Wednesday, October 2, 2013

မြန်မာစကားလေး ပြောစေချင်

ယဉ်ကျေးသည့်လူမျိုး ယဉ်ကျေးသည့် ဘာသာစကားတိုင်းတွင် “စကားလုံးသစ်” များ တိုးပွားလျက်ရှိသည်ဟု ပညာရှင်တစ်ဦးက ဆိုမိန့်ထားပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် ယဉ်ကျေးသော လူမျိုးများနှင့် ယဉ်ကျေးသော နိုင်ငံသားများ ဖြစ်ကြလေသည်။ “မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား” ဟူ၍ပင် ကြွေးကြော်လာခဲ့ကြပါသည်။ သို့သော် မြန်မာစာမှာ “အမှတ်တွေနည်းလာ” ပါသည်။ တချို့ပုဂ္ဂလိကကျောင်းက ကလေးတွေ “မြန်မာစကား မပြောတော့ပါ” မြန်မာစာ၊ မြန်မာစကားကို “မချစ်တော့ပြီ” လားဟု သံသယ ၀င်ခဲ့မိသည်။
မြန်မာစာအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း ပြောကြပြီဆိုလျှင် အုပ်စုနှစ်စု ဖြစ်သွားတတ်ကြသည်။ တစ်ဖက်ကလည်း “ရှေးရိုးစွဲသည်” ဟု စွပ်စွဲကြသည်။ တစ်ဖက်ကလည်း “တိုင်းတစ်ပါးကို” အထင်ကြီးလွန်းသည်ဟု အပြစ်တင်လေသည်။ “တည်တံ့ချင်သူနှင့် တိုးတက်ပြောင်းလဲချင်သည့်” သူတို့ “လွန်ဆွဲပွဲလို ဖြစ်သွားလေသည်။ ခေတ်မီပြောင်းလဲချင်သည့် သူများက ဒီဘက်ခေတ်တွင် အများဆုံး ဖြစ်လေသည်။ ရှေ့နှင့်နောက် ကာလနှစ်ခုကြားတွင် ညီမျှစွာ နေထိုင်လုပ်ကိုင်သွားကြလျှင် ကျွန်တော်တို့ ရင်ဆိုင်နေရသော ယဉ်ကျေးမှုပြဿနာနှင့် မိခင်နိုင်ငံ၏ ပြဋ္ဌာန်းစာပေရေးရာ ပြဿနာများ အထိုက်အလျောက် ပြေလျော့သွားနိုင်ပါသည်။
ယခင်အစိုးရ လက်ထက်ကပင် private school များ ရှိခဲ့ပါသည်။ ယနေ့ ပွင့်လင်းလာသော ခေတ်ကာလမှာလည်း private school များ ပေါ်ထွန်းလျက် ရှိပါသည်။ private school များ၏ အားသာချက်များက အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကား ပြောကြရာတွင် အလွန်တော်ကြပါသည်။ မိမိနေသည့် အိမ်မှာပင် မြန်မာစကား မပြောတော့သည့် ကလေးများစွာကို တွေ့ခဲ့ရဖူးသည်။ မြန်မာစာကို “ကျူရှင်ယူရသည်” အထိ ဖြစ်နေသော ကလေးများကိုတော့ သူတို့မစဉ်းစားမိကြပါ။
မြန်မာစာနှင့်ဝေးလေ မြန်မာ့သမိုင်းနှင့် ဝေးလေဖြစ်သည်။ မြန်မာ့သမိုင်းနှင့်ဝေးလေ မြန်မာ့အာဇာနည် ခေါင်းဆောင်များနှင့် ဝေးလေဖြစ်သည်။ မြန်မာ့အာဇာနည် ခေါင်းဆောင်များနှင့် ဝေးလျှင် “နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ” တိမ်ကောပပျောက်သွားတတ်သည်ကို ယနေ့ခေတ် မိဘများ သိထားသင့်ပါသည်။ မြန်မာတစ်ဦးက မြန်မာတစ်ဦးနှင့် တွေ့ရာတွင် မြန်မာလိုပြောခြင်းက အလွန်သဘာဝ ကျပါသည်။ နိုင်ငံခြားသား တစ်ယောက်နှင့် တွေ့ဆုံရာတွင်တော့ မိမိကျွမ်းကျင်ရာ ဘာသာစကားဖြင့် ပြောနိုင်ခြင်းက ဂုဏ်ယူစရာ ဖြစ်ပါသည်။ မိခင်ဘာသာစကားကို မေ့သည်အထိတော့ မဖြစ်သင့်ပါ။
