Wednesday, October 30, 2013

Tower of London

London မြို့တော် မှာရှိတဲ့ နာမည်ကြီး London Tower ရဲတိုက်ကြီးမှာ ခြောက်ခြားစရာ အဖြစ်အပျက် တွေနဲ့ ပြည့်နှက် နေပါတယ်။ ဘယ်လို ခြောက်ခြားစရာ အဖြစ်အပျက် တွေလဲ။ London Tower ကရော ဘယ်လို သမိုင်းတွေ ရှိခဲ့တာလဲ။

London Tower ကို၁၁ရာစု နော်မန်တွေ အင်္ဂလန်ကို ကျူးကျော် သိမ်းပိုက် ခဲ့စဉ် ၀ီလီယမ်(၁) ဘုရင် လက်ထက်မှာ စတင် ဆောက်လုပ်ခဲ့ တာဖြစ်ပြီး နှစ်၉၀၀ကျော် သက်တမ်းရှိ သမိုင်းဝင် ရဲတိုက်ကြီးပါ။  ဒီသမိုင်းဝင် ရဲတိုက်ကြီးက ဘာလို့ ခြောက်ခြားဖွယ် ကောင်းနေ ရတာလဲ။ အ ကြောင်းရင်း ကတော့ အဲဒီ ရဲတိုက်ကြီးက ၁၁၀၀ပြည့် နှစ်ကနေ ၁၉၅၂ ခုနှစ်ထိ ထောင်စခန်းကြီး အဖြစ် အသုံးပြုခံခဲ့ ရပါတယ်တဲ့။ စတင် တည်ဆောက်စဉ်က တော်ဝင် မိသားစုရဲ့ ပြယုပ်တစ်ခု အနေနဲ့ပဲ ရည်ရွယ် တည်ဆောက် ခဲ့ပေမယ့် နောက်ပိုင်းမှာ ထောင်စခန်း တစ်စိတ် တစ်ပိုင်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ လူသိများတဲ့ အယ်ကာထရက်ထောင် (ကယ်လီဖိုးနီးယားမှ အကျဉ်းထောင်) လိုပါပဲ။ လန်ဒန် တာဝါကြီး မှာလဲ တစ်ချိန်က သူ့ရဲ့ အေးစက်စက် ကျောက်နံရံ တွေရဲ့ တစ်ဖက်မှာ အကျဉ်းသား တွေကို ထောင်သွင်း အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်းနဲ့ သေဒဏ် စီရင် ကွပ်မျက်ခြင်း တွေကို ပြုလုပ်ခဲ့ပြီး လူပေါင်း များစွာရဲ့ ကြောက်ရွ့ တုန်လှုပ်ခြင်း တွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။


London Tower ရဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်တွေ ထဲက တစ်ခုကတော့ ၁၉ရာစု အတွင်းက သရဖူ ထိန်းသိမ်းရေး တာဝန်ခံ E.L Swifte နဲ့သူ့ ဇနီးတို့က တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ သရဖူ ထားရှိရာ မာတင်တာဝါ တွင်းမှာ ညစာ သုံးဆောင်စဉ် လှုပ်ရှားနေတဲ့ အရာဝတ္တု အချို့ကို သ တိပြုမိ သွားပါတယ်။ သူတို့နှစ်ဦးရဲ့ အနီအနားမှာ ဆပ်ပြာ ပူဖောင်းလို ပြာလဲ့လဲ့ အရည် တွေပါတဲ့ ဓါတ်ခွဲခန်း ထဲကလို ဖန်ပြွန်ကဲ့သို့ လုံး ရှည်ရှည် သဏ္ဌာန်တွေ၊ ရွေ့လျား နေတာကို တွေ့မြင်ခဲ့ ရပါတယ်။ သူ့ဇနီးက ဖန်ပြွန်တွေကို ကိုင်တွယ် ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ပြီး Swifte က တော့ အဲဒီ ရွေ့လျားနေတဲ့ အရာတွေကို သူ့ကုလားထိုင်တွေ ပစ်ပေါက်တော့ ကုလားထိုင်က ရွေ့လျားသဏ္ဌာန် တွေကို ဖြတ်ပြီး ဟိုဘက်ထိကို ရောက်သွား ပါတယ်။ ဆန်းကြယ်တဲ့ ဖန်ပြွန်တွေ ကတော့ လေထဲမှာ ပျောက်ကွယ် သွားကြတယ်တဲ့။






London Tower ရဲ့နောက်ထပ် လူသိများတဲ့ ခြောက်ခြားဖွယ် မှတ်တမ်း ကတော့ ခေါင်းဖြတ် ကွပ်မျက် ခံခဲ့ရတဲ့ Anne Boleyn အမည်ရှိ မိဖုရားရဲ့ ခေါင်းမပါတဲ့ သရဲ ခန္ဓာကိုယ်ကြီးက လန်ဒန် တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ White တာဝါ စင်္ကြန်တွေမှာ လျှောက်သွား နေတယ် ဆို တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ Anne Boleyn မိဖုရားက ဟင်နရီ(၃) ဘုရင် လက်ထပ်မှာ ဘုရင်က သတ်မိန့် ပေးခြင်း ခံရတဲ့ မိဖုရား နှစ်ဦး ထဲက တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ သူမကို စင်္ကြန် လျှောက်လမ်းမှာ သာမဟုတ်ဘဲ သူမအုတ်ဂူ ရှိရာ လန်ဒန် တာဝါတွင်းက St. Peter ad Vincula ဘုရားကျောင်းရဲ့ ၀တ်ပြုရာ နေရာမှာလဲ အုတ်ဂူကို စောင့်ကျပ် နေတဲ့ မိဖုရားကို တွေ့ရလေ့ ရှိတယ်လို့ မှတ်တမ်းများ ရှိခဲ့ပါတယ်။ Anne Boleyn နဲ့အတူ နောက်ထပ် သတ်မိန့် ပေးခံရတဲ့ မိဖုရား တစ်ဦးကတော့ Catherine Howard ဖြစ်ပြီး၊ Catherine မိဖုရား ကတော့ သူမကွပ်မျက် မခံရခင် ထိန်သိမ်းခံ ခဲ့ရတဲ့ အခန်းတံခါးတွေ နောက်ကွယ်မှာ သူမရဲ့ ညည်းသံ တွေကို ကြားရ တယ်လို့ ဆိုကြပါတယ်။


