Tuesday, October 8, 2013

ကျွန်တော်တို့ သိပ်ချစ်၍ ကျွန်တော်တို့ စိတ်ညစ်ရသော မိန်းမများ

ဒီစာစုဟာ အသက် ၁၆ နှစ်ပြည့်သွားပြီဖြစ်တဲ့ လူပျိုပေါက် မြေးယောက်ျားလေးရယ်၊ အသက် ၃၀ အရွယ် သားဖြစ်သူ လူပျိုကြီးရယ်၊ အသက် ၅၀ ကျော်စပြုလာတဲ့ လုပ်ငန်းရှင် တပည့်ကြီးတစ်ယောက်ရယ်၊ အသက် ၇၀ နားနီးလာတဲ့ အဘိုးအိုလေး ကျွန်တော်ရယ်၊ မိန်းမတွေရဲ့ သဘာဝအကြောင်းတရားလေးတွေကို ရောက်တတ်ရာရာပြောရင်း (ဇနီးတွေရဲ့ ကွယ်ရာမို့ အတင်းပြောရင်း ဆိုပါစို့)

အမျိုးသမီးများအဖို့ ယူတတ်ရင်တော့ ပညာပေါ့ခင်ဗျာ။ ဟဲ ဟဲ။

(၁) ကျွန်တော်တို့ကို သိပ်ချစ်၊ သိပ်ကိုးကွယ်လွန်းသော မိန်းမများ
တစ်စုံတစ်ယောက်ရဲ့ အထူးသဖြင့်ချစ်သူ၊ ဇနီးမယားရဲ့ သိပ်ချစ်ခြင်းကိုခံရရင် အင်မတန် မွန်းကျပ်ရပါတယ်။ ကျေးဇူးလည်း တင်ပါရဲ့၊ ကြောက်လည်းကြောက်ပါရဲ့လို့ပြောရမလိုပါပဲ။

သူတို့က သိပ်ချစ်ကြတော့ ကိုယ့်ကိုအရိပ် တကြည့်ကြည့်လုပ်နေလေလေ ကိုယ့်မှာ အနေအထိုင် ကျပ်တည်းလေလေပါပဲ။ စားရာ၊ သောက်ရာမှာလည်း ဖြောင့်ဖြောင့်မစားရ၊ အိပ်ရာမှာတောင် နွေရာသီပေမယ့် မနက်လင်းအားကြီးမှာ အအေးမိမှာစိုးလို့ဆိုပြီး ညဦးပိုင်းကတည်းက စောင်ခြုံပေးတဲ့သူ့ကို ကြာတော့ ကြောက်လာပါတယ်။

အ၀တ်အစားဆိုရင်လည်း ကိုယ့်စိတ်ကြိုက် ရွေးခွင့်မပေး၊ သူဆင်ပေးသမျှ ဟန်ဆောင်ပြုံးလေးပြုံးပြရင်း အောင့်သီးအောင့်သက်နဲ့ ၀တ်လိုက်ရ။

လုပ်ငန်းရှင်တပည့်ကြီးကတော့ အိပ်ရာဝင်ခါနီးတိုင်း ခုတင်ခြေရင်းမှာ ကျုံ့ကျုံ့လေးထိုင်ပြီး သူ့ကို ကန်တော့တတ်တဲ့ သူ့မိန်းမကြောင့် ဘုရားခန်းပဲ ပြောင်းအိပ်ရတော့မလိုလို မအီ မလည်ကြီး ဖြစ်နေရရှာပါတယ်။

အထူးသဖြင့် မိတ်ဆွေတွေ၊ ဧည့်သည်တွေ ရှေ့မှာ သိပ်ရိုကျိုးပျပ်ဝပ်ပြနေရင် ဘယ်လို မျက်နှာထားရမှန်း မသိပါဘူး။ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ““မဟာဖိုဝါဒသမားကြီး”” ““မိသားစုအာဏာရှင်ကြီး””လို့ မြင်သွားကြမှာကို အင်မတန်ကြောက်ပါတယ်။

(၂) မဟာ မ ၀ါဒီကြီးများ
တကယ်တော့ မဟာဖိုဝါဒဆိုတာ မကောင်းသလို၊ မဟာမ၀ါဒဆိုတာလည်း မရှိသင့်ပါဘူး။ လောကမှာ ယောက်ျားနဲ့ မိန်းမဟာ ရင်ပေါင်တန်း တာဝန်ယူထားကြတဲ့ လူသားနှစ်မျိုးပါ။ ဒီလိုပါပဲ။ အိမ်ထောင်စုတစ်ခုမှာလည်း လင်နဲ့ မယားဆိုတာ ဒိုးတူပေါင်ဖက်၊ မောင်တစ်ထမ်း မယ်တစ်ရွက်၊ နှစ်လွှာပေါင်းထားတဲ့ စွယ်တော်ရွက်လေးတွေပါဗျာ။

