Sunday, October 27, 2013

စင်ကာပူတွင် အလုပ်ရမည်ဟုခေါ်ယူခံခဲ့ရသည့် ချင်းအမျိုးသမီးငယ် ငါးဦးကိစ္စ အတည်မပြုနိုင်သေး



ချင်းပြည်နယ်မှ အမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု အမည်မသိ အမျိုးသမီးတစ်ဦး က ခေါ်ယူခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အဆိုပါအမျိုးသမီးငယ်များထဲမှ တစ်ဦးမှာ ထွက်ပြေးလာပြီး နေက် ကျန်အမျိုးသမီးများထဲမှ ငါးဦးကိစ္စကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း လူကုန် ကူးမှုတိုက်ဖျက်ရေး ရဲအုပ် ဦးဝေလွင်က မဇ္ဈိမကိုပြောသည်။

လွန်ခဲ့သည့်အောက်တိုဘာ ၁၅ ရက်က စကိုင်းတိုင်းမှ ချင်းအမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု မိဘများ၏ သဘောတူညီချက်ဖြင့် အမည်မသိအမျိုးသမီးတစ်ဦးက ကလေးကားဂိတ်မှ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ကားဂိတ်တွင် အမျိုးသမီးတစ်ဦးက လာရောက်ခေါ်ယူခဲ့ကာ အင်းစိန် အောင်ဇေယျ အိမ်ရာတွင် တည်းခိုခဲ့ရကြောင်း ထွက်ပြေးလာသူ မနွမ်ဆွီးက ကနဦး ပြောပြထားသည်။

ထို့နောက် အဆိုပါ ခုနစ်ဦးကို အခြားသူများ၏ မှတ်ပုံတင်များတွင် ဓာတ်ပုံများကပ်ခိုင်းကာ အတုလုပ်စေ ခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်စာများလည်း ကျက်ခိုင်းကြောင်းသိရပြီး စိတ်ညစ်သည့်အတွက် မနွမ်ဆွီး က အောက်တိုဘာ ၂၂ ရက်က ပေါက်တောရပ်ကွက်အတွင်းသို့ ထွက်ပြေးလာခဲ့ကြောင်း ရှင်းပြသည်။

ယင်းကဲ့သို့ထွက်ပြေးလာသည်ကို “မိုး” အမျိုးသမီးအပ်ချုပ်ဆိုင်က တွေ့ရှိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ရာမှ ၎င်းတည်းခိုနေသည့် တိုက်ခန်းတွင် အခြားအမျိုးသမီးငယ်များ ကျန်ရှိနေသေး ကြောင်း နယ်ထိန်းခေါင်းဆောင် ဦးလှိုင်၊ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက သိရှိခဲ့ခြင်းဖြစ်သည်။

မနွမ်ဆွီးကို မေးမြန်းရာတွင် “ချင်းပြည်နယ်က လာတာပါ။ စင်ကာပူမှာ အလုပ်ရမယ်ဆိုပြီး ခေါ်လို့လာ တာပါ။ အခု တိုက်ခန်းမှာ ကျွန်မလိုခေါ်လာတဲ့ လူခြောက်ယောက် ကျန်နေသေးတယ်။ ပြီးတော့ ကျွန်မ ညီမ ၀မ်းကွဲတစ်ယောက် ကျန်နေသေးတယ်” ဟု ပြောပြခဲ့ကြောင်း ရပ်ကွက်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နီနီက ပြောသည်။

ထွက်ပြေးလာခဲ့သည်မှာ နေ့လယ် နှစ်နာရီက နယ်ထိန်းရဲ ကိုဝင်းလှိုင်က ညနေ ၄ နာရီခွဲတွင်သွားရောက် ရှာဖွေခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာတို့မှ စောင့်ဆိုင်းခဲ့သော်လည်း နယ်ထိန်းရဲမှ အ ကြောင်းမပြန်ခဲ့သဖြင့် ဖုန်းဆက်မေးမြန်းရာ နယ်ထိန်းရဲက “လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို ဆက် သွယ်အကြောင်းကြားထားသည်” ဟု ပြောကြားခဲ့ကြောင်း အဆိုပါ အရေးကို ဆောင်ရွက်နေသူ ပေါက် တောဝမှ ဦးစိုးဝင်းက ရှင်းပြသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ရောက်တဲ့အချိန်က ညခုနစ်နာရီခွဲဖြစ်နေပြီ။ အချိန်က တော်တော်လေး နောက်ကျနေပြီ” ဟု ပေါက်တောဝရပ်ကွက် ဓမ္မာရုံဥက္ကဋ္ဌ ဦးသန်းလှိုင်က ထောက်ပြသည်။

အဆိုပါ အောင်ဇေယျတိုက်ခန်းကို လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက် စစ်ဆေးသည့်အချိန် တွင် အိမ်ရှင်လင်မယား နှစ်ယောက်နှင့်အတူ အမျိုးသမီးငယ်တစ်ဦးကျန်ရှိနေသော်လည်း ကျန်အမျိုး သမီးငယ်ငါးဦးကို မတွေ့ရတော့ပေ။

“သူတို့ ပျောက်သွားတယ်လို့ ပြောလို့တော့ မရဘူးခင်ဗျ။ ချင်းပြည်နယ်ပြန်သွားတာလည်း ဖြစ်ချင်ဖြစ် မယ်။ အိမ်ရှင်တွေဘက်ကို မေးတာတော့ သူတို့ မသိဘူးပဲ ပြောတယ်။ ကျွန်တော့်အထင်တော့ သူတို့ ပြည်ပကို မထွက်သွားလောက်သေးဘူး။ ခဏရှောင်နေတာမျိုးဖြစ်မယ်” ဟု ရဲအုပ်ဦးဝေလွင်က မှတ်ချက် ပေးသည်။

လက်ရှိတွင် အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်များကို ရှာဖွေနေဆဲဖြစ်ပြီး ပတ်စ်ပို့ရုံးတွင် လာ ရောက်ပြုလုပ်ပေးသူကို သက်ဆိုင်ရာမှ သိရှိထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

“ဒီကိစ္စကို လူကုန်ကူးမှု မမြောက်သေးဘူးဗျ။ ခေါင်းပုံဖြတ်တာမျိုးတွေ မရှိသေးဘူးလေ။ ပွဲစားတွေကိုပဲ ပြောရပါလိမ့်မယ်။ လောလောဆယ် ထင်ရှားနေတာကတော့ ပတ်စ်ပို့အတု၊ မှတ်ပုံတင်အတုလုပ်တဲ့ ကိစ္စပါပဲ။ တကယ်လို့ အိမ်ရှင်ပါ ဒီကိစ္စမှာပါနေရင်တော့ အိမ်ရှင်ကိုပါ ဥပဒေအရ ဆောင်ရွက်ရမှာပေါ့” ဟု ရဲအုပ်ဦးဝေလွင်က ပြောသည်။

အောင်ဇေယျနေအိမ်မှ ထွက်ပြေးလာခဲ့သည့် မနွမ်ဆွီးနှင့် ပေါက်တောဝရပ်ကွက် ဦးသန်းလှိုင်၊ အမျိုး သမီးရေးရာမှ ဒေါ်နီနီတို့ နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက အောက်တိုဘာ ၂၄ က သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်ကိုသိလျှင်သိခြင်း ရဲဌာနမှ မဆောင်ရွက်နိုင်သည့်အတွက် ယခုကဲ့သို့ အမျိုး သမီးငယ်များ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း ဝေဖန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment