Sunday, October 6, 2013

ရီးယဲမက်ဒရစ် သမိုင်းတစ်လျှောက်တွင် မိမိသည် အကောင်းဆုံးနည်းပြဖြစ်ဟု မော်ရင်ဟို ကြွေးကြော်

မိမိသည် ရီးယဲမက်ဒရစ် သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး နည်းပြဖြစ်ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ပေါ်တူဂီလူမျိုး မန်နေဂျာသည် ဆန်တီယေဂို ဘာနေဗျူး၏ နောက်ဆုံးရာသီတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နွေရာသီက ရီးယဲမက်ဒရစ်မှ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

သို့သော်လည်း မိမိသည် မက်ဒရစ်တွင် နည်းပြအဖြစ် တာဝန်ယူခဲ့သည့် သုံးနှစ်တာ ကာလအတွင်း အောင်မြင်မှုများ ရယူနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ရမှတ် ၁၀၀၊ သွင်းဂိုး ၁၂၁ ဂိုးနဲ့ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရီးယဲမက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြ ဘယ်သူလဲလို့ မေးလာခဲ့ရင် ကျွန်တော်က လွဲပြီး ဘယ်သူရှိမှာလဲ” ဟု ချန်ပီယံလိဂ် ဆုဖလား နှစ်ကြိမ်ရရှိထားသည့် မော်ရင်ဟိုက ESPN ထံ ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ရီးယဲမက်ဒရစ်ကို ကိုင်တွယ်စဉ်က ခံစစ်ဖြင့်သာ ကစားခဲ့ကြောင်း ပြောကြားခဲ့မှုများကို မော်ရင်ဟိုက ငြင်းဆိုသွားခဲ့သည်။

“ရီးယဲမက်ဒရစ်က ခံစစ်အားပြုပြီး ကစားခဲ့တယ် ဟုတ်လား။ ကျွန်တော်တို့ ၁၂၁ ဂိုးသွင်းပြီး ရမှတ် ၁၀၀ ရခဲ့တာလေ” ဟု မော်ရင်ဟိုက တုံ့ပြန်ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ရီးယဲမက်ဒရစ်ကို ကိုင်တွယ်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ သုံးကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပြီး လာလီဂါနှင့် ကိုပါဒယ်ရေး ဖလားများကို ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment