်သွမ့်) က ပြောသည်။
လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့်အဆောက်အအုံများကို တစ်ခုချင်းစီဖြုတ်၍ ပြန်တည်ဆောက်ပေး၍ ရသလို အသစ်ပြန်လည် တည်ဆောက်ပေးဆိုပါက တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

စက်တင်ဘာလအတွင်းကလည်း သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အဆိုပါသိမ်တော်နှင့်အဆောက်အအုံ များကို ရွှေ့ပြောင်းနိုင်ရန်အတွက် လက်ပံတောင်းဒေသသို့ လာရောက်ပြီးဆရာတော်ကြီးများနှင့်တွေ့ဆုံကာ ဘုန်းကြီး ကျောင်းကို ရွှေ့ပြောင်းရန် ကိစ္စများကို ညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာဝမ်ပေါင်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေ ကို တိကျစွာလိုက်နာ သွားမည်ဖြစ်ပြီး အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mr.Rico(လျှိုရှောင်သွမ့်) က ဆက်ပြောသည်။

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်သာသနာနိက အဆောက်အအုံများကို မရွှေ့ပြောင်းရေးကိစ္စများကို ဆန္ဒပြ တောင်းဆိုခြင်းများရှိနေသည့်အပေါ်တွင် မည်သို့ဖြေရှင်းမည်ဆိုသည့်မေးခွန်းအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဝန်ကြီး ဦးသန်းထိုက်က ယခုကဲ့သို့ ဖြေကြားထားသည်။
“ သာသနာနိကနဲ့ ပတ်သက်တဲ့အပိုင်းတွေကျတော့ သာသနာရေးကိစ္စကိုဝင်ပြီးတော့ မစွက်ဖက်ချင်ပါဘူး၊ သာသနာ ရေးဝန်ကြီးနဲ့ပဲ သက်ဆိုင်ပါတယ် ”ဟု လက်ပံတောင်းတောင်အရေး ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် စစ်ကိုင်းတိုင်း ဒေသကြီး သတ္ထု၊သစ်တော၊စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်က ပြောသည်။

လယ်တီဆရာတော်ဘုရားကြီး၏ သိမ်နှင့်သာသနိက အဆောက်အအုံများကို မရွှေ့ပြောင်းရေး၊ စုံးစမ်းစစ်ဆေးရေး ကော်မတီ၏အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးရန် စက်တင်ဘာ ၂၉ ရက်မှစတင်ပြီး မန္တလေးမြို့မှ လက်ပံတောင်း ဒေသအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် ရည်ရွယ်ထွက်ခွာခဲ့သော်လည်း စက်တင်ဘာ(၃၀)ရက်နေ့က စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့မှသာသနာရေးဝန်ကြီး ဦးတင်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်တရားသူကြီးများမှာ လမ်းလျှောက်ဆန္ဒပြ သူများနှင့် ညှိုနှိုင်းခဲ့ပြီး ဆန္ဒပြသူများ၏တောင်းဆိုချက်(၃)ချက်ကို စစ်ကိုင်းမြို့ကောင်းမှုတော် စေတီအနီး စိန်ရတနာဓမ္မာရုံ၌ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လမ်းလျှောက်ဆန္ဒပြသူများညှိနှိုင်းရာတွင်ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးနေစဉ်ကာလအတွင်း သိမ်တော်ကို ဖြိုဖျက်ခြင်း၊ ရွှေ့ပြောင်းခြင်းများမပြုလုပ်ဘဲ မူလနေရာ အတိုင်းထားရှိရန်၊ လမ်းလျှောက် ဆန္ဒပြသူများကို ဖမ်းဆီးခြင်း မပြုလုပ်ရန်၊ ဆန္ဒပြရန် လာရောက်သူများကို လွတ်လပ်စွာဘုရားဖူးခွင့်ပေးရန်တို့ကို သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရှိရသည်။
မင်းဟိန်းထက်(မြစ်မခ) /မြန်မာခရိုနီကယ်

No comments:

Post a Comment