London Tower မှာနောက်ထပ် လူသိများတဲ့ သရဲတွေ အကြာင်းကို ဆက်ပါဦးမယ်။ ၁၁၀၀ ပြည့်နှစ် အလွန်လောက်မှာ ခရစ်ယာန် ဂိုဏ်းချုပ် Thomas Becket ကတော့ ဟင်နရီ (၂) ဘုရင်နဲ့ သဘောထား ကွဲလွဲပြီးနောက် ကွပ်မျက်ခံ ခဲ့ရပြီး လန်ဒန်တာဝါရဲ့ Traitor Gate ရဲ့လက်ဝါး ကပ်တိုင်မှာ သူ့ရဲ့ဝိညာဉ် ရှိနေကြောင်းကို ခရစ်ယာန် ဘုန်းကြီး တစ်ပါးက မျက်မြင် တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ "တာဝါထဲမှ မင်းသား ၂ပါး" လို့လူသိ များတဲ့ London Tower တွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ ၁၂နှစ်အရွယ် မင်းသား Edward (V) နဲ့၉နှစ်အရွယ် သူ့ရဲ့ညီ မင်းသား Richard တို့ကိုလဲ သူတို့ ကွပ်မျက်ခြင်း ခံခဲ့ရတယ်လို့ လူအများ သတ်မှတ်တဲ့ Bloody Tower မှာတွေ့ကြဆဲလို့ ဆိုကြပါတယ်။ ၀ိုး တ၀ါး ပုံရိပ်တွေ၊ ရဲမက် ပုံရိပ်တွေနဲ့ ၉ရက်တာ ဘုရင်မ ဖြစ်ခဲ့ပြီး ကွပ်မျက် ခံခဲ့ရတဲ့ ၁၆နှစ် အရွယ် Lady Jane Grey တို့ရဲ့ ပုံရိပ်တွေက လန် ဒန်တာဝါမှာ ခြောက်လှန့် နေဆဲလို့ ဆိုကြပါတယ်။ စစ်ရေးပြ ချီတက်နေတဲ့ ရဲမက်တွေ ကိုလည်း တွေ့ခဲ့ကြ တယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။


အထက်မှာ ဖော်ပြခဲ့ သလိုပဲ London Tower ကတစ္ဆေ သရဲတွေ မပြတ် ရှိနေခဲ့ ပါတယ်တဲ့။ အဲဒီ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ကောလာဟလ တွေကို BBC ကလည်း စိတ်ဝင်တစား ရှိပြီး သိပ္ပံနယ်လွန် ဖြစ်ရပ်တွေကို စုံစမ်းတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး အထူးပြု ကင်မရာ တွေနဲ့ မှတ်တမ်း တင်ခြင်းဖြင့် လန်ဒန် တာဝါရဲ့ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ ဟုတ်မဟုတ်ကို အတည်ပြု ခဲ့ကြပါတယ်။ ဖြစ်ရပ် အများစုကို မဟုတ် မှန်ကြောင်း သက်သေပြ နိုင်ခဲ့ပေမယ့် ၁၀ ရာခိုင်နှုန်း လောက်ကတော့ သက်သေ မပြနိုင်ဘဲ သူတို့ကို ခေါင်းစား စေတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီ စုံစမ်းမှု ကနေ အံ့သြဖွယ် အလင်းပုံရိပ် ဓါတ်ပုံ တွေကိုလည်း ထုတ်ပြခဲ့ပြီး၊ စုံစမ်းမှု အပြီးမှာ သူတို့ရဲ့ သံသယ စိတ်တွေလဲ လျော့နည်း သွားတယ်လို့ ဆိုခဲ့ပါတယ်။ London Tower ရဲ့နောက်ဆုံး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ တာဝါမှာ အမြဲတစေ ကျီးမည်းကြီးတွေ ရှိနေတာပါပဲ။ အဲဒီ ကျီးမည်းကြီး တွေက သရဖူနဲ့ London Tower ကို စောင့်ရှောက်တယ်လို့ ယုံကြည် ကြပါတယ်။ အကယ်၍ အဲဒီ ကျီးမည်း ကြီးတွေ London Tower ကိုစွန့်ခွာ သွားရင်တော့ သရဖူရော၊ အင်္ဂလန် နိုင်ငံကြီးရော ပျက်စီးချိန် ဖြစ်မယ် လို့လည်း ယုံကြည် ကြပါတယ် တဲ့။





Myanmar Youth Media Club -

No comments:

Post a Comment