မနုဿဗေဒသမိုင်းမှာ မိခင်ဦးဆောင်သော ခေတ်၊ ဖခင်ခေါင်းဆောင်သော ခေတ်ရယ်လို့ တစ်လှည့်စီပေါ်ခဲ့ကြတာ ပညာရှင်တိုင်း အသိပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီးတဲ့အခါမှာတော့ ယောက်ျားနဲ့ မိန်းမ၊ လင် နဲ့ မယားတို့ဟာ ပါဝါ(Power)ချင်း ညှိရင်းညီသွားတာ ကြာလှပါပြီ။ ဘာသာရေး တစ်ဖက်စွန်းရောက်တဲ့ နိုင်ငံတချို့ကလွဲလို့ပေါ့။

Motherism (မိခင်ဝါဒ)ဟာ မိခင်စိတ်ကို အခြေခံပြီး ပေါ်လာတာပါ။ မဟာမ၀ါဒ မဟုတ်ပါဘူး။ မိခင်ဝါဒကို ခံတပ်လုပ်ပြီး အိမ်ထောင်စုမှာ မိခင်စိုးမိုးရေးကို ရှေ့တန်းတင်ရင်း၊ မဟာ မ ၀ါဒဘက်ကို ရောက်သွားရင်တော့ မကောင်းပါဘူး။

အမေများနေ့ (Mothers' Day)ဆိုတာတွေ ခေတ်စားလာပြီးတဲ့နောက်မှာ အဲဒီအစွန်းရောက် စိတ်လေးတွေက ပိုပိုပေါ်လာနေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ ယောက်ျားတွေခမျာ မျက်နှာပဲငယ်ရမလိုလို၊ အိမ်မှာလည်း ဖခင် လုပ်သူက နောက်တန်းပဲ ရောက်သွားသလိုလို။

ကြာရင် မိသားစုအတွင်းမှာ အထူးသဖြင့် သားသမီးတွေကြားမှာ စိတ်ဝမ်းကွဲပြီး ““အဖေ ချစ်ဂိုဏ်း”” နဲ့ ““အမေချစ်ဂိုဏ်း”” ဆိုပြီး အက်ကြောင်းပေါ်လာနိုင်ပါတယ်။

ဒါဟာ အန္တရာယ်ကြီးပါတယ်။

အနောက်တိုင်းမှာ Mothers' Day ရှိသလို၊ Fathers' Day လည်း သတ်မှတ်ကျင်းပကြပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ နှစ်စဉ် သြဂုတ် ၇ ရက်နေ့တိုင်းကို Parents' Day (မိဘများနေ့)ဆိုပြီး ကျင်းပနေကြတဲ့ သူတို့ရဲ့ ဓလေ့ကို ပိုကြိုက်ပါတယ်။ အဖေရော၊ အမေရော ပြိုင်တူပျော်စရာကြီးဗျာ။ လောကမှာ မိဘမရှိဘဲ လူဖြစ်လာခဲ့တဲ့ ယောက်ျားနဲ့ မိန်းမဆိုလို့ နှစ်ယောက်တည်းပဲရှိပါတယ်။ အာဒမ်နဲ့ဧ၀ပေါ့။

အခုတော့ မိသားစုမှာ ““ငါသာ အရေးကြီးဆုံး၊ ငါသာ အကြီးမားဆုံး ကျေးဇူးရှင်ကြီး”” ဆိုတဲ့ စိတ်၊ မသိမသာရော၊ သိသိသာသာ ပါဝင်နေတဲ့ အမျိုးသား၊ အမျိုးသမီးတချို့ကို တွေ့နေရပါတယ်။

ကြောက်ပါတယ်ဗျာ။ စိတ်ညစ်တယ်ဗျာ။

(၃) စကားပြောချိန်နှင့် နေရာကို မရွေးချယ်တတ်သော မိန်းမများ
အလိုက်မသိတတ်တဲ့ အမျိုးအစားတွေထဲမှာ အချိန်နဲ့ နေရာကို မသိသား ဆိုးရွားစွာ မသိတတ်လွန်းတဲ့ ယောက်ျား၊ မိန်းမတွေကို ကျွန်တော် အတော်စိတ်ကုန်ပါတယ်။

ကိုယ့်ဇနီးဆိုလျှင်တော့ တစ်သက်လုံး ခံပေရော့ပေါ့ခင်ဗျာ။ ဒီထိုးပြီးသား တက်တူးကြီးက ပြန်ပြင်လို့မှ မရတော့ဘဲကိုး။

ကိုယ့်မိသားစုအကြောင်း အတွင်းသိ အစင်းသိ လူရင်းတွေကြားမှာ ကြွားလုံးတွေထုတ်တတ်တဲ့ မိန်းမကြောင့် လင်ယောက်ျားခမျာ အပေါင်းအသင်းတွေရဲ့အဟားခံကြီးကိုဖြစ်လို့။

တစ်ခါ တစ်စိမ်းတစ်ရံ စာတွေကြားမှာ လင်ယောက်ျားကို နှိပ်ကွပ်တတ်တဲ့ မိန်းမတွေကြောင့် မိသားစုအထုပ်ကို ဖြည်ပြတတ်တဲ့ မိန်းမတွေကြောင့် အရှက်ကွဲခဲ့ရတဲ့ ယောက်ျားတွေလည်း တစ်ပုံကြီး။

အဆိုးဆုံးကတော့ စီးပွားရေးသမား၊ ခင်ပွန်းဖြစ်သူက ကိန်းဂဏန်းတွေ၊ အချက်အလက်တွေနဲ့ နပန်းလုံးတွေးခေါ်နေချိန်မှာ အတွေးသမား ကဗျာဆရာ၊ စာရေးဆရာက အနုပညာတစ်ခု ဖန်တီးနေချိန်မှာ အရည်မရ၊ အဖတ်မရတာတွေကို လာပြောတတ်တဲ့ မိန်းမတွေကြောင့် ယောက်ျားမှာ အလုပ်ပျက်ရ၊ စိတ်ပျက်ရ။ မိသားစုထမင်းဝိုင်းမှာ သားသမီးတွေရှေ့မှာ လင်ယောက်ျားကို စကားနဲ့တိုက်စစ်ဆင်တတ်တဲ့ မိန်းမကြောင့် ထမင်းပွဲလည်းပျက်၊ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက်ရဲ့ သိက္ခာလည်း ပျက်စီးရ၊ နေရာပျောက်ရ၊ ကလေးတွေ ရဲ့ အရိုအသေတန်မှုကို ခံကြရနဲ့။ စိတ်ပျက်ရတယ်ဗျာ။

(၄) အလှပြင်လွန်းသော မိန်းမများ
မိန်းမတွေ အလှပြင်တာကို ကျွန်တော်တို့ ထောက်ခံပါတယ်။ အားလည်းပေးပါတယ်။ ကျွန်တော်တို့ ယောက်ျားတွေအတွက် သူတို့ ကြိုးစားကြရှာတာပဲလေ။

ဒါပေမဲ့ နေ့တိုင်း ပွဲနေပွဲထိုင်သွားသလို ပြင်နေကြရင်တော့ ကျွန်တော်တို့ မျက်စိထဲမှာ ရိုးအီ ငြီးငွေ့လာပါတယ်။

မနက်မိုးလင်းကတည်းက မိတ်ကပ်အပြည့်နဲ့ ရုပ်ကြီးကို နေ့စဉ်မြင်နေရတော့ မျက်နှာဖုံးကြီးစွပ်ထားတဲ့ မိန်းမတစ်ယောက်နဲ့ နေ့ စဉ်ပေါင်းသင်းနေရသလိုပါပဲ။

သနပ်ခါးရေကျဲ (သို့မဟုတ်) Foundation Make-Up နဲ့ 2 Way Cake လေးလောက်ပဲ သုံးနေရင်၊Eye Liner ခပ်မှိန်မှိန်လောက်ပဲ သုံးရင် အမြင်ရိုးမသွားပါဘူး။ အဲ တကယ့် ပွဲလမ်း (Occassion) ကျမှ မိတ်ကပ်အပြည့်၊ Liner အပြည့်၊ Eye Show ယဉ်ယဉ်လေး တင်၊ False Eyelashes ပါ တပ်လိုက်ဦး၊ ကိုယ့် မိန်းမကို အသစ်ကလေးတစ်ယောက်လို မြင်လာပြီး ကြည်နူးကြရပါတယ်ခင်ဗျ။

ကျွန်တော်တို့ ယောက်ျားတွေဟာ အမြဲတမ်း ဆန်းနေရင်တော့ စိတ်ပျက်တတ်ကြပါတယ်။

(၅) အလှမပြင်သော မိန်းမများ
ဒါဟာလည်း သဘာဝကို ဆန့်ကျင်ခြင်း တစ်မျိုးပါပဲ။ အိမ်မှာနေတာပဲလေဆိုပြီး ညစ်စုတ်စုတ်ဝတ်စားထားရင် ကျွန်တော်တို့ မကပ်ချင်ပါဘူး။

သနပ်ခါးရေကျဲလေး၊ ဖောင်ဒေးရှင်းမိတ်ကပ် ပါးပါးလေးနဲ့ Powder ခပ်မှုန်မှုန်လေးလောက်မှ တင်မထားတဲ့ မျက်နှာပြောင်ကြီးနဲ့ မိန်းမတွေကို ကျွန်တော်တို့ မကြိုက်ပါဘူး။

အဆိုးဆုံးကတော့ အလှမပြင်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့ မိန်းမတွေပါ။ ရေမွှေးမဆွတ်ရင်နေပါ။ အနည်းဆုံး သနပ်ခါးနံ့လေး၊ ယုတ်စွအဆုံး ရေချိုးပြီးစ ဆပ်ပြာမွှေးနံ့လေး သင်းနေရင်ကို ကျွန်တော်တို့က နေပျော်ပါပြီ။

မေလေးတို့ ဆင်ခြင်နိုင်ကြဖို့ပါကွယ်။

No comments:

Post a Comment