အနာဂတ်တွင် ထွန်းသစ်တောက်ပြောင်ကြမည့် လူငယ်လေးတွေဟု ပြောချင်သော်လည်း မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ပြီး မြန်မာစာ၊ မြန်မာစကားကို အထင်မကြီးခြင်း၊ မြန်မာစကား မပြောခြင်းက မြန်မာပြည်အတွက် ဂုဏ်သိက္ခာ ကျစေလေသည်။ ဘာသာစကား ပေါင်းစုံတတ်ပြီး နိုင်ငံတကာနှင့် လှည့်လည်ဆက်ဆံနိုင်သော်လည်း မြန်မာဆိုသော သင်္ကေတအနေဖြင့် မြန်မာစကားတော့ ပြောစေချင်ပါသည်။ “အမျိုးဂုဏ် ဇာတိဂုဏ် ကင်းမဲ့နေသော” နိုင်ငံသားများ မဖြစ်သင့်ပါ။ အနာဂတ်မှာ မြန်မာစကား မပြောတတ်သော၊ မြန်မာကလေးများ မရှိသင့်ပါ။မိတ်ဆွေတစ်ယောက်က သူ၏မြေးမလေး အကြောင်းကို စိတ်မကောင်းစွာ ပြောပြခဲ့သည်။ သူ၏မြေးမလေးက private school မှာ တက်နေသည်။ Grade-5 မှာ ရောက်နေလေပြီ။ အိမ်မှာ မြန်မာစကားကို ကောင်းကောင်းမပြော၊ ပြောလျှင်လည်း မပီ၊ ပြောခိုင်း၍လည်း ခဏပဲ ရသည်။ “ဗိုလ်ချုပ်အောင်ဆန်း” ဓာတ်ပုံကိုပြ၍ ဘယ်သူလဲဟုမေးတော့ “Hero” ဟုသာ သူ၏မြေးမလေးက ဖြေခဲ့လေသည်။ ကျွန်တော်နှင့် တွေ့တော့လည်း “What is your name” တဲ့။ သမီးတို့ကျောင်းမှာ မြန်မာစာသင်လားဟု မေးကြည့်တော့ “နည်းနည်းပဲ” သင်သည်ဟု မိတ်ဆွေ၏ မြေးမလေးက ဖြေခဲ့လေသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် နိုင်ငံ၏ “ပင်မ” ဘာသာစကားများ ရှိကြပါသည်။ ရိုးရာယဉ်ကျေးမှုများနှင့် ရိုးရာစာပေများလည်း ရှိလေသည်။ သူတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားများကို သူတို့တွေလည်း ထိန်းသိမ်းစောင့်ရှောက် ကြပါသည်။ ကုလသမဂ္ဂ ရုံးသုံးစကားများကို အသိအမှတ်ပြုပြီးသည့် အချိန်မှာတော့ နိုင်ငံအများစုက ကုလသမဂ္ဂ ရုံးသုံးစကားများကို သင်ယူကြပါသည်။ သို့သော်လည်း ပင်မနိုင်ငံသုံး စကားကို မမေ့ကြပါ။
ပုဂ္ဂလိက ကျောင်းအမျိုးမျိုးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲကြပါသည်။ ကွဲပြားမှုတိုင်းကို လက်ခံပါသည်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ပုဂ္ဂလိက ကျောင်းတက်နေသော ကလေးများနှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောခဲ့သည်။ “ပုဂ္ဂလိကကျောင်း တက်နေသော ကလေးများက အစိုးရကျောင်းတက်သော ကလေးများထက် ပိုပြီးသူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိပြီး ကြောက်ရွံ့မှုကင်းကြောင်း ပြောခဲ့သည်။ သူပြောသည့်အတိုင်း ဟုတ်သလိုတော့ ရှိနေခဲ့သည်။ အစိုးရကျောင်း တက်နေသော ကလေးများကရော ဘာဖြစ်လို့ ယုံကြည်ချက် မဲ့သလို ဖြစ်နေတာလဲ။ ဘာကြောင့် ကြောက်ရွံ့၊ ကြောက်ရွံ့ ဖြစ်နေကြတာလဲဟု ကျွန်တော်တွေးနေ မိပါသည်။
အင်္ဂလိပ်စာနှင့် အခြားသော ဘာသာစကားများ တတ်ထားကြသည်မှာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါသည်။ ထိုဘာသာ စကားများကို လေ့လာသင်ယူ ကြရပါမည်။ “ပင်မဘာသာစကား” ကိုတော့ ပစ်ပယ်မေ့ပျောက်သည် အထိတော့ မဖြစ်သင့်ပေ။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်တွေ ပျောက်ဆုံးသွားနိုင် သောကြောင့်ပင်။ မိမိနိုင်ငံ၏ ဘာသာစကားကို မထိန်းသိမ်းခြင်း ပြဿနာသည် သေးသေးလေး မဟုတ်သည်ကို မိဘများ သတိပြုရပါမည်။ ပြိုင်ပွဲတစ်ခုတွင်လည်း “မြန်မာမုန့်ငါးမျိုး” ပြည့်အောင် မပြောနိုင်သူများကိုလည်း တွေ့ခဲ့ရပါသည်။ စဉ်းစားစရာပင်။
“လူတိုင်းဟာ ကမ္ဘာကြီးကို ကယ်တင်လိုကြတယ်တဲ့။ ဒါပေမဲ့ ဘယ်သူကမှ အမေပန်းကန်ဆေးနေ တာကိုတော့ ကူမဆေးပေးကြဘူးတဲ့” ဒီစကားက မှတ်သားစရာ စကားလေးပါ။ ကျွန်တော်တို့တွေအားလုံး အမြင့်ကိုပဲ လှမ်းကြတယ်။ အောက်ကလစ်ဟာနေမှုကို မသိကြတော့ပါ။ အမြင့်ကိုလည်း တက်နိုင်အောင် ကြိုးစားကြရပါမည်။ လစ်ဟာမှုများ မရှိအောင်လည်း ကျွန်တော်တို့ သတိပြုရပါမည်။ မိမိနိုင်ငံ၏ ဘာသာစကားကိုလည်း လေးစားအထင်ကြီး လေ့လာရပါမည်။ တိုင်းတစ်ပါး စာပေများကိုလည်း လေ့လာသင်ယူ ကြရပါမည်။ ဘက်နှစ်ဖက်ကို ညှိနိုင်ရပါမည်။ တစ်ဖက်နင်း အတွေးများ၊ တစ်ဖက်စွန်းရောက်သော အတွေးအမြင်များကိုတော့ စွန့်ပစ်ရပါမည်။
အနာဂတ် ကောင်းမွန်စေဖို့ အတိတ်ကောင်းခဲ့ဖို့ လိုသည်။ အတိတ်ကောင်းဖို့အတွက် ပစ္စုပ္ပန်တွင် ကောင်းမွန်မှန်ကန်သော စနစ်များနှင့် လုပ်ရပ်များဖြစ်နေဖို့ အရေးကြီးလေသည်။ သို့မှသာ အနာဂတ်တွင် အဟောင်းကိုလည်း မြင်ရမည်။ အသစ်ကိုလည်း မြင်ရမည် ဖြစ်လေသည်။ ဆရာဇော်ဂျီ ရေးသားထားသော “သင်သေသွားသော်” ဆိုသော ကဗျာလေးကိုတော့ လွမ်းဆွတ်သတိ ရမိပါသည်။ ကျွန်တော်တို့ သေသွားရင် ချန်ခဲ့ရမည့် အရာတွေက ဘာတွေလဲ ဆိုတာကိုတော့ လူတိုင်း၊ မိဘတိုင်း သတိပြုထားရပါမည်။ မြန်မာစာ၊ မြန်မာစကားလေးကိုတော့ မမေ့ပစ်စေချင်ပါ။ မြန်မာစာပေ၊ မြန်မာစကားများကို သက်ဆုံးတိုင် ချစ်ပါဟု ပြောချင်ပါသည်။
ညီအောင်ညီ
Source : EMG

No comments:

Post a Comment